ကျားရှိမှန်းသိပါလျှက် တောင်ပေါ်တက်
Vol. 20 Ch. 278
ရန်ကျောက်ကဲက အားဟူ ၊ ပန်ပန်တို့နှင့်အတူ လျန်ဟူစီရင်စုသို့ အသော့နှင်လာခဲ့သည်။
ထိုနေရာတွင်ရောက်နေသော ရှီတိ ၊ ရွှီဖေးတို့နှင့် သူတို့ တွေ့ဆုံကြသည်။
လျန်ဟူစီရင်စုမှ ပြဿနာကိုဖြေရှင်းရန်အတွက် ဝါဒတောင်မှ ရောက်ရှိလာသူအကြီးအကဲမှာ နောက်ဆုံးတော့ ရှီတိသာလျှင် ဖြစ်နေခဲ့သည်။ ထို့ပြင် ဖန်ကျွင်းနှင့် လုဝမ်တို့ သတင်းများကိုလည်း ကြားသိခဲ့ရသည်။
ထိုသတင်းများကိုကြားတော့ အားဟူက ရန်ကျောက်ကဲကို ခါးသီးသောမျက်နှာထားဖြင့် လှမ်းကြည့်သည်။
ရန်ကျောက်ကဲက သူ့မေးစေ့ကိုတစ်ချက်ပွတ်သပ်ရင်း...
“ပထမဆရာဦးလေး ၊ ဂိုဏ်းတူအစ်ကို’ရွှီဖေး’ ၊ အခု တောင်ပေါ်က တခြားအကြီးအကဲတွေရော အခြေအနေဘယ်လိုရှိလဲ”
ရွှီဖေးက...
“တတိယဆရာဦးလေး’ရန်’ က သီးခြားနယ်မြေမှာ မိစ္ဆာသူတော်စင်နဲ့ တိုက်ခိုက်နေတယ် ၊ အကြီးအကဲ’ကျန်း’နဲ့ အကြီးအကဲ’ရှင်း’က ဂိုဏ်းရဲ့ပင်မအစီအရင်ကို စောင့်ကြည့်ထိန်းချုပ်ထားတယ် ၊ တကယ်လို့ တတိယဆရာဦးလေး’ရန်’ ရန်သူတွေနဲ့ထပ်ပြီးရင်ဆိုင်ရမယ်ဆိုရင် ကူညီပေးနိုင်အောင်လို့ပေါ့ ၊ အကြီးအကဲ’ဟယ်’ကတော့ ဂိုဏ်းချုပ်ဆရာဘိုးဘိုးကို စောင့်ရှောက်ပေးနေတယ် ၊ ဆရာဒေါ်လေး’ဖူ’က ဒုတိယဆရာဦးလေး’ဖန်ကျွင်း’ကို လိုက်ရှာနေတယ်”
ရန်ကျောက်ကဲက တိတ်ဆိတ်စွာပင် ခေါင်းတစ်ချက်ညိတ်သည်။ ရွှီဖေး၏စကားသံအရ အကြီးအကဲများအားလုံး အရေးတကြီးအလုပ်လုပ်နေကြဟန်ပင်။
လျန်ဟူစီရင်စုက ရေကန်များစွာဖြင့် တည်ဆောက်ထားသော နယ်မြေတစ်ခုဖြစ်သည်။ ကိုယ်ပိုင်နယ်မြေများပိုင်းခြားထားသည့် ရေကန်တိုင်းပြည်တစ်ခုနှင့် ဆင်တူသည်။
ဤနေရာသို့ရောက်လာတော့ ရေကန်နယ်မြေမှ ကြည်လင်လျှို့ဝှက်ရေကန်သို့ ပြန်ရောက်လာသလို ရန်ကျောက်ကဲ ခံစားရသည်။
လျန်ဟူစီရင်စု တောင်ဘက်ပိုင်းတွင်တော့ လူတို့၏စိတ်နှလုံးကိုတုန်လှုပ်စေမည့် အလွန်တရာကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည်။
အဝေးသို့လှမ်းမျှော်ကြည့်သည့်အခါ ကောင်းကင်တစ်ခုလုံးပြည့်နက်နေသည့် အနက်ရောင်မြူခိုးများကို တွေ့မြင်ရပြီး တိမ်တိုက်များကြားတွင် သွေးနီရောင်လျှပ်စီးများက တဖျတ်ဖျတ်လက်လျှက် ရှိသည်။ မြင်ကွင်းက မရဏကမ္ဘာတစ်ခုအလား ထင်မှတ်ရ၏။
မြေပြင်ထက်မှ ရေကန်များထက်တွင် အနက်ရောင်တိမ်တိုက်များအရိပ်ထင်နေသဖြင့် နက်မှောင်အုံ့မှိုင်းနေသည်။ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက သွေးနီရောင်အလင်းတန်းများနှင့်အတူ တဖျတ်ဖျတ်အရိပ်ထင်ရိုက်ခတ်လျှက် ရှိသည်။
ရန်ကျောက်ကဲက ရှီတိကို လှည့်ကြည့်ရင်း...
“ပထမဆရာဦးလေး ၊ ရန်သူက ဒီတစ်ခေါက် မဟာငရဲကိုးထပ်တံခါးဖွင့်လှစ်ဖို့ နေရာပြောင်းလဲလိုက်တာကိုကြည့်ရရင် အခြေအနေက အတော်လေးနက်နဲပြီး ရှုတ်ထွေးတယ် ၊ ကျွန်တော်တို့ တစ်ကြိမ်တည်းနဲ့ ချိုးဖျက်ဖို့ မဖြစ်နိုင်လောက်ဘူး ၊ ဒီတော့ ကျွန်တော်တို့တွေ အခြေအနေကိုတွက်ဆပြီး တစ်ကြိမ်ထက်မက တိုက်ခိုက်ရင် တိုက်ခိုက်ရနိုင်တယ်”
ရှီတိက ခေါင်းညိတ်ရင်း...
“အင်း... အဲဒီလို ဖြစ်နိုင်ခြေ များပါတယ်”
သူတို့က မိစ္ဆာနယ်မြေမဟာအစီအရင်တည်ရှိရာနေရာသို့ ပင်မလမ်းကြီးအတိုင်းပင် ထွက်ခွာလာခဲ့သည်။
ပုံမှန်မဟုတ်သည့်အချက်မှာ လမ်းတစ်လျှောက် သူတို့ကို တားဆီးမည့်သူ တစ်ယောက်မှ မရှိခြင်းပင်ဖြစ်၏။ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ မည်သည့်သိုင်းသမားမှ သူတို့ကို တားဆီးတိုက်ခိုက်ခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲက မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ရင်း...
“ဒါ သေချာပေါက် ထောင်ချောက်ပဲ ၊ ဒီနေရာက မိစ္ဆာနယ်မြေအစီအရင်ဗဟိုချက် ပျက်ဆီးသွားရင် မဟာငရဲကိုးထပ်တံခါးရဲ့ တည်နေရာကလည်း နောက်တစ်ကြိမ် ပြောင်းလဲသွားလိမ့်မယ် ၊ ပြီးတော့ သူတို့က လမ်းတစ်လျှောက် ကျွန်တော်တို့ကို မတားဆီးဘူးဆိုတာ အရေးမစိုက်လို့မဟုတ်ဘူး ၊ ကျွန်တော်တို့ မဟာငရဲကိုးထပ်တံခါးကို ဖြိုခွင်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အပြင်းအထန်တိုက်ခိုက်ချင်တာ ဖြစ်ရမယ်”
သူ့စကားကိုကြားတော့ ရှီတိနှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်ရင်း...
“ကျွန်တော်တို့အတွက်ကတော့... မဟာငရဲကိုးထပ်တံခါးပွင့်သွားတာကို ရပ်ကြည့်နေဖို့ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့...”
ရန်ကျောက်ကဲက သူ၏လက်ဖမိုးထက်မှ မိစ္ဆာသင်္ကေတကို ငုံ့ကြည့်ရင်း မျက်လုံးများ ကျဉ်းမြော်းလိုက်သည်။
သူ၏လက်ဖမိုးထက်မှ မိစ္ဆာသင်္ကေတကိုငုံ့ကြည့်ရင်း ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
“ဒါပေမဲ့... မိစ္ဆာနယ်မြေအစီအရင် (၂)ခုကို ဖျက်ဆီးခဲ့တဲ့အတွေ့အကြုံအရ အဲဒီအစီအရင်ကို နားလည်နိုင်စွမ်း ကျွန်တော်တို့ ပိုပြီမြင့်မားလာခဲ့တယ်”
သူတို့ရှေ့ဆက်လမ်းလျှောက်လာရင်း နောက်ဆုံးတော့ ကြက်သွေးရောင်တောက်ပနေသည့် မိစ္ဆာနယ်မြေဗဟိုချက်သို့ ရောက်ရှိလာသည်။ သူတို့ရှေ့တွင် မြင့်မားသောရွှေရောင်မျှော်စင်ကြီးကို တစ်ဖန်ပြန်လည် တွေ့မြင်ရသည်။ ရန်ကျောက်ကဲမျက်နှာကတော့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းကင်းမဲ့စွာဖြင့် တည်ငြိမ်လို့နေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးက ရှင်းလင်းနေပြီး လူတစ်ယောက်မှမရှိဘဲ မိစ္ဆာနယ်မြေအစီအရင်ကြီးတစ်ခုတည်းသာ လည်ပတ်လျှက် ရှိသည်။
မြင့်မားသောရွှေရောင်မျှော်စင်ကြီးထိပ်တယ် အနီရောင်တံခါးကြီးတစ်ချပ်ရှိနေပြီး ထိုတံခါးမှ အနီရောင်အလင်းတန်းများက မြေပြင်ထက်သို့ အရိပ်ဖြာကျနေသည်။ မြေပြင်ထက်တွင် အနီရောင်အရိပ်ထိုးနေသည့်နေရာတွင် ပုံရိပ်ယောင်တံခါးတစ်ချပ် ဖြစ်တည်နေသည်။ ထိုအရာက အစစ်အမှန် မဟာငရဲကိုးထပ်တံခါးဖြစ်ပြီး ငရဲကိုးထပ်မှ ဤနေရာသို့ဝင်ရောက်ရန်လမ်းကြောင်း ဖြစ်သည်။
နေရာပေါင်းစုံမှ ဆန့်ထွက်လာနေသော မရေမတွက်နိုင်သည့် အနက်ရောင်ဝိညာဉ်သင်္ကေတများက သံကြိုးများသဖွယ် ရွှေရောင်မျှော်စင်ကို ရစ်ပတ်ထားသည်။ အရာအားလုံးက အရင်ကကြုံတွေ့ခဲ့ရသည့်အတိုင်းပင် ဖြစ်၏။
ရန်ကျောက်ကဲက တုံ့ဆိုင်းမနေဘဲ ရှေ့သို့လှမ်းသွားပြီး အနက်ရောင်ဝိညာဉ်သင်္ကေတများကို လက်ဝါးဖြင့်အဆက်မပြတ် ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲ၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် အနက်ရောင်ဝိညာဉ်သင်္ကေတများအလယ်တွင် သေးငယ်သည့် အဖြူရောင်စက်ဝန်းငယ်တစ်ခု ထွက်ပေါ်လာသည်။
တောက်ပနေသည့် အဖြူရောင်အလင်းစက်ဝန်းထဲတွင် ရှုတ်ထွေးနက်နဲသည့် ဝိညာဉ်သင်္ကေတများစွာပါရှိပြီး ထိုအရာက မိစ္ဆာနယ်မြေမဟာအစီအရင်၏ အနက်ရောင်ဝိညာဉ်သင်္ကေတများကို ချိတ်ပိတ်တံဆိပ်ခတ်လိုက်သည်။
“လောလောဆယ် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို အသုံးမပြုနိုင်သေးပေမယ့်... အဲဒီတိုင်လုံးပေါ်က ဝိညာဉ်သင်္ကေတတွေကိုတော့ ငါ သုံးနိုင်ပါသေးတယ်”
ရန်ကျောက်ကဲမျက်ဝန်းများက တည်ငြိမ်နေပြီး လက်ဝါးရိုက်ချက်များကို အဆက်မပြတ်ထုတ်ဖော်နေသည်။
ထို့နောက် သူက ရွှေရောင်မျှော်စင်ခြေရင်းသို့ ရောက်သွားပြီး ဝိညာဉ်သင်္ကေတတစ်ခုရေးဆွဲကာ မျှော်စင်ထက်တွင် လက်ဝါးဖြင့်ဖိကပ်ရိုက်နှိပ်ချလိုက်သည်။
“ပထမဆရာဦးလေး...”
ရန်ကျောက်ကဲက အော်ခေါ်လိုက်၏။
ကြိုတင်စီစဉ်ထားသည့်အတိုင်း ရှီတိက ချက်ချင်းပင် လေထဲခုန်ဝင်လာပြီး ရွှေရောင်မျှော်စင်ထက်သို့ ရောက်ရှိသွားကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရွှေရောင်မျှော်စင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သည့် အနက်ရောင်ဝိညာဉ်သင်္ကေတများက တဟုန်ထိုးပြောင်းပြန်စီးဆင်းသွားသည်။
မိစ္ဆာနယ်မြေအတွင်းမှ အနီရောင်အလင်းတန်းများ တဖြည်းဖြည်းပြန့်ကျဲသွား၏။ သို့သော် အနီးပတ်ဝန်းကျင်တွင် အမှောင်ဘက်ခြမ်းမှသိုင်းသမားများ ရှိမနေသဖြင့် မိစ္ဆာချီစွမ်းအားများက ထိုသူများ၏ခန္ဓာကိုယ်တွင်းသို့ ပြောင်းပြန်စီးဆင်းဝင်ရောက်သွားခြင်းမရှိဘဲ ပတ်ဝန်းကျင်လေထုအတွင်း စီးဆင်းပျောက်ကွယ်သွားသည်။
ငရဲကိုးထပ်ရောင်ဝါက အားနည်းသည်ထက်အားနည်းလာပြီး မြင့်မားသောရွှေရောင်မျှော်စင်ကြီး၏အရွယ်အစားက သိသိသာသာ ကျုံ့ဝင်သွားသည်။
မျှော်စင်ကြီးက ယခင်ကလိုတိုက်ရိုက်ပြိုကျသွားခြင်းမဟုတ်ဘဲ တည်ငြိမ်စွာပင် ကျုံ့ဝင်သေးငယ်သွားခြင်းဖြစ်သည်။
ထိုအခါမှ ရွှီဖေးနှင့်အားဟူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
အားဟူက ရယ်မောလိုက်ရင်း...
“သခင်လေး... ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက စွမ်းအားအမြင့်မားဆုံးသိုင်းသမားတွေတောင်မှ သခင်လေးလောက် မိစ္ဆာနယ်မြေမဟာအစီအရင်ကို နားလည်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက ရွှေရောင်မျှော်စင်ကို ဖိနှိပ်ထားသည့် သူ့လက်များကို ဖြည်းဖြည်းချင်း ပြန်ခွာလိုက်သည်။ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် ‘ရှီတိ’ က မျှော်စင်ကို ဖိနှိပ်ထိန်းချုပ်ထားပြီဖြစ်ရာ အခြေအနေက လုံလောက်ပေပြီ။
သို့သော် ရန်ကျောက်ကဲ စကားပြန်မပြောနိုင်ခင်မှာပင် သူတို့အားလုံး မျက်ဝန်းများရှေ့တွင် နက်မှောင်သည့်အလင်းတန်းတစ်ခု ရုတ်တရက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုဖုံးလွှမ်းသွားပြီး အနက်ရောင်အလင်းတန်းက အမှောင်ထိုအတွင်း ထိုးဖောက်ဝင်ရောက်ဖြတ်ကျော်သွားသည်။
ထိုအနက်ရောင်အလင်းတန်း၏ အရှိန်အဟုန်ကြောင့် ရန်ကျောက်ကဲ ၊ အားဟူနှင့် ရွှီဖေးတို့မှာ အချိန်မီတုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။
အနက်ရောင်အလင်းတန်းက ပကတိလျှပ်စီးစွမ်းအားနှင့်တူညီပြီး ပြင်းထန်သည့်စွမ်းအားများက ကမ္ဘာမြေကြီးကိုပင် နှစ်ခြမ်းခွဲပစ်တော့မည့်အလား ထင်မှတ်ရသည်။
သို့ပေသိ ရှီတိကတော့ ရန်သူ၏တိုက်ခိုက်မှုကို အချိန်မီတုံ့ပြန်နိုင်ခဲ့သည်။
သူက ရွှေခန္ဓာသိုင်းစွမ်းကို ချက်ချင်းထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားသည်။ ရှီတိ၏ပုံစံက သမုဒ္ဒရာအတွင်းမှကောင်းကင်ထောက်တိုင်ကြီးပမာ မားမားမတ်မတ်ရပ်တည်လျှက် မိစ္ဆာချီစွမ်းအားများက သူ့အနားပတ်ဝန်းကျင်သို့ ရောက်ရှိလာနိုင်စွမ်းမရှိဘဲ အနက်ရောင်မြူခိုးများသည်လည်း ချက်ချင်းပျောက်ကွယ်သွားသည်။
သူ့လက်တစ်ဖက်က ရွှေရောင်မျှော်စင်ကို ဖိနှိပ်ထားဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်က ကြောက်မက်ဖွယ်ရာ နက်မှောင်သည့်အလင်းတန်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
မိုးမြေတစ်ခွင် တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာပြီး လောကတစ်ခုလုံး လင်းထိန်သွားသည်။
ရှီတိ အနောက်သို့လှည့်ကြည့်လိုက်တော့ အကြေးခွံနဂါးဘုရင် စီးမာချွေကို တွေ့လိုက်ရသည်။
ရန်သူဟောင်းများဖြစ်ကြလေရာ စကားပြောအချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်ကြ၏။
သို့ရာတွင် ရန်ကျောက်ကဲ အရင်ကခန့်မှန်းထားသကဲ့သို့ပင် မိစ္ဆာနယ်မြေမဟာအစီအရင်နှင့် မဟာငရဲကိုးထပ်တံခါးကို ဖိနှိပ်ထားရသဖြင့် ရှီတိက စီးမာချွေကို စွမ်းအားအပြည့်ဖြင့် မတိုက်ခိုက်နိုင်ခဲ့ပေ။
လက်တစ်ဖက်က ရွှေရောင်မျှော်စင်ကို ဖိနှိပ်ထားရသောကြောင့် သူ့အနေအထားက မလွတ်မလပ်ဖြစ်နေသည်။ စီးမာချွေက ချက်ချင်းပင် ရှီတိထံသို့ ခုန်ဝင်လာသည်။
သို့သော် ရှီတိကိုရင်ဆိုင်လိုက်ရသည်နှင့် လှိုင်လေပြင်းထန်သောမုန်တိုင်းအလယ်တွင် မပြောင်းမလဲရပ်တည်နေသည့် ကျောက်တိုင်ကြီးတစ်ခုကို ရင်ဆိုင်ရသည့်အလား ခံစားလိုက်ရသည်။
ရှီတိက ခံစစ်စွမ်းအားအပြည့်ဖြင့် ရန်သူ၏တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားပြီး ရေတစ်စက်ပင် ယိုပေါက်မရှိအောင် ကာကွယ်ထားသည်။
စီးမာချွေမှာ ပြင်းထန်သည့်တိုက်ကွက်များဖြင့် တိုက်ခိုက်သည့်တိုင် ရှေ့သို့ ခြေတစ်လှမ်းမှ မလှမ်းနိုင်ခဲ့ပေ။
ရန်ကျောက်ကဲ၏မျက်နှာအမူအရာကတော့ အပြည့်အဝစိတ်မအေးနိုင်သေးဟန် တည်ကြည်လေးနက်နေသည်။
အားဟူ၏မျက်နှာထက်မှအပြုံးသည်လည်း ပျောက်ကွယ်သွားပြီး သူနှင့် ရွှီဖေးတို့ နောက်သို့အတူတူ လှည့်ကြည့်လိုက်သည်။
မိစ္ဆာနယ်မြေအတွင်းသို့ လျှင်မြန်စွာဝင်ရောက်လာသော လူရိပ်များကို တွေ့မြင်လိုက်ကြရသည်။
ရန်ကျောက်ကဲက ထိုသူများထဲတွင် သူနှင့်ရင်းနှီးနေသော မျက်နှာများကို တွေ့မြင်လိုက်ရသည်။ သူတို့အားလုံးက ဝါဒတောင်မှ သိုင်းသမားဝတ်စုံကို ဝတ်ဆင်ထားကြလေရာ လျန်ဟူစီရင်စုတွင် အခြေစိုက်သည့် ဝါဒတောင်သိုင်းသမားများဖြစ်ကြောင်း သိရှိလိုက်သည်။
သူတို့အားလုံး၏ ကျင့်ကြံခြင်းအဆင့်များကတော့ ကွဲပြားကြသည်။ အချို့က သိုင်းပညာရှင်အဆင့်ဖြစ်ပြီး အချို့မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည်။
သို့ပေသိ သူတို့အားလုံး၏တူညီချက်မှာ မျက်နှာများက ဖြူဖပ်ဖြူလျော်ဖြစ်နေကြပြီး အားနည်းဖျော့တော့နေကြခြင်းပင် ဖြစ်၏။
ဒဏ်ရာများရရှိထားသော်လည်း ဆေးကုသမှုမခံယူရသဖြင့် ဒဏ်ရာများမှာ သွေးစိမ်းရှင်ရှင်စီးကျလျှက် ဤအတိုင်းသာ နှိပ်စက်ခံထားရသည်။
ထိုဝါဒတောင်သိုင်းသမားများဘေးတွင်တော့ မိစ္ဆာအငွေ့အသက်များဖုံးလွှမ်းနေသည့် သိုင်းသမားတစ်စု ရှိနေသည်။
ထိုသူများထဲမှတစ်ယောက်ကို တွေ့မြင်လိုက်သည့်အခါ ရန်ကျောက်ကဲ၏မျက်ဝန်းများ အေးစက်တင်းမာသွားသည်။
ထိုသူက တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး ဦးခေါင်းနှင့်မျက်နှာကိုလည်း အနက်ရောင်မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားလေ၏။
***