← Chapters

ငရဲမှပြန်လာသူ

Vol. 20 Ch. 279

ငရဲမှပြန်လာသူ

Vol. 20 Ch. 279

အရင်က လှိုင်းနက်ဂေဟာအဖြစ်အပျက်တွင် ကျန်းယောင် ၊ ရဲ့ကျုန်းကျိုးနှင့် အခြားသူများ လျိုရှန်းဖုန်း၏ ဖမ်းဆီးနှိပ်စက်ခြင်းကိုခံရသကဲ့သို့ ယခု ဝါဒတောင်သိုင်းသမားများသည်လည်း ဖမ်းဆီးနှိပ်ဆက်ခံနေရခြင်းပင်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှလူများက လူကောင်းများကိုဖမ်းဆီးမိလျှင် စိတ်ပျက်အားငယ်မှု ၊ မုန်းတီးမှုနှင့် ဒေါသတရားများထွက်ပေါ်လာရန် ကြိုးပမ်းသည့်အနေဖြင့် နှိပ်စက်ညှင်းပန်းကြသည်။ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ ထွက်ပေါ်လာမှသာ စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ မိစ္ဆာစိတ်များမွေးဖွားလာကာ ငရဲကိုးထပ်ရောင်ဝါလွှမ်းမိုးမှုကိုခံရပြီး အမှောင်ဘက်ခြမ်းသို့ လျှင်မြန်စွာကျရောက်သွားမည် ဖြစ်သည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှသိုင်းသမားအုပ်စုက စုစုပေါင်း (၅)ယောက် ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကျင့်ကြံခြင်းအခြေခံ မတူညီကြပေ။ ရန်ကျောက်ကဲက (၅)ယောက်လုံးကို အာရုံစိုက်အကဲခတ်နေသည်။

သူတို့ (၅)ယောက်၏ အသက်ရှူသံများက မိုးခြိမ်းသံပမာဖြစ်ပြီး သွေးကြောဆုံချက်ခုန်နှုန်းများက ခမ်းနားသည်။ သူတို့၏ကြယ်တာရာချီစွမ်းအားများက ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နက်နေသော်လည်း ရိုးရှင်းသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုသူများအားလုံးမှာ သိုင်းဆရာသခင်များဖြစ်ကြောင်း ထင်ရှားသည်။

သိုင်းဆရာသခင်များဆိုသော်လည်းတစ်ယောက်နှင့်တစ်ယောက် ကျင့်ကြံခြင်းအခြေခံမတူညီကြပေ။ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့က ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်ဖြစ်သော ဆံပင်ဖြူဖြူနှင့်အဘိုးအိုတစ်ယောက်ကို မှတ်မိလိုက်ကြသည်။ ထိုအဘိုးအိုက ဝါဒတောင်မှ အကြီးအကဲတစ်ယောက် ဖြစ်၏။

ယခု သူ့မျက်လုံးများက အဝါရောင်သမ်းနေပြီး သွေးနီရောင်အလင်းတန်းများလည်းထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် အမှောင်ဘက်ခြမ်းသို့ လုံးလုံးလျားလျား ကျရောက်သွားသည်မှာ ထင်ရှားသည်။

သို့ပေသိ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့ကို ပိုပြီးဆွဲဆောင်နိုင်သူမှာ ထို ဆံပင်ဖြူအဘိုးကြီးဘေးတွင်ရှိနေသူဖြစ်သည်။

တစ်ချိန်က သူတို့ (၂)ယောက်လုံးနှင့် ထိပ်တိုက်တွေ့ခဲ့သော အနက်ရောင်မျက်နှာဖုံးစွပ်လူ ဖြစ်၏။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ အခြားသောသိုင်းဆရာသခင်များကလည်း ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် အားဟူတို့ကို အကဲခတ်နေကြသည်။

အနက်ရောင်ဝတ်လူတစ်ယောက်သာ သူတို့ (၃)ယောက်ကို လျစ်လျူရှုပြီး ခေါင်းကိုမော့ကာ စီးမာချွေနှင့်တိုက်ခိုက်နေသော ရှီတိကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ချက်ချင်းပင် မီးဝင်းဝင်းတောက်ကာ လောင်ကျွမ်းသွားသည်။

သူ့မျက်နှာတစ်ခုလုံးက ဖုံးကွယ်ထားသဖြင့် သွေးရောင်လင်းနေသည့် အဝါရောင်မျက်ဝန်းတစ်စုံကိုသာ တွေ့မြင်ရသည်။

ရှီတိသည် ရွှေရောင်မျှော်စင်ကို ဖိနှိပ်ထားရင်း စီးမာချွေနှင့်လည်း ရင်ဆိုင်နေရသဖြင့် အလုပ်များလျှက်ရှိသည့်တိုင် ပတ်ဝန်းကျင်မှအဖြစ်အပျက်များကို အာရုံခံနိုင်ဆဲ ဖြစ်သည်။

သူ့မျက်လုံးများက အောက်မှရောက်လာသူများကို အလွတ်မပေးဘဲ တစ်ချက်အကဲခတ်လိုက်သည်။

မျက်နှာဖုံးစွပ်သိုင်းသမား၏ မီးဝင်းဝင်းတောက်နေသောအကြည့်များကို ရင်ဆိုင်လိုက်ရသည့်အခါ ထာဝရတည်ငြိမ်ပြီး မပြောင်းလဲသော ရှီတိ၏မျက်ဝန်းများသည် ရုတ်တရက် တုန်ခါသွားသည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ ဆံပင်ဖြူအဘိုးကြီးကတော့ ရန်ကျောက်ကဲတို့အုပ်စုကို အကဲခတ်နေ၏။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ အခြားသောသိုင်းသမားများကလည်း ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် အားဟူတို့ကို သတိထားကာ ကြည့်ရှုနေကြသည်။

ဖမ်းဆီးနှိပ်စက်ခံထားရသော ဝါဒတောင်သိုင်းသမားများကတော့ ရှီတိ ၊ ရန်ကျောက်ကဲနှင့် အခြားသူများကိုတွေ့သည်နှင့် မျက်နှာများတောက်ပသွားကြသည်။

ရန်ကျောက်ကဲက ဆံပင်ဖြူအဘိုးအိုကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းမျးက ဘေးဘက်မှမျက်နှာဖုံးစွပ်လူထံသို့ ရွေ့လျားသွားသည်။

“အဟက်... မျက်နှာဖုံးအသစ်ရသွားပြီလား”

သူက ထိုသူကို စူးစိုက်ကြည့်ရင်း...

“ဒါပေမဲ့ မျက်နှာဖုံးက အရေးမကြီးတော့ပါဘူး ၊ ဟိုသီးခြားကမ္ဘာငယ်ထဲမှာကတည်းက မင်းကိုငါ မြင်ဖူးပြီးသားပဲ”

သူက သက်ပြင်းတစ်ချက်ချရင်း...

“မင်းက ဂိုဏ်းတူအစ်ကိုကြီး’ရှီစုန်းထောင်း’ မဟုတ်လား ၊ မင်း အန္တရယ်ကင်းကင်းနဲ့ ပြန်ရောက်လာမယ်လို့ ငါတို့ မျှော်လင့်ခဲ့ကြတာ ၊ ဒီလိုပုံစံဖြစ်နေမယ်လို့ တကယ်ထင်မထားခဲ့ဘူး”

မျက်နှာဖုံးစွပ်သိုင်းသမားက ရှီတိထံမှအကြည့်ကိုရုတ်သိမ်းလိုက်ပြီး ခံစားချက်ကင်းမဲ့သည့် မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်သည်။

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ငါ မသေမချာဖြစ်နေတယ်လို့ မင်းထင်နေတာလား... မဟုတ်ဘူး ၊ စောစောက မသေချာခဲ့ရင်တောင်မှ အခု မင်း ပထမဆရာဦးလေးကိုကြည့်လိုက်တဲ့အကြည့်ကိုမြင်လိုက်ရတော့ အားလုံးကိုရှင်းရှင်းလင်းလင်း သိသွားပြီ”

မျက်နှာဖုံးစွပ်လူကိုကြည့်ရင်း ရွှီဖေး၏မျက်ဝန်းများထဲတွင် ကြေကွဲဝမ်းနည်းမှုများ ဖုံးမနိုင်ဖိမရထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက တိုးတိတ်သည့်လေသံဖြင့်...

“မင်း လေ့ကျင့်ခဲ့တဲ့မူလသိုင်းပညာကို ဘာလို့အသုံးမပြုတာလဲဆိုတာ ငါ သဘောပေါက်သွားပြီ ၊ မင်းက မင်းဘယ်သူလဲဆိုတာ တခြားလူတွေ သိသွားမှာကို ကြောက်နေတာမဟုတ်ဘူး ၊ မင်းက ဝါဒတောင်ကို မုန်းနေတာ ၊ မင်းကို ပထမဆရာဦးလေး သင်ပေးခဲ့တဲ့သိုင်းပညာကိုလည်းမုန်းတီးတယ် ၊ ဒါကြောင့် အဲဒီသိုင်းပညာကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ပြီး အသုံးမပြုဘဲ နေခဲ့တာပဲ”

သူက ဆက်ပြောသည်။

“မျက်နှာဖုံးတပ်ပြီး မင်းရဲ့မျက်နှာကိုဖုံးကွယ်ထားတယ်ဆိုတာကလည်း မင်းကို အခြားသူတွေသိသွားမှာထက် မင်းက ဝါဒတောင်က တပည့်ဖြစ်ခဲ့ဖူးတယ် ၊ ပထမဆရာဦးလေးရဲ့ သားအကြီးဆုံးဖြစ်တယ်ဆိုတာကို သူများတွေကို ထုတ်ဖော်မပြချင်လို့ပဲ ၊ ဟုတ်တယ်မလား”

ရန်ကျောက်ကဲက ခံစားချက်ရှုတ်ထွေးသည့်လေသံဖြင့်...

“မင်းက အတိတ်ကအရာအားလုံးကိုမုန်းတီးတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့တာ ၊ အမှောင်ဘက်ခြမ်းကျရောက်ရတဲ့အတွက် ရှက်စိတ်ဝင်နေတာ မဟုတ်ဘူး”

ရန်ကျောက်ကဲစကားများကိုကြားတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများအားလုံး၏ မျက်နှာထက်တွင် မတူညီသည့် ခံစားချက်အရိပ်အယောင်များထွက်ပေါ်လာသည်။ သူတို့မျက်ဝန်းများထဲတွင် တုန်လှုပ်သည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဆံပင်ဖြူအဘိုးကြီးက အတော်လေးတုန်လှုပ်သည့်အမူအရာဖြင့် မျက်နှာဖုံးစွပ်သိုင်းသမားကိုလှည့်ကြည့်ရင်း...

“မင်း... မင်းက ရှီတိရဲ့သား ရှီစုန်းထောင်းလား ၊ အဲဒီ... အဲဒီတုန်းက အသက်မသေခဲ့ဘူးလား”

မျက်နှာဖုံးစွပ်သိုင်းသမားက တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် ရန်ကျောက်ကဲကိုကြည့်နေသည့် သူ့မျက်ဝန်းများက ဒေါသများပြင်းထန်လျှက်ရှိသည်။

ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...

“မင်းဘယ်သူလဲဆိုတာ ပေါ်သွားပြီပဲ ၊ ဘာလို့ ဒီမျက်နှာဖုံးကို ဆက်ဝတ်ထားသေးလဲ ၊ ပြီးတော့ မင်းစိတ်ထဲမှာလည်း လူတွေနဲ့ရင်ဆိုင်ရမှာကို ရှက်ကြောက်နေတာမှ မဟုတ်တာ”

သူ့စကားဆုံးသွားသည်နှင့် ထိုသူက မျက်နှာဖုံးကို ချွတ်လိုက်သည်။ သီးခြားကမ္ဘာငယ်ထဲတွင် ရန်ကျောက်ကဲ တွေ့မြင်ခဲ့ဖူးသော ရင်းနှီးပြီးသားမျက်နှာက ထွက်ပေါ်လာသည်။

ထိုသူက အသက် (၃၀)ကျော်ခန့် လူငယ်တစ်ယောက်ဖြစ်ပြီး သူ့အသွင်အပြင်က ရှီတိနှင့် (၉၀)ရာနှုန်း ချွပ်စွပ်တူညီသည်။

“ဂိုဏ်းတူအစ်ကို’ရှီ’”

ကြည်လင်လျှို့ဝှက်ရေကန်ရှိ မိစ္ဆာနယ်မြေထဲတွင် ရွှီဖေးနှင့်ရန်ကျောက်ကဲကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သော ထိုသိုင်းဆရာသခင်သည် အမှန်တကယ်ပင် ဝါဒတောင်၏ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သော ၊ အတိတ်အချိန်က ပါရမီရှင်တစ်ယောက်ဖြစ်သော ၊ ရှီတိ၏ကာလရှည်ကြာပျောက်ဆုံးနေသောသားဖြစ်သူ “ရှီစုန်းထောင်း” ပင်ဖြစ်သည်။

စီးမာချွေသည်ပင် တုန်လှုပ်သွားပြီး သူ့လက်သီးချက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ရှီတိ၏အကြည့်က ရှီစုန်းထောင်းထံ ကျရောက်သွားသော်လည်း သိပ်ပြီးကြာရှည်ခြင်း မရှိပေ။

မျက်နှာဖုံးကို ဖယ်ရှားပြီးသည်နှင့် ရှီစုန်းထောင်းက စကားပြောလိုက်သည်။ ယခင်က သူ့အသံကို မှတ်မိသွားမည့်သူရှိမည်ကို စိုးရိမ်သဖြင့် စကားမဆိုခဲ့သော်လည်း ယခုတော့ အရေးမစိုက်တော့ပေ။

“အားလုံးပဲ မတွေ့တာကြာပြီနော် ၊ နေကောင်းကြရဲ့လား ၊ ငါ ငရဲကပြန်လာပြီ”

ရိုးရှင်းသောနှုတ်ခွန်းဆက်စကားပင်ဖြစ်သော်လည်း အားလုံး၏စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

သူ့လေသံက ညင်သာသော်လည်း အဆိပ်သင့်ခြင်းနှင့်အေးစိမ့်ခြင်းတို့က လူတိုင်း၏အရိုးများထဲထိ ဖြတ်သန်းဝင်ရောက်သွားသည်။

ရွှီဖေးက ခက်ခက်ခဲခဲ ကြိုးစားရင်း မေးခွန်းတစ်ခု မေးမြန်းလိုက်၏။

“ဂိုဏ်းတူအစ်ကို’ရှီ’... ဒီ... ဒီနှစ်တွေတစ်လျှောက်လုံး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းထဲကို ရောက်နေခဲ့တာလား ၊ အဲဒီ... အဲဒီအချိန်တုန်းက သူတို့က မင်းကိုကယ်ခဲ့တာလား”

ရှီစုန်းထောင်းက ညင်သာစွာခေါင်းညိတ်ရင်း...

“မဟုတ်ရင် မင်းကလာကယ်မှာမို့လို့လား”

ထို့နောက် သူက မြင့်မားသောရွှေရောင်မျှော်စင်ထက်မှ ရှီတိကို ခေါင်းမော့ကြည့်ရင်း...

“ဒါမှမဟုတ် သူလာကယ်မှာလား”

ရှီတိက မျှော်စင်ထက်တွင်မတ်တတ်ရပ်လျှက် သူ့ပုံစံက မလှုပ်မယှက် ကျောက်ရုပ်တစ်ရုပ်နှင့် ဆင်တူသည်။

ရှီစုန်းထောင်းက...

“ကဲ... ဂိုဏ်းတူညီလေး’ရွှီဖေး’ ၊ မင်း ဘာပြောချင်သလဲ ၊ မင်းရဲ့ဆရာ... ငါ့ရဲ့အဖေမှာ သူ့အခက်အခဲတွေနဲ့သူရှိတယ်လို့ မင်း ပြောချင်သလား ၊ သူက ရွေးချယ်စရာမရှိခဲ့လိုပါလို့ မင်းဖြေရှင်းချင်သလား”

ရှီစုန်းထောင်း၏အသံက လူတိုင်း၏အရိုးထဲသို့ အေးစိမ့်စွာလွှမ်းခြုံသွားသည်။

သူကဆက်ပြောသည်။

“အေး... လူတိုင်းမှာအခက်အခဲတွေရှိကြတာပဲ ၊ ဒါပေမဲ့ အဲဒီအခက်အခဲတိုင်းကို တခြားသူတွေက နားလည်ပေးရမယ်လို့ မဆိုလိုဘူးလေ”

ရှီစုန်းထောင်းက ရှီတိကို ခေါင်းမော့ကြည့်ရင်း...

“သူက ဝါဒတောင်ကို ကာကွယ်ဖို့ ရွေးချယ်ခဲ့တယ် ၊ ဝါဒတောင်ရဲ့အကျိုးစီးပွားကိုပဲ ကြည့်ခဲ့တယ် ၊ အများအတွက်လို့အကြောင်းပြပြီး ငါ့ကိုတော့ စတေးခဲ့တယ်”

“သူ ငါ့ကိုစတေးခဲ့တယ် ၊ သူ ငါ့ကိုစတေးဖို့ ရွေးချယ်ခဲ့တယ်”

ရှီစုန်းထောင်းက နာကျည်းစွာအော်ဟစ်လိုက်ပြီးမှ သူ့အသံများက ပြန်လည်နူးညံ့သိမ်မွေ့သွားသည်။

“ဒါပေမဲ့... ငါ့တစ်ယောက်တည်းဆိုရင် ငါ သူ့ကို မုန်းတီးမိမှာမဟုတ်ပါဘူး ၊ ငါ့ကို မွေးဖွားပေးခဲ့တဲ့ဖခင်ဖြစ်လို့ ငါ့အသက်ကို သူ့ဆီပြန်ပေးလိုက်ရတယ်လို့ပဲ မှတ်ယူလို့ရပါတယ်... ဒါပေမဲ့...”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ဒါပေမဲ့ စွန့်လွှတ်အနစ်နာခံလိုက်ရသူတွေက ငါတစ်ယောက်တည်းမဟုတ်ဘူး”

ပြောနေရင်း ရှီစုန်းထောင်စကားသံက တိမ်ဝင်သွားသည်။ သူ့ရင်ထဲတွင် မီးတောက်များတောက်လောင်နေသည့်ပမာ သူ့မျက်ဝန်းများထဲမှ သွေးနီရောင်အလင်းတန်းများက ပိုမိုတောက်ပလာသည်။

“ငါ့ဇနီးနဲ့ ငါ့သားကိုလည်း စတေးခဲ့ရတယ်”

“ီကျန်း... သူက ဝါဒတောင်ကတပည့်တစ်ယောက် မဟုတ်ပေမယ့် ငါနဲ့လက်ထပ်လိုက်တာကြောင့် ရှီတိရဲံချွေးမဖြစ်လာတယ် ၊ အဲဒါကြောင့် မဆီမဆိုင် ဝါဒတောင်အတွက် သူလည်းစတေးခံလိုက်ရတယ် ၊ ပြီးတော့ ကျွင်းအာ... အဲဒီတုန်းက သူက အသက် (၃)နှစ်ပဲရှိသေးတာ ၊ ဘာမှနားမလည်တဲ့ ကလေးလေးတစ်ယောက်ပါ ၊ သူလည်း ဝါဒတောင်အတွက် အသက်ဆုံးခဲ့ရတယ်”

ရှီစုန်းထောင်းက ရှီတိကို စူးစိုက်ကြည့်လိုက်ရင်း...

“ငါ့ရင်ထဲမှာ ခင်ဗျားကိုမေးချင်နေတဲ့ မေးခွန်းတွေရှိတယ် ၊ အဲဒီတုန်းက အန္တရယ်ကျရောက်တဲ့သူတွေထဲမှာ ငါတို့ရော ဝါဒတောင်ကတပည့်တွေရော ပါဝင်နေခဲ့မယ်ဆိုရင် ခင်ဗျား ဘယ်သူကိုကယ်တင်မှာလား ၊ ဝါဒတောင်ကတပည့်တွေကိုကယ်တင်မှာလား ၊ ငါတို့မိသားစုကို ကယ်တင်မှာလား ၊ ဘယ်သူ့ကို ခင်ဗျားရွေးချယ်မှာလဲ”

“နှစ်ဘက်လုံး အန္တရယ်ကြုံရတဲ့အခါ တစ်ဖက်က ဝါဒတောင်က တပည့်တွေ ၊ တစ်ဖက်က ငါတို့မိသားစု (၃)ယောက် ၊ ဘယ်ဘက်ကိုခင်ဗျားရွေးချယ်မှာလဲ”

ရှီတိ၏မျက်နှာက ရုပ်တုတစ်ခုပမာ ခံစားချက်ကင်းမဲ့နေဆဲပင်။

သို့သော် သူ၏ လေးလံသောအသံက လေထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“အဲဒါက ဘယ်သူဆိုတာနဲ့ မဆိုင်ပါဘူး...”

ထိုစကားကိုကြားတော့ ရှီစုန်းထောင်းက တဟားဟား အော်ဟစ်ရယ်မောလိုက်သည်။

“အမှန်ပဲ... ဒီစကားက ခင်ဗျားနဲ့လိုက်ဖက်တဲ့အဖြေစကားပဲ”

“ခင်ဗျားစိတ်ထဲမှာ အုပ်စုလိုက်က တစ်ဦးချင်းထက်ပိုအရေးကြီးတယ် ၊ အရေအတွက်များတာက အရေအတွက်နည်းတာထက် ပိုအရေးကြီးတယ် ၊ ခင်ဗျားခေါင်းထဲမှာ တစ်ဦးချင်းစိတ်ခံစားချက်ဆိုတာထက် ဝါဒတောင်က တာဝန်ဝတ္တရားတွေကပဲ လွှမ်းမိုးထားတယ်”

ပြောနေရင်းမှ ရှီစုန်းထောင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဒါဖြင့်... ခင်ဗျားကို အခုပဲရွေးချယ်မှုတစ်ခုလုပ်ခိုင်းမယ်”

***

All Chapters