← Chapters

ရန်ကျောက်ကဲ၏စကား (၃)ခွန်း

Vol. 20 Ch. 280

ရန်ကျောက်ကဲ၏စကား (၃)ခွန်း

Vol. 20 Ch. 280

ရှီစုန်းထောင်းက ဖမ်းဆီးထားသည့် ဝါဒတောင်သိုင်းသမားများရှိရာသို့ လမ်းလျှောက်သွားရင်း ရှီတိကို ခေါင်းမော့ကြည့်လိုက်သည်။

ထို့နောက် သူက အသံတိုးတိုးဖြင့်...

“အခု ငါ့ ဘယ်ဘက်မှာ (၇)ယောက် ၊ ညာဘက်မှာ (၁၅)ယောက် ၊ ရှင်းပစ်မယ်ဆိုရင် ဘယ်ဘက်ကအုပ်စုကို အရင်ရှင်းပစ်ရမလား ၊ ညာဘက်ကအုပ်စုကို အရင်ရှင်းပစ်ရမလား ၊ ဘယ်ဟာက ပိုကောင်းမယ်ထင်သလဲ”

ရှီတိ၏မျက်ဝန်းများက အေးစက်နေပြီး ပြင်းထန်သည့်ဖိအားများဖြင့် လင်းလက်တောက်ပလျှက်ရှိသည်။ ရွှေရောင်မျှော်စင်ကိုဖိကပ်ထားသည့် သူ၏လက်ဖဝါးက အနည်းငယ်တုန်လှုပ်သွားသည့်တိုင် ရွေ့လားသွားခြင်း အလျဉ်းမရှိပေ။

သူက အားနေသည့်လက်တစ်ဖက်အား ရှီစုန်းထောင်းထံဆန့်ထုန်ရန် ဟန်ပြင်လိုက်သော်လည်း စီးမာချွေက သူ၏လှံတံဖြင့် ရှီတိကို ပိတ်ဆို့တိုက်ခိုက်လိုက်၏။

ရှီစုန်းထောင်းက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...

“ခင်ဗျားသာ အစီအရင်ဗဟိုချက်ကိုဖိနှိပ်ထားတာ ရပ်တန့်လိုက်ရင် အကြေးခွံနဂါးဘုရင်က ခင်ဗျားကို တားဆီးနိုင်မှာ မဟုတ်ဘူး ၊ ငါတို့အားလုံးကို သတ်ပစ်ပြီး ဝါဒတောင်က သိုင်းသမားတွေကို ကယ်တင်လို့ရတယ် ၊ ဒါပေမဲ့ ခင်ဗျားက မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဂရုမစိုက်ဘဲ မနေရဲဘူးမဟုတ်လား ၊ ငရဲကိုးထပ်ကို ဒီကမ္ဘာထဲ ဝင်ခွင့်မပေးရဲဘူး မဟုတ်လား”

ရှီစုန်းထောင်းက ဝါဒတောင်သိုင်းသမားများကို ငုံ့ကြည့်ရင်း...

“အခု ခင်ဗျားရင်ဆိုင်နေရတဲ့အခက်အခဲက အဲဒီအချိန်က ရင်ဆိုင်ရတဲ့အခက်အခဲနဲ့ အတူတူပဲ မဟုတ်လား ၊ ငရဲကိုးထပ် ဒီကမ္ဘာထဲဝင်ရောက်လာမှာနဲ့ယှဉ်ရင်  လူ နှစ်သောင်း ၊ လူနှစ်သိန်း ၊ လူနှစ်သန်း... အဲဒီထက်ပိုပြီး သတ်ဖြတ်ခံရလည်း ခင်ဗျား အရေးစိုက်မှာမဟုတ်ဘူး ၊ ခင်ဗျားစိတ်ထဲမှာ ခင်ဗျားအသက်ကိုတောင် အရေးစိုက်မှာ မဟုတ်ဘူး”

ဒဏ်ရာရထားသော ဝါဒတောင်သိုင်းသမားများထဲမှအချို့က စိတ်ရှုတ်ထွေးသွားကြပြီး အချို့ကတော့ ရှီစုန်းထောင်းကို ဒေါသတကြီးဖြင့် ကြည့်လိုက်ကြသည်။

ရှီစုန်းထောင်းက ရှီတိကို လှမ်းကြည့်ရင်း...

“ဆိုတော့... ငါ့မေးခွန်းအတွက် အဖြေကို သိနေပါပြီလေ”

သူက ဘယ်ဘက်မှအုပ်စုနှင့် ညာဘက်မှအုပ်စုကို တစ်လှည့်စီကြည့်ရင်း...

“ဒီဘက်ကလူ (၇)ယောက် ၊ ဒီဘက်က (၁၅)ယောက် ၊ ခင်ဗျားက (၁၅)ယောက် အန္တရယ်ကင်းဖို့ပဲ ရွေးချယ်မှာမဟုတ်လား”

ပြောပြီးသည်နှင့် ရှီစုန်းထောင်းက ခပ်ပေါ့ပေါ့ရယ်မောလိုက်ရင်း...

“ညာဘက်က (၁၅)ယောက်က လူပိုများတယ်လေ... ဟုတ်တယ်မလား”

ဘယ်ဘက်တွင်ရှိနေသည့် ဝါဒတောင်သိုင်းသမား (၇)ယောက်မှာ စိတ်ပျက်အားငယ်သွားကြပြီး မျက်နှာများက ဆီးရွက်လောက်သာ ရှိတော့သည်။

သို့သော် ရှီစုန်းထောင်းက ထိုသူများကို သတ်ဖြတ်ခြင်းမရှိဘဲ ညာဘက်မှလူများကို လှည့်ကြည့်သည်။

“ဒါပေမဲ့ ဒီလူ (၁၅)ယောက်ထဲက (၅)ယောက်ကို ခွဲထုတ်လိုက်မယ်ဆိုရင်... (၁၀)ယောက်ပဲကျန်မယ် ၊ ဒါဆိုရင်ရော ခင်ဗျားက ဘယ်အုပ်စုကို ကယ်တင်ဦးမှာလဲ”

ရှီတိ၏မျက်နှာက တင်းမာခက်ထန်လာသည်။

ရှီစုန်းထောင်းက သိမ်မွေ့စွာဖြင့်...

“ဘာလဲ... ပိုများတဲ့သူကိုပဲ ရွေးချယ်ဦးမှာလား ၊ (၁၀)ယောက်အန္တရယ်ကင်းဖို့အတွက် (၅)ယောက်ကို စွန့်လွှတ်မှာလား”

သူက အေးစက်စွာဖြင့်...

“အဟက်... ဒါက ခင်ဗျားပုံစံနဲ့ အရမ်းလိုက်ဖက်ပေမယ့်... အသက်ရှင်တဲ့လူက (၁၀)ယောက်ပဲဖြစ်ပြီး သေတဲ့သူက (၁၂)ယောက် ဖြစ်သွားမှာနော် ၊ သေတဲ့သူနဲ့ ရှင်တဲ့သူ ဘယ်သူပိုများသွားမယ်ထင်သလဲ”

ရှီတိက စကားတစ်ခွန်းမှမဆိုဘဲ ရှီစုန်းထောင်းကို စူးစိုက်ကြည့်နေသည်။

ရှီစုန်းထောင်းကလည်း ရွှေရောင်မျှော်စင်ထက်တွင် ရုပ်တုတစ်ခုအလား မတ်တတ်ရပ်နေသော ရှီတိကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။

ထိုစဉ် ရန်ကျောက်ကဲက ရုတ်တရက် စကားဝင်ပြောသည်။

“ဂိုဏ်းတူအစ်ကို’ရှီ’ ၊ ငါ မင်းကို ခဏလောက်နှောက်ယှက်ပါရစေ ၊ ငါ စကားအများကြီးမပြောပါဘူး... စကား (၃)ခွန်းပဲပြောမယ်”

“ပထမတစ်ခွန်းက ကိစ္စအတော်များများမှာ ရိုးရှင်းတဲ့ရွေးချယ်မှုတွေကို ပြုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ပထမဆရာဦးလေးရဲ့ ပင်ကိုယ်စိတ်ထားအရ တကယ်တမ်းရွေးချယ်ရမယ်ဆိုရင်တောင် များတဲ့အရေအတွက်ကိုလည်း စတေးခံချင်မှာမဟုတ်သလို နည်းတဲ့အရေအတွက်ကိုလည်း စတေးခံချင်မှာမဟုတ်ဘူး ၊ အဲဒီအစား သူ့ကိုယ်သူပဲ စတေးခံလိုက်မယ့်လူမျိုးပါ”

ရန်ကျောက်ကဲက ရှီစုန်းထောင်းကိုကြည့်ရင်း...

“သားတွေကိုနားအလည်နိုင်ဆုံးက ဖခင်တွေပဲလို့ ရှေးဆိုရိုးစကားရှိတယ် ၊ အဲဒီစကားကိုပြောင်းပြန်လှန်လိုက်ရင် ဖခင်တွေကို နားအလည်နိုင်ဆုံးကလည်း သားတွေပါပဲ ၊ ဒီတော့ ပထမဆရာဦးလေးအကြောင်းကို မင်းက ငါ့ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းနားလည်မယ်လို့ ယုံကြည်ပါတယ် ဂိုဏ်းတူအစ်ကို’ရှီ’”

ရှီစုန်းထောင်း၏မျက်ဝန်းများက ရှီတိထံမှ ရန်ကျောက်ကဲထံသို့ ကျရောက်သွားပြီး အေးစက်တိတ်ဆိတ်စွာဖြင့် သူ့ကို စိုက်ကြည့်နေသည်။

ရန်ကျောက်ကဲက သူ့အကြည့်များကို အေးအေးဆေဆေးပင် ရင်ဆိုင်ရင်း...

“ဒုတိယစကားကတော့ မေးခွန်းတစ်ခုပါပဲ ၊ အစ်မယွီကျန်းနဲ့ ကျွင်းအာ အသက်ရှင်လျက်ရှိသေးလား ၊ ဒါမှမဟုတ် မင်းလိုမျိုး အမှောင်ဘက်ခြမ်းကျရောက်နေပြီလား”

ရှီစုန်းထောင်း၏ ဇနီးဖြစ်သူအမည်က ယွီကျန်းဖြစ်ပြီး မျိုးနွယ်က ‘ယင်’ ဖြစ်သည်။ သူမက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ရှီစုန်းထောင်းနှင့် အချိန်အတန်ကြာ ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက် လက်ထပ်ခဲ့ကြသည်။

ထို့နောက် သားလေးတစ်ယောက်ထွန်းကားခဲ့ပြီး ထိုကလေးကို ‘ရှီကျွင်း’ ဟု နာမည်ပေးခဲ့သည်။ ထိုနာမည်ကို ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းကိုယ်တိုင် ပေးခဲ့ခြင်းပင်။

ရှီကျွင်းမွေးဖွားလာပြီး နောက်ပိုင်းနေ့ရက်များသည် ရှီတိနှင့် ရှီစုန်းထောင်းတို့မိသားစုအတွက် အပျော်ရွှင်ရဆုံးအချိန်များ ဖြစ်ခဲ့သည်။

သို့သော် များမကြာမီ ကျရောက်လာသောကပ်ဘေးကြီးကြောင့် ကောင်းမွန်သောအချိန်များက ကြာရှည်မတည်မြဲနိုင်ခဲ့ပေ။

ရှီစုန်းထောင်းတို့မိသားစု (၃)ယောက်လုံး အန္တရယ်ကျရောက်ခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ကာ ရုပ်အလောင်းများကိုပင် ရှာမတွေ့ခဲ့ပေ။

ယနေ့ ရှီစုန်းထောင်း နောက်တစ်ကြိမ်ပြန်ပေါ်လာသော်လည်း ယင်ယွီကျန်းနှင့် ရှီကျွင်းတို့ကိုတော့ တွေ့မြင်ရခြင်း မရှိပေ။

ရန်ကျောက်ကဲ ၊ ရှီတိနှင့် ရွှီဖေးတို့သည် ဒဏ်ရာရထားသည့် အထီးကျန်ဝံပုလွေတစ်ကောင်ပမာဖြစ်နေသော ရှီစုန်းထောင်း၏ပုံစံကိုကြည့်ရင်း ရင်ထဲနင့်လျှက်ရှိကြသည်။

ယင်ယွီကျန်းနှင့် ရှီကျွင်းတို့ အသက်ရှင်လျှက်ရှိပါသေးသည်လားဆိုသောမေးခွန်းကို ရွှီဖေးရော ရှီတိပါ မမေးရက်ကြသဖြင့် ရန်ကျောက်ကဲက သူတို့ကိုယ်စားမေးမြန်းပေးခြင်းပင်။

ရန်ကျောက်ကဲ၏ မေးခွန်းကိုကြားတော့ ရှီစုန်းထောင်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သူ့မျက်ဝန်းများထဲတွင် ဒေါသနှင့်နာကျင်မှု ပိုမိုပြင်းထန်လာသည့်တိုင် စကားတစ်ခွန်းမှ မဆိုခဲ့ပေ။

ရန်ကျောက်ကဲက ရှီစုန်းထောင်းကို စိုက်ကြည့်ရင်း...

“တတိယစကားကတော့...”

စကားမဆုံးခင် ရန်ကျောက်ကဲက ရုတ်တရက်လှုပ်ရှားလိုက်သည်။

သူ့ပခုံးထက်ခြုံလွှမ်းထားသော ကြိုးကြာငှက်မွှေးဝတ်ရုံကိုဆွဲဖွင့်လိုက်ရာ ကြီးမားသောတောင်ပံနှစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး စူးရှချွန်ထက်သည့်ငှက်မွှေးများက လျှပ်စီးကြောင်းများဖြင့်ပေါင်းစပ်ကာ ရှီစုန်းထောင်းနှင့်အတူပါလာသော သိုင်းဆရာသခင်အုပ်စုဆီသို့ အရှိန်ပြင်းစွာပစ်လွှတ်ဝင်ရောက်သွားသည်။

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးမှ ခရမ်းရောင်အလင်းတန်းများ တောက်ပလာပြီး သူ့ဦးခေါင်းထက်တွင် ခရမ်းရောင်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။

အိုဟောင်းရှေးကျသည့် စွမ်းအးတစ်ခုက မိုးကြိုးလျှပ်စီးများနှင့်အတူ ထွက်ပေါ်လာပြီး ခရမ်းရောင်စက်ဝန်းက ရုတ်တရက် ‌လှုပ်ရှားသွားသည်။

ထိုအရာက လူသားတစ်ယောက်၏မျက်လုံးက မျက်တောင်ခတ်နေသည့်အလားပင်။

“ဝုန်း”

“ဝုန်း”

ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။

ပြင်းထန်သောလျှပ်စီးလက် ၊ မိုးခြိမ်းသံများနှင့်အတူ ခရမ်းရောင်စက်ဝန်းသည် မိုးကြိုးသွားအဖြစ် ပြောင်းလဲသွားပြီး လေထုတစ်ခွင်ကို ထိုးခွဲပစ်လိုက်သည်။

မိုးကြိုးသွားက ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော ဆံပင်ဖြူအဘိုးအိုထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး မည်သူမှ တားဆီးနိုင်ခြင်း မရှိပေ။

ကောင်းကင်မိုးကြိုးဆင်းသက်လာပြီး အစွန်းအထင်းနှင့် မကောင်းမှုများအားလုံးကို ဖျက်ဆီးပစ်လိုက်သည့်အလား ဖြစ်သည်။

အမှန်တော့ ရန်ကျောက်ကဲ စတင်လှုပ်ရှားသည်နှင့် ဆံပင်ဖြူအဘိုးကြီးက သတိထားနေခြင်း ဖြစ်၏။

သူက ခန္ဓာကိုယ်တစ်ခုလုံးမှ အာရုံကြောများကိုဖြန့်ကျက်ကာ ချီစွမ်းအားကို စီးဆင်းစေလိုက်ပြီး မိုးကြိုးသွားကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့‌သော် မိုးကြိုးသားက လျှင်မြန်လွန်းသဖြင့် အဘိုးကြီး၏ခန္ဓာကိုယ်က လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ စဉ်းစားရန်ပင် အချိန်မရဘဲ သေဆုံးရပေတော့မည်။

ရန်ကျောက်ကဲ သိုင်းဆရာသခင်အဆင့်သို့တက်ရောက်ပြီးနောက် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ ပကတိမိုးကြိုးစွမ်းအားကို အပြည့်အဝအသုံးချနိုင်ပြီး စွမ်းအားကလည်း အရှိန်မြင့်တက်လာသည်။

“ဝုန်း”

“ဝုန်း... ဝုန်း”

မိုးကြိုးသွားက ဆံပင်ဖြူအဘိုးကြီး၏ဦးခေါင်းတည့်တည့်ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်မှစွမ်းအားများနှင့် ဝတ်ဆင်ထားသော ချပ်ဝတ်များအားလုံး အက်ကွဲသွားသည်။

ချပ်ဝတ်မှသတ္တုများ အပိုင်းပိုင်းပြတ်သွားပြီး အသွေးအားခန္ဓာကိုယ်က သွေးမှုံမြူခိုးများအဖြစ် ပြောင်းလဲသွားပြီး တစ်ချက်တည်းဖြင့် အသက်ပျောက်သွားတော့၏။

ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် ၊ သိုင်းဆရာသခင်တတိယအဆင့်ရှိသော သိုင်းသမားတစ်ယောက်သည် ပကတိမိုးကြိုးစွမ်းအားကြောင့် နေရာတွင်ပင် ချင်ချင်းဇီဝိန်ကြွေသွားလေပြီ။

ဆံပင်ဖြူအဘိုးကြီး၏ခန္ဓာကိုယ် တစ်စစီကွဲအက်သွားသည်နှင့် ရန်ကျောက်ကဲက ခဏမဆိုင်း ချက်ချင်းလှုပ်ရှားလိုက်သည်။ အချိန်က မျက်စိတစ်မှိတ်ပင် မကြာခဲ့ပေ။

အမတကြိုးကြာတောင်ပံများကို တစ်ချက်ဖြန့်လိုက်သည်နှင့် ရန်ကျောက်ကဲက ရန်သူများရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

စိမ်းပြာရောင်ဓားအလင်းတန်းက နဂါးတစ်ကောင်ပမာ ကောင်းကင်ထက်တွင် ထိုးခွင်းထွက်ပေါ်လာသည်။

ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းဆရာသခင် (၅)ဦးအနက် ဆံပင်ဖြူအဘိုးကြီးနောက်လိုက်သွားသူမှာ ဝိညာဉ်ခန္ဓာကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး ပွဲချင်းပြီး အသက်ပျောက်သွားသည်။

ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားအသုံးပြုကာ အသံပို့လွှတ်စနစ်ဖြင့် အသိပေးထားသဖြင့် ရွှီဖေးနှင့် အားဟူတို့ကလည်း တစ်ပြိုင်တည်းလှုပ်ရှားလိုက်ကြသည်။ သူတို့က ကျန်ရှိနေသည့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းဆရာသခင် (၂)ယောက်ကို တစ်ယောက်ချင်းစီ ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။

ထို့နောက် ရန်ကျောက်ကဲက ရှီစုန်းထောင်းရှိရာသို့ ဝင်ရောက်တိုက်ခိုက်သည်။

ရှီစုန်းထောင်းလက်ထဲတွင် မှိန်ဖျော့သည့်ဓားအလင်းရောင်တစ်ခု တောက်ပလာပြီး ရန်ကျောက်ကဲကို ဓားဖြင့်ထိုးစိုက်ချလိုက်၏။

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံပြုလုပ်လိုက်ပြီး ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာ ကြယ်စင်ခြေလှမ်းများဖြင့် ဓားချက်ကို ရှောင်တိမ်းလိုက်ပြီး ရှီစုန်းထောင်းအနောက်ဘက်သို့ ရောက်ရှိသွားသည်။

သူက ဘယ်ဘက်လက်ဖြင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ရှီစုန်းထောင်း၏ဓားကိုင်ထားသောလက်ကို ရိုက်ချလိုက်သည်။

အရိုးကျိုးကျေသံများထွက်ပေါ်လာပြီး ရှီစုန်းထောင်း၏ဘယ်ဘက်တံတောင်ဆစ် အဆစ်ပြုတ်သွားကာ သူ့လက်ထဲမှဓားလည်း မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

“ငါ ဂိုဏ်းတူအစ်ကိုကြီးကို မလေးမစားလုပ်မိပြီ”

တောင်းပန်စကားဆိုရင်း ရန်ကျောက်ကဲက ရှီစုန်းထောင်း၏ တံတောက်ဒူးကွေးနေရာကို ဆောင့်ကန်လိုက်သည်။

အားကြီးသောပုဆိန်ခုတ်ချက်တစ်ချက်က သစ်ပင်ကြီးတစ်ပင်ကို လဲပြိုသွားစေသည့်အလား ရန်ကျောက်ကဲ၏ခြေကန်ချက်ကြောင့် ရှီစုန်းထောင်းမှာ မြေပြင်ထက် ဒူးထောက်လျှက်ကျသွားသည်။

ရန်ကျောက်ကဲက ရှီစုန်းထောင်း၏လည်ပင်းအား ညာဘက်တံတောင်ကွေးဖြင့် အ‌နောက်ဘက်မှဆွဲညှစ်ရင်း မလှုပ်ရှားနိုင်စေရန် ဖိနှိပ်လိုက်သည်။

“တတိယစကားက...”

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

“ဒီနေရာမှာရှိနေတဲ့ ငါတို့ဝါဒတောင်တပည့် (၂၂)ယောက်လုံး ဘယ်သူ့ကိုမှ မင်းကိုသတ်ခွင့်ပြုမှာမဟုတ်ဘူး ဂိုဏ်းတူအစ်ကို’ရှီ’”

သူ့စကားဆုံးသွားချိန် အပိုင်းပိုင်းပြတ်ပေါက်ကွဲထွက်သွားသော ဆံပင်ဖြူအဘိုးကြီး၏အသွေးအသားများက သွေးမိုးများရွာသွန်းသည့်အလား မြေပြင်ထက်သို့ ဖြန်းပက်ကျဆင်းလာလေတော့၏။

***

All Chapters