ပကတိမိုးကြိုးစွမ်းအား
Vol. 20 Ch. 281
ကျယ်လောင်သည့်မိုးကြိုးပစ်သံကိုကြားရသည်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ လျှို့ဝှက်ပုန်းကွယ်နေကြသော သိုင်းသမားများအားလုံး အလွန်တရာတုန်လှုပ်သွားကြသည်။
သူတို့အဖွဲ့၏ သိုင်းဆရာသခင် (၅)ယောက်တွင် စွမ်းအားအမြင့်မားဆုံးဖြစ်သော ဆံပင်ဖြူအဘိုးကြီး မိုးကြိုးပစ်ခံရကာ တစ်စစီကွဲထွက်သွားသည်ကိုကြည့်ရင်း သူတို့အားလုံးတုန်လှုပ်ချောက်ချားသွားကြသည်။ သွေးမိုးများက သူတို့ရှေ့သို့ ဖြာခနဲစီးဆင်းကျလာ၏။
သူတို့အားလုံး ထိတ်လန့်သွားကြစဉ် အဘိုးကြီး၏ အသွေးအသားစများက သူတို့မျက်နှာကို ဖျန်းကနဲလာစင်သည်။ ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ထိုသို့အသတ်ခံလိုက်ရသည်ကို သူတို့အားလုံး မယုံကြည်နိုင်ခဲ့ကြပေ။
ပြန့်ကျဲသွားသောအသွေးအသားစများက အနက်ရောင်မီးခိုးအသွင် သဲလွန်စမကျန် အငွေ့ပျံပျောက်ကွယ်သွားတော့မှ သူတို့အားလုံး သတိပြန်ဝင်လာကြသည်။
သို့ပေသိ ရန်ကျောက်ကဲက မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်သိုင်းဆရာသခင်တစ်ယောက်ကို ထပ်မံသတ်ဖြတ်ခဲ့ပြီး ရှီစုန်းထောင်ကို ဖမ်းချုပ်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းဆရာသခင်အဆင့်မဟုတ်သော သိုင်းသမားများကို တိုက်ခိုက်ရန်အတွက် သူကအမတကြိုးကြာတောင်ပံများ ဖြန့်ကားလိုက်သည်။
အမတကြိုးကြာငှက်မွှေးများက အလင်းတန်းမိုးစက်များပမာ အရပ်မျက်နှာတစ်ခုလုံးသို့ ပစ်လွှတ်ခံရပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများ၏ခန္ဓာကိုယ်များကို ဇကာပေါက် ဖြစ်သွားစေသည်။
ရွှီဖေးနှင့် အားဟူတို့ကတော့ သိုင်းဆရာသခင် (၂)ယောက်နှင့် ဆက်လက်တိုက်ခိုက်နေကြ၏။
ဖမ်းဆီးခံထားရသော ဝါဒတောင်သိုင်းသမားများကတော့ ချက်ချင်းပင် အန္တရယ်မှလွတ်မြောက်ကာ ဘေးကင်းလုံခြုံသွားကြရသည်။
ရန်ကျောက်ကဲက နတ်စစ်သည်တစ်ယောက်ပမာ ရန်သူအားလုံးကို အပြတ်ရှင်းလိုက်သည်ကိုကြည့်ရင်း သူတို့အားလုံး အံ့သြတုန်လှုပ်လျှက်ရှိကြသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းဆရာသခင်များအားလုံးမှာ ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် အားဟူတို့ (၃)ယောက်၏ ချေမှုန်းခြင်းကို ခံလိုက်ပြီး ဝါဒတောင်မှတပည့်များကို ချုပ်နှောင်ထားရန် ၊ သို့မဟုတ် သတ်ဖြတ်ပစ်ရန် မတတ်နိုင်ကြတော့ပေ။
ရန်ကျောက်ကဲ၏ ဟန်ပန်အမူအရာက အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပင် ရှိနေသည်။ ရွှီဖေးနှင့် အားဟူမရှိလျှင်တောင်မှ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းဆရာသခင်များကို အကြောက်အရွံ့မရှိ တစ်ယောက်တည်းရင်ဆိုင် သတ်ဖြတ်ပစ်မည့်ဟန်ပင်။
ရှီတိနှင့် စီးမာချွေတို့က လေထုထဲတွင် ထိပ်တိုက်ရင်ဆိုင်နေကြရင်း မြေပြင်ထက်မှ တိုက်ပွဲအခြေအနေကိုလည်း အာရုံစိုက်လျှက် ရှိကြသည်။
ထိုအချိန် ရှီတိက တိုက်ပွဲအရှိန်ကို ရုတ်တရက်မြှင့်တက်လိုက်ရာ စီးမာချွေမှာ အခြားအရာများကို မစဉ်းစားနိုင်တော့ဘဲ ထိတ်ထိတ်ပြာပြာ ဖြစ်သွားရသည်။
ရန်ကျောက်ကဲက ရှီစုန်းထောင်းကို ထိန်းချုပ်ထားရင်း အသက်ရှူသွင်းရှူထုတ်လုပ်ရင်း သူ့အခြေအနေကို ထိန်းညှိနေသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် ယခုတော့ ခရမ်းရောင်အလင်းတန်းများ လုံးဝမှေးမှိန်သွားပြီး ဝိညာဉ်စွမ်းအားများလည်း ခမ်းခြောက်သွားပေပြီ။
ရန်ကျောက်ကဲက ထိုပစ္စည်းကိုသိမ်းဆည်းလိုက်ချိန်တွင် မှုံမှိုင်းသည့် သာမန်ကျောက်တုံးတစ်တုံးနှင့်သာ ဆင်တူနေတော့သည်။
ပကတိမိုးကြိုးစွမ်းအားကို တစ်ချက်တည်းဖြင့် အားကုန်အသုံးပြုလိုက်ရသဖြင့် ထိုပစ္စည်း၏စွမ်းအားအကုန်လုံး လောင်ကျွမ်းသွားခဲ့ရသည်။
တစ်ချက်တည်းအသုံးပြုရုံဖြင့် စွမ်းအားများ ကုန်ဆုံးသွားသည့်တိုင် ပကတိမိုးကြိုးစွမ်းအားက အလွန်တရာ ထူးခြားသည် အမှန်ပင်။
ဆံပင်ဖြူအဘိုးကြီးက ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး သူ၏ဝိညာဉ်မျိုးစေ့က စတင်ဖြစ်တည်နေပြီ ဖြစ်သည်။ ဝိညာဉ်အပင်ငယ်ပင် ပေါက်ဖွားလာခါနီးပြီဖြစ်ကာ အစစ်အမှန်သိုင်းအဇ္စျတ္တဖြစ်တည်ရန် လမ်းကြောင်းပေါ်သို့ ခြေလှမ်းနေပြီဖြစ်၏။ ထို့ပြင် ထိုအဘိုးကြီးက မရေမတွက်နိုင်သော တိုက်ပွဲအတွေ့အကြုံများလည်း ပိုက်ဆိုင်ထားသူဖြစ်ရာ သိုင်းစွမ်းရော အတွေ့အကြုံပါ ကြီးမားသူတစ်ယောက်ဟု ဆိုနိုင်သည်။
ထိုသို့သောပုဂ္ဂိုလ်တစ်ယောက်က ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ မည်သူက အနိုင်ရမည်ကိုအသာထား ၊ တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးမသွားသင့်သည်ကတော့ အမှန်ပင် ဖြစ်၏။
သို့သော် ယခုတော့ ရန်ကျောက်ကဲ၏ ပကတိမိုးကြိုးစွမ်းအားက သူ့ကို အလောင်ပင် မကျန်ရစ်အောင် ၊ အရိုးအသားများပင် မကျန်ရစ်အောင် ပေါက်ကွဲပျက်ဆီးသွားစေခဲ့သည်။
ပကတိမိုးကြိုစွမ်းအားက မယုံကြည်နိုင်စရာ စွမ်းအားတစ်ခုဖြစ်ပြီး နတ်ဘုရားများနှင့် တစ္ဆေသရဲများကိုပင် ချေမှုန်းနိုင်စွမ်းရှိသည်။ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခု၏ စွမ်းအားဆိုသော်ငြား ထိုအရာက ရန်ကျောက်ကဲ၏ စွမ်းအားအနှစ်သာရ ၊ ချီစွမ်းအား ၊ စိတ်စွမ်းအားတို့နှင့် ဆက်စပ်နေသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ မှေးမှိန်သွားသည်နှင့် ရန်ကျောက်ကဲ၏ ကိုယ်ပိုင်အနှစ်သာရ ၊ ချီစွမ်းအားနှင့် စိတ်စွမ်းအားများသည်လည်း အခြေအနေဆိုးရွားစွာ ဆုတ်ယုတ်သွားသည်။
သို့ရာတွင် ရန်ကျောက်ကဲက ထိုကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစမှစွမ်းအားကို ထုတ်လွှတ်ပြီးသည်နှင့် ချက်ချင်းပင် ရန်ကျောက်ကဲ၏အခြေအနေက ဆိုးရွားသွားသည်။ သို့သော် သူ၏စွမ်းအားများဆုတ်ယုတ်မသွားခင် တစ်ခဏအတွင်း ရန်သူတစ်ယောက်ကိုသတ်ဖြတ်ကာ ရှီးစုန်းထောင်းကို ချက်ချင်း ဖမ်းချုပ်နိုင်ခဲ့သည်။
ရန်ကျောက်ကဲက ရှီစုန်းထောင်း၏ လည်ပင်းကိုညှစ်ထားရင်း သူ၏ကြယ်တာရာချီစွမ်းအားများနှင့် အသွေးအသားတုန်ခါမှုများအားလုံးကို ဖိနှိပ်ထားသည်။
သို့တိုင် ရှီစုန်းထောင်းက မပြတ်မသား ရုန်းကန်နေဆဲဖြစ်ကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ထိုအချိန် သူ့အရေပြားအောက်တွင် ပေါက်ကွဲမှုတစ်ခု အဆက်မပြတ်တိုးဝင်လာပြီး ရန်ကျောက်ကဲ၏လက်ချောင်းများ ထုံကျင်သွားသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ စွမ်းအားများယိုယွင်းသွားသည်နှင့် သူ၏စွမ်းအားများလည်း ဆုတ်ယုတ်သွားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ရှီစုန်းထောင်းကိုပင် မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်သွားရ၏။
သို့သော် ရန်ကျောက်ကဲက အသက်ရှူသွင်းရှူထုတ်လုပ်ရင်း အခြေအနေကို ထိန်းညှိလိုက်ရာ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီး ရှီစုန်းထောင်းကို တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်။
ရွှီဖေးနှင့် အားဟူတို့သည်လည်း သူတို့နှင့်တိုက်ခိုက်နေသည့်ရန်သူများကို လျှင်မြန်စွာ အဆုံးသတ်ပေးလိုက်ပြီ ဖြစ်သည်။
အားဟူက ရန်ကျောက်ကဲအနားရောက်လာပြီး “ဘာကူညီရမလဲ” ဟု အကြည့်ဖြင့် မေးခွန်းထုတ်သည်။ ရန်ကျောက်ကဲက အကူအညီမလိုအပ်ကြောင်း ခေါင်းခါယမ်းရင်း အဖြေပေးသည်။
ရွှီဖေးကတော့ ဒဏ်ရာရနေသော ဝါဒတောင်တပည့်များကို ကူညီပေးရင်း ရှီစုန်းထောင်းကို လှမ်းကြည့်အကဲခတ်နေသည်။
လေထုထဲတွင်တော့ ရှီတိနှင့် စီးမာချွေတို့ ဆက်လက်တိုက်ခိုက်နေကြဆဲပင်။ ရှီတိ၏လက်ဖဝါးများက ရွှေရောင်မျှော်စင်ကို ဖိနှိပ်ထားပြီး ရွှေရောင်မျှော်စင်က တဖြည်းဖြည်းပိုမိုသေးငယ်လာသည်။ ရှီတိက ရွှေရောင်မျှော်စင်ကို အပြည့်အဝထိန်းချုပ်နိုင်သွားပြီး မကြာမီ မျှော်စင်ပြိုကျတော့မည်ကို စီးမာချွေသိလိုက်သည်။
ထိုအချိန်ရောက်လျှင် သူ အောင်မြင်စွာ ဆုတ်ခွာနိုင်တော့မည် မဟုတ်လေရာ ယခုကတည်းကထွက်ပြေးရန် ကြံစည်လိုက်သည်။
ထို့နောက် စီးမာချွေက သူ၏လှံရျည်ကိုဝှေ့ယမ်းရင်း လျှင်မြန်စွာ ဆုတ်ခွာသွားတော့၏။
ရှီတိက သူ၏လက်သီးသိုင်းဝိညာဉ်ကို ဖြန့်ကျက်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းစေကာ ရန်ကျောက်ကဲနှင့် အခြားသူများ အန္တရယ်ကင်းစေရန် ကာကွယ်ပေးလိုက်သည်။ သို့သော် ထွက်ပြေးသွားသည့် စီးမာချွေနောက်သို့ ဆက်မလိုက်ဘဲ သူ၏လက်ဖဝါးကို ရွှေရောင်မျှော်စင်မျက်နှာပြင်ထက် ဖိနှိပ်ထားဆဲဖြစ်သည်။
အတန်ကြာသည့်အခါ ရှီတိဖိနှိပ်ထားသော ရွှေရောင်မျှော်စင်ကြီးက ပြိုကျသွားပြီး ပုံရိပ်ယောင်တစ်ခုပမာ ပျောက်ကွယ်သွားပြီး မိစ္ဆာနယ်မြေမဟာအစီအရင်က စတင်ယိုယွင်းလာသည်။
ရန်ကျောက်ကဲက ရှီစုန်းထောင်းကို နှိမ်နင်းပြီး ဝါဒတောင်မှတပည့်များကို ကယ်တင်နိုင်ခဲ့သည့်အတွက် နောက်ဆုံးတော့ အားလုံးစိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့ကြသည်။ ဝါဒတောင်မှ သိုင်းသမားများက လေထဲတွင်ရှိနေသည့် ရှီတိကိုတစ်လှည့် ၊ ရန်ကျောက်ကဲ၏ဖမ်းချုပ်ထားခြင်းခံရသော ရှီစုန်းထောင်းကိုတစ်လှည့် ကြည့်နေကြလေ၏။
ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...
“အားဟူ”
ဟု ခေါ်လိုက်သည်။
အားဟူက သဘောပေါက်စွာဖြင့် ခေါင်းတစ်ချက်ညိတ်ရင်း ရွှီဖေးအနားသို့ ရောက်သွားသည်။ သူက ဒဏ်ရာရနေသော ဝါဒတောင်သိုင်းသမားများကို ကူညီရင်း သူတို့အားလုံးကို ဤနေရာမှ ခေါ်ထုတ်သွားရန် စတင်ပြင်ဆင်သည်။
ဝါဒတောင်သိုင်းသမားများမှာ စိတ်များရှုတ်ထွေးနေကြသည့်တိုင် မည်သို့မှမေးခွန်းမထုတ်ကြဘဲ အားဟူခေါ်ဆောင်ရာသို့ တိတ်တဆိတ်လိုက်ပါသွားကြသည်။
ထိုအခါမှ ရွှီဖေးက ရှီစုန်းထောင်းရှေ့သို့ ရောက်လာသည်။ သူ့မျက်နှာအမူအရာကတော့ လေးနက်လျှက်ပင်။
ရှီစုန်းထောင်းကတော့ ရန်ကျောက်ကဲ၏ ထိန်းချုပ်မှုအောက်တွင် ငြိမ်သက်နေပြီ ဖြစ်သည်။
သူက ရန်ကျောက်ကဲကို လှည့်ကြည့်ရန် မတတ်နိုင်သော်လည်း ညင်သာသောလေသံဖြင့် ချီးကျူးစကားဆိုသည်။
“မင်းက နာမည်ကျော်ထိုက်ပါပေတယ်”
ရန်ကျောက်ကဲက...
“ဂိုဏ်းတူအစ်ကို’ရှီ’ ၊ ငါ မင်းကို မလေးမစားလုပ်ရတာ တောင်းပန်ပါတယ် ၊ ဒါပေမဲ့ ငါမေးတဲ့ ဒုတိယမေးခွန်းကို မင်း မဖြေရသေးဘူးနော်”
ရှီစုန်းထောင်း ရုတ်တရက် တိတ်ဆိတ်သွားသည်။
မျှော်စင်ထိပ်တွင်ရှိနေသော ရှီတိ၏အကြည့်က ရှီစုန်းထောင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“သူ့ရဲ့ အရိပ်ကျုံ့အိတ်ကိုစစ်ဆေးကြည့်လိုက်...”
ရွှီဖေးက ခေါင်းညိတ်ရင်း ရှီစုန်းထောင်းခန္ဓာကိုယ်ထက်မှ အရိပ်ကျုံ့အိတ်ကို ဖြုတ်ယူလိုက်သည်။
ရှီတိကို အေးစက်စွာစိုက်ကြည့်နေသော ရှီစုန်းထောင်း၏မျက်ဝန်းများက အရိပ်ကျုံ့အိတ်ပေါ်သို့ ကျရောက်သွားသည်နှင့် နာကျင်ကြေကွဲသည့် အငွေ့အရိပ်များ ထင်ဟပ်လာသည်။
အရိပ်ကျုံ့အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ရေခဲခေါင်းတလား (၃)ခု ရှိနေသည်ကို တွေ့ရ၏။ ခေါင်းတလားတစ်ခုက ဗလာဖြစ်နေပြီး ကျန် (၂)ခုထဲတွင်တော့ အလောင်းများ ရှိနေသည်။
ခေါင်းတလားတစ်ခုအတွင်း၌ အသက် (၂၀)ကျော်အရွယ်ခန့် ချောမောလှပသော မိန်းမပျိုတစ်ယောက် ရှိနေပြီး သူမက မျက်ဝန်းများမှေးမှိတ်လျှက် အိပ်စက်နေသည့်အလား ထင်မှတ်ရသည်။
ကျန်ခေါင်းတလားထဲတွင်တော့ အသက် (၁၀)နှစ်အရွယ်ခန့် ကလေးငယ်တစ်ယောက် ရှိနေသည်။
ကလေးငယ်၏မျက်နှာသွင်ပြင်က မိန်းမပျိုနှင့်ဆင်တူသော်လည်း မျက်ခုံးမျက်လုံးများကတော့ ရှီတိ ၊ ရှီစုန်းထောင်းတို့နှင့် အတော်လေးဆင်တူသည်။
ရွှီဖေးက စိတ်မကောင်းဖြစ်သွားဟန်ဖြင့်...
“ကျွင်းအာ... သူ အသက်ရှင်နေသေးတယ် ၊ ဒါပေမဲ့ သူ့အသက်ကို အတင်းကြိုးနဲ့ဆွဲပြီးဆန့်ထားသလိုပါပဲ ၊ ဒါပေမဲ့ အစ်မ ယွီကျန်းကတော့...”
ရန်ကျောက်ကဲက အခြေအနေကို တစ်ချက်လှမ်းကြည့်သည်။ ရှီတိ၏မြေး ၊ ရှီစုန်းထောင်း၏သားငယ် ရှီကျွင်းသည် အန္တရယ်ကြားထဲတွင် ပျောက်ဆုံးသွားစဉ်က အသက်(၃)နှစ်သာ ရှိသေးသည်။ ယခု သူ့ပုံစံကိုကြည့်ရသည်မှာ သဘာဝအတိုင်း ကြီးပြင်းလာဟန်ပင်။
သို့သော် အသက်ပြန်ရှင်လာရန်အတွက် အခြေအနေကတော့ မကောင်းလှပေ။
ရှီစုန်းထောင်း၏ဇနီး ယင်ယွီကျန်းကတော့ အသက်ရှင်သန်နေသေးသည်ဟု ပြော၍မရတော့ပေ။
ရန်ကျောက်ကဲက...
“ဒီရေခဲခေါင်းတလားတွေက သူတို့ရဲ့ရုပ်အလောင်းတွေကို ယာယီထိန်းထားပေးနိုင်တာပဲ ၊ ဒီအတောအတွင်းမှာ ငါတို့တွေ အစီအစဉ်ကောင်းကောင်းတစ်ခုကို စဉ်းစားရမယ်”
ထို့နောက်ရန်ကျောက်ကဲက ရှီစုန်းထောင်းကိုကြည့်ရင်း...
“ဂိုဏ်းတူအစ်ကို’ရှီ’ ၊ ဒီအချိန်ရောက်မှတော့ ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောသေးတာလဲ ၊ အဲဒီအချိန်တုန်းက မင်းကို ကယ်တင်ခဲ့တဲ့သူက ဘယ်သူလဲ ၊ သူက မင်းကို ငရဲကိုးထပ်နဲ့ဆက်သွယ်ဖို့ လမ်းညွှန်ပေးခဲ့တယ် မဟုတ်လား ၊ သူက ငါတို့ဂိုဏ်းက တစ်ယောက်ယောက်များလား”
***