ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏မူလအစ
Vol. 20 Ch. 282
ရန်ကျောက်ကဲ၏ အမေးစကားကိုကြားသည့်အခါ ရှီစုန်းထောင်းက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသည်။
ပြီးမှ သူက တိုးလျစွာဖြင့်...
“မင်း မှန်းကြည့်လေ”
ရန်ကျောက်ကဲနှင့် ရွှီဖေးတို့က ရွှီစုန်းထောင်းကို ကြည့်နေကြသလို ရှီတိ၏မျက်ဝန်းများကလည်း သားဖြစ်သူကို အာရုံစိုက်အကဲခတ်နေသည်။
ရှီစုန်းထောင်းက ခေါင်းကိုမော့လိုက်ပြီး ရှီတိ၏မျက်ဝန်းများကို ရင်ဆိုင်လိုက်သည်။
သူက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...
“တကယ်တော့ သူ့မျက်နှာအစစ်အမှန်ကို ငါ တစ်ခါမှမမြင်ဖူးခဲ့ဘူး ၊ သူ ငါ့ကိုကယ်တင်ခဲ့ပြီး အမှောင်မရဏဓားသိုင်းနဲ့ တခြားသိုင်းပညာတွေ လက်ဆင့်ကမ်းသင်ကြားပေးခဲ့တယ် ၊ ဒါပေမဲ့ သူနဲ့တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဆုံခဲ့ဖူးဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့မေးလို့ ဖြေရမယ်ဆိုရင်တော့... အဲဒီလူက ဒုတိယဆရာဦးလေး’ဖန်ကျွင်း’ ဖြစ်မယ်လို့ ငါ ခံစားရတယ်”
ထိုစကားကိုကြားတော့ သားဖြစ်သူကို အနီးကပ်စူးစိုက်ကြည့်နေသော ရှီတိ၏မျက်ဝန်းများတွင် အလင်းရောင်တစ်ချက် လက်ခနဲတောက်ပသွားသည်။
ရန်ကျောက်ကဲနှင့် ရွှီဖေး၏မျက်ဝန်းများကတော့ အနည်းငယ်တင်းမာသွားကြသည်။
ရန်ကျောက်ကဲက လေးလံသည့်လေသံဖြင့်...
“သူ့ကိုတစ်ခါမှမမြင်ဖူးဘဲနဲ့ ဒုတိယဆရာဦးလေးဆိုတာ ဘယ်လိုလုပ်သေသေချာချာ ပြောနိုင်ရတာလဲ ၊ သူ့အသံကြောင့်လား ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့သူ ဘယ်သူမဆို အသံကိုပြောင်းလဲထားလို့ ရနိုင်တာပဲဆိုတော့ ငါတို့အနေနဲ့ ခွဲခြားလို့မရနိုင်ပါဘူး”
ရှီစုန်းထောင်းက ညင်သာသည့်လေသံဖြင့်...
“အေးလေ... အဲဒါကြောင့်လည်း ငါက ခံစားရတယ်လို့ပဲပြောတာပေါ့”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငါက အခြေအမြစ်မရှိဘဲပြောတာ မဟုတ်ဘူး ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ချောက်နက်အရှင်သခင်က ဒီကမ္ဘာထဲကို ငရဲကိုးထပ်အတွက် လမ်းကြောင်းဖွင့်ပေးဖို့ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဘယ်လိုဖန်တီးရမလဲဆိုတာ ငါတို့အားလုံးကို လမ်းညွှန်ပေးပြီးတဲ့နောက်မှာ ငါ ဒီလိုတွေးထင်ခဲ့တာပါ ၊ သဲလွန်စတွေအားလုံးကို ပေါင်းစပ်ပြီးတော့မှ ငါ ဒီလိုကောက်ချက်ချခဲ့တာ”
ရန်ကျောက်ကဲက သူ့ကိုလည်ပင်းညှစ်ထားသဖြင့် လည်ပြတ်လှည့်မကြည့်နိုင်သော်လည်း ရှီစုန်းထောင်းက ရန်ကျောက်ကဲကို မေးမြန်းလိုက်သည်။
“မင်းစဉ်းစားကြည့်လေ... ရန်သူတွေနဲ့ပတ်သက်လာရင် အရင်တုန်းက အကြီးအကဲ’ဖန်ကျွင်း’က ငါတို့ဂိုဏ်းရဲ့သက်ကြီးပိုင်းတွေလိုမျိုး အလယ်အလတ်လမ်းစဉ်လိုက်ခဲ့တဲ့သူ မဟုတ်လား ၊ ဒါပေမဲ့ သူက နောက်ပိုင်းမှာ မင်းအဖေနဲ့ ငါ့အဖေလိုမျိုး သဘောထားတင်းမာတဲ့ဘက်ကို ရောက်သွားတယ် ၊ ဘာလို့ သူ အဲဒီလိုဖြစ်လာရတယ်လို့ မင်းထင်သလဲ”
ဝါဒတောင်တွင် နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမနှင့် ပတ်သက်ပြီး အလယ်အလတ်သဘောထားရှိသူများနှင့် သဘောထားတင်းမာသူများဟူ၍ အုပ်စု (၂)စု ရှိကြသည်။ အလယ်အလတ်သဘောထားရှိသူများက သက်ကြီးပိုင်းများဖြစ်ကြပြီး ရန်သူများနှင့်ပတ်သက်လျှင် ညှိနှိုင်းမှုကို ဦးစားပေးလိုကြသည်။ လူငယ်များကတော့ သဘောထားတင်းမာသည့်ဘက်တွင် ရပ်တည်ကြပြီး ရန်သူကို ရန်သူဟုသဘောထားကာ တိုက်ခိုက်သုတ်သင်လိုစိတ် ရှိကြသည်။
ရှီစုန်းထောင်းက ရှီတိကိုလှမ်းကြည့်ရင်း...
“ဆရာဘိုးဘိုးနဲ့ ဂိုဏ်းတူညီအစ်ကို (၂)ယောက်က သဘောထားတင်းမာတဲ့လမ်းစဉ်ကိုလိုက်ခဲ့လို့ သူက အလိုလိုနေရင်း သဘောထားပြောင်းလဲသွားတာလို့တော့ မတွေးကြနဲ့နော် ၊ ဒုတိယဆရာဦးလေး’ဖန်’ရဲ့ စိတ်နေစိတ်ထားအရ သူက လွယ်လွယ်နဲ့ ပြောင်းလဲတတ်တဲ့သူ မဟုတ်ဘူး”
ရှီစုန်းထောင်း၏မျက်နှာထက်တွင် စိတ်ပျက်အားငယ်မှု ၊ ဝမ်းနည်းမှု ၊ ပျော်ရွှင်မှု ၊ သို့မဟုတ် သရော်လှောင်ပြောင်ခြင်းများ လုံးဝမတွေ့ရသလို သူ့လေသံကလည်း ကြည်လင်သောရေအလား နူးညံ့သိမ်မွေ့ တည်ငြိမ်နေဆဲပင်။
ရန်ကျောက်ကဲက ရှီစုန်းထောင်းကို အနောက်ဘက်မှ လည်ပင်းညှစ်ထိန်းချုပ်ထားသည်ကို လွှတ်မပေးသေးဘဲ...
“ဒုတိယဆရာဦးလေးက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ချောက်နက်အရှင်သခင်လား”
ယခင်က ဖမ်းဆီးမိခဲ့သော ဝါဒတောင်သစ္စာဖောက်များကို စစ်ဆေးပြီးနောက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏ ခေါင်းဆောင်မှာ ချောက်နက်အရှင်သခင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
တကယ်တော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်မှ သိုင်းသမားများစွာ၏ ခေါင်းဆောင်အစစ်အမှန်မှာ ငရဲကိုးထပ်ပင်ဖြစ်၏။
ချောက်နက်အရှင်သခင်ကတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း၏တွင် အထွတ်ထိပ်အဆင့်ဖြစ်ပြီး ငရဲကိုးထပ်မှ လျှို့ဝှက်ချက်များစွာကို သိရှိထားသူ ဖြစ်သည်။
အတိအကျဆိုရသော် ချောက်နက်အရှင်သခင်သည် ငရဲကိုးထပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ပမာ ဖြစ်သည်။
ငရဲကိုးထပ်အား ဤကမ္ဘာသို့ရောက်ရှိလာစေရန်အတွက် မိစ္ဆာနယ်မြေမဟာအစီအရင်ကို တည်ဆောက်ရန် လမ်းပြပေးသူမှာ ချောက်နက်အရှင်သခင် ဖြစ်သည်။
ထိုအစီအရင်က သူကိုယ်တိုင်ဖန်တီးထားသည့်အစီအရင်လား ၊ မရဏလောကမှ နည်းလမ်းရခဲ့သည်လားဆိုသည်ကိုတော့ မည်သူမှမသိရှိနိုင်ပေ။
ထို့ပြင် ချောက်နက်အရှင်သခင်က အလွန်လျှို့ဝှက်ဆန်းကျယ်သူဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း ဘယ်သူမှ မသိရှိကြပေ။
ရန်ကျောက်ကဲက ရှီစုန်းထောင်းကိုကြည့်ရင်း...
“မိစ္ဆာသူတော်စင်ယွမ်ထျန်းက ချောက်နက်အရှင်သခင်မဟုတ်ဘူးလား ၊ အခု မင်းပြောတဲ့အတိုင်းဆိုရင် ဒုတိယဆရာဦးလေးရဲ့ အတွေးအခေါ်အယူအဆတွေပြောင်းလဲသွားတာက ငရဲကိုးထပ် ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ သက်ဆိုင်နေတာပေါ့”
ရှီစုန်းထောင်းက သိမ်မွေ့စွာဖြင့်...
“ဝါဒတောင်မှာ သဘောထားတင်းမာတဲ့အုပ်စုကလူတွေက အလယ်အလတ်လမ်းစဉ်လိုက်တဲ့လူတွေကို ဘယ်လိုသဘောထားသလဲဆိုတာ မင်းအသိပဲလေ ၊ တတိယဆရာဦးလေး’ရန်’ရဲ့ လွှမ်းမိုးမှုကြောင့်လားတော့မသိဘူး ၊ မင်းလည်း သဘောထားတင်းမာတဲ့အုပ်စုဘက်က အတွေးအခေါ်တွေ ပြောဟန်ဆိုဟန်တွေရှိတယ်ဆိုတာ ငါ မှတ်မိနေပါတယ် ရန်ကျောက်ကဲ”
ရှီတိရှေ့တွင်ဖြစ်သော်လည်း ရန်ကျောက်ကဲက အလယ်အလတ်သဘောထားရှိသော ဂိုဏ်း၏သက်ကြီးပိုင်းများကို ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ဝေဖန်ပြလိုက်သည်။
“သူတို့တွေက ရှေးရိုးစွဲတွေ ၊ လက်တွေ့မကျတာတွေကို စိတ်ကူးယဉ်ပြီး ရန်သူတွေအပေါ် မျှော်လင့်ချက်ထားနေကြတာပဲ မဟုတ်လား”
တစ်ချိန်က ဝါဒတောင်သည် အမှောင်မိုက်ဆုံးကာလတစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် သက်ကြီးပိုင်းများသည် နေသူတော်စင်ဂိုဏ်းကဲ့သို့ ပြင်ပရန်သူများနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဝါဒတောင်တစ်ဖန်ပြန်လည်အားကောင်းလာစေရန် တိတ်တဆိတ် ကြိုးစားပြီးမှာ နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမတို့နှင့် ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြသည်။
ထို့ကြောင့် အမြဲတမ်း ရန်သူများကို အလျှော့ပေးခဲ့ကြသည်။
ဤသည်က ဝါဒတောင်၏အမှောင်ကာလများကို ဖြတ်ကျော်စဉ်က ဂိုဏ်းချုပ်တာဝန်ကိုရယူခဲ့သော ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့၏ အတွေးအခေါ်နှင့် လုပ်ပုံကိုင်ပုံများပင် ဖြစ်သည်။
ထိုစဉ်က ကျန်းရှီလော့၏ ဦးဆောင်မှုအောက်တွင် ဝါဒတောင်က အမှောင်ဆုံးအချိန်ကို တဖြည်းဖြည်း ဖြတ်ကျော်နိုင်ခဲ့ပြီး အဆုံးသတ်တွင်တော့ နွေဦး၏အလင်းရောင်ကို ထပ်မံမြင်တွေ့ခဲ့ကြရသည်။
သို့ပေသိ လက်ရှိဂိုဏ်းချုပ် ယွမ်ကျန်းဖုန်းနှင့် သူ၏တပည့်များဖြစ်သော ရန်တိနှင့် ရှီတိ ၊ အခြားသောလူငယ်ခေါင်းဆောင်များက ထိုသက်ကြီးပိုင်းမျိုးဆက်များနှင့် မတူကွဲပြားသော ဆန့်ကျင်ဘက်အမြင်ကို လက်ခံခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဝါဒတောင် တဖြည်းဖြည်းတိုးတက်အားကောင်းလာချိန်တွင် နေသူတော်စင်ဂိုဏ်းနှင့် အခြားသောထိပ်သီးသိုင်းဂိုဏ်းကြီးများသည်လည်း ပိုမိုအားကောင်းလာမည်သာဖြစ်သည်။
မည်သူမှ ဝါဒတောင်က ၎င်းတို့ကိုကျော်တက်သွားသည်ကို ရပ်တန့်စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။
ထို့ပြင် ဝါဒတောင်က အစစအရာရာ အလျှော့ပေးသည်းခံနေရသဖြင့် တိုက်ရည်ခိုက်ရည်များက ဒီရေအလားကျဆင်းလာပေလိမ့်မည်။
ယခုလက်ရှိခေတ်ကာလက ကျန်းရှီလော့အုပ်ချုပ်စဉ်ကာလနှင့် အတော်လေးကွာခြားခဲ့ပြီ ဖြစ်၏။
အကြီးမားဆုံးကွာခြားချက်မှာ ကျန်းရှီလော့ကိုယ်တိုင် သက်ရှိထင်ရှားမရှိတော့ခြင်းပင်။
ဟန်ထျန်းပုဂ္ဂိုလ်မြတ်ကျန်းဒေါင်ဂီ ကျဆုံးသွားချိန်တွင် ဝါဒတောင်သည် ကြီးမားသောဆုံးရှုံးမှုကြီးများနှင့် ထိုးနှက်ချက်များကို ကြေကွဲဖွယ်ရာခံစားခဲ့ရပြီး ဆက်လက်ရပ်တည်နိုင်ရန်ပင် ခက်ခဲခဲ့ရသည်။ ကျန်းရှီလော့ကြောင့်သာ မဟုတ်လျှင် ဝါဒတောင်သည် ယနေ့အချိန်တွင် တည်ရှိတော့မည် မထင်ပေ။ ဤသည်က ဝါဒတေင်မှ တပည့်များအားလုံး လက်ခံထားသည့်ကိစ္စဖြစ်သည်။
ထိုစဉ်အချိန်က ဝါဒတောင် ဆင်းရဲဒုက္ခာများကြားတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်မှာ ကျန်းရှီလော့ ရှိနေသောကြောင့် ဖြစ်သည်။ ကျန်းရှီလော့က ဝါဒတောင်၏ ပင်မရင်းမြစ် မပျက်ဆီးသေးကြောင်း အာမခံခဲ့ပြီး အောက်ခြေမတုန်လှုပ်စေရန် ကျားကန်ပေးထားခဲ့သည်။
သို့ပေသိ လက်ရှိအချိန်တွင် မတူညီတော့သည့်အခြေအနေများအောက်တွင် ထိုသို့သောရှေးယူစွဲအယူဝါဒများကို ဆက်လက်ဆွဲကိုင်ထားမည်ဆိုပါက မျက်စိကန်းနေသည်နှင့် ခြားနားမည်မဟုတ်ပေ။
မိမိတို့၏ရန်သူများအပေါ် မျှော်လင့်ချက်ထားကာ အလျှော့ပေးနေခြင်းကို သဘောထားတင်းမာသည့်အဖွဲ့ဝင်များက လုံးဝ လက်မခံနိုင်ခဲ့ကြပေ.
ရှီစုန်းထောင်းက...
“ဒါဖြင့် အလယ်အလတ်လမ်းစဉ်သဘောထားက ဘယ်လိုအခြေအနေမျိုးမှာ အသုံးဝင်နိုင်တယ်လို့ မင်းထင်သလဲ”
ရန်ကျောက်ကဲက မျက်ခုံးများကို တွန့်ချိုးရင်း...
“ဘယ်လိုအခြေအနေမျိုးမှာမှ အသုံးမဝင်ဘူး ၊ တကယ်ဆိုရင် အဲဒီအချိန်တုန်းက နေသူတော်စင်ဂိုဏ်းက ငါတို့ဂိုဏ်းလိုမျိုး အားနည်းနေတဲ့အချိန်လေ”
ဝါဒတောင်ယိုယွင်းပျက်ဆီးသွားခြင်းမှာ မီးတောက်မိစ္ဆာကမ္ဘာက ဤကမ္ဘာသို့ ကျူးကျော်ခြင်းမှ စတင်ခဲ့သည်။ မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် ဝါဒတောင်မှ မရေမတွက်နိုင်သော ထိပ်တန်းသိုင်းသမားများ ကျဆုံးခဲ့ရသည်။
ထို့ပြင် တိုက်ပွဲက ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ပေ။
ရန်ကျောက်ကဲအမြင်အရဆိုလျှင် မီးတောက်မိစ္ဆာများကျူးကျော်လာစဉ်က အလယ်အလတ်လမ်းစဉ်လိုက်သူများကသာ နေသူတော်စင်ဂိုဏ်းနှင့်အဆင်ပြေစေရန် လေထဲတိုက်အိမ်မဆောက်ခဲ့ဘူးဆိုလျှင် ၊ ထိခိုက်မှုနှင့် အသေအပျောက်များပြားသူမှာ ဝါဒတေင်မဟုတ်ဘဲ နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမသာလျှင် ဖြစ်လာပေလိမ့်မည်။
မီးတောက်မိစ္ဆာများ၏ကျူးကျော်မှုက ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည်ဆိုလျှင်တော့ ပြောနေစရာအကြောင်းမရှိပေ။
ရန်ကျောက်ကဲက ရှီစုန်းထောင်းကိုကြည့်ရင်း...
“မင်းပြောချင်တာက... ဒုတိယဆရာဦးလေးက အလယ်အလတ်လမ်းစဉ်အုပ်စုကနေ သဘေားထားတင်းမာတဲ့အုပ်စု ပြောင်းလဲသွားတာက ငရဲကိုးထပ်ကို အာရုံစိုက်မိလို့လား ၊ သူက နေသူတော်စင်ဂိုဏ်းတည်ရှိတဲ့နေရာမှာ မဟာငရဲကိုးထပ်တံခါးကို ဖွင့်လှစ်ပြီး ကပ်ဘေးကျရောက်စေချင်တာလား”
ထိုစကားကိုကြားတော့ ရှီစုန်းထောင်း၏မျက်နှာထက်တွင် လှောင်ပြောင်သရော်သည့် အပြုံးတစ်စ ထွက်ပေါ်လာသည်။
“မင်းကလည်းကွာ... ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ပေါ်ပေါက်လာတယ်ဆိုတာ တကယ်တော့ သိပ်မကြာသေးဘူး မဟုတ်လား ၊ မြေကမ္ဘာနယ်မြေမှာ တုန်လှုပ်မှုတွေ ဖြစ်လာပြီးတဲ့နောက် လူတွေက ငရဲကိုးထပ်ရဲ့သက်ရောက်မှုကို ပိုပြီးခံစားလာကြရတယ် ၊ ဒီနှစ်တွေဆိုရင် လူတွေသာမက သက်ရှိအားလုံး ခံစားကြရတယ် ၊ ဘာလို့အဲဒီလိုဖြစ်ရလဲဆိုတော့ တစ်စုံတစ်ယောက်က ငရဲကိုးထပ်အနက်ရှိုင်းဆုံးအထိ ဝင်ရောက်ပြီး အထဲကလျှို့ဝှက်ချက်တွေကိုထုတ်ဖော်ပြီး တားမြစ်ထားတဲ့တံခါးကြီးကို ဖွင့်လှစ်ဖို့ ကြိုးစားနေလို့ပဲ”
သူက ဆက်ပြောသည်။
“အစကတော့ သူ့ရဲ့ မာနနဲ့ မိစ္ဆာအတွေးတွေကြောင့် ငရဲကိုးထပ်ကို ဆက်သွယ်ဖို့ ကြိုးစားတာဆိုပေမယ့် နောက်ဆုံး သူ့စိတ်အာရုံတစ်ခုလုံး မိစ္ဆာစိတ်ဖုံးလွှမ်းသွားပြီး ငရဲကိုးထပ်ကို ဒီကမ္ဘာထဲရောက်အောင် ခေါ်လာဖို့က သူ့ရဲ့ရည်မှန်းချက်ပန်းတိုင် ဖြစ်သွားခဲ့တယ်”
“ဒါကြောင့် အကြီးအကဲ’ဖန်ကျွင်း’က အလယ်အလတ်လမ်းစဉ်အဖွဲ့ထဲကနေ သဘောထားတင်းမာတဲ့အဖွဲ့ထဲကို ပြောင်းလဲသွားတာပေါ့ ၊ ဘာလို့လဲဆိုတော့ သူက နေသူတော်စင်ဂိုဏ်းနဲ့ ဝါဒတောင်ကို ပြဿနာဖြစ်စေချင်တယ်လေ ၊ ဝါဒတောင်နဲ့ နေသူတော်စင်ဂိုဏ်းကြားမှာ ပဋိပက္ခတွေဖြစ်လာလေ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မတည်မငြိမ်ဖြစ်ပြီး ငရဲကိုးထပ်က ဒီကမ္ဘာကိုဝင်ရောက်တိုက်ခိုက်ဖို့ ပိုပြီးအခွင့်အရေးများလေ ဖြစ်မှာပေါ့ ၊ မဟုတ်ဘူးလား”
“သဘောထားတင်းမာတဲ့အုပ်စုကပဲဖြစ်ဖြစ် ၊ အလယ်အလတ်လမ်းစဉ်အုပ်စုကပဲဖြစ်ဖြစ် အားလုံးက ဝါဒတောင်အတွက်ပဲ စဉ်းစားခဲ့ကြတာ ၊ ဒါပေမဲ့ သူကတော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအတွက် စဉ်းစားခဲ့တာ ၊ သဘောထားတင်းမာတာပဲဖြစ်ဖြစ် ၊ အလယ်အလတ်ပဲဖြစ်ဖြစ် သူ့အတွက် အရေးမပါဘူး ၊ သူ့မှာ ဘာအယူအဆ ဘာနည်းလမ်းမှ မရှိဘူး ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင် ပြောင်းလဲသွားလို့ပဲ”
ရှီစုန်းထောင်းမျက်နှာအမူအရာက အနည်းငယ်စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
“တကယ်တော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းဆိုတာက ဝါဒတောင်နဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကပ်ဘေးဆိုက်စေဖို့အတွက် ဝါဒတောင်က တစ်စုံတစ်ယောက်က တည်ထောင်ထားတဲ့အဖွဲ့အစည်းပဲ”
ထိုစကားကိုကြားတော့ ရွှီဖေးနှင့် ရန်ကျောက်ကဲတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ထိုအချိန် မိစ္ဆာနယ်မြေကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သော ရှီတိက တည်ငြိမ်သည့်အမူအရာဖြင့် သူတို့ရှိရာသို့ ဆင်းသက်လာလေသည်။
***