← Chapters

အန္တရယ်သင့်ဓားဝိညာဉ်

Vol. 20 Ch. 283

အန္တရယ်သင့်ဓားဝိညာဉ်

Vol. 20 Ch. 283

တောင်တစ်လုံးပမာ မြင့်မားသော ရှီတိက ရှီစုန်းထောင်းရှေ့သို့ ရောက်ရှိလာသည်။

သို့သော် သူ့ကိုကြည့်ပြီး ရန်ကျောက်ကဲရော ရွှီဖေးပါ စိတ်ထဲနင့်ကနဲ ခံစားကြရသည်။

ရှီတိ၏ကျောရိုးသည်ဖြောင့်စင်းလျှက် ကိုယ်ဟန်မတ်မတ်ဖြင့် နဂိုအတိုင်းစိတ်ဓာတ်ခိုင်မာသည့်အသွင် ပေါ်လွင်နေဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ထက်တွင် ရှားရှားပါးပါး စိတ်လေးလံနေသည့်အငွေ့အသက်များကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ကြရသောကြောင့်ပင်။

ရှီတိက ရန်ကျောက်ကဲကို ကြည့်ကာ ခေါင်းတစ်ချက်ဆတ်ရင်း...

“သူ့ကို ငါ့ဆီလွှဲပေးလိုက်ပါ”

ပြောပြီးသည်နှင့် ရှီတိကလက်ကိုဆန့်ထုတ်ပြီး ရှီစုန်းထောင်းထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ရှီစုန်းထောင်းကို သူ၏လက်သီးဝိညာဉ်ဖြင့် ထိန်းချုပ်ရန် ကြိုးစားလိုက်ခြင်းပင်။

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး ရှီစုန်းထောင်းလည်ပင်းကိုညှစ်ထားသည့်လက်ကို လွှတ်ပေးလိုက်သည်။

သို့သော် ရှီတိ၏လက်သီးချက်က ရှီစုန်းထောင်းကို ဖိနှိပ်လိုက်သည်နှင့် ရှီစုန်းထောင်းမျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

ရှီတိ ၊ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့သည်လည်း အနည်းငယ် မျက်နှာပျက်သွားကြ၏။

တစ်ချိန်တည်းပင် ရှီစုန်းထောင်း၏ခန္ဓာကိုယ်အတွင်းမှ ကြီးမားသောစွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ရှီတိ မျက်နှာပျက်သွားပြီး လက်သီးသိုင်းဝိညာဉ်ကို ဖြန့်ကျလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလံး ကြည်လင်တောက်ပသည့် အလင်းတန်းများ ဖုံးလွှမ်းသွားသည်။ ရှီတိ၏လက်သီးသိုင်းဝိညာဉ်က ရှီစုန်းထောင်းခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး သူ့ထံမှထွက်ပေါ်လာသော ကြီးမားသည့်စွမ်းအားကို ဖိနှိပ်ထားလိုက်သည်။

သို့ပေသိ ခန္ဓာကိုယ်အတွင်းမှထွက်ပေါ်လာသော ပြင်းထန်သည့်စွမ်းအားကြောင့် ရှီစုန်းထောင်းပါးစပ်မှ သွေးများအန်ကျလာပြီး သူ့မျက်ဝန်းများသည်လည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နက်သွားသည်။

သူ့တစ်ကိုယ်လုံးက တုန်ယင်လျှက် သူ၏အရိုးတိုင်း ၊သွေးကြောတိုင်း ၊ သွေးကြောဆုံချက်တစ်ခုချင်းစီတိုင်း ပြင်းထန်သောအရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်သွားသည်။

ဘေးတွင်ရပ်နေသည့် ရန်ကျောက်ကဲနှင့် ရွှီဖေးတို့မှာ ရှီစုန်းထောင်းခန္ဓာကိုယ်ထဲမှထွက်ပေါ်လာသော အဆုံးမဲ့ဓားဝိညာဉ်ကို ခံစားလိုက်မိကြ၏။

ထိုအခိုက်အတန့်တွင် ရှီစုန်းထောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ဓားချီစွမ်းအား ၊ ဓားသွားများဖြင့် ဖွဲ့စည်းထားသည့်ပမာ ထင်မှတ်ရသည်။ ထိုဓားဝိညာဉ်က အဆုံးမရှိသောစမ်းချောင်းတစ်ခုအလား ရှီစုန်းထောင်း၏ခန္ဓာကိုယ်ထဲမှ စီးဆင်းထွက်ပေါ်လာသည်။

ရှီစုန်းထောင်း၏ မွှေးညင်းပေါက်တစ်ခုချင်းစီတိုင်မှ သွေးများစီးဆင်းကျကာ တစ်ကိုယ်လုံး ရွှဲနစ်နေပြီး သူ့ပုံစံက ပေါက်ကွဲထွက်တော့မည့် ရေနွေးငွေ့အိုးတစ်လုံးအလား ထမှတ်ရသည်။ ဓားဝိညာဉ်က မရေမတွက်နိုင်သော ဓားသွားများပမာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကျိုးပျက်သွားစေသည်။

ကြီးမားခမ်းနားလှသောဓားဝိညာဉ်သည် အဆုံးမရှိကောင်းကင်ဘုံအထိမြင့်မားပြီး မြေပြင်ထုထည်ပမာ လေးလံသည်ဟု ထင်မှတ်ရသည်။

ထိုဓားဝိညဉ်သည် မိုးမြေတစ်ခုလုံးကို အသစ်ပမာ ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေသည်။

ပြီးတာ့ ထိုဓားဝိညာဉ်၏ပစ်မှတ်က “ရှီတိ” ဖြစ်လေ၏။

ထိုဓားဝိညာဉ်က စွမ်းအားပြင်းထန်ပြီး အင်အားကြီးမားလွန်းသဖြင့် ရန်ကျောက်ကဲနှင့် ရွှီဖေးသည်ပင် အနားမကပ်နိုင်ခဲ့‌ပေ။

သို့ပေသိ ထိုဓားဝိညာဉ်က သူတို့ကို ထူးထူးခြားခြား ထိခိုက်စေခြင်းမရှိဘဲ ရှီတိကိုသာ ဦးတည်တိုက်ခိုက်လျှက် ရှိသည်။

ထိုဓားဝိညာဉ်သည်ကား ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာ (၃)ရပ်မှ “အဆုံးမဲ့ကောင်းကင်ဓားသိုင်း” ပင် ဖြစ်သည်။

ထိုဓားသိုင်းကို ကောင်းကင်ခန့်မှန်းသူ ‘ကျန်းရှီလော့’ တီထွင်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ဝါဒလက်ဝါးသိုင်း ၊ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းတို့နှင့်အတူ ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာတစ်ရပ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့ပေသိ ယခုတော့ ထိုဓားသိုင်းက ဝါဒတောင်မှ သိုင်းသမားတစ်ယောက်ကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့လေပြီ။

ရှီတိပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ သူ့မျက်ဝန်းများမှ အလင်းရောင်များတဖျတ်ဖျတ်လင်းလက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဖန်သားပမာတောက်ပနေသည်။ သူက သလင်းကျောက်သားအသွင် ရွှေခန္ဓာစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်၏။

သူ၏ ပြင်းထန်သော လက်သီးသိုင်းဝိညာဉ်က အမြင့်ဆုံးအထိပျံ့နှံ့သွားပြီး ရှီစုန်းထောင်း၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသောစွမ်းအားကို ဖိနှိပ်လိုက်သည်။

သို့သော် ရှီစုန်းထောင်း၏ ခန္ဓာကိုယ်မှထွက်လာသောစွမ်းအားက ပြင်းထန်လွန်းလေရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သတ်သွားစေသည်။

ရှီတိ အံတင်းတင်းကြိတ်လိုက်သည်။ သူက လက်ဖဝါးများကိုဖြန့်လိုက်ပြီး စုပ်ယူနိုင်စွမ်းရှိသောပုံဖျက်စွမ်းအားတစ်ခု တည်ဆောက်ကာ ရှီစုန်းထောင်းထံမှထွက်ပေါ်လာသည့်ဓားဝိညာဉ်ကို သူ့ထံသို့ ဦးတည်ပေးလိုက်သည်။

ကြောက်မက်ဖွယ်ရာဓားဝိညာဉ်သည် ရှီစုန်းထောင်း၏ခန္ဓာကိုယ်အတွင်းမှ အလင်းတန်းတစ်ခုအဖြစ် ထွက်ပေါ်လာပြီး ထက်ရှသည့်ဓားသွားပမာ ရှီတိထံသို့ ဦးတည်ဝင်‌ရောက်သွားသည်။

ရှီတိက သလင်းကျောက်သားအသွင်ရွှေခန္ဓာဖြင့် ဓားဝိညာဉ်ကို ကြံ့ကြံ့ခံရင်ဆိုင်လိုက်ပြီး သူ၏နက်နဲအလင်းတန်းသံချပ်ကာကို ထုတ်ဖော်အသုံးပြုခြင်း မရှိပေ။

နက်နဲအလင်းတန်းသံချပ်ကာက အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရှီစုန်းထောင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံဖုံးအုပ်သွားကာ တစ်စစီအက်ကွဲကြေမွနေသည့် ခန္ဓာကိုယ်ကို ခေတ္တထိန်းသိမ်းထားပေးလိုက်သည်။

သို့သော် ရှီစုန်းထောင်းထံမှ ကြည်လင်တောက်ပသောဓားအလင်းတန်းများနှင့်အတူ ထူးဆန်းသောရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းထဲတွင် အလွန်တရာ နက်နဲသိမ်မွေ့သောစွမ်းအားတစ်ခုပါဝင်နေပြီး မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော နက်နဲအလင်းတန်းသံချပ်ကာကို တွန်းလှန်ပစ်လိုက်သည်။

ဓားအလင်းတန်းကတော့ ရှီတိ၏ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားသည်။

သူ၏ခန္ဓာကိုယ်ထက်တွင် အလင်းရောင်များထွက်ပေါ်လာပြီး အဆက်မပြတ် လင်းလက်တောက်ပနေကာ ဓားအလင်းတန်းကို ကာကွယ်ထားသည်။

သို့ပေသိ အဆုံးမရှိသောဓားအလင်းတန်းက ရှီတိ၏ခန္ဓာကိုယ်ထက်သို့ ပြင်းထန်စွာရိုက်ခတ်သွားသည်။

ရှီတိက ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း ခမ်းနားသည့်လက်သီးချက်တစ်ချက်ပစ်လွှတ်ကာ ဓားအလင်းတန်းကို ဖြိုခွင်းလိုက်သည်။

ရန်ကျောက်ကဲနှင့် ရွှီဖေး လှမ်းကြည့်လိုက်တော့ ရှီတိ၏ရင်ဘတ်မှ သွေးများစီးကျလာခြင်း မရှိသည့်တိုင် အက်ကြောင်းများဖြင့် ပြည့်နက်နေသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက သူတို့နှစ်ယောက်လုံးကို စိတ်မကောင်းခြင်းကြီးစွာ ခံစားရစေသည်။

ဖျက်ဆီးမရသော ရွှေခန္ဓာသိုင်းစွမ်းအားသည် ထိုခဏတွင် အလွန်တရာ မှေးမှိန်သွားဟန်ပင်။

ရှီတိကတော့ နာကျင်မှုတစ်စုံတစ်ရာ မခံစားရသည့်ပမာ မျက်နှာတစ်ချက်ပျက်ယွင်းခြင်း မရှိခဲ့ပေ။ သို့သော် ရှီစုန်းထောင်းကိုကြည့်နေသည့် သူ့မျက်ဝန်းများတွင် ဝမ်းနည်းရိပ်တို့ လွှမ်းခြုံလျှက် ရှိသည်။

ဓားဝိညာဉ်ကို သူ့ခန္ဓာကိုယ်ရှိရာသို့ ဦးတည်ခဲ့ပြီး ရှီစုန်းထောင်း၏ခန္ဓကိုယ်အား နက်နဲအလင်းတန်းသံချပ်ကာဖြင့် ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း နဂိုကတည်းကပင် ဓားဝိညာဉ်က ရှီစုန်းထောင်းခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ရာ ရှီတိ ထိခိုက်သည်ဖြစ်စေ ၊ မထိခိုက်သည်ဖြစ်စေ ရှီစုန်းထောင်းက ထိုဓားဝိညာဉ်၏ဒဏ်ကို အရင်ဆုံးခံစားရမည်သာ ဖြစ်သည်။

ပြီးတော့ ထိုဓားဝိညာဉ်က ရှီစုန်းထောင်း ခံနိုင်ရည်ရှိသည့်အရာတစ်ခု မဟုတ်ခဲ့ပေ။

ထို့ပြင် ရန်သူက ရှီစုန်းထောင်း၏ခန္ဓာကိုယ်ထဲတွင် ဓားဝိညာဉ်သာမက အခြားသောထောင်ချောက်တစ်ခုကိုလည်း လျှို့ဝှက်ထည့်သွင်းထားသေးသည်။

ထူးခြားသောပန်းပွင့်တစ်မျိုးဖြစ်သော နဂါးငိုက်မြည်းပန်းပွင့်၏ အမြုတေစွမ်းအားဖြစ်၏။ ထိုအရာက ဤလောကတွင် ရှားပါးပစ္စည်းတစ်ခုဖြစ်ပြီး အတိအကျဆိုရသော် နက်နဲအလင်းတန်းသံချပ်ကာ ပြုလုပ်ရာတွင် အဓိကထားအသုံးပြုသည့် ‘နက်နဲအလင်းတန်းသံမဏိ’ ကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

ရှီတိက ရှီစုန်းထောင်း ထိခိုက်မှုမရှိစေရန် အလျှင်အမြန်လှုပ်ရှားသော်ငြား ရှီစုန်းထောင်းကတော့ ကြီးမားသည့်ထိုးနှက်ချက်ကို ရင်ဆိုင်လိုက်ရသည်။

ရှီစုန်းထောင်းက ရယ်မောလိုက်သည်။

သူ့ပါးစပ်ထဲမှ သွေးများအဆက်မပြတ်စီးကျနေသည်ကို သတိမမူသည့်အလားပင်။

“မျှော်လင့်မထားဘူး ၊ မျှော်လင့်မထားဘူး ၊ ဒုတိယဆရာဦးလေး’ဖန်ကျွင်း’က ငါ့ခန္ဓာကိုယ်ထဲမှာ ဓားဝိညာဉ်တစ်ခု မြှုပ်နှံထားခဲ့တယ် ၊ ဘယ်တုန်းကလည်းက အဲဒီလိုလုပ်ထားလဲဆိုတာ ငါကိုယ်တိုင်တောင် မသိပါဘူး...”

သူက ရှီတိကိုလှမ်းကြည့်ရင်း...

“ဟက်... ရန်သူက ခင်ဗျားအတွက် အထူးပြင်ဆင်ထားပုံရတယ် ၊ ခင်ဗျားရဲ့ လက်သီးသိုင်းဝိညာဉ်ကသာ ဒီဓားဝိညာဉ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိတယ် ၊ ခင်ဗျားက အခြားသူတွေနဲ့မတူဘူးလေ ၊ လက်သီးချက်ထုတ်ဖော်လိုက်တာနဲ့ ခင်ဗျားကျင့်ကြံထားတဲ့ ရွှေခန္ဓာစွမ်းအား ထွက်ပေါ်လာမှာ မဟုတ်လား”

သူက ဆက်ပြောသည်။

“ပြီးတော့ ဒီရွှေရောင်အလင်းတန်းကလည်း နဂါးငိုက်မြည်းပန်းပွင့်အမြုတေ မဟုတ်လား ၊ အဲဒါက ခင်ဗျားရဲ့ နက်နဲအလင်းတန်းသံချပ်ကာကို ဖိနှိပ်ဖို့ အထူးပြုလုပ်ထားတာပဲ”

ရှီတိသည် ဒဏ်ရာရထားသော သူ၏ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ရှီစုန်းထောင်း၏ခန္ဓာကို ပြိုကွဲမသွားစေရန် လက်သီးသိုင်းဝိညာဉ်ဖြင့် ဖိနှိပ်ထိန်းချုပ်ထားသည်။

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရန်ကျောက်ကဲနှင့် ရွှီဖေးရှိရာသို့ လှည့်ကြည့်ကာ လေးလံသောလေသံဖြင့် စကားဆိုသည်။

“ဂိုဏ်းကို အမြန်ဆုံးသတင်းပို့ပါ ၊ အခု ငါတို့ဂိုဏ်းထဲမှာရှိနေတဲ့သစ္စာဖောက်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့အရှင်သခင်ဖြစ်တယ်ဆိုတဲ့အကြောင်း ချက်ချင်းအကြောင်းကြားပါ”

သူက ဆက်ပြောသည်။

“ချောက်နက်အရှင်သခင်က ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ မဟုတ်ဘူး ၊ ဆရာဦးလေး’ရှင်းတုန်းဖင်း’ ပဲ”

ထိုစကားကြောင့် ရန်ကျောက်ကဲနှင့် ရွှီဖေးတို့ မျက်ခုံးများပင့်လိုက်မိကြသည်။ ရှီစုန်းထောင်း၏မျက်ဝန်းများထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်လွင်လာသည်။

“စုန်းထောင်းပြောခဲ့တဲ့စကားတွေနဲ့ အခု ဒီဓားဝိညာဉ်ကို ဆက်စပ်ကြည့်လိုက်ရင် အဲဒီလူက ဆရာဦးလေး’ရှင်းတုန်းဖင်း’ဆိုတာ အတည်ပြုနိုင်တယ်”

ထို့နောက် သူက ခေါင်းတစ်ချက်ခါယမ်းရှင်း ရှီစုန်းထောင်းကို ကြည့်လိုက်သည်။

“စုန်းထောင်း... မင်းတော့ လှည့်စားခံလိုက်ရပြီ”

ရှီစုန်းထောင်းက ရှီတိ၏မျက်ဝန်းများကို တည့်တည့်ကြည့်လိုက်ရင်း...

“အဖေက ဝါဒတောင်ဂိုဏ်းရဲ့ကိစ္စတွေကိုပဲ အမြဲတမ်း ဦးစားပေးတယ်နော်”

ဟု တိုးလျသည့်လေသံဖြင့်ဆိုသည်။

“ကျွန်တော်က အဖေ့ကိုလှည့်စားဖို့ ဒီဓားဝိညာဉ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ထိန်းချုပ်ထားတယ်လို့ အဖေ ဘာလို့ မတွေးတာလဲ”

သူက ဆက်ပြောသည်။

“အဖေက ဝါဒတောင် စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့်ထိပ်တန်းအကြီးအကဲလေ ၊ ဝါဒတောင်ရဲ့ ဆုပေးဒဏ်ပေးစနစ်တွေအားလုံးကို ထိန်းချုပ်ထားတယ် ၊ ဝါဒတောင်ရဲ့ အပြစ်ပေးတဲ့နည်းလမ်းတွေအားလုံးကိုလည်း သိရှိတယ် ၊ သူလျှိုတွေ သစ္စာဖောက်တွေကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ အရမ်းတော်တယ် ၊ ဒါပေမဲ့... ကျွန်တော် အဖေ့ကို မလှည့်စားခဲ့ဘူးလို့ ဘယ်အချက်အပေါ်အခြေခံပြီး ဆုံးဖြတ်တာလဲ”

ရှီတိက အေးဆေးတည်ငြိမ်စွာဖြင့်...

“ငါ သိနိုင်ပါတယ်ကွာ...”

ရှီစုန်းထောင်းက...

“ကျွန်တော့်အတွက်တော့ ဒုတိယဆရာဦးလေး’ဖန်ကျွင်း’က ချောက်နက်အရှင်သခင် ဟုတ် မဟုတ်ဆိုတာ အရေးမကြီးပါဘူး”

သူက ဇနီးဖြစ်သူနှင့်သားဖြစ်သူ၏ ရုပ်အလောင်းများထည့်ထားသော ရေခဲခေါင်းတလား (၂)ခုကို လှည့်ကြည့်လိုက်သည်။

“ကျွန်တော့်အတွက် သူတို့ကသာ အရေးကြီးတာပါ”

မည်သူမှမရှိဘဲ ဗလာကျင်းနေသည့် တတိယရေခဲခေါင်းတလားကိုကြည့်ရင်း ရှီစုန်းထောင်း သက်ပြင်းချလိုက်သည်။

“အမှောင်ဘက်ခြမ်းက ကျင့်ကြံသူတစ်ယောက်သေဆုံးသွားရင် ဘာမှမကျန်ဘဲ အနက်ရောင်မြူခိုးတွေအဖြစ် ပြောင်းလဲသွားတယ် ၊ ကျွန်တော် သေရင်တောင်မှ သူတို့ကိုအဖော်ပြုမပေးနိုင်တော့ဘူး”

ရှီတိက လက်သီးသိုင်းဝိညာဉ်ဖြင့် အတင်းအကျပ်ထိန်းချုပ်ထားသော်လည်း မူလကပင် တစ်စစီဖြစ်နေသည့် ရှီစုန်းထောင်း၏ခန္ဓာကိုယ်သည် ယခုတော့ စတင်ပြိုကွဲစပြုလာသည်။

သူ့မျက်နှာက ညင်သာသိမ်မွေ့လျှက်ရှိသည်။ တစ်လောကလုံးကို စိတ်မဝင်စားဘဲ ဇနီးဖြစ်သူနှင့် သားဖြစ်သူကိုသာ ငေးကြည့်ရင်း သူ့မျက်ဝန်းများတွင် အဆုံးမဲ့သောတောင့်တမှုများကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲက ရုတ်တရက် မေးလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ရှီ’ ၊ တကယ်တော့ ပထမဆရာဦးလေးက မိသားစုအရေးနဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ထည့်မတွက်ဘဲ ဂိုဏ်းရဲ့တာဝန်တွေကိုပဲ အမြဲရှေ့တန်းတင်ဦးစားပေးနေလို့ မုန်းတီးနေတာ မဟုတ်ဘူးမလား ၊ မင်းရဲ့ ဇနီးနဲ့သားလေးကို မကာကွယ်နိုင်ခဲ့လို့ မင်းကိုယ်မင်းစွမ်းအားမဲ့သလိုဖြစ်ရတဲ့ ခံစားချက်ကို မုန်းတီးနေခဲ့တာ မဟုတ်လား”

ရှီစုန်းထောင်းက...

“အဲဒါတွေက အရေးမကြီးတော့ပါဘူးကွာ”

သူ့အသံက လေထဲလွင့်ပျံသွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။

ရှီတိက နေရာမှာပင် ကျောက်ရုပ်တစ်ရုပ်အလား မလှုပ်မယှက်မတ်တတ်ရပ်ရင်း ရှီစုန်းထောင်းခန္ဓာကိုယ် တစ်စစီပျက်ဆီးသွားသည်ကို ငေးကြည့်နေလေသည်။

***

All Chapters