သိုင်းကျမ်းစာကြည့်တိုက်လိုနေရာမျိုးမှာ ငရဲကိုးထပ်ကသူလျှိုရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ
Vol. 20 Ch. 284
ရှီစုန်းထောင်း သေဆုံးသွားပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်က အနက်ရောင်မီးခိုးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ ပျံ့နှံ့ပျောက်ကွယ်သွားသည်။
ရှီတိ မျက်လုံးများကို မှေးမှိတ်လိုက်သည်။ သူက နေရာတွင် ငြိမ်သက်စွာမတ်တတ်ရပ်နေရင်း စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
သို့သော် သူက အလျှင်အမြန်ပင် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့ရင်ဘတ်မှဒဏ်ရာကပြင်းထန်သည့်တိုင် ခိုင်ခန့်မာကျောသည့်ကျောက်တိုင်ကျောက်သားပမာ မားမားမတ်မတ် ရပ်တည်နေဆဲပင်။
ရှီတိက ရန်ကျောက်ကဲနှင့် ရွှီဖေးကို လှည့်ကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“ပထမဆရာဦးလေး ၊ အားဟူကို အခုပဲ တောင်ပေါ်ကို သတင်းပို့ခိုင်းထားပါတယ်”
ရှီတိက ခေါင်းညိတ်ရင်း...
“လျန်ဟူစီရင်စုက မိစ္ဆာနယ်မြေမဟာအစီအရင်ကတော့ ထိန်းချုပ်နိုင်ပါပြီ ၊ ဒီတော့ ငါတို့ တောင်ပေါ်ကို အရင်ပြန်ကြမယ် ၊ လမ်းမှာပဲ စကားပြောကြတာပေါ့”
ထို့နောက် ရှီတိက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ရန်ကျောက်ကဲနှင့်ရွှီဖေးမှာ သူနှင့်အတူ ကောင်းကင်ထက်တိမ်တိုက်များအလယ် ရောက်ရှိသွားသည်။
“ငါတို့အချိန်မီပါစေလို့ ဆုတောင်းရမှာပဲ”
ရန်ကျောက်ကဲ ရေခဲခေါင်းတလား (၃)ခုကို ရှီစုန်းထောင်းကျန်ရစ်ခဲ့သောအရိပ်ကျုံ့အိတ်ထဲသို့ ပြန်ထည့်ကာ သိမ်းဆည်းလာသည်။ သူက ထိုအရိပ်ကျုံ့အိတ်ကို ရှီတိကိုပေးတော့ တိတ်ဆိတ်စွာပင် လက်ခံယူလိုက်သည်။
အားဟူက ဝါဒတောင်မှသိုင်းသမားများကို နေရာတစ်ခုလုံး သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားပြီးနောက် ပန်ပန်နှင့်အတူ လေထဲသို့ခုန်တက်ကာ ရှီတိ၏စွမ်းအားနှင့်အတူ လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် လိုက်ပါသွားသည်။
ရန်ကျောက်ကဲနှင့် ရွှီဖေးက ရှီတိရင်ဘတ်မှဒဏ်ရာကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ကြသည်။
ဒဏ်ရာက ပေါ့သေးသေးမဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ ရှီတိက ရွှေခန္ဓာသိုင်းပညာကို ကျင့်ကြံခဲ့သူဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ရွှေသားအတိပမာ အပြစ်အနာအဆာမရှိသော စွမ်းအားကြီးမားသည့် ခံစစ်နှင့်တိုက်စစ်ကို ပိုင်ဆိုင်သည်။
သို့သော် ရွှေခန္ဓာပျက်ဆီးသွားသည်နှင့် ချို့ယွင်းချက်များ ရှိလာပြီး ရှီတိ၏ကြံ့ခိုင်မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ သာမန်ဒဏ်ရာတစ်ခု မဟုတ်သောကြောင့် ထိုသို့ဖြစ်ရခြင်းပင်။
သိုင်းသမားများဆိုသည်က ဒဏ်ရာကို အတင်းအကျပ်ဖိနှိပ်ထားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းက ဘေးထွက်ဆိုးကျိုးများစွာ ရှနိုင်သော်လည်း အချိန်တိုအတွင်း ဒဏ်ရာက သူတို့၏စွမ်းအားများကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
သို့ပေသိ ရှီတိကတော့ ယခုအချိန်ကတည်းက မလွှဲမရှောင်နိုင်ဘဲ ဒဏ်ရာကို ခံစားနေခဲ့ရသည်။
သို့ဖြစ်ရာ နောက်ပိုင်းတိုက်ပွဲများရင်ဆိုင်တိုက်ခိုက်ရသည့်အခါ သူ့အခြေအနေက ပိုမိုဆိုးရွားလာနိုင်လေသည်။
သို့ရာတွင် ရှီတိက ကျောက်သားပမာ တင်းမာတည်ငြိမ်သောအမူအရာရှိနေပြီး သူ့ကို ဒဏ်ရာရရှိထားခြင်းမရှိဟု လူတိုင်းက ထင်မှတ်ကြပေလိမ့်မည်။
သူတို့ အလျှင်အမြန် ခရီးနှင်လာကြရင်း...
“မင်းတို့ သိထားတဲ့အရာတွေရှိပေမယ့် မင်းတို့ မသိတဲ့အရာတွေလည်း အများကြီးရှိသေးတယ်”
ဟု ရှီတိက စကားစတင်ပြောဆိုသည်။
“ငရဲကိုးထပ်ဆိုတာ ဟိုးရှေးပဝေသဏီအချိန်ကတည်းက တည်ရှိခဲ့တာပဲ ၊ ဒါပေမဲ့ လူတွေက အဲဒီနေရာနဲ့ပတ်သက်ပြီး သိပ်နားမလည်ကြဘူး ၊ ရှေးရိုးဆန်ကြတော့ ငရဲကိုးထပ်ဆိုတာ စူးစမ်းဖို့မဟုတ်ဘဲ ကြောက်ရွံ့ရမယ့်အရာလို့ တွေးနေကြတဲ့အတွက် သုတေသနပြုတဲ့ကိစ္စတွေမှာ အလွန်နှေးကွေးခဲ့ကြတဘ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဂိုဏ်းတူညီလေး’ဖန်းကျွင်း’က ငရဲကိုးထပ်ရဲ့ လျှို့ဝှက်ချက်တွေကို ပထမဆုံး သုတေသနပြုခဲ့တဲ့သူပဲ ၊ ဒါပေမဲ့ ငရဲကိုးထပ်ရောင်ဝါက သူ့စိတ်ကို လှည့်ဖြားနေပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ဆက်မလေ့လာတော့ဘဲ နောက်ပြန်ဆုတ်ပြီး လက်လွှတ်လိုက်တယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများတောက်ပသွားပြီး...
“ဒါဆို ဒုတိယဆရာဦးလေးက အစကတည်းက သဘောထားတင်းမာတဲ့အဖွဲ့ထဲကပေါ့”
ရှီတိက ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
“သူက မင်းနဲ့ မင်းအဖေထက်တောင် ပိုပြီးသဘောထားတင်းမာသေးတယ် ၊ ဝါဒတောင်တစ်ခုလုံးမှာ သဘောထားအတင်းမာဆုံးနဲ့ စိတ်ဓာတ်အပြင်းထန်ဆုံးလူလို့တောင် ဆိုနိုင်တယ် ၊ သူက နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမနဲ့ တခြားရန်သူတွေကို နှိမ်နင်းဖို့ဆိုရင် ဘာကိုမှအရေးမစိုက်တဲ့သူမျိုးပဲ”
သူက ဆက်ပြောသည်။
“ဂိုဏ်းတူညီလေး’ဖန်ကျွင်း’က နေသူတော်စင်ဂိုဏ်း တည်ရှိရာနေရာမှာ ငရဲကိုးထပ်ဝင်ရောက်လာအောင်လုပ်ပြီး ရန်သူကို ဖျက်ဆီးပစ်ဖို့ တစ်ချိန်က စဉ်းစားခဲ့ဖူးတယ်”
“သူ့ကိုယ်သူ အလယ်အလတ်လမ်းစဉ်အုပ်စုအဖြစ် ဟန်ဆောင်ထားတာကတော့... တကယ်တမ်းကျတော့ သူ့အစီအစဉ်တွေကို ဖုံးကွယ်နိုင်ဖို့ပါပဲ ၊ ပြီးတော့ ဂိုဏ်းတူညီလေး’ရန်တိ’နဲ့ ဆန့်ကျင်ဘက်အုပ်စုမှာ တမင်သက်သက်နေထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြသယောင် တခြားသူတွေထင်မြင်လာအောင် လှည့်စားခဲ့တယ် ၊ ဒါမှပြင်ပကမ္ဘာမှာ သူတို့ (၂)ယောက်ပွဲက ကြည့်လို့လှမှာလေ ၊ အဲဒါတွေထားပါတော့ ၊ စကားပြန်ဆက်ရရင်... သူ့စိတ်ကို ငရဲကိုးထပ်ရောင်ဝါ လွှမ်းမိုးလာတာကို သိရှိပြီးတဲ့နောက်မှာ ငရဲကိုးထပ်က ဒီကမ္ဘာကိုခြေချဖို့အတွက် သူ့ကို အသုံးချတော့မယ်ဆိုတာကို နားလည်သွားတယ်”
ရှီတိက ဖြည်းညင်းသည့်လေသံဖြင့်...
“ဂိုဏ်းတူညီလေး’ဖန်း’က သာမန်လူမဟုတ်ဘူး ၊ ငရဲကိုးထပ်က သူ့ကိုသွေးဆောင်ပြီး လမ်းမှားရောက်အောင်ပို့နေပြီဆိုတာကိုသိလိုက်တာနဲ့ ပြင်းထန်တဲ့စိတ်စွမ်းအားနဲ့ သူ့ကိုယ်သူထိန်းချုပ်ပြီး ဝီရိယရှိရှိနဲ့ သူကြိုးစားခဲ့တဲ့အလုပ်တွေအားလုံးကို အချိန်မနှောင်းခင်ရပ်တန့်ပစ်ခဲ့တယ် ၊ အဲဒီရွှံ့နွံထဲက ရအောင်ရုန်းထွက်ခဲ့တယ်”
“အပေါ်ယံမှာတော့ ဖန်ကျွင်းက အလယ်အလတ်အုပ်စုကနေ သဘောထားတင်းမာတဲ့ဘက် ပြောင်းလဲလာတယ်လို့ ထင်ကြပေမယ့် တကယ်တော့ အဲဒါက သူ့ရဲ့ ပုံစံအမှန်ပါပဲ ၊ ရုတ်တရက်ကြီးပြောင်းလဲသွားရင် သိသာသွားမှာစိုးလို့ ဖြည်းဖြည်းချင်း ပြောင်းလဲခဲ့ရတဲ့သဘောပါပဲ”
ရှီတိက ရန်ကျောက်ကဲနှင့် ရွှီဖေးကို တစ်ချက်ဝေ့ကြည့်ရင်း...
“မင်းတို့နှစ်ယောက် ဒီကိစ္စတွေကိုမသိတာ သဘာဝကျပါတယ် ၊ တကယ်တော့ ဝါဒတောင်တစ်ခုလုံးမှာ ဒီကိစ္စတွေကို သိတဲ့သူဆိုလို့ ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ရယ် ၊ ငါရယ် ၊ ဆရာရယ်၊ ဂိုဏ်းတူညီလေး’ရန်တိ’ ရယ် (၄)ယောက်ပဲ ရှိခဲ့တာ”
ထိုအကြောင်းများကို သိရှိသူများပြားလေ ငရဲကိုးထပ်၏လှည့်စားခြင်းကို ခံရသူများပြားလေ ဖြစ်လာနိုင်သည်။
အခြားဘက်တွင် ဖန်ကျွင်း၏ဂုဏ်သိက္ခာကိုလည်း ကာကွယ်ရန်လိုအပ်သည်။ အနည်းဆုံးတော့ ငရဲကိုးထပ်နှင့်ပတ်သက်ခဲ့ခြင်းက ဂုဏ်ယူစရာကိစ္စတစ်ခု မဟုတ်ခဲ့ပေ။
ရှီတိက...
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း တည်ရှိနေတာကို ပထမဆုံးအကြိမ် သိလိုက်ရတုန်းက ဆရာနဲ့ ငါက ဂိုဏ်းတူညီလေး’ဖန်ကျွင်း’လို့ ထင်မိကြတယ် ၊ ဒါကြောင့် သူ့ကို ချက်ချင်းပဲ စစ်ဆေးမေးမြန်းခဲ့တယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး’ဖန်ကျွင်း’က သူလမ်းဟောင်းကို ပြန်မလျှောက်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ထွက်ပေါ်လာခြင်းက သူနဲ့မသက်ဆိုင်ဘူးလို့ အခိုင်အမာဆိုခဲ့တယ်”
ရှီတိက လေးလံသည့်လေသံဖြင့်...
“ဂိုဏ်းတူညီလေး’ဖန်ကျွင်း’က ငရဲကိုးထပ်ရဲ့လွှမ်းမိုးမှုကို အချိန်မီရပ်တန့်နိုင်ခဲ့ပေမယ့် တစ်စုံတစ်ယောက်က သူချန်ထားခဲ့တဲ့လမ်းအတိုင်း လိုက်လျှောက်ပြီး ဒီအလုပ်တွေကို ဆက်လုပ်နေခဲ့တယ်”
ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...
“ဆရာဘိုးဘိုးနဲ့ ကျွန်တော့်အဖေကတော့ ချောက်နက်အရှင်သခင်မဟုတ်တာ သေချာတယ် ၊ သူတို့သာ ချောက်နက်အရှင်သခင်ဆိုလို့ကတော့ ဒီလောက်အထိတောင်ခံမှာမဟုတ်ဘူး ၊ ဝါဒတောင် တစ်စစီဖြစ်နေလောက်ပြီ ၊ ပြီးတော့ ပထမဆရာဦးလေးလည်း မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားတယ် ၊ အခု ပြောစကားတွေအရ ဒုတိယဆရာဦးလေးလည်း မဖြစ်နိုင်ဘူး ၊ ဒုတိယဆရာဦးလေးက လမ်းဟောင်းကို ဆက်လျှောက်မယ်ဆိုရင်တောင် ဆရာဘိုးဘိုး ၊ ပထမဆရာဦးလေးနဲ့ ကျွန်တော့်အဖေက စောင့်ကြည့်နေမှာဆိုတော့ ဘယ်နည်းနဲ့မှ သူ နောက်ပြန်လှည့်မှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒီတော့ ဒုတိယဆရာဦးလေးက တခြားသူတွေကိုလှည့်စားပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ထားတာ မဟုတ်ဘူးဆိုရင် သံသယရှိစရာ တစ်ယောက်ပဲကျန်တော့တယ်”
ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်သွားသည်။
“အဆုံးမဲ့ကောင်းကင်ဓားသိုင်းကို ဒီလောက်အဆင့်မြင့်မြင့်အောင်မြင်ထားတာ ကျွန်တော်တို့ဂိုဏ်းမှာ လူ (၂)ယောက်ပဲ ရှိတယ် ၊ တစ်ယောက်က ဒုတိယဆရာဦးလေးဖြစ်ပြီး နောက်တစ်ယောက်က ဆရာဘိုးဘိုး ‘ရှင်းတုန်းဖင်း’ ပဲ”
ရှီတိက...
“ဂိုဏ်းတူညီလေး’ဖန်ကျွင်း’က အရာအားလုံးကို ဖုံးကွယ်ပြီး ငါတို့ကိုလှည့်စားမယ်ဆိုလည်း ဖြစ်နိုင်တာပါပဲ ၊ ဒါကြောင့် လုံလောက်တဲ့သက်သေမရှိဘဲ ချောက်နက်အရှင်သခင်က ဘယ်သူဆိုတာကို အတိအကျ မပြောနိုင်ပါဘူး ၊ အဲဒီပုဂ္ဂိုလ်က ဝါဒတောင်ကမဟုတ်ဘဲ တခြားနေရာကလည်း ဖြစ်နိုင်တာပဲလေ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီနေ့ အဆုံးမဲ့ကောင်းကင်ဓားဝိညာဉ်ကို ငါကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရတဲ့နောက် အဲဒီလူက ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ မဟုတ်ဘူး ဆရာဦးလေး’ရှင်း’ ပဲဖြစ်တယ်လို့ ကောက်ချက်ချနိုင်ခဲ့တယ်”
ရှီတိ၏မျက်ဝန်းများ တင်းမာအေးစက်နေသည်။
“ဆရာဦးလေး’ရှင်း’က ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ အရင်က သုတေသနလုပ်ထားတာတွေကို အမှတ်မထင်ရှာဖွေတွေ့ရှိပြီး ငရဲကိုးထပ်ကိုဆက်သွယ်ဖို့ ဆက်လက်လုပ်ဆောင်တာလား ၊ ဒါမှမဟုတ် သူ့ဘာသာသူ သုတေသနလုပ်ရင်းသိရှိခဲ့တာလားဆိုတာတော့ မပြောတတ်ဘူး ၊ ဘာပဲဖြစ်ဖြစ် သူက အဲဒီလမ်းအတိုင်းလျှောက်လှမ်းပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့တယ် ၊ အဲဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ကပ်ဘေးကြီးဆိုက်ဖို့ပါပဲ”
ရှီတိသည် ဝါဒတောင်တည်ရှိရာ အဝေးတစ်နေရာဆီသို့ စူးစိုက်ကြည့်ရင်း သူ့မျက်ဝန်းများက တောက်ပနေသည်။
ရွှီဖေးက မျက်ခုံးများကို တွန့်ချိုးထားရင်း...
“ဒါဆို ဂိုဏ်းတူအစ်ကို’ရှီ’ရဲ့ ခန္ဓာကိုယ်ထဲမှာ သူ့ရဲ့ဓားဝိညာဉ်ကိုထည့်သွင်းထားတာကိုကြည့်ရင် အကြီးအကဲ’ရှင်း’က သူ့အကြောင်းပေါ်သွာမှာကို မကြောက်ဘူးလို့ ဆိုလိုတာပေါ့”
ရန်ကျောက်ကဲက...
“အဲဒါက ဘာကိုဆိုလိုသလဲဆိုရင် ငါတို့အရမ်းနောက်ကျနေပြီလို့ ဆိုလိုတာပဲ ၊ ငါတို့ လျန်ဟူစီရင်စုမှာ မိစ္ဆာနယ်မြေမဟာအစီအရင်ကိုဖျက်ဆီးရင်း ဂိုဏ်းတူအစ်ကို’ရှီ’နဲ့ တွေ့ဆုံနေစဉ်မှာ... အကြီးအကဲ’ရှင်း’က တောင်ပေါ်မှာ လှုပ်ရှားနေလောက်ပြီ”
သူတို့အထင် မှားယွင်းခြင်းမရှိခဲ့ပေ။
ခရီးတစ်ဝက်ခန့်အရောက်တွင် ဝါဒတောင်မှ ပေးပို့လာသော အရေးပေါ်သတင်းကို သူတို့ ရရှိခဲ့ကြသည်။
သို့သော် ပေးပို့သည့်သတင်းက ဘာမှန်းမသိဘဲ အတော်လေး မရေမရာဖြစ်နေလေရာ သူတို့စိတ်ထဲတွင် စိုးရိမ်ပူပန်ကြရတော့သည်။
သတင်းအရ “ရေစင်တောင်အောက်ရှိ ကောင်းကင်ချုပ်လှောင်ချောက်နက်တွင် ပြဿနာတစ်ခု ဖြစ်နေသည်” ဟု ဆို၏။
ထိုအဖြစ်အပျက်နှင့်အတူ ဝါဒတောင်ဧရိယာအတွင်း မိစ္ဆာနယ်မြေတစ်ခု ဖြစ်တည်လာသည်ဟုလည်း ဆိုပြန်သည်။
သူတို့အားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ရှင်းတုန်းဖင်းက အတော်လေးဟန်ဆောင်ကောင်းတာပဲ ၊ ပထမဆရာဦးလေးနဲ့ တခြားသူတွေတောင်မှ သူ့ကို လုံးဝသတိမထားမိခဲ့ဘူး မဟုတ်လား”
အလွန်အမင်းထိန်းချုပ်ခြင်းနှင့် ယုံကြည်မှုကင်းမဲ့ခြင်းက ပုန်ကန်မှုများကို ဖြစ်ပေါ်စေသည့် မူလအစဖြစ်သည်။ ထို့ကြောင့် ဝါဒတောင်က ဂိုဏ်းသားများကို အလွန်အမင်းထိန်းချုပ်ကာ သံသယဖြင့် စောင့်ကြည့်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သံသယဝင်သင့်သော ရှင်းတုန်းဖင်းနှင့် ဖန်ကျွင်းတို့ကဲ့သို့ လူပုဂ္ဂိုလ်များကို ပိုပြီးဂရုတစိုက်ရှိသင့်သည်ကတော့ အမှန်ပင်။
ရှီတိက အရှိန်ကိုပိုမြှင့်လိုက်ပြီး ရှေ့ဆက်သွားနေသည်။ သူ့အကြည့်များက ဝါဒတောင်တည်ရှိရာနေရာသို့ တစ်ချက်မလွှဲဘဲ စူးစိုက်ကြည့်နေ၏။
သူက...
“ငါတို့ သူ့ကိုစောင့်ကြည့်မလို့ ကြိုးစားတုန်းမှာပဲ အခုဖြစ်နေတဲ့ မငြိမ်မသက်မှုတွေ စဖြစ်လာတာပဲ ၊ အခု ဖန်ကျွင်းလည်း ဘယ်ရောက်နေလဲ မသိရဘူး ၊ ပြီးတော့ ငါတို့ဂိုဏ်းမှာ ထိပ်တန်းအဆင့် သိုင်းသမားတွေကလည်း နည်းနည်းပဲ ရှိတာလေ ၊ ဆရာကလည်း တံခါးပိတ်ကျင့်ကြံနေတော့ ဂိုဏ်းတူညီလေး’ရန်တိ’ကိုပဲ အားကိုးလို့ရတော့မယ်”
ရန်ကျောက်ကဲသည်လည်း ဝါဒတောင်တည်ရှိရာနေရာသို့ လှမ်းမျှော်ကြည့်ရင်း မျက်ခုံးများကို တွန့်ချိုးထားသည်။
“ဝါဒတောင်ရဲ့ သိုင်းကျမ်းစာကြည့်တိုက်လိုနေရာမျိုးမှာ ငရဲကိုးထပ်ကသူလျှိုရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ ၊ အဲဒီနေရာက ဂိုဏ်းတစ်ခုလုံးရဲ့ သိုင်းကျမ်းအမွေအနှစ်တွေ သိမ်းဆည်းစုဆောင်းထားတဲ့နေရာလေ ၊ တကယ့်ကြီးမြတ်တဲ့နေရာကြီး...”
***