သရုပ်မှန်ပေါ်ပြီ
Vol. 20 Ch. 285
ရန်တိနှင့် မိစ္ဆာသူတော်စင်ယွမ်ထျန်းတို့ ဝါဒတောင်တည်ရှိရာကောင်းကင်ထက်ရှိ သီးခြားနယ်မြေသို့ ရောက်ရှိလာသည့်အခါ ဝါဒတောင်ပင်မအစီအရင်သည်လည်း ချက်ချင်းအသက်ဝင်လာသည်။
ဝါဒတောင်၏ ပင်မတောင်ထွတ်ကြီးလည်းဖြစ် ၊ အစီအရင်ဗဟိုချက်လည်းဖြစ်သော မိုးထိတောင်မှ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက ရှည်လျားသောသက်တံ့များအလား ထွက်ပေါ်လာသည်။ ထိုသက်တံ့များက ကောင်းကင်ထက်သို့ စီးဆင်းသွားပြီး ရန်တိနှင့် ယွမ်ထျန်းတိုက်ခိုက်နေသော သီးခြားနယ်မြေနှင့် ပေါင်းစပ်သွားသည်။
ဝါဒတောင်ပင်မအစီအရင်က လေထုထဲသို့ အဆက်မပြတ်ချဲ့ထွင်ဝင်ရောက်သွားပြီး အဆုံးမရှိသော အကွာအဝေးတစ်ခုအထိ ဆန့်ထွက်သွားသည်။
မိုးထိတောင်အထက်ရှိလေထုက တုန်လှုပ်သွားပြီး ကျင့်ကြံသူအများစု မတွေ့မြင်နိုင်သော သလင်းကျောက်ပမာကြည်လင်သည့် ထောင့်မှန်စတုဂံ သီးခြားနယ်မြေတစ်ခု ဖြစ်တည်လာသည်။ ထိုနေရာ၏ အတိုင်းအဆ မည်မျှကျယ်ပြန့်သည်ကို မသိနိုင်ပေ။ ဝါဒတောင်ထက်ပင် အဆပေါင်း ရာထောင်ချီကြီးမားနိုင်ပြီး ကောင်းကင်ထက် ဗလာနယ်တစ်ခုလုံးတွင် နေရာအပြည့်ယူထားသည်။
ဝါဒတောင်ပင်မအစီအရင်နှင့် ချိတ်ဆက်မိသည့်အခါ ထိုထောင့်မှန်စတုဂံနယ်မြေက လက်ခနဲတစ်ချက်ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်။
မိုးထိတောင်ထက်တွင် မတ်တတ်ရပ်နေသည့် အဘိုးအို (၂)ယောက်က ကောင်းကင်ထက်သို့ အတူတကွ မော့ကြည့်လိုက်ကြသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်မြင့်မားမှုကြောင့် မိုးထိတောင်ထက်မှ သီးခြားနယ်မြေကို တွေ့မြင်နိုင်စွမ်း ရှိကြသည်။
ထိုအဘိုးအို (၂)ယောက်မှာ ဝါဒတောင်၏ဝါရင့်အကြီးအကဲများဖြစ်သော အကြီးအကဲ’ကျန်း’ ‘ကျန်းခွန်’ နှင့် သိုင်းကျမ်းစာကြည့်တိုင်၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ‘ရှင်းတုန်းဖင်း’ ပင် ဖြစ်သည်။
ဝါဒတောင်တွင် ကမ္ဘာကသိရှိထားသည့် ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းအပြင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် (၃)ယောက် ရှိနေသေးသည်။ တစ်ယောက်မှာ ယခုတံခါးပိတ်ကျင့်ကြံနေသည့် ယွမ်ကျန်းဖုန်းကို စောင့်ရှောက်ပေးနေသော အကြီးအကဲ’ဟယ်’ နှင့် ယခု ဤနေရာတွင် မတ်တတ်ရပ်နေသော အကြီးအကဲ’ကျန်း’နှင့် ‘ရှင်းတုန်းဖင်း’ ပင် ဖြစ်၏။
အကြီးအကဲ’ကျန်း’က ကောင်းကင်ထက်သို့မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
“အဲဒီလူက မိစ္ဆာသူတော်စင်ယွမ်ထျန်းပဲ ၊ ရန်တိက သူ့ကို ပြင်ပကမ္ဘာကနေ ဝါဒတောင်မဟာအစီအရင်ထဲ ဆွဲထည့်ခဲ့တယ် ၊ သူ ဘယ်လိုလုပ်လိုက်လဲဆိုတာမသိပေမယ့် ဒီလိုလုပ်တာ အန္တရယ်များလွန်းတယ် ၊ မိစ္ဆာသူတော်စင် ဝါဒတောင်နဲ့ နီးကပ်တဲ့နေရာကိုရောက်လာတာဟာ သူ မသေမချင်း ဒုက္ခအေးနိုင်မှာမဟုတ်ဘူး”
ရှင်းတုန်းဖင်းက မည်သည့်စကားမှမဆိုဘဲ ကော်းကင်ထက်သို့ မော့ကြည့်နေသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့က မိစ္ဆာသူတော်စင်ယွမ်ထျန်းကို ဝါဒတောင်သို့ ရွှေ့ပြောင်းလာမည်ဟု သူ လုံးဝထင်မထားခဲ့ပေ။
ရန်တိက သူခန့်မှန်းထားသည်ထက် အချိန်များစွာစောပြီး တောင်ပေါ်သို့ ပြန်ရောက်လာခဲ့သည်။
သို့သော် ရန်တိက မိစ္ဆာသူတော်စင်ကိုပါ သူနှင့်အတူ ခေါ်လာသည်ဖြစ်ရာ ရန်သူနှင့်တိုက်ခိုက်နေရသောကြောင့် အခြားကိစ္စများကို အာရုံစိုက်နိုင်ခြင်း မရှိသေးပေ။
တွေးရင်းဖြင့် ရှင်းတုန်းဖင်းက မြေပြင်ထက်သို့ခြေတစ်ချက်ဆောင့်လိုက်ပြီး ဝါဒတောင်ပင်မအစီအရင်ကို နှိုးဆွလိုက်သည်။
ထိုအခါ သူတို့ရှေ့တွင် ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ထိုမြင်ကွင်းထဲတွင် သီးခြားနယ်မြေအတွင်းမှ တိုက်ပွဲအခြေအနေကို တွေ့မြင်ရသည်။
မြင်ကွင်းထဲတွင် ရန်တိက ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝတ်ဆင်ထားပြီး အခြားသောသက်ရှိများအားလုံးထက် မြင့်မြတ်သူတစ်ယောက်ပမာ ခမ်းနားစွာတိုက်ပွဲဝင်နေသည်။ သူက ယွမ်ထျန်းကို အသာစီးဖြင့်ဖိနှိပ်ထားကြောင်း တွေ့ရသည့်အခါ အကြီးအကဲ’ကျန်း’နှင့် ရှင်းတုန်းဖင်းတို့ အံ့အားသင့်သွားကြသည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် ဝါဒတောင်ပင်မအစီအရင်၏ အားဖြည့်မှု ပေါင်းစပ်လိုက်သည့်အခါ ရန်တိ၏စွမ်းအားက တဖြည်းဖြည်း ပိုမိုမြင့်မားလာသည်။
သို့သော် ဝါဒတောင်သို့ ဝင်ရောက်လာမည့်ပြင်ပရန်သူများကို ကာကွယ်ရန်အတွက် ရန်တိက ပင်မအစီအရင်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုခြင်း မရှိပေ။ သီးခြားနယ်မြေကိုတည်ငြိမ်စေရန်နှင့် ယွမ်ထျန်းကို ထောင်ချောက်ဆင်ပိတ်ဆို့ထားရန်အတွက်သာ အစီအရင်စွမ်းအားကို အသုံးပြုထားသည်။ ရန်တိ၏လက်ထဲတွင် ကောင်းကင်နဂါးဓားကိုကိုင်ဆောင်ထားပြီး ဓားတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ယွမ်ထျန်းမှာ နောက်သို့ အဆက်မပြတ်ဆုတ်ခွာနေရသည်။
ထိပ်တန်းအဆင့်သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော မိစ္ဆာသူတော်စင်သည်ပင် ရန်တိ၏စွမ်းအားကို မယုံကြည်နိုင် ဖြစ်ရသည်။
သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ပြီးနောက်ပိုင်း ယွမ်ထျန်းအနေဖြင့် ဤသို့နှယ်ဆိုးရွားသည့်အခြေအနေမျိုး တစ်ခါမှမကြုံဖူးခဲ့ပေ။
အကြီးအကဲ’ကျန်း’က ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ရန်တိသာ အဲဒီအန္တရယ်ကောင် မိစ္ဆာသူတော်စင်ကို အချိန်တိုအတွင်းသုတ်သင်လိုက်နိုင်ရင် အားလုံးအဆင်ပြေသွားမယ်... အင်း... အဲဒါက ဖြစ်နိုင်ပါ့မလား မသိဘူး”
ရှင်းတုန်းဖင်းက...
“အမှန်ပဲ... မြန်လေကောင်းလေပေါ့ ၊ အချိန်ကြာသွားရင် အခြေအနေအပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်”
သူ့စကားအဆုံးသတ်သွားချိန် ဝါဒတောင်ကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။
အကြီးအကဲ’ကျန်း’က မျက်မှောင်တစ်ချက်ကြုတ်ရင်း အနောက်ဘက်တောင်တန်းများဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က နှင်းများဖုံးလွှမ်းနေသော ရေစင်တောင်ဆီသို့ ကျရောက်သွားသည်။
“ကောင်းကင်ချုပ်လှောင်ချောက်နက်မှာ ဘာဖြစ်နေလဲ မသိဘူး”
ရေစင်တောင်တည်ရှိရာနေရာတွင် ငလျင်များပြင်းထန်စွာလှုပ်ခတ်နေပြီး ကျယ်လောင်သည့်အသံကြီးများပါ ထွက်ပေါ်လာကာ ဝါဒတောင်တစ်ခုလုံး တုန်ခါသွားခြင်း ဖြစ်သည်။
အကြီးအကဲ’ကျန်း’က ရေစင်တောင်တည်ရှိရာနေရာသို့ လှမ်းကြည့်ရင်း...
“ဂိုဏ်းတူညီလေး’ကုန်း’က ကောင်းကင်ချုပ်လှောင်ချောက်နက်ကို စောင့်ကြပ်နေတာ ၊ အခု အဲဒီမှာ ဘာများဖြစ်လဲ မသိဘူး”
ရှင်းတုန်းဖင်းက တည်ငြိမ်စွာဖြင့်...
“ဘာတွေပဲဖြစ်လာဖြစ်လာ အမြန်ဆုံးဖြေရှင်းဖို့ ကြိုးစားရမှာပဲ”
သူက ဆက်ပြောသည်။
“အခု ဖန်ကျွင်းပျောက်နေတယ် ၊ သူ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး ၊ အခုချိန်မှာ စွပ်စွဲပြောဆိုလို့မကောင်းသေးပေမယ့် သူ ဂိုဏ်းကိုသစ္စာဖောက်သွားပြီဆိုရင် လက်ခံနိုင်ဖို့ ငါတို့အားလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”
သူက အကြီးအကဲ’ကျန်း’ကို ကြည့်ရင်း...
“အဲဒီနေရာမှာ ဖန်ကျွင်းကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှမရှိဘူး ၊ ဂိုဏ်းတူညီလေး’ကုန်း’က လည်း ဖန်ကျင်းကို တားဆီးနိုင်မှာမဟုတ်ဘူး ၊ ငါတို့ထဲကတစ်ယောက် အဲဒီကိုသွားကြည့်သင့်တယ် ၊ တစ်ယောက်က ဒီနေရာမှာကျန်ခဲ့ပြီး ရန်တိကို ကူညီပေးရမယ်”
အကြီးအကဲ’ကျန်း’က ရှင်းတုန်းဖင်းကို လေးနက်သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ရှင်းတုန်းဖင်း၏ မျက်ဝန်းများက တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှမရှိဘဲ ပုံမှန်အတိုင်းပင်ဖြစ်သည်။ ထိုမျက်ဝန်းများနောက်ကွယ်တွင် မည်သည့်အတွေးများရှိနေကြောင်း ခန့်မှန်းမရနိုင်ပေ။
ဝါဒတောင်တွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျိုများ ရှိနေဆဲဖြစ်ပြီး သံသယဖြစ်စရာအကောင်းဆုံးလူများမှာ သူ့နံဘေးမှ ရှင်းတုန်းဖင်းနှင့် ဖန်ကျွင်းတို့ ဖြစ်ကြသည်။
အကြီးအကဲ’ကျန်း’နှင့် ရှင်းတုန်းဖင်းတို့က နှစ်ပေါင်းများစွာသိကျွမ်းခဲ့ကြသော ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသည်။ ထို့ကြောင့် အကြီးအကဲ’ကျန်း’က ဂိုဏ်းတူအစ်ကိုဖြစ်သူရှင်းတုန်းဖင်းကို သံသယဝင်ရန် ဝန်လေးနေသည့်တိုင် သတိဆိုသည်ကတော့ ပိုသည်မရှိပေ။
ယခု ရှင်းတုန်းဖင်းက မည်သူသွားမည်ကိုမဆုံးဖြတ်ဘဲ ရွေးချယ်ခွင့်ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် သံသယအနည်းငယ် လျော့ပါးစေသည်။ ခဏမျှစဉ်းစားပြီးနောက် အကြီးအကဲ’ကျန်း’က ဆုံးဖြတ်ချက်ချလိုက်၏။
“ဒါဖြင့် ဂိုဏ်းတူအစ်ကို ‘ရှင်း’ ဒီမှာစောင့်နေလိုက်လေ ၊ ငါ ရေစင်တောင်ကို သွားကြည့်မယ်”
ယခုအချိန်တွင် ရှင်းတုန်းဖင်းထက် ဖန်ကျွင်းက သံသယဝင်စရာ ပိုကောင်းနေသည်။ ထို့ပြင် အခြေအနေများက အရေးပေါ်ဖြစ်နေပြီး လူအင်အားကလည်းနည်းပါးသည့်အတွက် အကြီးအကဲ’ကျန်း’က ရှင်းတုန်းဖင်းကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သတိထားနေရဆဲပင်။
ရှင်းတုန်းဖင်းကို ရေစင်တောင်သို့သွားခွင့်ပြုလိုက်ပါက စိတ်တိုင်းကျလှုပ်ရှားခွင့်ပေးလိုက်သလို ဖြစ်သွားနိုင်သည်။ သူသာ သစ္စာဖောက်တစ်ယောက်ဖြစ်နေပါက သေချာပေါက် ပြဿနာကြီးမားသွားပေလိမ့်မည်။ သူက ရေစင်တောင်သို့မသွားဘဲ ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာနေရာသို့ သွားရောက်ဒုက္ခပေးပါက ထိုနေရာတွင်ရှိနေသည့် အကြီးအကဲ’ဟယ်’ အနေဖြင့် ရှင်းတုန်းဖင်းကို တားဆီးနိုင်မည် မဟုတ်ပေ။
ရှင်းတုန်းဖင်းကို ဤနေရာတွင် ချန်ထားခဲ့ခြင်းက အခြေအနေကို စောင့်ကြည့်နေရုံမှလွဲပြီး ဘာမှလှုပ်ရှားနိုင်မည် မဟုတ်ပေ။ ဝါဒတောင်၏ပင်မအစီအရင်ထိန်းချုပ်မှုက ရန်တိလက်ထဲတွင် ရှိနေသည်ဖြစ်ရာ ပြဿနာများစွာ မရှိနိုင်ပေ။
သူ ရေစင်တောင်သို့သွားရောက်စဉ် ရှင်းတုန်းဖင်းက ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာသို့ သွားရောက်ပြဿနာရှာမည်ဆိုလျှင်လည်း သူနှင့်အကြီးအကဲ’ဟယ်’တို့လက်တွဲပြီး တားဆီးနိုင်မည် ဖြစ်၏။
သူ့စကားကိုကြားတော့ ရှင်းတုန်းဖင်းက ခေါင်းညိတ်ရင်း...
“ကောင်းပြီ ၊ ဒါဖြင့် အမြန်သွားတော့...”
အကြီးအကဲ’ကျန်း’ ထွက်ခွာသွားသည်။
ရှင်းတုန်းဖင်းက အကြီးအကဲ’ကျန်း’ ၏ ကျောပြင်ကိုကြည့်ရင်း ခပ်ပါးပါးတစ်ချက် ပြုံးလိုက်၏။ ထို့နောက် သူက ခေါင်းကိုလှည့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ထို့နောက် သူ့ခြေထောက်အောက်ရှိ ဝါဒတောင်ကို ငုံ့ကြည့်ရင်း သူ့မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားသည်။
ထို့နောက် သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ရေစင်တောင်ဆီသို့လှမ်းကြည့်ရင်း ထိန်းမထားနိုင်တော့ဘဲ တဟားဟားအော်ဟစ်ရယ်မောလိုက်လေတော့၏။
ထိုနေရာတွင် ကောင်းကင်ထက်သို့ ရုတ်တရက် မြင့်တက်လာသည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စွမ်းအားပြင်းထန်လွန်းပြီး မိုးမြေကိုပင်မှောက်လှန်ပစ်နိုင်စွမ်းရှိသော လက်သီးသိုင်းဝိညာဉ်တစ်ခုလည်း ထွက်ပေါ်လာသည်။ ထိုဓားဝိညာဉ်နှင့် လက်သီးသိုင်းဝိညာဉ်တို့ ကောင်းကင်ယံတွင် ထိပ်တိုက်တွေ့သွားကြပြီး မိုးမြေတစ်ခွင်လုံး သိမ့်သိမ့်တုန်သွားလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီးနောက် ရှင်းတုန်းဖင်းက ခေါင်းတစ်ချက်ညိတ်ရင်း ကောင်းကင်ထက်သို့ ခြေတစ်လှမ်းချင်း လမ်းလျှောက်တက်သွားသည်။
သူက လမ်းလျှောက်ရင်း လက်ကိုဆန့်ထုတ်ကာ များပြားလှစွာသော အင်းသင်္ကေတများကို ရေးဆွဲလိုက်သည်။
မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ လေထုထဲတွင်ထွက်ပေါ်လာပြီး တောက်ပသောအလင်းရောင်များနှင့် တုန်လှုပ်ချောက်ချားဖွယ်ရာ ရောင်ဝါများထွက်ပေါ်လာကာ အစီအရင်တစ်ခု ဖြည်းညင်းစွာ ဖြစ်တည်လာသည်။
ထိုအစီအရင်က ဝါဒတောင်ကိုစောင့်ရှောက်သည့် ပင်မအစီအရင်အတွင်းသို့ ဖြည်းဖြည်းချင်း စီးဝင်ပေါင်းစပ်သွားသည်။
ထိုအခါ ဝါဒတောင်ပင်မအစီအရင် ဗဟိုချက်နေရာသည် ချက်ချင်း ကမောက်ကမ ပရမ်းပတာ ဖြစ်သွားတော့၏။
ထိုမြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေသည့် ရှင်းတုန်းဖင်း၏ပုံရိပ်က ရုတ်တရက် လှုပ်ခါသွားသည်။ သူ၏ သွေးကြောဆုံချက်များက ခုန်လှုပ်လာပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရများက မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ လေထဲသို့ တစ်ခုပြီးတစ်ခု ပျံတက်သွားသည်။
ထိုဝိညာဉ်သင်္ကေတများက အစီအစဉ်တကျပေါင်းစပ်သွားပြီး ရှည်လျားသည့်မျှော်စင်ကြီးတစ်ခုပမာ ပလ္လင်တစ်ခု ဖြစ်တည်လာကာ ရှင်းတုန်းဖင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
နောက်ဆုံး ထိုပလ္လင်ထက်တွင် အလင်းရောင်တစ်ချက်လင်းလက်လာပြီး ရှည်လျားကြီးမားသည့် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်ကြီးက အထက်ဘဝဂ် ၊ အောက်အဝီဇိတိုင် ထိုးဖောက်ဝင်ရောက်တော့မည့်အလား ထင်မှတ်ရ၏။
ရှင်းတုန်းဖင်းက သူ့လက်များကို ဆန့်တန်းလိုက်သည့်အခါ ပလ္လင်ထက်မှ ဧရာမပုံရိပ်ကြီးကလည်း သူလုပ်သည့်အတိုင်း လက်များကို ဆန့်တန်းလိုက်သည်။ ထို့နောက် လက်များကို ပြင်းထန်သည့်စွမ်းအားတစ်ခုဖြင့် ဘေးသို့ ဖြန့်ကားလိုက်၏။
ဝါဒတောင်ပင်မအစီအရင် လှုပ်ခါသွားပြီး လေထဲတွင် တံခါးတစ်ချပ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သလင်းကျောက်ပမာကြည်လင်သည့် ထောင့်မှန်စတုဂံသီးခြားနယ်မြေသည်လည်း မြင်သာထင်သာ ပြန်လည်ထွက်ပေါ်လာသည်။
လေထဲမှတံခါးချပ်က သီးခြားနယ်မြေသို့ဝင်ရောက်ရန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်၏။
ရန်တိက ရှင်းတုန်းဖင်းကို တံခါးဖွင့်ပေးလိုက်ခြင်းမဟုတ်ပေ။ ရှင်းတုန်းဖင်းက အစီအရင်ပညာအသုံးပြုပြီး သူကိုယ်တိုင်တံခါးတစ်ချပ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ရှင်းတုန်းဖင်းက ခြေလှမ်းကျဲကြီးများဖြင့် တံခါးအတွင်း ဝင်ရောက်သွားသည်။ သူက များစွာသောဝိညာဉ်သင်္ကေတများကိုလည်း မရပ်မနားရေးဆွဲနေပြီး ဝါဒတောင်ပင်မအစီအရင်နှင့် ပေါင်းစပ်သွားသော သူ၏အစီအရင်ကို ပိုမိုအားကောင်းအောင် ပြုလုပ်နေသည်။
တဖြည်းဖြည်း ရှင်းတုန်းဖင်း၏ ကိုယ်ပိုင်အစီအရင်သာမက ဝါဒတောင်ပင်မအစီအရင်တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းပါ သူ့ထံသို့ ရောက်ရှိလာသည်။
သီးခြားနယ်မြေထဲတွင် ယွမ်ထျန်းကို အသာစီးဖြင့် ဖိနှိပ်တိုက်ခိုက်နေသောရန်တိသည် ရှင်းတုန်းဖင်းကို လှည့်ကြည့်လိုက်သည်။
ဝါဒတောင်ပင်မအစီအရင်ထိန်းချုပ်နိုင်စွမ်းမှာ သူ့ထံမှ တဖြည်းဖြည်း ယုတ်လျော့သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
ရှင်းတုန်းဖင်းက သိမ်မွေ့သည့်လေသံဖြင့်...
“သိုင်းကျမ်းစာကြည့်တိုက်မှာ နှစ်ပေါင်းများစွာ လုံ့လစိုက်ထုတ်ခဲ့ရတဲ့ ခါးသီးတဲ့နှစ်တွေရဲ့ အကျိုးကျေးဇူးတွေပေါ့ကွာ ၊ ငါ အစီအရင်ပညာကို အထွတ်ထိပ်အဆင့် ကျွမ်းကျင်လာခဲ့တယ်လေ”
***