သိုင်းဆရာသခင်တွေကြားမှာ ငါကပြိုင်ဘက်ကင်း
Vol. 20 Ch. 286
ရန်တိ မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
ဝါဒတောင်ပင်မအစီအရင်တွင် အပြောင်းအလဲများဖြစ်ပေါ်လာသည်ကို ခံစားရပြီး သူ၏အစီအရင်ကိုထိန်းချုပ်နိုင်စွမ်းက ရှင်းတုန်းဖင်းထံသို့ တဖြည်းဖြည်းကူးပြောင်းနေသည်ကို ခံစားရသည်။
ရှင်းတုန်းဖင်းက ရန်တိကို လှောင်ပြောင်သရော်သည့်အမူအရာဖြင့် ကြည့်ရင်း...
“ဒီအဘိုးကြီးက ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံမယ့်အချိန်ကို စောင့်နေတာ ကြာခဲ့ပြီ ၊ ဒီနေ့တော့ ငါစောင့်နေတဲ့နေ့ရက်ကို အောင်အောင်မြင်မြင် ရောက်ခဲ့ပြီပေါ့”
သူက ဆက်ပြောသည်။
“ရန်တိ... မင်းသိလား ၊ မင်းတောင်ပေါ်ရောက်လာကတည်းက မင်း အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ ယွမ်ကျန်းဖုန်းတင်မဟုတ်ဘူး ငါလည်း သတိထားခဲ့မိတယ် ၊ အခု နှစ်တွေကြာလာတော့ ငါတို့နှစ်ယောက်လုံး အမြင်မမှားဘူးဆိုတာ မင်းက သက်သေပြနိုင်ခဲ့တယ် ၊ ဒါတောင်မှ ဒီနေ့တော့ ငါမင်းကို လျှော့တွက်မိနေတုန်းပဲဆိုတာ သိလိုက်ရတယ်”
“မင်းရှိနေတဲ့အတွက် ယွမ်ကျန်းဖုန်းက အေးအေးဆေးဆေး တံခါးပိတ်ကျင့်ကြံနိုင်ခဲ့တာပဲ ၊ သူ မအောင်မြင်ခဲ့ရင်တောင် ဝါဒတောင်အတွက် ဆက်ခံသူကောင်းတစ်ယောက်ရှိနေပြီဆိုပြီး စိတ်ချထားနိုင်ပြီလေ ၊ ဒါပေမဲ့ ဒီအဘိုးကြီးကတော့ ယွမ်ကျန်းဖုန်းတံခါးပိတ်ကျင့်ကြံမယ့်အချိန်ကိုစောင့်နေခဲ့တာ ၊ အခုတော့ အချိန်ကျပြီပေါ့ကွာ...”
ပြောပြီးသည်နှင့် ရှင်းတုန်းဖင်းက လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ဖဝါးများထက်တွင် နက်နဲရှုတ်ထွေးသော ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။ ဝိညာဉ်သင်္ကေတများက တဖျတ်ဖျတ်တောက်ပနေပြီး ဝါဒတောင်ပင်မအစီအရင်ကို အဆက်မပြတ်အားဖြည့်ပေးနေကာ စွမ်းအားများက အဆုံးမရှိသော စမ်းချောင်းတစ်ခုပမာ မြင့်တက်လာသည်။
ရှင်းတုန်းဖင်း၏ကြယ်တာရာချီစွမ်းအားများသည်လည်း စက္ကန့်နှင့်အမျှ မြင့်တက်လာသည်။
“မင်းလာတာနောက်ကျတယ်”
ယွမ်ထျန်းက သူ့လက်ထဲမှ ကြာပွတ်ရှည်ကိုဝှေ့ယမ်းကာ ရန်တိကို တိုက်ခိုက်ရင်း ရှင်းတုန်းဖင်းကို လှမ်းပြောလိုက်သည်။
သူ၏ကြာပွတ်ရှည်က နဂါးကြီးတစ်ကောင်အလား ကောင်းကင်ထက်တွင် လူးလွန့်သွားသည်။
ရှင်းတုန်းဖင်းက...
“စိတ်အေးအေးထားပါ မိစ္ဆာသူတော်စင် ၊ မြန်ဖို့ထက် ဖြည်းဖြည်းမှန်မှန်ဖြစ်ဖို့က ပိုပြီးအရေးကြီးပါတယ် ၊ ပြီးတော့ ငါ မင်းကိုပေးမယ်လို့ပြောထားတဲ့ ပစ္စည်းတွေရော လုပ်ပေးရမယ့်ကိစ္စတွေရော အကုန်လုပ်ပေးပါ့မယ် ၊ စိတ်အေးအေးသာထားစမ်းပါ...”
ရန်တိက ယွမ်ထျန်း၏ကြာပွတ်ကို သူ၏ဓားဖြင့် ခတ်ထုတ်လိုက်ရင်း ရှင်းတုန်းဖင်းကို စူးစိုက်ကြည့်လိုက်သည်။
“ဆရာဦးလေး’ရှင်း’ ၊ လက်စသတ်တော့ ဝါဒတောင်ရဲ့သစ္စာဖောက်က ခင်ဗျားကိုး ၊ လူတွေပြောနေကြတဲ့ ချောက်နက်အရှင်သခင်ဆိုတာလည်း ခင်ဗျားပဲလား”
ရန်တိ၏မျက်ဝန်းများက ရိုးရှင်းကြည်လင်နေသော်လည်း လေးနက်မှုများနှင့်အတူ တဖျတ်ဖျတ်တောက်ပလျှက် ရှိသည်။
ထိုအချိန် ဝါဒတောင်ပင်မအစီအရင်က ပြင်းထန်စွာ ပုံပျက်သွားသည်။ ရန်တိနှင့် ရှင်းတုန်းဖင်းတို့၏ စိတ်စွမ်းအား (၂)ခုဖြင့် အပြိုင်ဆွဲငင်နေခြင်းကို ခံရသည့်အတွက် အချိန်မရွေး ပြိုကွဲသွားမည့် အနေအထားတွင် ရှိနေသည်။
ရန်တိနှင့် ရှင်းတုန်းဖင်းတို့က ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်မှုရရှိရန် ပြင်းထန်သောစွမ်းအားပြိုင်ဆိုင်မှုများ စတင်ပြုလုပ်နေကြသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မိစ္ဆာသူတော်စင်ယွမ်ထျန်းက ခံစစ်နေအထားမှ ပြန်လည်အားကောင်းလာကာ ရန်တိကို ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်လိုက်သည်။
ယွမ်ထျန်းအနေဖြင့် ရန်တိ၏ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို ထိပ်တိုင်ရင်ဆိုင်မည်ဆိုလျှင် ပညာမဲ့ရာကျသည်။
ယခုတော့ ရန်တိက ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်နိုင်ရန် ရှင်းတုန်းဖင်းနှင့် အားပြိုင်နေရသောကြောင့် ယွမ်ထျန်းအတွက် အခွင့်အရေးရသွားသည်။ အစီအရင်ကို မည်သူထိန်းချုပ်နိုင်မည်လဲဆိုသည့်အဖြေက တိုက်ပွဲအခြေအနေကို အဆုံးအဖြတ်ပေးမည် ဖြစ်၏။
ထို့ကြောင့် ယွမ်ထျန်းအနေဖြင့် ရန်တိကို အရှုံးပေးရသည့်တိုင် ရှင်းတုန်းဖင်း အစီအရင်ကို အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် အရင်ဆုံးကူညီပေးရန် ဆုံးဖြတ်ထားသည်။
ရန်တိကတော့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို တွန်းအားပေးအသုံးပြုကာ ယွမ်ထျန်းကို တိုက်ခိုက်နေရပြီး အစီအရင်ကို ထိန်းချုပ်ရန်အတွက် ရှင်းတုန်းဖင်းနှင့် အားပြိုင်နေရလေရာ သူ့အခြေအနေက မတည်မငြိမ်ဖြစ်သွားပြီး အသာစီးရမှုကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်။
ရှင်းတုန်းဖင်းက အလျင်စလိုမရှိပေ။
သူက စိတ်ကိုတည်ငြိမ်စေပြီး ဖြည်းညင်းစွာ စကားဆိုသည်။
“ဒီအဘိုးကြီးက ချောက်နက်အရှင်သခင်မဟုတ်ဘူးလို့ပြောရင် မင်းယုံမှာလား... ရန်တိ ၊ ပြီးတော့ ဖန်ကျွင်း... သူက ဒီအဘိုးကြီးနဲ့ ကြံရာပါလို့ မင်း မထင်ဘူးလား”
ရန်တိအတွက် ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားပါက အချိန်ကြာကြာတောင့်ခံနိုင်မည်မဟုတ်ဘဲ တဖြည်းဖြည်း အခြေအနေဆိုးရွားလာမည် ဖြစ်သည်။
သို့ပေသိ ရန်တိမျက်နှာကတည်ငြိမ်နေပြီး တစ်ချက်ပျက်ယွင်းခြင်း မရှိပေ။
“အခု သစ္စာဖောက်က ခင်ဗျားမှန်းသိလိုက်ရပြီဆိုတော့ ဒီကိစ္စက ဒုတိယဂိုဏ်းတူအစ်ကိုနဲ့ ဘာမှမဆိုင်ဘူးဆိုတာ သိလိုက်ရပါပြီ ၊ ဒါနဲ့ ခင်ဗျားက ဒုတိယဂိုဏ်းတူအစ်ကိုသုတေသနလုပ်ထားတဲ့ မှတ်တမ်းတွေအတိုင်း လိုက်လုပ်ခဲ့တာလား”
ရှင်းတုန်းဖင်းက မချိတင်ကဲဖြင့် တောက်တစ်ချက်ခေါက်လိုက်ရင်း...
“မင်း ၊ ရှီတိနဲ့ ဖန်ကျွင်းတို့ဟာ ဝါဒတောင်ရဲ့သူရဲကောင်းဆိုတဲ့နာမည်နဲ့ တကယ့်ကို ထိုက်တန်တယ်ကွာ ၊ ယွမ်ကျန်းဖုန်းက တပည့်ရွေးတဲ့နေရာမှာတော့ ငါ့ထက်သာတယ်ဆိုတာ ဝန်ခံရမယ် ၊ ရှီတိက အဆောက်အဦးတစ်ခုရဲ့ အခြေခံအုတ်မြစ်ဆိုရင် မင်းနဲ့ ဖန်ကျွင်းက အဓိကထောက်တိုင်တွေပါပဲ ၊ မင်းကတော့ အဆောက်အဦးရဲ့ အမြင့်ကိုအဆုံးအဖြတ်ပေးတဲ့ ခေါင်မိုးလည်း ဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“ဖန်ကျွင်းက စွမ်းအားနဲ့အရည်အချင်းမှာ မင်းလောက်မတော်ပေမယ့် သူက ရှားရှားပါးပါး အရမ်းဉာဏ်ကောင်းလွန်းတယ် ၊ သတ္တိရှိရှိလည်းတွေးတတ်ခေါ်တတ်တယ် ၊ သတ္တိလည်းရှိသလို သတိလည်းအတော်ကောင်းတယ် ၊ ငရဲကိုးထပ်အကြောင်းလေ့လာဖို့ဆိုရင် ဘယ်သူမှမဝံ့ရဲကြဘူး ၊ အမြဲတမ်းတွန့်ဆုတ်နေကြတယ် ၊ ဖန်ကျွင်းတစ်ယောက်ကတော့ ငရဲကိုးထပ်အကြောင်း နက်နက်နဲနဲကို လေ့လာခဲ့တာ ၊ တခြားသူတွေအတွက် တားမြစ်ထားတဲ့အရာတစ်ခုကို သူကတော့ သတ္တိရှိရှိ စူးစမ်းလေ့လာခဲ့တယ်”
ရှင်းတုန်းဖင်းက သက်ပြင်းတစ်ချက်ချရင်း...
“ပိုပြီးအရေးကြီးတာက သူ့ရဲ့ သုတေသနနဲ့ စုံစမ်းရှာဖွေမှုတွေမှာ တကယ့်ရလဒ်ကောင်းတွေကို တွေ့မြင်ရတယ် ၊ ဒီအဘိုးကြီး ဒီနေ့ရှာဖွေတွေ့ရှိခဲ့တဲ့အရာအတော်များများက ဖန်ကျွင်း အစောပိုင်း သုတေသနလုပ်ထားတာတွေအပေါ် အခြေခံထားတာပဲ”
ရန်တိက သူ၏ဓားကိုထိုးခွင်းကာ ကောင်းကင်ကို နှစ်ပိုင်းခွဲလိုက်ပြီး ယွမ်ထျန်း၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်တီးထားသည့် အနက်ရောင်တိမ်တိုက်များကို ဖြိုခွင်းလိုက်သည်။
သူက ညင်သာသည့်လေသံဖြင့်...
“ဒုတိယဂိုဏ်းတူအစ်ကိုကို လေးစားဖို့ကောင်းတာက သူကစိတ်ဓာတ်ခိုင်မာခြင်းအပြင် သူ့အပေါ် တခြားသူတွေ သံသယဝင်မှာကိုလည်း မကြောက်ခဲ့ဘူး ၊ သူ ငရဲကိုးထပ်အောက်ခြေအထိ နစ်မြုပ်တော့မယ့်အချိန်မှာ မြင်းဇက်ကြိုးကို အချိန်မီဆွဲပြီး ပြန်တက်လာနိုင်ခဲ့တယ် ၊ သူက အရမ်းသတ္တိရှိပြီး ဘာလုပ်ရမယ် ဘာမလုပ်ရဘူးဆိုတာကို ပိုင်းခြားသိမြင်သူလည်း ဖြစ်တယ်”
ရှင်းတုန်းဖင်းက...
“ဒါပေမဲ့ အမှန်တရားက မပြောင်းလဲနိုင်ပါဘူး ၊ တကယ်တော့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ဖန်တီးသူအစစ်အမှန်ဟာ ဖန်ကျွင်းပါပဲလေ...”
သူက ဆက်ပြောသည်။
“ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကလူတွေ ဘာလို့ ငါတို့ဂိုဏ်းထဲကိုပဲ ထိုးဖောက်ဝင်ရောက်နေကြသလဲ သိလား ၊ ဘာလို့လဲဆိုတော့ ဒီနေရာက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း မြစ်ဖျားခံရာ ဖြစ်နေလို့ပဲ”
ရှင်းတုန်းဖင်း ခေါင်းငုံ့ကြည့်လိုက်သည်။ ဗလာနယ်လေထုကို ဖြတ်ကျော်ကာ ဝါဒတောင်ကို တွေ့မြင်နေရသည့်အလား စူးစူးစိုက်စိုက်ကြည့်နေသည်။
ထို့နောက် သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ချရင်း...
“ငါ့ရဲ့ အကြီးမားဆုံးဆန္ဒက ဝါဒတောင်ဂိုဏ်းချုပ် ဖြစ်လာဖို့ပါပဲ ၊ အခု စဉ်းစားကြည့်လိုက်တော့ အဲဒါက အရေးမကြီးတော့ပါဘူး ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ပြီးတဲ့နောက် ဒီအဘိုးကြီး ရရှိခဲ့တာတွေ အများကြီးပဲ ၊ ဒီတော့ ဝါဒတောင်ကိုဖျက်ဆီးပစ်ရလည်း ကိစ္စမရှိတော့ဘူး”
သူက ရန်တိကို လှမ်းကြည့်ကာ ပြုံးလိုက်ရင်း...
“ဒီနေ့ ဒီအဘိုးကြီး မအောင်မြင်ခဲ့ရင်တောင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ဇာစ်မြစ်က ဝါဒတောင်ကဖြစ်တယ်ဆိုတဲ့သတင်းက တောတောင်ရေမြေကမ္ဘာအနှံ့ ပျံ့နှံ့သွားလိမ့်မယ် ၊ နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာကထွက်လာတဲ့အချိန် ဒီသတင်းသာကြားရင် အရမ်းဝမ်းသာသွားမှာပဲ ၊ ဒီသတင်းက ဟွမ်ကွမ်လီအတွက်တော့ ဝါဒတောင်ကိုတိုက်ခိုက်ဖို့ အကောင်းဆုံးအကြောင်းပြချက်တစ်ခု ဖြစ်လာလိမ့်မယ်”
ရှင်းတုန်းဖင်းသည် သူ၏အကြံအစည်များကို နှစ်ပေါင်းများစွာ အကျအန ပြင်ဆင်ထားခဲ့သူ ဖြစ်သည်။ သူက ဝါဒတောင်ပင်မအစီအရင်ကို ရန်တိထက်ပင် ပိုမိုနက်ရှိုင်းစွာနားလည်နေခဲ့သည်။ အချိန်ခဏအတွင်း ပင်မအစီအရင် ထိန်းချုပ်နိုင်စွမ်း ထက်ဝက်ကျော်က ရှင်းတုန်းဖင်းလက်ထဲသို့ ကျရောက်သွားခဲ့၏။
အစီအရင်ကိုထိန်းချုပ်နိုင်မှု သူ့လက်ထဲရောက်လာသည်ကို သိရှိသည်နှင့် ရှင်းတုန်းဖင်းက စတင်လှုပ်ရှားလိုက်သည်။
သိမ်မွေ့သည့်ဓားအလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး ရန်တိကို ခုတ်ပိုင်းချလိုက်သည်။ ဓားရောင်တစ်ဝက်က နက်မှောင်ပြီး ကျန်တစ်ဝက်က ကြည်လင်တောက်ပလျှက်ရှိသည်။ ထိုဓားအလင်းတန်းက မိုးမြေတစ်ခုလုံးကို တစ်သားတည်းကျအောင် လွှမ်းခြုံသွားသည်။
ရန်တိ၏ မျက်ဝန်းများထဲမှ အေးစက်သောအလင်းရောင်များ ထွက်ပေါ်လာသည်။
သူက လက်နှစ်ဖက်ကို ဖြည်းညင်းစွာဖြန့်လိုက်ရင်း ကြယ်တာရာသန့်စင်ချီဝတ်ရုံကို သူ့ခန္ဓာကိုယ်မှ ခေတ္တဖယ်ထုတ်လိုက်သည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံ တုန်လှုပ်သွားပြီး ထိုအရာက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံလျှက် မိစ္ဆာသူတော်စင်ကို လှုပ်ရှားမရအောင် ပိတ်ဆို့ထားလိုက်သည်။
ယွမ်ထျန်းကို ခဏမျှထိန်းထားနိုင်မည်ဖြစ်သော်လည်း ရန်တိအတွက် လုံလောက်ပြီ ဖြစ်သည်။
ရန်တိ၏ခန္ဓာကိုယ်ပတ်လည်တွင် အသင်္ချေသော ဝိညာဉ်သင်္ကေတများလှည့်ပတ်ထွက်ပေါ်လာပြီး ပလ္လင်တစ်ခု ဖြစ်တည်လာသည်။ ထိုပလ္လင်က ကြီးကျယ်ခမ်းနားပြီး ကောင်းကင်ကိုးထပ်မှ နတ်ပလ္လင်တစ်ခုအလား ထင်မှတ်ရသည်။
ထိုပလ္လင်က ရန်တိ၏ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်း ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသည့် “အတိုင်းအဆမဲ့ကောင်းကင်ပလ္လင်” ဖြစ်၏။
ရန်တိ၏အသံက အတိုင်းအဆမဲ့ကောင်းကင်ပလ္လင်ထက်မှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ဟွမ်ကွမ်လီ တကယ်တမ်းလာတိုက်ချင်ရင် ဘာအကြောင်းပြချက်မှ မလိုပါဘူး ၊ ငါတို့ ဝါဒတောင် အင်အားနည်းနေတာကိုက သူလာတိုက်ရတဲ့ အကြောင်းပြချက် ဖြစ်နေပါပြီ”
သူက ဆက်ပြောသည်။
“အဟက်... ဒီအစွန်းရောက်ရှစ်ပါးကမ္ဘာမှာ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမအပြင် ခင်ဗျားနဲ့ မိစ္ဆာသူတော်စင် မရှိတော့ရင် အတော်လေး သာယာနေပြီ...”
ထိုခဏတွင် ပတ်ဝတ်းကျင်မှ အလင်းရောင်များ ခေတ္တမှိန်ဖျော့သွားပြီး ရန်တိဖန်ဆင်းထားသော အတိုင်းအဆမဲ့ကောင်းကင်ပလ္လင်ထက်တွင် ကြီးမားသောဧရာမပုံရိပ်ကြီးတစ်ခု မြင့်မားစွာထွက်ပေါ်လာသည်။
ရန်တိက သူတို့ဦးခေါင်းများထက်မှ စကားပြောနေသည့်အလား ထင်မှတ်ရပြီး ရှင်းတုန်းဖင်းရော ယွမ်ထျန်းပါ မျက်လုံးများကို မှေးစင်းလိုက်ကြသည်။
ရှင်းတုန်းဖင်းက...
“ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ပေါင်းစပ်နိုင်နေပြီ ၊ မင်းက သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်ကို ရောက်နေပြီလား”
ရန်တိက ထိုမေးခွန်းကို ပြန်မဖြေပေ။
အတိုင်းအဆမဲ့ကောင်းကင်ပလ္လင်ထက်မှ ဧရာမပုံရိပ်ကြီးက ၎င်း၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်နဂါးဓားက ကြီးမားကျယ်ပြန့်သည့် ကောင်းကင်ထိုးခွင်းဓားကြီးတစ်လက်ပမာ သူ့လက်ဖဝါးထက်သို့ ဆင်းသက်လာသည်။
ဧရာမပုံရိပ်ကြီးက ဓားကိုဝှေ့ယမ်းလိုက်ပြီး ရှင်းတုန်းဖင်း၏ အဆုံးမဲ့ကောင်းကင်ဓားသိုင်းအား အပြင်းအထန်ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံထဲတွင် ရုန်းမထွက်နိုင်ဘဲ ခေတ္တပိတ်မိနေသော ယွမ်ထျန်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် ရန်တိက ခြေတစ်လှမ်းတည်းဖြင့် ရှင်းတုန်းဖင်းရှေ့သို့ ရောက်လာသည်။
“ငါ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်မှာတုန်းက သိုင်းသူတော်စင်အဆင့်အောက် သိုင်းဆရာသခင်တွေထဲမှာ အနိုင်ယူဖို့ ယုံကြည်ချက်မရှိတဲ့သူ (၂)ယောက်ရှိတယ် ၊ အဲဒီထဲကတစ်ယောက်က ခင်ဗျားဆိုတဲ့ ရှင်းတုန်းဖင်းပဲ”
ရန်တိ၏ခန္ဓာကိုယ်က သူ၏အတိုင်းအဆမဲ့ကောင်းကင်ပလ္လင်နှင့် ပေါင်းစပ်သွားပြီး ရှင်းတုန်းဖင်း၏ အဆုံးမဲ့ကောင်းကင်ဓားဝိညာဉ်ကို ရင်ဆိုင်လိုက်သည်။
“ဒါပေမဲ့... အခုတော့...”
သေခြင်းတရားကိုကျော်လွန်သည့်အဆင့်သို့ ရောက်ရှိပြီးသည့်နောက် ရန်တိ၏ ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်နိုင်စွမ်းက ပိုမိုမြင့်မားလာသည်။ ရှင်းတုန်းဖင်းမှာ သူရရှိထားသည့် အစီအရင်ထိန်းချုပ်နိုင်စွမ်းကို အားဖြင့်ဆွဲနှုတ်ယူလိုက်သည့်ပမာ ခံစားလိုက်ရသည်။
ရှင်းတုန်းဖင်းက ချက်ချင်းပင် သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တကို ထုတ်ဖော်လိုက်ရာ အဆုံးမဲ့ကောင်းကင်ဓားသိုင်း ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသည့် အဆုံးမဲ့ကောင်းကင်ပလ္လင် ဖြစ်တည်လာသည်။ ပလ္လင်ထက်တွင် ရှင်းတုန်းဖင်း၏ဧရာမပုံရိပ်ကြီးထွက်ပေါ်လာပြီး လက်ထဲတွင် ဓားတစ်လက် ကိုင်ဆောင်ထားသည်။ ထိုဓားအလင်းရောင်က ကောင်းကင်ထောက်တိုင်ပမာပြင်းထန်သည့် ရန်တိ၏ဓားချက်နှင့်တွေ့ဆုံသွားပြီး အဘိုးကြီး၏မျက်နှာမှာ ရေထဲသို့နစ်မြုပ်သွားသကဲ့သို့ ဖြစ်သည်။
လက်ရှိတွင် ရှင်းတုန်းဖင်းက ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်ရာတွင် အားသာချက်ရှိနေသေးသည်။
သို့သော် ဓားချင်းထိမိသည်နှင့် သူနှင့်အတူ အဆုံးမဲ့ကောင်းကင်ပလ္လင်သည်ပင် တုန်လှုပ်ဖွယ်ရာ နောက်သို့ လွင့်ထွက်သွားသည်။
ရှင်းတုန်းဖင်း၏ဧရာမပုံရိပ်ကြီး ဓားကိုင်ဆောင်ရာညာဘက်လက်က တိုက်ရိုက်ပင် ကွဲထွက်သွားသည်။
ရန်တိ၏အသံက လေထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ဆရာက သိုင်းသူတော်စင်တစ်ယောက်အဖြစ် အဆင့်မတက်သေးတော့ ဒီစကားပြောရတာ ဆရာ့အပေါ် နည်းနည်းတော့ မလေးစားရာရောက်တယ် ၊ ဒါပေမဲ့...”
ခဏနားပြီးမှ ရန်တိအသံ ဆက်လက်ထွက်ပေါ်လာသည်။
“သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကို တက်ရောက်ပြီးတဲ့နောက်ပိုင်း သိုင်းဆရာသခင်တွေအားလုံးထဲမှာ ငါက ပြိုင်ဘက်ကင်းပဲ”
***