အားလုံးကိုကျော်ြဖတ်
Vol. 21 Ch. 287
ရန်တိ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသောဓားချက်က ရှင်းတုန်းဖင်း ရှေ့သို့ ခြေတစ်လှမ်းပင်တိုးမလာနိုင်အောင် ဖိနှိပ်ထားသည်။
တစ်ဖက်တွင်တော့ ယွမ်ထျန်းက ကျယ်လောင်သည့်ကြုံးဝါးသံတစ်သံပြုလုပ်ရင်း ကြယ်တာရာသန့်စင်ချီဝတ်ရုံအတွင်းမှ လွတ်မြောက်ရန် ကြိုးစားရုန်းကန်နေသည်။
သို့သော် ရန်တိက သူ့ထက်လျှင်မြန်သည်။ သူ၏အတိုင်းအဆမဲ့ကောင်းကင်ပလ္လင်က ရှင်းတုန်းဖင်း၏ အဆုံးမဲ့ကောင်းကင်ပလ္လင်ကို ဖိနှိပ်ထားပြီး သူက ရှင်းတုန်းဖင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရှင်းတုန်းဖင်းက မျက်ခုံးများကို တွန့်ချိုးရင်း ရန်တိ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် လက်တစ်ဖက် မြှောက်လိုက်သည်။
ဝါဒတောင်၏ ထိပ်တန်းအဆင့် သိုင်းသမား (၂)ယောက်သည် တူညီသည့်တုရှိတလက်ဝါးသိုင်းဖြင့် လေထဲတွင် ထိပ်တိုက်ရင်ဆိုင်မိကြသည်။ အဆုံးမရှိသော ခရမ်းနီရောင်တုရှိတမီးတောက်များက သီးခြားနယ်မြေတစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
ရှင်းတုန်းဖင်း နောက်သို့ လွင့်ထွက်သွားပြီး သူ့လက်ဖဝါးထက်မှ နက်နဲရှုတ်ထွေးသော ဝိညာဉ်သင်္ကေတများ ချက်ချင်းမှေးမှိန်သွားသည်။
ကျယ်လောင်ရှည်လျားသည့် ကြုံးဝါးသံနှင့်အတူ ရန်တိ၏မျက်ဝန်းများက ပိုမိုတောက်ပလာသည်။
ဝါဒတောင်ပင်မအစီအရင် ထိန်းချုပ်နိုင်စွမ်းက ရန်တိလက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်၏။
ယခုတော့ ရန်တိက ဝါဒတောင်ယခင်မျိုးဆက်မှ အကြီးမြတ်ဆုံးသိုင်းဆရာသခင် (၂)ယောက်အနက် တစ်ယောက်ကို နောက်ဆုတ်သွားစေခဲ့ပေပြီ။ ရန်တိက စင်ပေါ်ကပဲဖြစ်ပြီး အားသာချက် ဆက်လက်ရယူထားဆဲပင်။
အခြားဘက်တွင်တော့ ယွမ်ထျန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံ ထောင်ချောက်အတွင်းမှ လွတ်မြောက်လာလုနီးပါး အနေအထား ဖြစ်နေသည်။
ဝါဒတောင်ပင်မအစီအရင်ထိန်းချုပ်နိုင်စွမ်းကို ရှင်းတုန်းဖင်းထံမှ ပြန်လည်ရယူပြီးနောက် ရန်တိက ချက်ချင်းပင်နောက်ဆုတ်သွားကာ ယွမ်ထျန်းကို ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ယွမ်ထျန်းနောက်ဆုတ်သွားသည်နှင့် သူက လက်များကို နောက်တစ်ကြိမ်ဖြန့်လိုက်ရာ ကြယ်တာရာသန့်စင်ချီဝတ်ရုံ၏အလင်းန်းက သူ့ခန္ဓာကိုယ်ကိုလွှမ်းခြုံသွားပြီး ဝတ်ရုံတစ်ခုပုံစံ ပြန်လည်ပြောင်းလဲသွားသည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံစွမ်းအားဖြင့် ရန်တိ၏ဓားချက်က ပိုမိုခမ်းနားလာကာ မြင့်မားသောလွှမ်းမိုးနိုင်စွမ်းဖြင့် လောကတစ်ခုလုံးကို ခြုံလွှမ်းသွားသည်။
ဝါဒတောင်ပင်မအစီအရင်မှ စွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်းသို့ အဆုံးမရှိ စီးဆင်းဝင်ရောက်လာသည်။
ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့သည် သူတို့ရှေ့မှရန်သူမှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ဆင်မြန်းထားသော အစစ်အမှန်သိုင်းသူတော်စင်တစ်ယောက်ပမာ ခံစားကြရသည်။
ရန်တိနှင့် ရှင်းတုန်းဖင်းတို့ ထိပ်တိုက်ရင်ဆိုင်နေသည်ကိုကြည့်ရင်း ယွမ်ထျန်း၏မျက်ဝန်းများ ထိတ်လန့်တုန်လှုပ်လျှက် ရှိသည်။ သေခြင်းတရားကိုကျော်လွန်သည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်သော ‘ရန်တိ’ က ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် ဝါဒတောင်ပင်မအစီအရင် မရှိလျှင်တောင်မှ ယနေ့တိုက်ပွဲကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မည်ဟု သူ ခံစားမိသည်။
ရန်တိကို အနိုင်ယူရန်မဆိုထားနှင့် ရန်တိလက်ချက်နှင့် အသက်သေလျှင်ပင် ကံကောင်းဟု တွေးမိသည့်အခါ ယွမ်ထျန်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် ယုံကြည်ချက် မရှိတော့ပေ။
ရန်တိက ကြယ်တာရာသန့်စင်ချီဝတ်ရုံကြောင့် ပိုမိုအားကောင်းလာပြီး ဝါဒတောင်ပင်မအစီအရင်၏ ကြီးမားသောစွမ်းအားတစ်စိတ်တစ်ပိုင်းကိုလည်း ဆုပ်ကိုင်ရယူထားနိုင်သဖြင့် သူ၏စွမ်းအားက ကောင်းကင်ထက်တိုင်မြင့်တက်လျှက် ရှိသည်။ နှစ်ယောက်တစ်ယောက်တိုက်ခိုက်သည့်တိုင် ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကို အသာစီးရယူထားနိုင်ပြီး ထိုနှစ်ယောက်မှာ လက်ပင်မမြှောက်နိုင်ကြပေ။
သိုင်းသူတော်စင်တစ်ယောက်မဟုတ်သည့် ရှင်းတုန်းဖင်းကတော့ တိုက်ပွဲကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။
အခြေအနေမဟန်မှန်းသိသဖြင့် ယွမ်ထျန်းက နောက်ပြန်ဆုတ်ရန် စဉ်းစားလိုက်သည်။
ရှင်းတုန်းဖင်းထံမှ ရစရာရှိသည်များကို လိုချင်သော်လည်း တကယ်တမ်းတွင် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဆက်လက်နေထိုင်ရန်အတွက် အသက်ဆက်လက်ရှင်သန်ရန် လိုအပ်သည်။
ဤအတိုင်းဆက်သွားနေပါက သူ့အနေဖြင့် ဝါဒတောင်တွင် အသက်ပျောက်ရကိန်းရှိသည်ကို ဝန်မခံလိုသည့်တိုင် ဝန်ခံရပေမည်။
သိုင်းဆရာသခင်တစ်ယောက်၏ ဓားချက်အောက်တွင် သူ ကျဆုံးရပေမည်။
သို့ပေသိ သူက နောက်ပြန်ဆုတ်လိုသည့်တိုင် ရန်တိကတော့ သူ့ကို ဝါဒတောင်တွင် ထာဝရမြှုပ်နှံသဂြိုလ်ရန် ဆုံးဖြတ်ထားပုံရ၏။
ဝါဒတောင်ပင်မအစီအရင်စွမ်းအားဖြင့် ဖွဲ့စည်းထားသော သီးခြားနယ်မြေထဲတွင် မိုးမြေတစ်ခွင် ဝိညာဉ်သင်္ကေတများဖြင့် တောက်ပလာသည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးက လှောင်အိမ်တစ်ခုအလား အလုံပိတ်သွားပြီး ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကို ထွက်ခွာမသွားနိုင်စေရန် ပိတ်လှောင်ထားလိုက်သည်။
ယွမ်ထျန်းမှာ ဆုတ်ခွာသွားမည့်အစီအစဉ်ကို လက်လွှတ်လိုက်ရသည်။ ရန်တိ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသောသိုင်းဝိညာဉ်က မိုးမြေတစ်ခွင်လုံး ထွင်းဖောက်လွှမ်းခြုံလျှက် ပြင်းထန်စွာ မြင့်တက်လာသဖြင့် ယွမ်ထျန်းအနေဖြင့် ဆုတ်ခွာရန်ထက် လက်ရှိအခြေအနေကို ရင်ဆိုင်ရန် အတင်းအကျပ် ဖိအားပေးခံရတော့သည်။
ရှင်းတုန်းဖင်း၏မျက်နှာက မဲမှောင်လျှက်ရှိသည်။ ယွမ်ထျန်းနှင့်ယှဉ်လျှင် သူက ပိုလို့တောင် အခြေအနေဆိုးရွားသည်။
သူက ရန်တိ၏ တိုက်ခိုက်မှုများကို ခက်ခက်ခဲခဲ ထိန်းထားရင်း ဝါဒတောင်ပင်မအစီအရင်ကို နောက်တစ်ကြိမ်ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် ရန်တိက တိုက်ပွဲတွင်အသာစီးရယူထားပြီး သူ၏တိုက်စစ်က အဆုံးမရှိသောဒီရေအလား အဆက်မပြတ်ဝင်ရောက်လာသဖြင့် ရှင်းတုန်းဖင်းမှာ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲသွားရသည်။
ပြင်းထန်သည့်တိုက်ပွဲအရှိန်အဟုန်ကြောင့် သီးခြားနယ်မြေတစ်ခုလုံးသည်ပင် အရောင်ပြောင်းလဲသွားသည်။
သီးခြားနယ်မြေတည်ရှိရာ ဝါဒတောင်အထက်ပိုင်းတွင်ပင် တိမ်တိုက်များ တဟုန်းဟုန်းမြည်ဟည်းလျှက် ဆူညံသံများ ထွက်ပေါ်နေသည်။
သီးခြားနယ်မြေအတွင်းဝင်ရောက်လာစဉ် ရှင်းတုန်းဖင်းက ပင်မအစီအရင်ကို ထိန်းချုပ်ရန်အတွက် ဝါဒတောင်ပတ်ဝန်းကျင်တွင် အစီအရင်တစ်ခု ရေးဆွဲခဲ့သည်။ ယခု ထိုအစီအရင်က အပြင်းအထန်ပေါက်ကွဲထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ဂိုဏ်းတွင်းပုန်ကန်မှုများ မြင့်တက်လာပြီး ဝါဒတောင်မှကျင့်ကြံသူအချို့မှာ သူတို့ဘေးမှအပေါင်းအဖော်များက ရုတ်တရက်တိုက်ခိုက်လာသည်ကို တုန်လှုပ်ချောက်ချားဖွယ်ရာ ရင်ဆိုင်ကြရပြီး အသက်ရှင်သန်ရန်ပင် မနည်းကြိုးစားကြရသည်။
ယခင်က စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျိုများကိုဖော်ထုတ်ကာ သစ္စာဖောက်များကို သန့်စင်ထားသော်လည်း ပိုက်ကွန်ထဲမှလွတ်သွားသောငါးများသည်လည်း မနည်းမနောရှိသေးသည်ပင်။ ယခု ထိုသူများက ရုတ်တရက်လှုပ်ရှားကြရာ ဂိုဏ်းတွင်းမငြိမ်သက်မှုများ စတင်ဖြစ်ပွားလာတော့သည်။
ဂိုဏ်းတွင်းပုန်ကန်မှုများ ပေါ်ပေါ်ကလာသည်နှင်တစ်ပြိုင်နက် ပြင်ပရန်သူများသည်လည်း ဝါဒတောင်သို့ တိတ်တဆိတ်ဝင်ရောက်လာကြသည်။
ဝါဒတောင်ပတ်ဝန်းကျင်တွင် ပုန်းအောင်းစောင့်ဆိုင်းနေကြသော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများသည် ဝါဒတောင်မှသစ္စာဖောက်များ၏လမ်းပြပေးမှုဖြင့် တောင်ပေါ်သို့ ထိုးစစ်ဆင်ဝင်ရောက်လာကြသည်။
ထိုသူအများစုမှာ အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန်များ ဖြစ်ကြသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတွင် မပါဝင်ရသေးသော အနက်ရောင်အိပ်မက်ဆိုးတောင်တန်းမှ သိုင်းသမားအများအပြားသည်ပင် ယခုတစ်ကြိမ် ပါဝင်လာခဲ့ကြသည်။
သူတို့ ဒီနေ့ကို စောင့်နေခဲ့ကြသည်မှာ ကြာပေပြီ။
လက်ရှိတွင် ဝါဒတောင်က လူအင်အားနည်းပါးနေသည့်တိုင် ဂိုဏ်းတွင်းသစ္စာဖောက်များ ပြဿနာရှာသည်နှင့် ဖူအန်းစုဦးဆောင်သည့် အခြားသောထိပ်တန်းသိုင်းသမားများထွက်ပေါ်လာကာ ကျူးကျော်လာသောရန်သူများကို စနစ်တကျ ရင်ဆိုင်တိုက်ခိုက်ကြသည်။
***
ရေစင်တောင် ၊ ကောင်းကင်ချုပ်လှောင်ချောက်နက်။
သူ့အရှေ့မှ ခမ်းနားသောဓားဝိညာဉ်ကိုကြည့်ရင်း အကြီးအကဲ’ကျန်း’၏ မျက်နှာက နီမြန်းသွားသည်။
ထိုဓားဝိညာဉ်က ကောင်းကင်ချုပ်လှောင်ချောက်နက်ကို ပြင်ပကမ္ဘာနှင့် မဆက်သွယ်နိုင်စေရန် ချိတ်ပိတ်ထားသော ဓားဝိညာဉ်ဖြစ်ပြီး ဝါဒတောင်၏ပင်မအစီအရင်နှင့်လည်း ချိတ်ဆက်ထားသည်။ ယခု ထိုဓားဝိညာဉ်ကို အခြားသောဓားဝိညာဉ်တစ်ခုက ဖျက်ဆီးထားပြီဖြစ်သည်။
ဤသည်မှာ ဝါဒတောင်မှဝါရင့်အကြီးအကဲ ‘ရှင်းတုန်းဖင်း၏ လက်ချက်ဖြစ်ကြောင်း အကြီးအကဲ’ကျန်း’ တပ်အပ်ပြောနိုင်သည်။
အကြီးအကဲ’ကျန်း’က ကောင်းကင်ဝါဒလက်ဝါးသိုင်းကို အမြင့်ဆုံးအဆင့် ထုတ်ဖော်လိုက်ပြီး ရှင်းတုန်းဖင်းချန်ထားခဲ့သောဓားဝိညာဉ်ကို အတင်းအကျပ် ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန် ကောင်းကင်ချုပ်လှောင်ချောက်နက်ထဲတွင် တိုက်ပွဲတစ်ခုဖြစ်နေကြောင်း အကြီးအကဲ’ကျန်း’ သတိပြုလိုက်မိ၏။
သူက စူးစမ်းရန်ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်ချုပ်လှောင်ချောက်နက်အတွင်းမှ လူတစ်ယောက်ထွက်လာပြီး အခြားဘက်သို့ ပြေးသွးသည်ကို တွေ့မြင်လိုက်ရသည်။
ထိုသူ၏ အငွေ့အသက်နှင့် လက်သီးသိုင်းဝိညာဉ်ကို အကြီးအကဲ’ကျန်း’ အလွန်ရင်းနှီးနေသည်ဖြစ်ရာ သူ၏မျက်နှာက အလွန်တရာ အရုပ်ဆိုးအကျည်းတန်သွားသည်။
“ဂိုဏ်းတူအစ်ကို’ဝမ်’”
ဟုတ်ပေ၏။
ကောင်းကင်ချုပ်လှောင်ချောက်နက်အတွင်းမှ ထွက်ပြေးသွားသူမှာ ကောင်းကင်ချုပ်လှောင်ချောက်နက်ထဲတွင် အကျဉ်းချခံထားရသော အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် အကြီးအကဲ’ဝမ်’ ဖြစ်သည်။ သူ၏စိတ်နှလုံးအတွင်းမှ ပေါက်ဖွားလာသည့် မိစ္ဆာရောင်ဝါကို ထင်ရှားစွာ သိရှိနိုင်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ချုပ်လှောင်ချောက်နက်ထဲတွင် အကျဉ်းချခံထားရသော ရာဇဝတ်သားအများအပြားလည်း လွတ်မြောက်သွားကြသည်။
အကြီးအကဲ’ကျန်း’က မျက်စိပျက်မျက်နှာပျက်ဖြင့် အကြီးအကဲ’ဝမ်’ ကို လိုက်လံဖမ်းဆီးရန် ဟန်ပြင်လိုက်စဉ် ကောင်းကင်ချုပ်လှောင်ချောက်နက်အတွင်းမှ ကြောက်မက်ဖွယ်ရာ ငရဲကိုးထပ်ရောင်ဝါထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
နဂိုကပင် ကြောက်မက်ဖွယ်ရာအုံ့မှိုင်းနေသည့် ကောင်းကင်ချုပ်လှောင်ချောက်နက်သည် ယခုတော့ မိစ္ဆာချီစွမ်းအားများ ဖုံးလွှမ်းနေလေရာ တစ္ဆေများကျက်စားရာနယ်မြေတစ်ခုအလား ထင်မှတ်ရသည်။
မိစ္ဆာနယ်မြေမဟာအစီအရင် တဖြည်းဖြည်း ထွက်ပေါ်လာပြီ ဖြစ်၏။
မိစ္ဆာနယ်မြေမဟာအစီအရင်ထဲတွင် တိုက်ပွဲဝင်နေသူ (၂)ယောက် ရှိနေသည်။
ထိုသူများမှာ ဖန်ကျွင်းနှင့် ကောင်းကင်ချုပ်လှောင်ချောက်နက်ကို စောင့်ရှောက်သည့် ပထမအဆင့်ထိပ်တန်းအကြီးအကဲ အကြီးအကဲ’ကုန်း’ တို့ဖြစ်ကြောင်း အကြီးအကဲ’ကျန်း’ သိရှိလိုက်သည်။
အကြီးအကဲ’ကုန်း’က ဒဏ်ရာအပြင်းအထန် ရရှိထားဟန်ပင်။
ဖန်ကျွင်းက တည်ငြိမ်သည့်အမူအရာဖြင့် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားပြီး ငရဲကိုးထပ်ဝင်ရောက်လာခြင်းကို တားဆီးထားသည်။
အကြီးအကဲ’ကျန်း’ ရောက်လာသည်ကိုတွေ့တော့ အကြီးအကဲ’ကုန်း’က တုန်လှုပ်စွာဖြင့် ဆိုသည်။
“ရှင်းတုန်းဖင်းက သစ္စာဖောက်ပဲ”
“သူက ကောင်းကင်ချုပ်လှောင်ချောက်နက်ကိုပိတ်ထားတဲ့ စည်းတံဆိပ်ကိုဖျက်ဆီးပြီး သူလျှိုတွေကိုလွှတ်ပေးလိုက်တာ ၊ ဖန်ကျွင်းရောက်လာလို့ တော်သေးတယ် ၊ မဟုတ်ရင် သူ့လက်ချက်နဲ့ ငါသေလောက်ပြီ”
ဖန်ကျွင်းက အကြီးအကဲ’ကျန်း’ကို လှမ်းကြည့်ရင်း...
“ဆရာဦးလေး’ကျန်း’... အခု ဆရာဦးလေး’ရှင်း’ ဘယ်မှာလဲ ၊ သူက လုပ်စရာရှိတဲ့အလုပ်တွေအကုန်လုံးကို ဆရာဦးလေး’ဝမ်’ကို လွှဲပြောင်းပေးခဲ့တယ် ၊ ဆရာဦးလေး’ဝမ်’က အခု ကျွန်တော်တို့ကို တိုက်ခိုက်ပြီး ထွက်ပြေးသွားပြီ ၊ ဘယ်ကိုထွက်သွားလဲမသိပေမယ့် သူ့မှာ ကြီးမားတဲ့အကြံအစည်တစ်ခုခု ရှိနိုင်တယ်”
သူက ဆက်ပြောသည်။
“ကောင်းကင်ချုပ်လှောင်ချောက်နက်ကို ချိတ်ပိတ်ထားတဲ့ ဓားဝိညာဉ်ကို ဆရာဦးလေး’ရှင်း’ ဖျက်ဆီးပစ်လိုက်တယ် ၊ ဒါကိုကြည့်ရင် ဆရာဦးလေး’ရှင်း’က ဝါဒတောင်ပင်မအစီအရင်ကို ကျွန်တော်တို့မျှော်မှန်းထားတာထက်ပိုပြီး နားလည်နေတာပဲ ၊ ဒီအတိုင်းဆိုရင် သူက ဂိုဏ်းတူညီလေး’ရန်တိ’ နဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို တိုက်ခိုက်ဖို့အတွက် ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလိမ့်မယ်”
အကြီးအကဲ’ကျန်း’က ခေါင်းညိတ်ရင်း...
“အမှန်ပဲ”
ထို့နောက် သူက ဖန်ကျွင်းနှင့် အကြီးအကဲ’ကုန်း’ကို ကူညီရန် ဟန်ပြင်လိုက်သည်။
ဖန်ကျွင်းက...
“မိစ္ဆာနယ်မြေမဟာအစီအရင်ကို ကျွန်တော် ထိန်းထားလိုက်မယ် ၊ ဆရာဦးလေး’ကျန်း’က ဆရာဦးလေး’ရှင်း’ကို သွားရှာပါ ၊ ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ ဝါဒတောင်ပင်မအစီအရင်က ကျွန်တော်တို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ ၊ အဲဒါတွေ သူ့လက်ထဲရောက်သွားလို့ မဖြစ်ဘူး”
အကြီးအကဲ’ကောင်း’က...
“ဒီအဘိုးကြီးက ဂိုဏ်းတူအစ်ကို’ဝမ်’နဲ့ လွတ်သွားတဲ့သူတွေကို လိုက်ရှာမယ် ၊ မဟုတ်ရင် တောင်ပေါ်မှာ ပြဿနာရှာကြလိမ့်မယ်”
အကြီးအကဲ’ကျန်း’က ဖန်ကျွင်းကို စူးစိုက်ကြည့်ရင်း...
“ဒါဖြင့် မင်းကိုထားခဲ့တော့မယ်”
ထို့နောက် သူနှင့် အကြီးအကဲ’ကုန်း’ တို့ အနောက်တောင်တန်းများဆီမှ ထွက်ခွာသွားကြသည်။
ထိုအချိန် ဝါဒတောင်သို့ဝင်ရောက်ရာ တောင်ပေါ်လမ်းတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများနှင့် ဝါဒတောင်မှတပည့်များ အပြင်းအထန် တိုက်ခိုက်နေကြသည်။
အကြီးအကဲ’ကျန်း’က ရှင်းတုန်းဖင်းကို ရှာဖွေရင်း ထိုနေရာသို့ရောက်ရှိလာကာ ဖူအန်းစုတို့အုပ်စုကို ကူညီတိုက်ခိုက်လိုက်သည်။
အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်များ၏စွမ်းအားက အလွန်တရာ ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာဖြစ်သည်။
အကြီးအကဲ’ကျန်း’ က ဒေါသတကြီး ကြုံးဝါးအော်ဟစ်လိုက်ပြီး သူ၏ ကောင်းကင်ဝါဒ ကြယ်တာရာအနှစ်သာရချီစွမ်းအားဖြင့် ဖန်ဆင်းထားသော “ကောင်းကင်ဝါဒပလ္လင်” ကို ထုတ်ဖော်တိုက်ခိုက်လိုက်သည်။ သူ၏တန်ခိုးစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားစေပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှသိုင်းသမားများကို အရှိန်အဟုန်ဖြင့် နှိမ်နင်းလိုက်သည်။
***
သီးခြားနယ်မြေထဲတွင် ရန်တိက စစ်နတ်ဘုရားတစ်ပါးအလား တိုက်ခိုက်နေသည်။
ဝါဒတောင်တွင်လည်း ဝါဒတောင်တပည့်များက ခံစစ်မှ တိုက်စစ်အဖြစ်ကူးပြောင်းကာ အသာစီးရလျှက်ရှိသည်။
ရေစင်တောင်ရှိ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖန်ကျွင်းက အပြည့်အဝ ထိန်းချုပ်ထားပြီ ဖြစ်သည်။
ဝါဒတောင်သည် ရင်ဆိုင်ရသည့်ကပ်ဘေးကြီးကို ကျော်ြဖတ်နိုင်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
သို့သော်...
ထိုအချိန်တွင် မြေအောက်လျှို့ဝှက်ရေစီးကြောင်းများသည်လည်း စတင်လှုပ်ရှားလာကြလေသည်။
မီးနယ်မြေ ၊ နေသူတော်စင်ဂိုဏ်းဌာနချုပ်။
များပြားလှစွာသောထိပ်တန်းအကြီးအကဲများ အစည်းအဝေး ပြုလုပ်နေကြလေ၏။
***