နေသူတော်စင်ဂိုဏ်းလှုပ်ရှားပြီ
Vol. 21 Ch. 288
ဝါဒတောင်တွင် ကြီးမားပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပြီး ကောင်းကင်ထက်တွင်လည်း မိစ္ဆာချီစွမ်းအားများ မြင့်တက်လျှက်ရှိသည်။ ထိုသို့သောပရမ်းပတာမြင်ကွင်းက လူပေါင်းများစွာကို အာရုံစိုက်မိစေသည်။
အလယ်ပိုင်းကောင်းကင်ဒေသ ပြင်ပတွင်ရှိနေသော ဝါဒတောင်အကြီးအကဲများက ဂိုဏ်းအတွက်စစ်ကူအားဖြည့်ရန် သွားရောက်လိုကြသော်လည်း ပြင်ပကမ္ဘာအခြေအနေများက ရုတ်ချည်းပင် တင်းမာလာသည်။
ကြီးမားသည့်ဖိအားများသက်ရောက်လာသည့်အတွက် ဝါဒတောင်ကို စစ်ကူအားဖြည့်ရန် သွားရောက်နိုင်ခြင်း မရှိကြတော့ပေ။
အထူးသဖြင့် မီးနယ်မြေနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော တောင်ကောင်းကင်ဒေသ ဖြစ်သည်။
မီးနယ်မြေနှင့် ကောင်းကင်နယ်မြေ နယ်စပ်တွင် နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းသိုင်းသမား အမြောက်အမြား ရုတ်တရက် ရောက်လာသည်။ သူတို့က ကောင်းကင်နယ်မြေပိုင်နက်ထဲသို့ ဝင်ရောက်ခြင်းမရှိကြသော်လည်း လေထုထဲတွင် အခြေအနေက တင်းမာလာသည်။
နေသူတော်စင်ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲဖြစ်သော ဖန်းပေါ်ထိုင် ၊ နေဘုရင် (၇)ပါးတွင် ခေါင်းဆောင်ဖြစ်သော ကမ္ဘာအလင်းအရှင်တို့သည်လည်း ထိုနေရာတွင် ရောက်ရှိနေကြသည်။ သူတို့က ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေသို့ လှမ်းမျှော်ကြည့်ရှုနေကြသည်။ သူတို့မျက်ဝန်းများက သားကောင်ကိုချောင်းနေသည့်ကျားများပမာ သွေးဆာလျှက်ရှိကြ၏။
ဖန်းပေါ်ထိုင်က အေးစက်သည့်လေသံဖြင့်...
“ဂိုဏ်းတူအစ်ကိုကြီး’ဟွမ်ကွမ်လီ’ က တံခါးပိတ်ကျင့်ကြံရာကနေ ဘယ်တော့လောက် ထွက်လာမှာလဲ”
ကမ္ဘာအလင်းအရှင်က...
“သိပ်မကြာတော့ဘူး ၊ နောက်တစ်ရက်နှစ်အရက်အတွင်း ဖြစ်နိုင်ပါတယ်”
ဖန်းပေါ်ထိုင်က ခေါင်းညိတ်ရင်း ဝါဒတောင်ရှိရာသို့ လှမ်းကြည့်သည်။
“ငါတို့ အခုချိန် လှုပ်ရှားရင်တောင်ရနေပြီ မဟုတ်လား”
ကမ္ဘာအလင်းအရှင်က တည်ငြိမ်သည့်မျက်နှာထားဖြင့်...
“အလျင်စလိုမလုပ်ပါနဲ့ ဆရာဦးလေး’ဖန်း’ ၊ အခုနေလှုပ်ရှားလိုက်ရင် ဝါဒတောင်ရော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရော (၂)ဖွဲ့လုံးကို တစ်ချက်တည်းနဲ့ ချေမှုန်းပစ်နိုင်မှာ မဟုတ်ဘူး ၊ တကယ်လို့ ငရဲကိုးထပ်သာဝင်ရောက်လာရင် ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းအနေနဲ့ ကိုင်တွယ်ရခက်လိမ့်မယ် ၊ အဲဒီအချိန်ကျ လှိုင်းနက်ဂေဟာလည်း ငြိမ်နေမှာ မဟုတ်သလို ပန်းချီဆရာသူတော်စင် အဘိုးကြီး’မော့’ကိုလည်း သတိပေးသလို ဖြစ်သွားနိုင်တယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ ကျွန်တော်တို့အရမ်းကာရော လှုပ်ရှားမယ်ဆိုရင် ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ အဆုံးမဲ့တောင်တန်းကလည်း ရပ်ကြည့်နေမှာ မဟုတ်ဘူး ၊ ဒီတော့ နည်းနည်းအခြေနေစောင့်ကြည့်သင့်တယ် ၊ အခု အရှေ့ပင်လယ်ရဲ့ အခြေနေကလည်း တည်ငြိမ်နေတယ်ဆိုတော့... မီးတောက်မိစ္ဆာတွေ သူတို့ကို နှောက်ယှက်တဲ့အချိန်ထိလည်း စောင့်ရဦးမယ် ၊ ပြီးတော့မှ ကျွန်တော်တို့တွေက ဝါဒတောင်ကို အပြတ်ချေမှုန်းပွဲစတင်မယ်”
“အဲဒီအချိန်ကျ ဝါဒတောင်ရော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရော နှစ်ဖက်လုံးအထိနာပြီး ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီ ၊ ယွမ်ကျန်းဖုန်းကလည်း တံခါးပိတ်ကျင့်ကြံနေတော့ ဝါဒတောင်က ဒီတိုက်ပွဲကို လွယ်လွယ်နဲ့ တွန်းလှန်နိုင်မှာ မဟုတ်ဘူး”
ဖန်းပေါ်ထိုင်၏ အမူအရာက အေးစက်နေပြီး သူ့မျက်ဝန်းများတွင် ဒေါသနှင့် အမုန်းတရားများ ပြည့်နက်နေသော်လည်း လေသံကတော့ တည်ငြိမ်နေ၏။
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက တကယ့်ကို ကြီးကြီးမားမား လှုပ်ရှားနေတာပဲ ၊ မိစ္ဆာသူတော်စင်ယွမ်ထျန်းတောင် ပါဝင်ပတ်သက်နေတယ် ၊ ဒါပေမဲ့ ဝါဒတောင်က အစဉ်အလာရှိတဲ့ ထိပ်သီးသိုင်းဂိုဏ်းကြိးတစ်ခုဖြစ်လို့ လွယ်လွယ်နဲ့ ကျရှုံးမှာတော့ မဟုတ်ဘူး ၊ ယွမ်ထျန်းကိုရင်ဆိုင်ဖို့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို အသုံးပြုမှာပဲ”
ဖန်းပေါ်ထိုင်က ဆက်ပြောသည်။
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဝါဒတောင်ရဲ့ပင်မအစီအရင်ကို မဖျက်ဆီးနိုင်ဘူးဆိုရင် ဒီတိုက်ပွဲကို အနိုင်မရနိုင်ဘူး ၊ ဝါဒတောင်ကပဲ အနိုင်ရသွားလိမ့်မယ်”
ဖန်းပေါ်ထိုင်၏စကားကိုကြားတော့ ကမ္ဘာအလင်းအရှင်က ရုတ်တရက် ရယ်မောလိုက်သည်။
“ဝါဒတောင်ပင်မအစီအရင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းက ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားပါ ၊ ဒီနေရာကနေ တိုက်ပွဲကိုစောင့်ဆိုင်းရင်း အခြေအနေကြည့်ပြီးလှုပ်ရှားကြတာပေါ့ ၊ အခွင့်အရေးဆိုတာက ကိုယ့်ရဲ့ဖန်တီးမှုအပေါ်ပဲ မူတည်တာဗျ ၊ သွားရှာနေစရာမလိုသလို စောင့်နေစရာလည်းမလိုဘူး”
ပြောပြီးသည်နှင့် ကမ္ဘာအလင်းအရှင်က တစ်နေရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ငြိမ်သက်စွာလည်ပတ်နေသည့် အစီအရင်တစ်ခု ရှိနေသည်။
ဖန်းပေါ်ထိုင်၏အကြည့်များကလည်း ထိုအစီအရင်ထက်သို့ ကျရောက်သွားသည်။
“ကိုယ်တိုင်သွားပြီးမတိုက်ခိုက်ဘဲ ဒီအစီအရင်ကိုအသုံးပြုမယ်ဆိုရင်တော့ ဝါဒတောင်ပင်မအစီအရင်က လှုပ်တောင်လှုပ်မှာ မဟုတ်ဘူး”
ကမ္ဘာအလင်းအရှင်က အစီအရင်ရှိရာသို့ လျှောက်သွားပြီး အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်သည်။
“သူ့ချည်းပဲတော့ မဟုတ်ဘူးလေဗျာ”
ပြောပြီးသည်နှင့် သူက လက်ဖဝါးကိုဖြန့်လိုက်သည့်အခါ တောက်ပသည့်ရွှေရောင်လေးညှို့တစ်လက် လက်ထဲတွင်ပေါ်လာသည်။ ထိုလေးညှို့ထက်တွင် မီးတောက်များက စီးဆင်းလျှက်ရှိသည်။
ထိုလေးညှို့သည်ကား နေသူတော်စင်ဂိုဏ်း၏ နာမည်ကျော်အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သည့် “နေမင်းဖြိုခွင်းလေးညှို့” ပင် ဖြစ်၏။
ကမ္ဘာအလင်းအရှင်က လေးညှို့ကိုတင်လိုက်ပြီးနောက် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုပစ္စည်းက မြားတစ်စင်းမဟုတ်ပေ။ အလွန်ထူးဆန်းသောခံစားချက်ကိုပေးစွမ်းသည့် ဆေးပြားတစ်ခုကဲ့သို့အရာမျိုး ဖြစ်သည်။
နေမင်းဖြိုခွင်းလေးညှို့က အလင်းရောင်များတောက်ပနေသည့်တိုင် ထိုသေးငယ်သည့်ဆေးပြားလေးအပေါ် သက်ရောက်ခြင်းမရှိပေ။ ထိုအရာလေးက နေမင်း၏မျက်နှာပြက်ထက်မှ အနက်ရောင်အစက်အပျောက်လေးတစ်ခုပမာ ဖြစ်သည်။ သို့သော် ထိုအရာလေးကို သေသေချာချာလေ့လာကြည့်မည်ဆိုလျှင် နေမင်းဖြိုခွင်းလေးညှို့ထဲတွင်ပါဝင်သည့်စွမ်းအားထက်ပင် ပိုမိုလေးလံသောစွမ်းအားများကို ပိုင်ဆိုင်ထားသည်ဟု ခံစားရသည်။
ထိုပစ္စည်းလေးကိုမြင်တော့ ဖန်းပေါ်ထိုင်က မျက်ခုံးမွှေးဖြူဖြူများကို တစ်ချက်ပင့်လိုက်သည်။
“အဲဒါ ‘နေဆန့်ကျင်’ မဟုတ်လား ၊ အဲဒါတွေက မျိုးသုဉ်းပျောက်ကွယ်နေပြီမဟုတ်ဘူးလား ၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀၀)က နောက်ဆုံးတွေ့ရှိခဲ့ကြတာလေ”
ကမ္ဘာအလင်းအရှင်က ရယ်မောလိုက်ရင်း...
“ဒါပဲလေ... အခွင့်အရေးဆိုတာက ကိုယ့်ရဲ့ဖန်တီးမှုအပေါ်ပဲ မူတည်တာလို့ ဒါကြောင့် ကျွန်တော်ပြောခဲ့တာပေါ့”
ပြောပြီးသည်နှင့် သူက သေးငယ်သည့်အနက်ရောင်ဆေးပြားလေးကို နေမင်းဖြိုခွင်းလေးညှို့ထက်သို့တင်လိုက်ပြီး တင်ထားသည့်လေးကြိုးကိုလွှတ်လိုက်သည်။
ထိုအရာလေးက ကောင်းကင်နယ်မြေသို့ ဦးတည်ခြင်းမရှိပေ။ ကမ္ဘာအလင်းအရှင်၏ခြေရင်းတွင်ရှိနေသော အစီအရင်ရှိရာသို့ ဦးတည်ဝင်ရောက်သွားသည်။
တစ်ချိနတည်းမှာပင် ကမ္ဘာအလင်းအရှင်၏ ခန္ဓာကိုယ်ထက်မှ နေရောင်ခြည်များဖြာလင်းလာပြီး ရွှေရောင်နေမင်း (၈)စင်း ထွန်းလင်းလာကာ အနန္တအပူရှိန်ကို ထုတ်လွှတ်လိုက်သည်။
မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး များပြားလှစွာသောအလင်းတန်းများအဖြင့် ပြောင်းလဲသွားကာ မြင့်မားသောပလ္လင်တစ်ခု ဖြစ်တည်လာသည်။ ထိုပလ္လင်က ကမ္ဘာအလင်းအရှင်၏ အစစ်အမှန်သိုင်းအဇ္စျတ္တပင် ဖြစ်၏။
သူ၏အစစ်အမှန်သိုင်းအဇ္စျတ္တက အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သော နေမင်းဖြိုခွင်းလေးညှို့ဖြင့် ပေါင်းစပ်သွားပြီး အနက်ရောင်ဆေးပြားငယ်အတွင်းသို့ ထပ်လောင်းစီးဝင်သွားသည်။
“နေဆန့်ကျင်” ဟုခေါ်သော အနက်ရောင်ဆေးပြားလေးသည် မည်သည့်အလင်းရောင်မှမထုတ်လွှတ်ဘဲ တဖြည်းဖြည်းမှေးမှိန်သွားကာ သူ၏စွမ်းအားက လေးလံသည်ထက် လေးလံလာသည်။
ကမ္ဘာအလင်းအရှင်က လေးကြိုးကိုလွှတ်လိုက်သည့်အခါ “နေဆန့်ကျင်” သည် မှောင်မိုက်သောအလင်းတန်းငယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ကမ္ဘာအလင်းအရှင်၏ခြေရင်းတွင်ရှိနေသော အစီအရင်ထဲသို့ဝင်ရောက်လှည့်ပတ်သွားပြီး မြေကြီးထဲသို့ထိုးဖောက်ဝင်ရောက်ကာ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
ကမ္ဘာအလင်းအရှင်၏ ခြေရင်းတွင်ရှိနေသော အစီအရင်အောက်ခြေသည် ချက်ချင်းပင် ပြင်းထန်စွာလည်ပတ်လာပြီး မကြုံစဖူး ကြောက်မက်ဖွယ်ရာ ကြမ်းတမ်းခက်ထန်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်တွင်တော့ ယခင်ကအတိုင်း အရာအားလုံးက ပြန်လည်ငြိမ်သက်သွားသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုအလားပင်။
သို့ပေသိ ကမ္ဘာအလင်းအရှင်နှင့် ဖန်းပေါ်ထိုင်တို့က ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေဆီသို့ လှမ်းမျှော်ကြည့်ရင်း သူတို့မျက်နှာများထက်တွင် ကျေနပ်သောအပြုံးရိပ်များ စွန်းထင်းလျှက်ရှိကြ၏။
***
တစ်ချိန်တည်းမှာပင်...
နေသူတော်စင်ဂိုဏ်းဌာနချုပ်တည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်။
နေသူတော်စင်ဂိုဏ်းချုပ်’ဟွမ်ရှု’ သည် တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။
လက်ရှိ နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ သည် တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ပေါ်ပေါ်တွင် ရှည်လျားပြီး တစ်လက်လက်တောက်ပနေသော ရွှေရောင်ပေတံတစ်ချောင်းတင်ထားပြီး ထိုပေတံထက်တွင် ရွှေရောင်နေမင်းကိုးစင်းပုံသဏ္ဌန်ရေးထွင်းထားသည်။
ဟွမ်ရှု၏နောက်တွင် လူတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုသူက နေဘုရင် (၇)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “ဆည်းဆာအရှင်” ဖြစ်သည်။
ယခုတော့ ဆည်းဆာအရှင်၏မျက်နှာက မှိန်ဖျော့နေပြီး စိတ်ဓာတ်ကျနေဟန်ရှိသည်။
“ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲက ကိစ္စတွေကို ပြန်ပြောရမယ်ဆိုရင်... မင်းက ကျောက်စိမ်းပင်လယ်မြို့တော်က အကြီးအကဲ’ချန်’ က ချောက်နက်ဖျက်ဆီးရေးအဖွဲ့နဲ့ပူးပေါင်းတဲ့သူဆိုပြီး သူ့အပေါ်အပြစ်တွေအားလုံး ပုံချလိုက်ပေမယ့် ၊ ပြင်ပကမ္ဘာကိုသာ မင်းလှည့်စားချင်လှည့်စားလို့ရမယ် ငါတို့ နေသူတော်စင်ဂိုဏ်းကိုတော့ လှည့်စားလို့ မရနိုင်ဘူး”
ဟွမ်ရှုက ညင်သာစွာဆိုသည်။
“အရုဏ်ဦးအရှင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျှိုတစ်ယောက်ပဲ ၊ သူအသတ်ခံလိုက်ရတော့ အလောင်းတောင်မကျန်ခဲ့ဘူး ၊ ဒီတော့ မင်းက သူ့ကို သုတ်သင်ရှင်းလင်းလိုက်ပြီလို့ ပြောတဲ့အခါ တခြားသူတွေက ယုံကောင်းယုံနိုင်တယ်”
“စိတ်မကောင်းစရာက မင်း ကံဆိုးခဲ့တာပဲ ၊ ကျောက်စိမ်းပင်လယ်မြို့တော်က အကြီးအကဲ’ချန်’က အရုဏ်ဦးအရှင်ကို သတ်လိုက်တာကို လူတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့တယ် ၊ ဒါပေမဲ့ မင်းက အရုဏ်ဦးအရှင်ကို သုတ်သင်လိုက်ပြီလို့ ဂိုဏ်းကိုသတင်းပြန်ပို့တဲ့အချိန်မှာပဲ အကြီးအကဲ’ချန်’ ကလည်း ပျောက်ကွယ်သွားခဲ့တယ် ၊ ဒီတော့ အားလုံးက အကြီးအကဲ’ချန်’ကိုပဲ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ပူးပေါင်းတယ်ဆိုပြီး သံသယဝင်သွားကြတာပေါ့”
ဟွမ်ရှုက ဆည်းဆာအရှင်ကိုလှည့်မကြည့်ဘဲ ညင်သာသည့်လေသံဖြင့် စကားဆိုသည်။
“ဒီသတင်းကိုကြားပြီးတဲ့နောက် ငါ ဘယ်လိုခံစားရမယ်လို့ မင်းထင်သလဲ”
ထိုစဉ်အချိန်က ဟွမ်ကျိ ၊ ထန်ယုံဟောင်နှင့် နေသူတော်စင်ဂိုဏ်းမှတပည့်များကို ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတက်ရောက်ရန် ကြည်လင်လျှို့ဝှက်ရေကန်သို့ ဦးဆောင်လာသူမှာ နေဘုရင် (၇)ပါးထဲမှ တစ်ပါးဖြစ်သော အရုဏ်ဦးအရှင် ဖြစ်သည်။
တစ်ဆက်တည်းပင် အရုဏ်ဦးအရှင်သည် နေသူတော်စင်ဂိုဏ်းထဲသို့ရောက်ရှိနေသည့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုဖြစ်နေသဖြင့် ဆည်းဆာအရှင်ကိုယ်တိုင် သူ့ကို အပြတ်ရှင်းသုတ်သင်ခဲ့သည်ဟု သတင်းထွက်ခဲ့သည်။
တိုက်ဆိုင်စွာပင် ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များကို ဦးဆောင်လာသော အကြီးအကဲ’ချန်’က ရုတ်တရက် ပျောက်ဆုံးသွားခဲ့လေရာ အားလုံးက အကြီးအကဲ’ချန်’ကို သံသယဝင်သွားခဲ့ကြသည်။
အမှန်တော့ ထိုစဉ်က နေသူတော်စင်ဂိုဏ်း၏သစ္စာဖောက် အရုဏ်ဦးအရှင်ကို သုတ်သင်ခဲ့သူမှာ အကြီးအကဲ’ချန်’ ဖြစ်လေ၏။
ဟွမ်ရှုက ငြိမ်သက်စွာပင် တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။ သူ့ပေါင်ပေါ်တွင်ရှိနေသည့် ရှည်လျားသော ရွှေရောင်ပေတံက ကြီးမားသည့်စွမ်းအားများထုတ်လွှတ်နေပြီး ဆည်းဆာအရှင်ကို ဖိနှိပ်ထားလေရာ ဆည်းဆာအရှင်မှာ အလျင်စလို လှုပ်ရှားဝံ့ခြင်း မရှိပေ။
ဆည်းဆာအရှင်က ခဏမျှတုံ့ဆိုင်းနေပြီးမှ...
“ဟုတ်တယ် ၊ အဲဒီတုန်းက ခြေတစ်လှမ်းနောက်ကျပြီးမှ အဲဒီနေရာကို ငါ ရောက်သွားတာ ၊ အကြီးအကဲ’ချန်’က အရုဏ်ဦးအရှင်ကို သတ်ဖြတ်ပစ်လိုက်ပြီ ၊ ဒါပေမဲ့ ငါသိသလောက် အဲဒီနေရာမှာ ဘယ်သူမှ မရှိဘူး ၊ ငါနဲ့ကျင့်ကြံခြင်းအဆင့်တူတဲ့သူ ဒါမှမဟုတ် ငါ့ထက်အဆင့်မြင်မားတဲ့သူမဟုတ်ရင် အဲဒီလူရှိနေတာကို ငါချက်ချင်း သတိပြုမိမှာပဲ”
ဟွမ်ရှုက သိမ်မွေ့စွာဖြင့်...
“တစ်ခါတစ်လေမှာ အဖြစ်အပျက်တွေကိုသိမြင်ဖို့ အနားမှာရှိနေဖို့ မလိုအပ်ပါဘူး”
ဆည်းဆာအရှင်က ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...
“ဒီလိုဆိုရင်တော့ ငါ့မှာပြောစရာစကား မရှိတော့ပါဘူး”
ဟွမ်ရှုက...
“ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက ငါအားကိုးရတဲ့ ညာလက်ရုံးတစ်ယောက်ပါ ၊ ငါ မင်းကို အရမ်းယုံကြည်ခဲ့တယ် ၊ အရင်ကဆိုရင်... ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ကျူးကျော်ဝင်ရောက်မှုဟာ ငါတို့ ကမ္ဘာအလင်းတောင်ထွတ်မှာများ ဖြစ်နေမလားလို့တွေးပြီး သံသယနဲ့ပူပန်ခဲ့ရတယ်”
ဆည်းဆာအရှင်က နာကျည်းစွာရယ်မောလိုက်ရင်း...
“အခုတော့ ဒါတွေအားလုံး အလကားပဲ မဟုတ်လား”
“အမှန်ပဲ”
ဟွမ်ရှု၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။
“ဒါပေမဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ အရှင်သခင်က ဘယ်သူလဲဆိုတာ သေချာမသိပေမယ့် အဲဒီလူက ဝါဒတောင်ကလူဆိုတာသေချာတယ်လို့ မင်းဝန်ခံခဲ့တယ် မဟုတ်လား”
ဆည်းဆာအရှင်က ဟက်ဟက်ပက်ပက်ရယ်မောရင်း...
“အမှန်ပဲ ၊ အတိအကျပဲ ၊ ငါ မင်းတို့ကို လိမ်ပြောစရာအကြောင်းမရှိဘူး ၊ ဒါကြောင့် အခု ဝါဒတောင်တိုက်ပွဲက အဆိုးရွားဆုံးဖြစ်လာလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ ချောက်နက်အရှင်သခင်ကိုယ်တိုင် လှုပ်ရှားမှာဖြစ်လို့ပဲ ၊ အခုဆိုရင် သူဘယ်သူလဲဆိုတာကို ဖုံးကွယ်မှာမဟုတ်တော့သလို ဖုံးကွယ်ထားဖို့လည်း မလိုအပ်တော့ဘူးလေ”
ဆည်းဆာအရှင်က ဟွမ်ရှု၏ကျောပြင်ကို စူးစိုက်ကြည့်လိုက်ရင်း...
“အဲဒီသတင်းက မင်းအတွက် အရမ်းကောင်းတဲ့သတင်းတစ်ပုဒ်ပဲ မဟုတ်လား”
***
ကမ္ဘာအလင်းတောင်ထွတ်ရှိ ကျောက်တုံးခန်းမကြီးတစ်ခုအတွင်းတွင် အလင်းမင်းသား “ဟွမ်ကျိ” ရှိနေလေသည်။ သူ့လက်ထဲတွင် ကြေးမုံမှန်တစ်ချပ်နှင့်ဆင်တူသည့် အလင်းစက်ဝန်းတစ်ခု တောက်ပနေသည်။
ထိုစက်ဝန်းထဲတွင် ဟွမ်ရှုနှင့် ဆည်းဆာအရှင် စကားပြောဆိုနေသည့်မြင်ကွင်းကို တွေ့မြင်နေရသည်။
ဟွမ်ကျိက တည်ငြိမ်စွာဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း...
“အမှန်ပဲ ၊ အရမ်းကောင်းတဲ့သတင်းတစ်ပုဒ်ပါပဲ”
***