← Chapters

အစွန်းရောက်ရှစ်ပါး ကမ္ဘာအတွက် မိစ္ဆာတွေကိုတိုက်ထုတ်

Vol. 21 Ch. 289

အစွန်းရောက်ရှစ်ပါး ကမ္ဘာအတွက် မိစ္ဆာတွေကိုတိုက်ထုတ်

Vol. 21 Ch. 289

ဟွမ်ကျိက ကြေးမုံမှန်ချပ်နှင့်ဆင်တူသည့်စက်ဝန်းကို သိမ်းဆည်းလိုက်ပြီး ကျောက်တုံးခန်းမထဲမှ ထွက်ခွာလာသည်။ ထို့နောက် သူက ကောင်းကင်နယ်မြေတည်ရှိရာနေရာသို့ စူးစိုက်ကြည့်လိုက်သည်။

ထိုအချိန် အခန်းတံခါးကိုတွန်းဖွင့်ပြီး ဟွမ်ကျိရှေ့သို့ လူတစ်ယောက် ရောက်ရှိလာသည်။ ထိုသူက ထန်ယုံဟောင် ဖြစ်၏။

“ဂိုဏ်းတူညီလေး’ဟွမ်ကျိ’ ၊ ငါတို့ နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား”

ထန်ယုံဟောင်က ဟွမ်ကျိကို စူးစိုက်ကြည့်နေပြီး သူ့အမူအရာကလည်း တည်ကြည်လေးနက်နေသည်။

ထန်ယုံဟောင် မမျှော်လင့်ဘဲ ရောက်ရှိလာသောကြောင့် ဟွမ်ကျိက အံ့အားသင့်သွားခြင်းမရှိပေ။

သူက အေးဆေးသည့်လေသံဖြင့်...

“နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာကို တိုက်ခိုက်နေတဲ့ မိစ္ဆာတွေကို ချေမှုန်းမှာပါ”

ထန်ယုံဟောင်မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

ဟွမ်ကျိက သိမ်မွေ့စွာဖြင့်...

“ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းနေတယ် ၊ အခု အဲဒီနေရာမှာ မဟာငရဲကိုးထပ်တံခါး ဖွင့်လှစ်တော့မယ့် အရိပ်အယောင်တွေ မြင်နေရတယ် ၊ ငရဲကိုးထပ်က နတ်ဆိုးတွေဟာ မီးတောက်မိစ္ဆာကမ္ဘာက မီးတောက်မိစ္ဆာတွေလိုပဲ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ဘုံရန်သူတွေပဲ”

ဟွမ်ကျိက ဆက်ပြောသည်။

“ဆိုတော့... အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ နံပါတ် (၁) ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်တဲ့ ငါတို့ နေသူတော်စင်ဂိုဏ်းအနေနဲ့ ငရဲကိုးထပ်ကျူးကျော်လာတဲ့အန္တရယ်ကို ကာကွယ်ဖို့အတွက် တာဝန်ရှိတယ် မဟုတ်လား”

ထန်ယုံဟောင်က လေးနက်စွာဖြင့်...

“ဝါဒတောင်နဲ့ နေသူတော်စင်ဂိုဏ်းကြားက မကျေလည်မှုတွေကို ငါသိပါတယ် ၊ အဲဒါတွေက အခုမှမဟုတ်ဘူး တဖြည်းဖြည်းနဲ့ အစိုင်အခဲဖြစ်လာနေတာ ၊ ဒါကြောင့် တကယ်လို့သာ ငါတို့ထိပ်သီးသိုင်းဂိုဏ်း (၂)ဂိုဏ်းကြား တိုက်ပွဲဖြစ်မယ်ဆိုရင် ဒါက အစွန်းရောက်ရှစ်ပါးကမ္ဘာက လူသားတွေ ၊ သိုင်းကျင့်ကြံသူတွေရဲ့ အတွင်းရေးကိစ္စပဲ ၊ နေသူတော်စင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ငါ ထန်ယုံဟောင်က တစ်ချက်မတုံ့ဆိုင်းဘဲ ဝါဒတောင်ကို ရှေ့ဆုံးက ထွက်တိုက်မှာပါ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့... မင်းပြောခဲ့သလိုပဲ ငရဲကိုးထပ်ဆိုတာက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးရဲ့ ဘုံရန်သူပဲ ၊ ငါတို့ နေသူတော်စင်ဂိုဏ်းနဲ့ ဝါဒတောင်ကြား ဘာတွေဘယ်လို ရန်ငြိုးရှိပါစေ ငရဲကိုးထပ်နဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကိစ္စကို အရင်ဆုံးဖြေရှင်းပြီးမှ ကျန်တဲ့ကိစ္စတွေကို ဆုံးဖြတ်သင့်တယ်”

ထန်ယုံဟောင်က ဟွမ်ကျိကို စူးစိုက်ကြည့်ရင်း...

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ထိပ်သီးသိုင်းဂိုဏ်းတွေအားလုံးကို သူလျှိုတွေထည့်ပြီး လျှို့ဝှက်လှုပ်ရှားနေတာ ၊ အခု ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတာ ထင်ရှားတယ် ၊ တောင်ပေါ်မှာ ကျားနှစ်ကောင်ကိုက်တာကို ငါတို့က ထိုင်ကြည့်နေလို့ရတယ်ဆိုပေမယ့်... အခု ငါတို့လုပ်ရပ်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ကူညီရာရောက်နေတာ မဟုတ်ဘူးလား”

ဟွမ်ကျိ၏မျက်ဝန်းများက ရေကဲ့သို့ ကြည်လင်နေသည်။

“ဂိုဏ်းတူအစ်ကို’ထန်’ ၊ ငရဲကိုးထပ် ဒီကမ္ဘာထဲကိုဝင်ရောက်လာနိုင်အောင်လုပ်နေတဲ့ အဖွဲ့အစည်းကို ငါတို့နေသူတော်စင်ဂိုဏ်းက ချေမှုန်းဖို့ကြိုးစားနေတယ်ဆိုတာ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ ၊ ချောက်နက်ဖျက်ဆီး‌ရေးအဖွဲ့အစည်းရဲ့ အစပြုရာနေရာက ဝါဒတောင်ပဲ”

ဟွမ်ကျိက တည်ငြိမ်အေးဆေးသည့်လေသံဖြင့်...

“အခု ဝါဒတောင်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတာက... ဝါဒတောင်က ငါတို့အမြင်တွေကိုလှည့်စားဖို့ နည်းလမ်းတစ်ခုခု အသုံးပြုထားတာမဟုတ်ဘူးလို့ ဘယ်သူသိနိုင်မလဲ”

သူ့စကာကိုကြားတော့ ထန်ယုံဟောင်၏မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားသည်။

ဟွမ်ကျိက ဆက်ပြောသည်။

“ဝါဒတောင်က ထိပ်တန်းအဆင့်အကြီးအကဲတွေထဲမှာ ငရဲကိုးထပ်လက်အောက်ကို လွယ်လွယ်နဲ့ကျရောက်သွားနိုင်တဲ့သူ ဘယ်သူရှိမလဲလို့ မေးလာရင်... အဖြစ်နိုင်ဆုံးက သူတို့ဂိုဏ်းရဲ့ သြဇာအာဏာအမြင့်မားဆုံးဖြစ်တဲ့ ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်းကိုယ်တိုင်ပါပဲ ၊ ‘ယွမ်’ ဂိုဏ်းချုပ်ဟာ ကျန်းဒေါင်ဂီလက်ထက် ဝါဒတောင်အောင်မြင်ခဲ့တဲ့အချိန်တွေနဲ့ ကျန်းရှီလော့လက်ထက် ဝါဒတောင် ငြိမ်သက်ခဲ့တဲ့အချိန်တွေကို တွေ့ကြုံခဲ့ရဖူးတယ် ၊ သူက လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်အနေနဲ့ သူတို့ဂိုဏ်း ပြန်လည်ဦးမော့လာဖို့ ကြီးလေးတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ရတယ် ၊ ပြီးတော့ ငါ့အဘိုး ဟွမ်ကွမ်လီနဲ့ ငါတို့နေသူတော်စင်ဂိုဏ်းက ဖိအားတွေကလည်း သူ့အပေါ် ကြောက်ခမန်းလိလိ သက်ရောက်မှုရှိတယ်လေ”

“အခု ကျန်းရှီလော့လည်း မရှိတော့ဘူး ၊ ယွမ်ကျန်းဖုန်းမှာက အရင်ကရထားတဲ့ ဒဏ်ရာဟောင်းတွေကြောင့် သိုင်းသူတော်စင်အဆင့်ကိုတက်ဖို့ မျှော်လင့်ချက် မရှိနိုင်ဘူး ၊ သူက တစ်နေ့တခြား သေဖို့နီးစပ်လာနေပြီ ၊ ဒီတော့ ရှေ့ဆက်ဖို့ လမ်းပျောက်သူတစ်ယောက်အနေနဲ့ ဖိအားတွေလည်းပိုပြီးတိုးလာတာပေါ့”

ဟွမ်ကျိက ထန်ယုံဟောင်ကို အကဲခတ်ရင်း...

“သူက သေရမှာကိုမကြောက်ဘူးဆိုရင်တောင်မှ ဝါဒတောင်ကိုအုပ်ချုပ်ရတဲ့ဖိအားက သူ့အပေါ် အချိန်တိုင်း သက်ရောက်နေမှာပဲလေ... ဒီတော့..”

ဟွမ်ကျိ၏စကားမဆုံးခင် ထန်ယုံဟောင်က ကြားဖြတ်ပြောလိုက်သည်။

“ဂိုဏ်းတူညီလေး’ဟွမ်ကျိ’ ၊ မင်းက ငါ့ကို ‌သောက်ရူးလို့ထင်နေတာလား”

ဂိုဏ်းတူညီအစ်ကိုအချင်းချင်း ထိုသို့ သော ရိုင်းစိုင်းသည့်စကားမျိုးကို ထန်ယုံဟောင် တစ်ခါမှ ပြောလေ့မရှိခဲ့ပေ။

ယခုတော့ ဟွမ်ကျိကို စိုက်ကြည့်နေသော ထန်ယုံဟောင်၏မျက်ဝန်းများက တင်းမာနေသည်။

“အခု ဘာတွေဖြစ်နေလဲဆိုတာကို လူတိုင်း သိတယ် ၊ မင်း ဒီလောက်ထိ ရှင်းပြနေတာ ငါ့ကို စကားလုံးတွေနဲ့ စော်ကားနေသလိုပဲ”

ဟွမ်ကျိက စကားမဆိုတော့ဘဲ ထန်ယုံဟောင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

ထန်ယုံဟောင်က ဟွမ်ကျိကို ပြန်လည်စူးစိုက်ကြည့်ရင်း...

“ဂိုဏ်းတူညီလေး’ဟွမ်’ ၊ မင်းက အရမ်းတော်တဲ့ပါရမီရှင်တစ်ယောက်ပါ ၊ ငါ မင်းကို အမြဲတမ်းလေးစားခဲ့တယ် ၊ အပြင်လောကမှာရှိတဲ့လူတွေက မင်းရဲ့အရည်အချင်းကို မသိကြပေမယ့် ငါကတော့ အနည်းနဲ့အများ သိထားတယ် ၊ မင်းက ငါတို့ဂိုဏ်းကထိပ်တန်းအကြီးအကဲတွေရဲ့ အစီအစဉ်တွေကို သိရှိခွင့်ရရုံသာမက အကြံပြုချက်တွေကိုတောင် ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခွင့်အာဏာရှိတယ် ၊ ဝါဒတောင်ကိုတိုက်ခိုက်ဖို့ အစီအစဉ်မှာ မင်းလည်းပါဝင်ပတ်သက်နေတာ ငါသိတယ်”

သူက ဆက်ပြောသည်။

“ဝါဒတောင်က အခု ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ် ၊ ဒါပေမဲ့ မင်းက သူတို့ကို နောက်ကျောဓားနဲ့ထိုးဖို့ ကြံစည်နေတယ် ၊ ဒီအချိန်က ငါတို့နေသူတော်စင်ဂိုဏ်းအတွက် အခွင့်ကောင်းပဲလို့ မင်း တွေးချင်တွေးလိမ့်မယ် ၊ မင်းက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အသုံးချပြီး ဝါဒတောင်ကို ဖျက်ဆီးပစ်ချင်နေတာ ၊ အေး... ငါ့အတွေးတွေက သိပ်ကို ရူးသွပ်မိုက်မဲနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”

“ကောင်းပြီ ၊ ကိုယ်ကျင့်တရားနဲ့ စောင့်ထိန်းရမယ့်စည်းကမ်းတွေကို ဘေးဖယ်ထားလိုက် ၊ အခြားသူတွေကို ငါ့လိုအတွေးမျိုးရှိရမယ်လို့လည်း ငါ မဆိုလိုဘူး ၊ ဒါပေမဲ့ ငါ မင်းကို တစ်ခုပဲ မေးမယ် - အခြေအနေတစ်ခုလုံးကို မင်းက ထိန်းချုပ်နိုင်မယ် ထင်သလား ၊ တကယ်လို့ မင်းလုပ်ရပ်ကြေင့် ငရဲကိုးထပ် ဒီကမ္ဘာကိုကျူးကျော်လာရင် ဘာတွေဖြစ်ကုန်မယ်ထင်သလဲ”

ထန်ယုံဟောင်က ဟွမ်ကျိကို စူးစိုက်ကြည့်လိုက်သည်။

“ငရဲကိုးထပ်ဆင်းသက်လာတဲ့နေရာက ကောင်းကင်နယ်မြေမှာ ဖြစ်ကောင်းဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ ကောင်းကင်နယ်မြေဆိုတာ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတုန်းပဲ ၊ မီးတောက်မိစ္ဆာကမ္ဘာက မီးတောက်မိစ္ဆာတွေ အရှေ့ပင်လယ်ကိုကျူးကျော်တုန်းက ငါတို့အားလုံး အတူတူ ဝိုင်းဝန်းရင်ဆိုင်ကြရတာပဲ မဟုတ်လား”

ထန်ယုံဟောင်ကိုကြည့်ရင်း ဟွမ်ကျိက ရုတ်တရက် ပြုံးလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ထန်’ ၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက အတော် တုံး တာပဲ”

ဟွမ်ကျိစကားကြောင့် ထန်ယုံ‌ဟောင်က ဒေါသထွက်သွားခြင်း မရှိပေ။

သူက ဟွမ်ကျိကိုသာ စူးစိုက်ကြည့်နေသည်။

ဟွမ်ကျိက...

“ဒါပေမဲ့ ဒီအချိန်က တုံးတာ မတုံးတာနဲ့ သိပ်မဆိုင်ပါဘူး ၊ လောကကြီးမှာ မင်းမသိတဲ့အရာတွေ အများကြီး ရှိသေးတယ်”

ထန်ယုံဟောင်က အေးစက်စွာဖြင့်...

“ဒါဖြင့် အဲဒါတွေကို ကြားပါရစေ”

ဟွမ်ကျိက ကောင်းကိုမော့ကာ ကောင်းကင်ထက်လှမ်းကြည့်လိုက်သည်။

"လက်ရှိခေတ်၊ လက်ရှိအခြေအနေဟာ ဝါဒတောင်ရဲ့ ကျန်းဒေါ်ဂီတို့ ကျန်းရှီလော့တို့ ခေတ်နဲ့ မတူဘူး... ၊ အခု ငါတို့ရင်ဆိုင်နေရတဲ့ လက်ရှိအခက်အခဲတွေက စမ်းသပ်မှုတစ်ခုပဲ”

ထန်ယုံဟောင် အံ့ဩမှင်တက်သွားပြီး

“မင်း ဘာတွေပြောနေတာလဲ”

ဟွမ်ကျိက အသေးစိတ်အချက်အလက်များကို ရှင်းပြမနေဘဲ တစ်ချက်ပြုံးလိုက်သည်။

“ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ပူးပေါင်းပြီး ငရဲကိုးထပ် ဒီကမ္ဘာကိုရောက်လာအောင် လမ်းဖွင့်ပေးနေတယ် ၊ ငါတို့ နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ကို သုတ်သင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကယ်တင်မယ် ၊ ဒါပါပဲ... ရိုးရိုးလေးပါပဲ”

ပြောပြီးသည်နှင့် ဟွမ်ကျိက သူထွက်လာသည့် ကျောက်တုံးခန်းမထဲသို့ ပြန်လှည့်ဝင်သွားသည်။

ခန်းမထဲဝင်ရောက်ပျောက်ကွယ်သွားသော ဟွမ်ကျိ၏ပုံရိပ်ကိုကြည့်ရင်း ထန်ယုံဟောင်၏အတွေးများက တုနှိုင်းမရအောင် ရှုတ်ထွေးလျှက်ရှိတော့သည်။

ဟွမ်ကျိ ကျောက်တုံးခန်းမထဲသို့ ပြန်ရောက်လာတော့ အခန်းထဲတွင်ထိုင်နေသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ဟွမ်ကျိက ထိုသူ့ကို ဦးညွှတ်နှုတ်ဆက်ရင်း...

“ဆရာဦးလေး... ဘယ်တုန်းကရောက်လာတာလဲ”

ထိုလူရွယ်က နေဘုရင် (၇)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “ညနေခင်းအရှင်” ဖြစ်သည်။

သူက ဟွမ်ကျိကို ခေါင်းတစ်ချက်ညိတ်ပြရင်း...

“ထန်ယုံဟောင်နဲ့ အတူတူလောက်ပဲ...”

ညနေခင်းအရှင်က အခန်းတံခါးဆီသို့ စူးစိုက်ကြည့်လိုက်ရင်း...

“ယုံဟောင်ရဲ့စိတ်ထားက အရမ်းရိုးရှင်းတယ် ၊ ဒါကိုမပြောင်းလဲဘူးဆိုရင်တော့ သူက ဓားတစ်လက်ပဲ ဖြစ်နေလိမ့်မယ် ၊ ဓားကိုင်တဲ့လက်ဖြစ်လာမှာ မဟုတ်ဘူး”

ဟွမ်ကျိက...

“ပတ်ဝန်းကျင်အခြေအနေကြောင့် အဲဒီလိုဖြစ်သွားတာပါ ၊ ဂိုဏ်းတူအစ်ကို’ထန်’က သူ့တန်ဖိုးနဲ့သူ ရှိပါတယ်”

သူကဆက်ပြောသည်။

“ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းက ရှေ့လျှောက်အင်အားကြီးမားလာပြီး ကမ္ဘာကိုကြီးစိုးနိုင်မယ်ဆိုရင် ဂိုဏ်းတူအစ်ကို’ထန်’ရဲ့ အတွေးအခေါ်တွေက ခေတ်နဲ့လိုက်လျောညီထွေ မရှိနိုင်ဘူး ၊ သူက ခပ်တုံးတုံး ပုံစံဖြစ်နေလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ဂိုဏ်း ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ကြုံတွေ့ရလို့ အောက်ဆုံးအဆင့်ထိ ဆုတ်ယုတ်သွားမယ်ဆိုရင်တော့ သူ့လိုလူတစ်ယောက်ရှိနေတာ အသုံးဝင်တယ် ၊ အဲဒီလိုအချိန်မျိုးကျရင် သူက ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းအတွက် နောက်ဆုံးရှင်သန်ခွင့်ရအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်လိမ့်မယ်”

ညနေခင်းအရှင်က...

“ဒါတော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ အဲဒီလိုအချိန်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး ၊ ဒီတော့ ယုံဟောင်ရဲ့ဘဝက နွံနစ်နေတဲ့ပုလဲတစ်လုံးလိုပဲ နေထိုင်သွားရလိမ့်မယ်”

ဟွမ်ကျိက သိမ်မွေ့သည့်အမူအရာဖြင့်...

“ဒါကသဘာဝပါပဲ”

ညနေခင်းအရှင်က…

“ဒါနဲ့.. ဆရာဦးလေး’ဖန်းပေါ်ထိုင်’ နဲ့ တခြားသူတွေ တောင်ကောင်းကင်ဒေသကို သွားနေကြပြီ ၊ ဂိုဏ်းချုပ်ဟောင်း တံခါးပိတ်ကျင့်ကြံရာကထွက်လာတာနဲ့ ဝါဒတောင်ကိုတိုက်ခိုက်ဖို့ အားလုံး အသင့်ပြင်ထားတယ် ၊ မင်းရော အဖြစ်အပျက်တွေကို ကိုယ်တိုင်လိုက်မကြည့်တော့ဘူးလား”

ဟွမ်ကျိက ခေါင်းခါယမ်းရင်း...

“ကိုယ်တိုင်သွားတာက မတော်တဆမှုတွေပဲ ဖြစ်လာနိုင်ချေရှိတယ် ၊ ကျွန်တော်က အစီအစဉ်တွေကို အချိန်မရွေး ချိန်ညှိနိုင်စွမ်း ရှိပါတယ် ၊ အခု လုပ်စရာတွေလည်း အကုန်လုပ်ပြီးသွားပြီးဆိုတော့ ကိုယ်တိုင်လိုက်ကြည့်ဖို့ စိတ်မဝင်စားပါဘူး ၊ ကျွန်တော့်အကြံအစည်က ပြီးပြည့်စုံပြီးသားပဲလေ ၊ နောက်ဆုံးရလဒ်က ခန့်မှန်းထားတာနဲ့ သိပ်မကွာသရွေ့ စိတ်ကျေနပ်မှုကလည်း အများကြီး မကွာခြားနိုင်ပါဘူး”

ညနေခင်းအရှင်ကလည်း အလင်းမင်းသားကို ဖိအားမပေးပေ။

“ဘာပဲဖြစ်ဖြစ် ငါတော့ အဲဒီကိုသွားပြီး ကိုယ်တိုင်ကြည့်လိုက်ဦးမယ်”

ဟွမ်ကျိက ပြုံးလိုက်ရင်း...

“ကောင်းပါပြီ ဆရာဦးလေး ၊ ကျွန်တော်တို့ရဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာထဲ ငရဲကိုးထပ်ဝင်ရောက်လာအောင် လမ်းဖွင့်ပေးနေတဲ့ဝါဒတောင်ကို ဖျက်ဆီးနိုင်တာဟာ တကယ့်ခမ်းနားတဲ့ပွဲကြီးပွဲကောင်းပဲ မဟုတ်လား”

ညနေခင်းအရှင်က ရယ်မောရင်း...

“အမှန်ပဲ အမှန်ပဲ ၊ ဝါဒတောင်တော့ သူ့စရိတ်နဲ့သူ သွားတော့မယ် ၊ ငါတို့နေသူတော်စင်ဂိုဏ်းက သူတို့လို မိစ္ဆာဂိုဏ်းကို တိုက်ခိုက်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကယ်တင်ကြတာပေါ့”

ပြောပြီးသည်နှင့် သူက အခန်းထဲမှ ထွက်ခွာသွားလေ၏။

***

All Chapters