ကောင်းကင်မိုးကြိုးခန်းမလည်းလှုပ်ရှားပြီ
Vol. 21 Ch. 290
ယခင်တစ်ချိန်က တိုက်ပွဲပြင်းထန်ခဲ့သော အရှေ့ကောင်းကင်ဒေသ ၊ အရှေ့ထန်နိုင်ငံ၏ အိမ်နီးချင်းနယ်မြေများတွင်လည်း အချိန်ကိုက်ပင် လျှို့ဝှက်လှုပ်ရှားမှုများက တဟုန်ထိုးမြင့်တက်လာသည်။
လင်ထျန်းဖုန်းက လေထဲတွင် မတ်တတ်ရပ်နေပြီး သူ့နောက်တွင် ကောင်းကင်မိုးကြိုးခန်းမမှ အကြီးအကဲများ ရှိနေကြသည်။
သူ၏သားဖြစ်သူ မိုးကြိုးသခင်လေး ‘လင်ကျိုး’ က သူ့နံဘေးတွင် မတ်တတ်ရပ်နေ၏။
လင်ထျန်းဖုန်းက ဝါဒတောင်တည်ရှိရာနေရာသို့ စူးစိုက်ကြည့်ရင်း...
“အခု ဝါဒတောင်သိမ်းပိုက်ထားတဲ့ အဓိကနယ်မြေတွေအားလုံးမှာ မငြိမ်သက်မှုတွေ ဖြစ်ပွားနေပြီဆိုတော့... ဒီတိုက်ပွဲမှာ ဝါဒတောင်ဘက်က သိပ်ပြီးလွယ်မယ်မထင်ဘူး”
လင်ကျိုးက သူ့ခြေထောက်အောက်ရှိမြေပြင်ကို ငေးစိုက်ကြည့်ရင်း စိတ်များ ရှုတ်ထွေးလျှက် ရှိသည်။ သူ့ခေါင်းထဲတွင် ပုံရိပ်များစွာ ထွက်ပေါ်လာသည်။
တစ်ချိန်က မြေကမ္ဘာနယ်မြေတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် ငရဲကိုးထပ်က သူ့အတါက် စိတ်မချမ်းမြေ့စရာ အမှတ်တရများ ထားရဏ်ခဲ့သည်။
ထိုမှတ်ဉာဏ်များထဲတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကြောင့် သူ့ဘဝ ပြောင်းလဲခဲ့ရပြီး ဘေးအန္တရယ်များစွာ ရင်ဆိုင်ခဲ့ရသည်။
ဖခင်ဖြစ်သူက ကောင်းကင်မိုးကြိုးခန်းမ ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး အဆုံးသတ်တွင် လက်လျှော့ခဲ့ရသည်။ ထို့နောက် ငရဲကိုးထပ်မှ မိစ္ဆာနတ်ဆိုးများဖြင့် တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည်။
လင်ကျိုးကိုယ်တိုင်လည်း ထိုတိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး စွမ်းအင်ဗဟိုချက်ထိခိုက်ကာ ကျင့်ကြံခြင်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ထို့နောက် ဂိုဏ်းထဲတွင်မှေးမှိန်သွားပြီး ရန်ရှန်းနှင့် အခြားသူများက သူ့ကို မြေမှုန့်လောက်ပင် အရေးစိုက်ခြင်း မရှိကြတော့ပေ။
ထိုအချိန်တွင် သူနှင့် ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့သော ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှ ချစ်ရသူ လီကျင်းဝမ်သည် အမှောင်ဘက်ခြမ်းမှကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကိုခံရပြီး သူ့ဘဝအတွက် နောင်တရစရာများစွာ ဖြစ်လာခဲ့သည်။
"အခုတော့ အရာအားလုံးက မတူတော့ပါဘူး"
လင်ကျိုးမျက်လုံးများကို မှေးမှိတ်လိုက်သည်။
လက်ရှိတွင် သူ့ကို စိတ်ပျက်စေသည့်ကိစ္စအချို့ရှိသော်လည်း မတူညီတော့သည်ကတော့ အမှန်ပင် ဖြစ်သည်။
လင်ကျိုးက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး လင်ထျန်းဖုန်းနှင့်အတူ ဝါဒတောင်တည်ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည်။
“အဖေ ၊ နေသူတော်စင်ဂိုဏ်းကလူတွေက သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ မျက်စိမှိတ်လှုပ်ရှားနေကြတာတော့ မဟုတ်ဘူးမလား ၊ တကယ်ဆို ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဝါဒတောင်ကိုဖျက်ဆီးနိုင်အောင် သူတို့က ကူညီပေးနေတာက ငရဲကိုးထပ် ဒီကမ္ဘာထဲရောက်လာအောင် ကူညီပေးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား ၊ အဲဒါဆိုရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိနိုင်ဘူးနော်”
လင်ထျန်းဖုန်းက...
“အဲဒီလိုတော့ မဟုတ်ပါဘူး ၊ သူတို့ ခေါင်းဆောင်ပိုင်းကလူတွေ အမှားအယွင်းလုပ်မိရင်တောင်မှ အချင်းချင်းပြန်ထိန်းနိုင်ကြပါတယ်”
လင်ကျိုးက စကားမဆိုတော့ဘဲ ခေါင်းညိတ်လိုက်သည်။
လင်ထျန်းဖုန်းက သူ့လက်ဖဝါးကို အသာဖြန့်လိုက်ရာ ခရမ်းရောင်အလင်းတန်းများတောက်ပနေသော လေးတစ်လက် ပေါ်လာသည်။
“ဒါပေမဲ့ ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံနေရင်တောင် မိစ္ဆာသူတော်စင်ယွမ်ထျန်းက ဝါဒတောင်ကို ကောင်းကောင်းဒုက္ခပေးနိုင်မှာမဟုတ်ဘူး ၊ ဝါဒတောင်က သိပ်ပြီးအားနည်းတဲ့အထဲ မပါဘူးလေ”
လင်ထျန်းဖုန်းက ဆိုသည်။
“ဒါကြောင့် သူတို့အနေနဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို လွယ်လွယ်နဲ့ အနိုင်ရသွားလို့ မဖြစ်ဘူး ၊ ဝါဒတောင်က တိုက်ပွဲကိုအနိုင်ရခဲ့မယ်ဆိုရင်တောင် နလံမထူနိုင်လောက်အောင် ဒဏ်ရာရပြီးအားအင်ယုတ်လျော့သွားမှ ငါတို့အတွက် အခွင့်အရေးရမှာ”
လင်ထျန်းဖုန်းလက်ထဲတွင် အနက်ရောင်ဆေးပြားလေးတစ်ခု ပေါ်လာသည်။ သူက ထိုဆေးပြားလေးကို လေးညှို့တွင် တပ်ဆင်လိုက်ပြီး လေးကြိုးကိုတင်လိုက်၏။
လေးညှို့မှ ခရမ်းရောင်အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မိုးခြိမ်းသံများ မြည်ဟည်းလာသည်။ ကောင်းကင်ယံကိုထိုးခွင်းတော့မည့် နတ်လေးညှို့တစ်ခုအလားထင်မှတ်ရသည်။
ထိုလေးညှို့က ကောင်းကင်မိုးကြိုးခန်းမ၏ အဆင့်မြင့်မှော်ဝင်လက်နက် “ကောင်းကင်တုန်လှုပ်လေးညှို့” ဖြစ်သည်။ နေသူတော်စင်ဂိုဏ်းမှ နေမင်းဖြိုခွင်းလေးညှို့ဖြင့် တန်းတူ ကာလရှည်ကြာ နာမည်ကျော်ကြားခဲ့သော လေးညှို့တစ်လက်ပင်။
လင်ကျိုးက လင်ထျန်းဖုန်းလက်ထဲမှ အနက်ရောင်ဆေးပြားလေးကို လှမ်းကြည့်ရင်း...
“’နေဆန့်ကျင်’ က နေသူတော်စင်ဂိုဏ်းမှာ (၃)ခု ရှိတာ မဟုတ်လား ၊ သူတို့က ကျွန်တော်တို့ဂိုဏ်းကို တစ်ခုပေးတယ် ၊ သူတို့လည်းတစ်ခုသုံးမယ်ဆိုရင်... အပိုတစ်ခုကျန်နေသေးတယ်”
လင်ထျန်းဖုန်းက ကမ္ဘာအလင်းအရှင်ကဲ့သို့ လေးကို မြေပြင်ထက်သို့ ပစ်လွှတ်ခြင်း မရှိပေ။ သူက ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။
ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ကြီးမားသောအစီအရင်တစ်ခု ထွက်ပေါ်လာကာ မိုးခြိမ်းသံများတဟုန်းဟုန်း အော်မြည်လာသည်။
လင်ထျန်းဖုန်းပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ လှည့်ပတ်နေပြီး ထိုအရာများက ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ကြီးမားသည့်ကောင်းကင်ပလ္လင်ကြီးတစ်ခု ဖြစ်တည်လာသည်။ ထိုကောင်းကင်ပလ္လင်ကြီးက ကောင်းကင်ထက်တွင် လျှပ်စီးမြွေများပမာလှည့်ပတ်နေသော ကြီးမားသည့်အစီအရင်ကြီးနှင့် ပေါင်းစပ်သွားသည်။
လင်ထျန်းဖုန်း လေးကြိုးကိုလွှတ်လိုက်သည်နှင့် ‘နေဆန့်ကျင်’က အနက်ရောင်အလင်းတန်းတ်ခုအဖြစ် အစီအရင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
အစီအရင်က ပြင်းထန်လျှင်မြန်စွာ တစ်ချက်လှုပ်ရှားသွားပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။
လင်ထျန်းဖုန်းက ကျေနပ်စွာ ခေါင်းတစ်ချက်ညိတ်ရင်း...
“’နေဆန့်ကျင်’ ၊ နာမည်ဂုဏ်သတင်းကြီးထိုက်ပါပေတယ်”
“ဒီတစ်ခေါက်တိုက်ပွဲမှာ ငါတို့က ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ရအောင်ယူရမယ် ၊ အဲဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုသာရမယ်ဆိုရင် ဒီတိုက်ပွဲက ငါတို့အတွက် အချည်းနှီး မဖြစ်တော့ဘူးပေါ့”
လင်ထျန်းဖုန်းက ဆိုသည်။
“အခု အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေ ထပ်ပြီးပြဿနာရှာနေလို့ လှိုင်းနက်ဂေဟာနဲ့ ကျောက်စိမ်းပင်လယ်မြို့တော်က ဒီတိုက်ပွဲကို အာရုံစိုက်နိုင်မှာမဟုတ်ဘူး ၊ ငါတို့အနေနဲ့ အဆုံးမဲ့တောင်တန်းကိုပဲ သတိထားရလိမ့်မယ် ၊ ဒါပေမဲ့ နေသူတော်စင်ဂိုဏ်းက ‘ဟွမ်ကွမ်လီ’ သိုင်းသူတော်စင်အဆင့်ကိုတက်ရောက်ပြီး တံခါးပိတ်ကျင့်ကြံရာကထွက်လာရင်တော့ နလန်မထူနိုင်အောင်ပျက်ဆီးနေတဲ့ဝါဒတောင်က အဆုံးမဲ့တောင်တန်းနဲ့ ပူးပေါင်းတိုက်ခိုကမယ်ဆိုရင်တောင်မှ ဟွမ်ကွမ်လီကို တွန်းလှန်နိုင်ဖို့ ခက်လိမ့်မယ် ၊ ဒါက ငါတို့ ကောင်းကင်မိုးကြိုးခန်းမအတွက် အခွင့်အရေးပဲ”
လင်ထျန်းဖုန်းက ကောင်းကင်တုန်လှုပ်လေးညှို့ကိုသိမ်းဆည်းရင်း ဆက်ပြောသည်။
“နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ကို ဖျက်ဆီးချင်တယ်ဆိုရင် ဖျက်ဆီးခွင့်ပေးလိုက်ပါ ၊ ငါတို့ဂိုဏ်းအတွက် အရေးကြီးဆုံးက စွမ်းအားမြင့်မားဖို့ပဲ ၊ ဘာလို့လဲဆိုတော့ နေသူတော်စင်ဂိုဏ်း စွမ်းအားကြီးမားလာတဲ့တစ်နေ့ကျရင် ငါတို့နဲ့ အနာဂတ်ဆက်ဆံရေး ဘယ်လိုရှိမလဲဆိုတာ မသိနိုင်ဘူး”
ခဏနားပြီးမှ သူကဆက်ပြောသည်။
“သူတို့က ငါတို့ကို မဟာမိတ်လိုဆက်ဆံမလား ၊ လက်အောက်ငယ်သားလိုသဘောထားမလားဆိုတာက ငါတို့ ကောင်းကင်မိုးကြိုးခန်းမရဲ့ စွမ်းအားအနည်းအများအပေါ်မှာ မူတည်တယ်”
လင်ကျိုးမျက်နှာကတည်ငြိမ်နေသော်လည်း ဝါဒတောင်ကို စူးစိုက်ကြည့်နေသည့် သူ၏မျက်ဝန်းများကတော့ မီးတောက်များပမာ တောက်ပနေသည်။
“အမှန်ပဲ ၊ စွမ်းအားမြင့်မားဖို့က အဓိကပဲ”
***
ဝါဒတောင်တိုက်ပွဲ။
အကြီးအကဲ’ကျန်း’က ရှေ့တန်းခံစစ်မှ ဦးဆောင်တိုက်ခိုက်လျှက်ရှိသည်။
သူ၏ကောင်းကင်ဝါဒလက်ဝါးသိုင်းက မိုးကောင်းကင်တစ်ခုလုံးပြိုကျလာသည့်အလား ပြင်းထန်လှပြီး မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ သူ၏လက်ဝါးရိုက်ချက်ကြောင့် သူ့အရှေ့မှ သိုင်းဆရာသခင်မှာ ဦးနှောက်များပေါက်ထွက်လျှက် အသက်ပျောက်သွား၏။
အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းဆရာသခင်၏ အစစ်အမှန်သိုင်းအစ္ဇျတ္တဖြင့်ဖန်ဆင်းထားသော ကော်းကင်ပလ္လင်ပြိုကျပျက်ဆီးသွားပြီး ဝိညာဉ်သင်္ကေတများသည်လည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများပျောက်ကွယ်သွားချိန်တွင် အရာအားလုံးလည်း ပျောက်ကွယ်သွားလေ၏။
သိုင်းဆရာသခင် နဝမအဆင့်ဖြစ်သော အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်သည် ဝါဒတောင်တွင် ထိုသို့နှယ် အသက်ဆုံးသွားခဲ့ရသည်။
အနက်ရောင်အိပ်မက်ဆိုးတောင်တစ်ခုလုံးတွင် အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် (၂)ယောက်သာရှိသည်။ သူတို့ (၂)ယောက်လုံးက အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြီးအကဲများ ဖြစ်ကြသည်။
ယခုတော့ သူတို့ထဲမှတစ်ယောက်က အကြီးအကဲ’ကျန်း’၏ လက်ဝါးရိုက်ချက်ဖြင့် အသက်ပျောက်သွားပေပြီ။
ဝါဒတောင်က ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲလာပြီး အသာစီးရရှိခြင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီကို သိလိုက်သည်နှင့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ ကျန်ရှိနေသည့် အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်က ဆက်လက်မတိုက်ခိုက်ဝံ့တော့ဘဲ အလျှင်အမြန် ထွက်ပြေးသွားသည်။
အကြီးအကဲ’ကျန်း’က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီးနောက် ဖူအန်းစုနှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။
“သူတို့နောက်ကို မလိုက်နဲ့တော့ ၊ ငါတို့ဂိုဏ်းကိုသာ သေသေချာချာသတိနဲ့ စောင့်ရှောက်ပါ ၊ နေသူတော်စင်ဂိုဏ်းနဲ့ တခြားရန်သူတွေက အခြေအနေကိုအခွင့်ကောင်းယူပြီး အလစ်ချောင်းတိုက်ခိုက်လာနိုင်တယ် ၊ ဒီအဘိုးကြိးကတော့ ယွမ်ထျန်းနဲ့ ရှင်းတုန်းဖင်းကို ရှင်းပစ်ဖို့ ရန်တိကို သွားကူညီလိုက်ဦးမယ်”
သူက ဆက်ပြောသည်။
“မင်းတို့အားလုံး ဒီနေရာမှာပဲ စောင့်နေကြ ၊ မထင်မှတ်တာ တစ်ခုခုဖြစ်လာရင် အနောက်ဘက်ရေကန်တောင်ကို ချက်ချင်းဆုတ်ခွာပြီး ဂိုဏ်းတူညီမလေး’ဟယ်’နဲ့ တွေ့ဆုံပါ ၊ ဒီအဘိုးကြီးနဲ့ ရန်တိ ပြဿနာတွေအားလုံး ဖြေရှင်းပြီးတဲ့အထိ စောင့်နေကြပါ”
ဖူအန်းစုနှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကို အပြတ်ရှင်းနိုင်လျှင် ပြဿနာချက်ချင်းပြေလည်မည်ဖြစ်ကြောင်း သူတို့အားလုံး သိရှိကြသည်။ ထိုအချက်က တိုက်ပွဲရလဒ်အတွက် အဓိကကျသောဆုံးဖြတ်ချက်ဖြစ်၏။
အကြီးအကဲ’ကျန်း’ သီးခြားနယ်မြေတည်ရှိရာ မိုးထိတောင်ထိပ်သို့ ပြန်ရောက်လာသည်။
သူက ရန်တိ၏လမ်းညွှန်ပေးမှုဖြင့် သီးခြားနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်။
သီးခြားနယ်မြေထဲမှ တိုက်ပွဲတွင် ရန်တိက အသာစီးရလျှက်ရှိသည်။ သူသာ ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းကို အသေသတ်ရန် ဆန္ဒမရှိလျှင် တိုက်ပွဲကို အနိုင်ပိုင်းနိုင်နေပြီ ဖြစ်သည်။
အကြီးအကဲ’ကျန်း’က ရောက်ရောက်ချင်းပင် ရှင်းတုန်းဖင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရှင်းတုန်းဖင်းနှင့် အကြီးအကဲ’ကျန်း’ တို့ ရင်ဆိုင်တိုက်ခိုက်လိုက်သည်နှင့် ရန်တိက ယွမ်ထျန်းကို အပြည့်အဝအာရုံစိုက် တိုက်ခိုက်လိုက်သည်။
ယခု တိုက်ပွဲအခြေအနေက ပို၍ပင် တစ်ဖက်သတ်ဆန်လာသည်။
ယွမ်ထျန်းမျက်နှာက တည်ကြည်လေးနက်နေပြီး ရှင်းတုန်းဖင်းကတော့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အဲဒါက အခု ရောက်လာသင့်ပြီ မဟုတ်ဘူးလား”
ထိုအချိန်...
ဝါဒတောင်ပင်မအစီအရင်ကြီးက ရုတ်တရက် တုန်ခါသွားသည်။
ကမ္ဘာအလင်းအရှင်နှင့် လင်ထျန်းဖုန်းတို့ ပစ်လွှတ်လိုက်သော ‘နေဆန့်ကျင်’က နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ ပြုလုပ်ထားသည့် အစီအရင်အသီးသီးနှင့် ပေါင်းစပ်သွားပြီး ‘နေဆန့်ကျင်’ (၂)စင်းတို့ ပေါင်းစည်းသွားကြသည်။ ထို့နောက် ခမ်းနားကြီးကျယ်သော ဖိအားကြီး (၂)ခုက ကောင်းကင်နယ်မြေအပြင်ဘက်မှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ပုံသဏ္ဌန်မရှိ ၊ မည်သည့်ပစ္စည်းမှ မရှိဟုထင်မှတ်ရသော်လည်း လေထုတစ်ခုလုံးက အလိုလိုတုန်ခါလာသည်။
သဏ္ဌန်မဲ့ ‘နေဆန့်ကျင်’ (၂)စင်းသည် ဝါဒတောင်ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာကြသည်။
ထိုအရာ (၂)ခုက ဝါဒတောင်ပင်မအစီအရင်တည်ရှိရာ ဧရိယာအတွင်း ဝင်ရောက်သွားပြီး ပြင်းထန်သောစွမ်းအား (၂)ခုက ကြီးမားသောအစီအရင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
မူလက လေထုထဲတွင် ကွယ်ပျောက်နေသည့် ကြီးမားသော အစီအရင်ကြီးသည် ချက်ချင်းပင် လင်းလက်သွားပြီး ဝိညာဉ်သင်္ကေတများစွာ တောက်ပလာကာ ပြင်းထန်သော စွမ်းအားအတက်အကျများလည်း ဖြစ်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်သော ‘နေဆန့်ကျင်’ များ၏ ထူးဆန်းသောဖိအားအောက်တွင် ဝါဒတောင်၏ ခံစစ်အစီအရင်ဖြစ်သော ပင်မအစီအရင်ကြီးသည် ကန်ရေပြင်တွင် လှိုင်းထန်လာသည့်အလား ပြင်းထန်စွာ လှုပ်ခါလာသည်။
ထိုခဏတွင် လေထုတစ်ခုလုံးက မှုံဝါးသွားပြီး တဖြည်းဖြည်း ပုံပျက်သွားသည်။
သီးခြားနယ်မြေထဲတွင် တိုက်ပွဲဝင်နေသည့် ရန်တိ၏မျက်ဝန်းများက ချက်ချင်းပင် ရူးသွပ်သူတစ်ယောက်ပမာ လှုပ်ခတ်သွားပြီး အေးစက်သည့်အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ ထိန်းချုပ်ထားသည့် ဝိညာဉ်သင်္ကေတများ ပြင်းထန်စွာအက်ကွဲသွားပြီး အလင်းစီးကြောင်းများအဖြစ် စီးဆင်းသွားသည်။
သီးခြားနယ်မြေတစ်ခုလုံးသည် ကြီးမားသည့် ဝိညာဉ်သင်္ကေတမျက်နှာပြင်ကြီးတစ်ခုအဖြစ် မည်သည့်အရာနှင့်မှနှိုင်းယှဉ်မရလောက်အောင် ပုံပျက်သွားလေသည်။
***