← Chapters

အခြေအနေများပြောင်းပြန်လှန်

Vol. 21 Ch. 291

အခြေအနေများပြောင်းပြန်လှန်

Vol. 21 Ch. 291

ထိုခဏတွင် ဝါဒတောင်တစ်ခုလုံးကို လွှမ်းခြုံထားသော ပင်မအစီအရင်ကြီးတွင် ပြင်းထန်သော ပြောင်းလဲမှုများ ရုတ်ချည်း ဖြစ်ပေါ်လာသည်။

အစီအရင်က ပရမ်းပတာဖြင့် အရှိန်အဟုန်မြင့်တက်လာပြီး ဝါဒတောင်တည်ရှိရာပတ်ဝန်းကျင်မှ မိုးမြေတစ်ခွင်လုံး အဆက်မပြတ်ပုံပျက်သွားကာ လေထုက တွန့်ခေါက်စုတ်ပြတ်သွားသည်။

အနီးပတ်ဝန်းကျင်မှ ချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအားမျှချေက ပရမ်းပတာဖြစ်သွားပြီး ဝါဒတောင်အထက် လေထုထဲတွင် သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သော ကြီးမားသောဝိညာဉ်စွမ်းအားဝဲဂယက်ကြီးများဖြစ်ပေါ်လာသည်။

ဝါဒတောင်အထက် ကောင်းကင်ယံတွင် အသင်္ချေပေါင်းများစွာသော ဝဲဂယက်ကြီးများက အရှိန်အဟုန်ဖြင့် လှည့်ပတ်နေကာ ပုံပျက်ပန်းပျက်ဖြစ်နေခြင်းက မြင်ရသူတိုင်းကို ချာချာလည် မူးနောက်သွားစေသည်။

“ကောင်းကင်ရောမြေကြီးပါ ချာချာလည်” ဆိုသည့်စကားစုသည် ဤအခိုက်အတန့်ကို သရုပ်ဖော်ခြင်း ဖြစ်နိုင်သည် အမှန်ပင်။

တောင်ပေါ်တွင်တော့ အကြီးအကဲ’ကုန်း’ ၊ ဖူအန်းစုနှင့် အခြားသောဝါဒတောင်ထိပ်တန်းသိုင်းသမားများက ကျူးကျော်လာသည့်ရန်သူများအားလုံးကို ရှင်းပစ်နေကြသည်။

ကျူးကျော်ရန်သူအမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့ပြီး အချို့မှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြသည်။

သို့သော်...

ထိုအချိန်တွင် မိုးမြေတစ်ခုလုံးက ရုတ်တရက် ပြောင်းလဲသွားပြီး ဝါဒတောင်ပင်မအစီအရင်လည်ပတ်မှုက မည်သည့်အရာနှင့်မှနှိုင်းယှဉ်မရလောက်အောင် ဖရိုဖရဲဖြစ်သွားသည်။

အခြေအနေများ မငြိမ်မသက်ဖြစ်လာသည်နှင့် ရန်သူများက ပြန်လည်တိုက်စစ်ဆင်လာသည်။ တိုက်ခိုက်လာသူများမှာ အကြီးအကဲ’ဝမ်’ ဦးဆောင်သည့် ဝါဒတောင်မှ သစ္စာဖောက်အုပ်စုဖြစ်၏။

အကြီးအကဲ’ကျန်း’က ရန်တိကိုကူညီရန် သီးခြားနယ်မြေထဲ ရောက်နေသဖြင့် ရန်သူက တန်ပြန်တိုက်ခိုက်လာသောအခါ တောင်ပေါ်မှအခြေအနေက တစ်ဖန်ပြန်လည်ပြီး ဆိုးရွားသွားသည်။

***

ရေစင်တောင်။

ဂိုဏ်းချုပ်ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာနေရာ အပြင်ဘက်တွင် ဆံပင်များတစ်ခေါင်းလုံး ဖွေးဖွေးလှုပ်နေသည့် အဘွားအိုတစ်ယောက် ရှိနေသည်။ သူမက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။

သူမက ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ဝိညာဉ်စွမ်းအားများပျက်ယွင်းခြင်းမှ ဖြစ်ပေါ်လာသော ပရမ်းပတာဝဲဂယက်များဆီသို့ သူမ၏လက်ဖဝါးများကို တွန်းထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ အစစ်အမှန်သိုင်းအဇ္စျတ္တဖြစ်သော ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့်ဖန်ဆင်းထားသည့် ကောင်းကင်ပလ္လင်နှင့် ကြီးမားသောကိုယ်ခွဲကြီး ထွက်ပေါ်လာကာ တူညီသောလှုပ်ရှားမှုကို လုပ်ဆောင်လိုက်သည်။ ကြီးမားသည့် လက်ဖဝါးတစ်စုံသည် ရေကန်တောင်ထွတ်ကို ထိခိုက်မှုမရှိစေရန် ဖုံးအုပ်ကာကွယ်ပေးထားလေသည်။

ဖန်ကျွင်းကတော့ ရေစင်တောင်ထွတ်တွင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ပြီး ငရဲကိုးထပ်၏ကျူးကျော်ဝင်ရောက်မှုကို တားဆီးနေသည်။

ဝါဒတောင် ၊ မိစ္ဆာချီစွမ်းအားနှင့် ငရဲကိုးထပ်အပေါ် နားလည်နိုင်စွမ်းမြင့်မားသူများထဲတွင် ဖန်ကျွင်းက ထိပ်တန်း (၃)ယောက်စာရင်းတွင် ပါဝင်သည်။

သို့ပေသိ ယခု ဝါဒတောင်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအားများ ရုတ်တရက် ဖရိုဖရဲဖြစ်သွားသည့်အခါ ဖန်ကျွင်းမှာ ခက်ခဲသည့်အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရသည်။

လူသားတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေသည့် ငရဲကိုးထပ်ရောင်ဝါက ချက်ချင်းပင် ပြင်းထန်စွာ မြင့်တက်လာသည်။

အနက်ရောင်မိစ္ဆာချီစွမ်းအားများက အတန်းလိုက်ထွက်ပေါ်လာပြီး ကောင်းကင်ချုပ်လှောင်ချောက်နက်နှင့် ရေစင်တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားရုံသာမက အခြားသော ဝါဒတောင်နေရာများသို့ ဆက်လက်ပျံ့နှံ့သွားသည်။

ထူထပ်သောမိစ္ဆာချီစွမ်းအားများ အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ထိုအရာများက ရွှံ့စေးများပမာ စီးကပ်လျှက်ရှိကာ ရေစင်တောင်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ရာ မိစ္ဆာနယ်မြေတစ်ခု ဖြစ်တည်လာသည်။

ရေစင်တောင်အထက် ကောင်းကင်ယံတစ်ခုလုံးအား အနက်ရောင်မိစ္ဆာမြူခိုးများ ဖုံးလွှမ်းသွားပြီး တိမ်တိုက်များကြားတွင် သွေးနီရောင်လျှပ်စီးကြောင်းများက အဆက်မပြတ် စီးဆင်းနေသည်။

မိစ္ဆာနယ်မြေမဟာအစီအရင်အတွင်းမှ အဆုံးမရှိသေသာ အနက်ရောင်ဝိညာဉ်သင်္ကေများက သံကြိုးများပမာ ထွက်ပေါ်လာပြီး မြင့်မားသောရွှေရောင်မျှော်စင်ကြီးကို လာရောက်ရစ်ပတ်ကြသည်။

ဖန်ကျွင်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ သူ့မျက်နှာက တည်ကြည်‌လေးနက်နေပြီး လေထုအတွင်းသို့ လက်ဖဝါးနှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဖန်ကျွင်း၏ လက်ဝါးရိုက်ချက်ရင်ဆိုင်ရသည်နှင့် မြင့်မားသောရွှေရောင်မျှော်စင်ကြီးဆီသို့ စုဝေးရောက်ရှိလာသော မရေမတွက်နိုင်သည့် အနက်ရောင်ဝိညာဉ်သင်္ကေတများသည် ရွှေရောင်မျှော်စင်ဆီသို့ ရောက်မလာနိုင်တော့ဘဲ လုံးထွေးရစ်ပတ်သွားသည်။

ဖန်ျကွင်းက ရွှေရောင်မျှော်စင်ထိပ်သို့ ခုန်တက်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် မျှော်စင်ထိပ်မှ သွေးနီရောင်အလင်းတံခါးထွက်ပေါ်လာပြီး မြေပြင်ထက်တွင် မဟာငရဲကိုးထပ်တံခါး အရိပ်ထင်မလာအောင် ထိန်းချုပ်တားဆီးလိုက်သည်။

အနက်ရောင်ဝိညာဉ်သင်္ကေတများက ရွှေရောင်မျှော်စင်ကြီးကို ရစ်ပတ်ခြင်းမရှိတော့ဘဲ ဖန်ကျွင်းကိုသာ ပိုပြီးတင်းတင်းကျပ်ကျပ် ရစ်ပတ်ချည်နှောင်ထားသည်။ ကောင်းကင်ထက်မှ သွေးနီရောင်လျှပ်စီးကြောင်းများကလည်း သူ့ခန္ဓာကိုယ်ထက်သို့ အဆက်မပြတ် ပြင်းပြင်းထန်ထန် ကျရောက်လျှက် ရှိသည်>

ဖန်ကျွင်း၏မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး အစစ်အမှန်သိုင်းအစ္ဇျတ္တဖြင့် ကောင်းကင်ပလ္လင်ကို ဖန်ဆင်းလိုက်သည်။ ထို့နောက် သူက မြင့်မားသည့်ရွှေရောင်မျှော်စင်ကြီးထက်တွင် မယိုင်မနဲ့ တင်ပျဉ်ခွေထိုင်လျှက် မိစ္ဆာနယ်မြေမဟာအစီအရင်၏ တိုက်ခိုက်မှုကို တွန်းလှန်ဖိနှိပ်ထားသည်။

သူ၏ ခမ်းနားလှသော အဆုံးမဲ့ကောင်းကင်ဓားဝိညာဉ်က တောက်ပသည့်ဓားအလင်းရောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်အမြင့်ထက်သို့ ပျံသန်းသွားကာ အဆုံးမရှိသောအမှောင်ထုထဲတွင် မီးပြတိုက်တစ်ခုပမာ လင်းလက်နေသည်။

အဆုံးသတ်တွင်တော့ ဖန်ကျွင်း၏ ဖိနှိပ်ထိန်းချုပ်မှုကြောင့် မိစ္ဆာနယ်မြေမဟာအစီအရင် ပျံ့နှံ့ချဲ့ထွင်နေခြင်း ရပ်တန့်သွားလေ၏။

သို့သော် ဖန်ကျွင်းကတော့ စိတ်သက်သာရာရဟန် မရှိသေးပေ။ သူက ခေါင်းကိုမော့ကာ အဝေးဆီသို့ မျှော်ကြည့်လိုက်သည်။ အနက်ရောင်မြူခိုးများက သူ့အမြင်အာရုံကို ပိတ်ဆို့ဖုံးကွယ်ထားသည့်တိုင် အပြင်ဘက်မှအခြေအနေကို ယောင်ဝါးဝါး ခန့်မှန်းနိုင်ဆဲ ဖြစ်သည်။

“ဝါဒတောင်ပင်မအစီအရင်မှာ ရုတ်တရက် အပြောင်းအလဲဖြစ်သွားတယ် ၊ ဒါ ဆရာဦးလေး’ရှင်း’ရဲ့ လက်ချက်ပဲ ဖြစ်ရမယ် ၊ ဒီအတိုင်းဆို သူ့ဘက်က အားသာချက်ရလာတော့မှာပဲ”

ဖန်ကျွင်း၏မျက်နှာက တည်ကြည်လေးနက်နေသည်။

မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားခြင်းဖြင့် ဤနေရာကို တည်ငြိမ်အောင်ထိန်းထားနိုင်သော်လည်း တကယ်တမ်း တိုက်ပွဲကိုအဆုံးအဖြတ်ပေးမည်က ရန်တိ ၊ ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့၏တိုက်ပွဲ ဖြစ်သည်။

ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကိုသာ အပြတ်မရှင်းနိုင်ပါက ဝါဒတောင်တစ်ခုလုံး ကပ်ဘေးကြီးကျရောက်ပေလိမ့်မည်။

ဝါဒတောင်ပင်မအစီအရင်ကို ရှင်းတုန်းဖင်းသာ ထိန်းချုပ်နိုင်သွားလျှင် မိစ္ဆာသူတော်စင်ယွမ်ထျန်းနှင့်လက်တွဲပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် လွှမ်းမိုးနိုင်စွမ်း မြင့်တက်လာမည်ပင်။

ဖန်ကျွင်းခန့်မှန်းသည့်အတိုင်းပင် သီးခြားနယ်မြေမှ တိုက်ပွဲအခြေအနေက ရုတ်ချည်းပြောင်းလဲသွားသည်။

ဝါဒတောင်ပင်မအစီအရင် ပြင်းထန်စွာ တုန်ခါသွားသည်နှင့် ရန်တိက အစီအရင်နှင့် ချိတ်ဆက်မှုပြတ်တောက်သွားပြီဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်သည်။

လေထုထဲတွင် ဝိညာဉ်သင်္ကေတများ တစ်ခုပြီးတစ်ခု ပြိုကွဲသွားသည်။ ရန်တိက ပြန့်ကျဲနေသော ဝိညာဉ်သင်္ကေတများကို ပြန်လည်စုစည်းရန် အရှိန်အဟုန်ဖြင့် ကြိုးစားသော်လည်း အခြေအနေက အရင်ကနှင့်မတူ များစွာခြားနားသွားပေပြီ။

ရှင်းတုန်းဖင်းက ကျယ်‌လောင်သည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီး သူ့လက်ဖဝါးထက်တွင် လေးနက်သောအင်းသင်္ကေတများ ထပ်မံထွက်ပေါ်လာသည်။

ရန်တိနှင့် အကြီးအကဲ’ကျန်း’ တို့ စိတ်ထိခိုက်သွားကြတော့၏။

ရှင်းတုန်းဖင်း မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် ဝိညာဉ်အလင်းရောင်များ တောက်ပနေပြီး သီးခြားနယ်မြေသည်လည်း အလင်းရောင်များ ထွက်ပေါ်လာကာ ရှင်းတုန်းဖင်း၏ စွမ်းအားများကို မြှင့်တင်ပေးနေသည်။

ဝါဒတောင်ပင်မအစီအရင် ထိန်းချုပ်နိုင်စွမ်းသည် ရှင်းတုန်းဖင်းထံသို့ နောက်တစ်ကြိမ် ပြောင်းလဲရောက်ရှိသွားခဲ့ပေပြီ။

ရှင်းတုန်းဖင်း၏ ကျယ်လောင်သောကြုံးဝါးသံကြီး အဆုံးသတ်သွားသည်နှင့် “အဆုံးမဲ့ကောင်းကင်ပလ္လင်”နှင့် ကြီးမားသော ကိုယ်ခွဲကြီး ထွက်ပေါ်လာသည်။ သူ၏စွမ်းအားက မိစ္ဆာသူတော်စင်ယွမ်ထျန်းထက် နိမ့်ကျခြင်း မရှိပေ။

ကြယ်တာရာသန့်စင်ချီဝတ်ရုံဝတ်ဆင်ထားသည့် ရန်တိကို ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့က တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြ၏။

ထိုအချိန် သီးခြားနယ်မြေတွင် အနက်ရောက်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရှင်းတုန်းဖင်းက ရန်တိကဲ့သို့ မဟုတ်ပေ။ သူက သီးခြားနယ်မြေထဲတွင် သူတို့၏တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအားလှိုင်းလုံးများကို ဖိနှိပ်ထားခြင်းမရှိပေ။ ထို့ကြောင့် ပြင်းထန်သည့်ဖိအားများအောက်တွင် သီးခြားနယ်မြေက ပေါက်ကွဲလုမတတ် ဖြစ်ရသည်။

ရှင်းတုန်းဖင်း ဝါဒတောင်ပင်အစီအရင်ကို ထိန်းချုပ်လိုက်ပြီးနောက် အဓိကရင်ဆိုင်ရသည့်ပြဿနာမှာ သီးခြားနယ်မြေ စတင်ပျက်ဆီးသွားခြင်းပင် ဖြစ်သည်။

ရန်တိကတော့ ပြင်းထန်သည့်ဖိအားများ တိုးပွားလာခြင်းကို ထိန်းရုံသာထိန်းထားနိုင်သည်။

ကြယ်တာရာသန့်စင်ချီဝတ်ရုံလည်းရှိသလို သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ဖြစ်သောကြောင့် ရန်တိအနေဖြင့် ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းကို နှစ်ယော်ကတစ်ယောက် တိုက်ခိုက်နိုင်စွမ်း ရှိသေးသည်။

သို့ပေသိ ထိုသူ (၂)ယောက်ကို သီးခြားနယ်မြေထဲတွင် ထောင်ချောက်ဆင်ပိတ်လှောင်ထားရန် ပို၍ခက်ခဲသွားသည်။

အကယ်၍ သူတို့ (၂)ယောက်သာ လွတ်မြောက်သွားပါက ဝါဒတောင်မှ အခြားသူများ သေချာပေါက် ဒုက္ခတွေ့မည်ပင်။

ယခုတော့ သီးခြားနယ်မြေအတွင်းမှ တိုက်ပွဲအခြေအနေသည် လုံးဝပြောင်းပြန်ဖြစ်သွားပေပြီ။

ရှင်းတုန်းဖင်းက ဓားကိုဝှေ့ယမ်းလိုက်သည်။ ခမ်းနားသည့်ဓားအလင်းရောင်က ကောင်းကင်ဘုံမှထျန်းဟယ်မြစ် စီးဆင်းလာသည့်ပမာ ထွက်ပေါ်လာပြီး အကြီးအကဲ’ကျန်း’ ၏ ကောင်းကင်ဝါဒပလ္လင်နှင့် ကိုယ်ခွဲခန္ဓာကို ဖျက်ဆီးပစ်လိုက်သည်။

အကြီးအကဲ’ကျန်း’ ၏ ကောင်းကင်ဝါဒကိုယ်ခွဲကြီးမှာ ပခုံးတစ်ဖက်ကွဲကြေသွားပြီး လက်မောင်းမှရင်ဘတ်တစ်လျှောက် အက်ကွဲကြောင်းကြီးဖြစ်ပေါ်သွားသည်။ အကြီးအကဲ’ကျန်း’ထံ မှာ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ရှင်းတုန်းဖင်းက ဓားကို ထပ်မံဝှေ့ယမ်းလိုက်ရာ ဓားအလင်းရောင်က များပြားလှစွာသော အစက်အပြောက်များအဖြစ် ပြောင်းလဲသွားပြီး အကြီးအကဲ’ကျန်း’ ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကိုယ်ပိုင်လောကငယ်တစ်ခု ဖန်ဆင်းပြီး အကြီးအကဲ’ကျန်း’ကို ပိတ်လှောင်ထားလိုက်ခြင်းပင်။

ကိုယ်ပိုင်လောကငယ်ထဲတွင် ပြင်းထန်သည့် ဓားဝိညာဉ်တစ်ခု ရှိနေပြီး အကြီးအကဲ’ကျန်း’ကို အဖက်ဖက်မှ ပိတ်ဆို့တိုက်ခိုက်နေသည်။

အကြီးအကဲ’ကျန်း’ အထဲတွင်ပိတ်မိနေပြီး အပြင်သို့ထွက်လာနိုင်စွမ်း မရှိဘဲ အံတင်းတင်းကြိတ်ကာ အပြင်းအထန် ခုခံလျှက်ရှိသည်။

ထို့နောက် ရှင်းတုန်းဖင်းက ဓားကိုထပ်မံဝှေ့ယမ်းလိုက်ပြီး ယွမ်ထျန်းနှင့်အတူ ရန်တိကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ရန်တိမှာ ဝါဒတောင်ပင်မအစီအရင်အား ထိန်းချုပ်ရာတွင် အားသာချက်မရှိတော့သော်လည်း သူက အစီအရင်နှင့်ပြန်လည်ချိတ်ဆက်ရန်ကြိုးစားရင်း ရှင်းတုန်းဖင်းကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

သူ့ခန္ဓာကိုယ်ထက်ရှိ ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ မရေမတွက်နိုင်သော ကြည်လင်သည့်ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သီးခြားနည်မြေကို ပိုပြီးတည်တံ့အောင် ထိန်းထားပေးသည်။

ကောင်းကင်နဂါးဓားက ခရမ်းရောင်နဂါးတစ်ကောင်ပမာ လေထုကို အဆက်မပြတ်ဖြတ်သန်းသွားပြီး ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ဆီသို့ ဝင်ရောက်လာသည်။

ရန်တိက ညာဘက်လက်တွင် တစ်ဖက်သွားဓားတစ်လက်ကို ကိုင်ထားပြီး ဘယ်ဘက်လက်တွင် လက်ညှိုးနှင့်လက်ခလယ် လက်နှစ်ချောင်းကို အသုံးပြုကာ ဓားဝိညာဉ်တစ်ခု ဖန်ဆင်းလိုက်သည်။ ထိုဓားဝိညာဉ်က ရိုးရှင်းပုံရသော်လည်း ပြင်းထန်သောစွမ်းအားများဖြင့် ပြည့်နက်နေ၏။

ထိုဓားဝိညာဉ်မှာ အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်မှ “မဟာမိုးမြေဓားသိုင်း” ပင် ဖြစ်သည်။

ထိုဓားသိုင်းက တိုက်စစ်ရော ခံစစ်ပါ အသုံးပြုနိုင်သည့် ထူးခြားသည့်ဓားသိုင်း ဖြစ်သည်။

ရန်တိက ညာဘက်လက်ဖြင့် အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို အသုံးပြုတိုက်ခိုက်ပြီး ဘယ်ဘက်လက်က မဟာမိုးမြေဓားသိုင်းကို အသုံးပြုကာ ခံစစ်တိုက်ခိုက်ရင်း ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူက တစ်ချက်လေးပင် နောက်ဆုတ်မသွားခဲ့ပေ။

ရှင်းတုန်းဖင်းက တည်ငြိမ်သည့်လေသံဖြင့်...

“ရန်တိ ၊ ဒီအဘိုးကြီးက ကိုယ့်ကိုယ်အမြင်ကောင်းလှပြီလို့ထင်ခဲ့တယ် ၊ မင်းကို သေသေချာချာ အကဲဖြတ်နိုင်ခဲ့သလို ဘယ်တုန်းကမှလည်း လျှော့မတွက်ခဲ့ဘူး ၊ ဒါပေမဲ့ အခုတော့ မင်းကို လျှော့တွက်မိသလို ဖြစ်နေဆဲပါပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဝါဒတောင်ပင်မအစီအရင်စွမ်းအားကို ဆုံးရှုံးလိုက်ရပြီဆိုတော့ ကြယ်တာရာသန့်စင်ချီဝတ်ရုံပဲရှိရှိ ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်ပဲဖြစ်ဖြစ် ၊ အချိန်ကာလကြာလာတာနဲ့အမျှ မင်း အားနည်းလာမှာပဲ”

သူက ဓားကိုဝှေ့ယမ်းလိုက်ပြီး ရန်တိ၏ အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သီးခြားနယ်မြေသည် အချိန်မရွေး ပြိုလဲသွားတော့မည့်အလား အရှိန်အဟုန်ပြင်းစွာ တုန်ခါသွားလေ၏။

***

All Chapters