← Chapters

ရန်ကျောက်ကဲပြန်ရောက်လာပြီ

Vol. 21 Ch. 292

ရန်ကျောက်ကဲပြန်ရောက်လာပြီ

Vol. 21 Ch. 292

ဝါဒတောင်၏ ပင်မအစီအရင်စွမ်းအားဖြင့် ဤသီးခြားနယ်မြေကို ဖန်ဆင်းထားခြင်း ဖြစ်သည်။ ရန်တိ အစီအရင်ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခဲ့ရပြီးနောက် ဤနေရာက တည်ငြိမ်မှု လျော့နည်းလာသည်။

သီးခြားနယ်မြေအက်ကွဲသွားသည်နှင့် ဝါဒတောင်၏ အထက်ကောင်းကင်ယံတွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအက်ကြောင်းအတွင်းမှ ပြင်းထန်သောစွမ်းအားများက ကောင်းကင်ထက်မှ သွေးများစီးကျသလို စီးဆင်းထွက်ပေါ်လာသည်။

ထိုစီးဆင်းထွက်လာသည့် စွမ်းအားမူလအစက ရန်တိလည်းဖြစ်နိုင်သလို ၊ ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ထံမှလည်း ဖြစ်နိုင်သည်။

မည်သူ့ထံမှအရင်းခံသည့်စွမ်းအားဖြစ်ပါစေ ထိုအက်ကွဲကြောင်းမှ စွမ်းအားလှိုင်းလုံးများ ပြင်ပလောကသို့ ထွက်ပေါ်လာသည်နှင့် သီးခြားနယ်မြေအောက်ဘက်တွင်ရှိနေသော ဝါဒတောင်အတွက် သဘာဝကပ်ဘေးကြီးကျရောက်သည့်ပမာ ခြိမ်းခြောက်မှုများ ခံစားရမည်ဖြစ်သည်။

ရှင်းတုန်းဖင်းက ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ သူ၏စွမ်းအားများ ပိုမိုပြင်းထန်လာသည်။ သူက ရန်တိကို အရှိန်အဟုန်ပြင်းထန်စွာဖြင့် တိုက်ခိုက်လျှက် ရှိသည်။

ဝါဒတောင်ကတော့ သူ့ကိုကာကွယ်ပေးမည့် အဓိကခံစစ်အစီအရင်ကြီးကို ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။

သီးခြားနယ်မြေအက်ကွဲသွားပြီး ကောင်းကင်ထက်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာတိုင်း ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းလုံးကြီးများက အက်ကွဲကြောင်းအတွင်းမှ ကျဆင်းလာသည်။ ထိုစွမ်းအားလှိုင်းလုံးကြီးများ ကျရောက်သည့်နေရာတိုင်းတွင် ပြင်းထန်သည့်ငလျင်ကြီးများ လှုပ်ခတ်သွားသည်။

ယခင်က တင့်တယ်လှပခမ်းနားသော ဝါဒတောင်၏တောင်ထွတ်များသည် ယခုတော့ သွေးစွန်းသည့်ပမာ မီးတောက်များလောင်ကျွမ်းလျှက် ရှိသည်။

ဝါဒတောင်၏ တောင်ထွတ် (၈)ခုသည် ရက်စက်ကြမ်းတမ်းသော ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

ဝါဒတောင်၏ ပင်မအစီအရင်က တောင်ထွတ်များကို ကာကွယ်မပေးနိုင်တော့သည့်တိုင် တောင်ထွတ်များ၏ ကြံ့ကြံ့ခံနိုင်စွမ်းက မြင့်မားနေဆဲပင်။

ဤနေရာတွင် မျိုးဆက်တစ်ခုပြီးတစ်ခု ကျင့်ကြံနေထိုင်ခဲ့ကြသည်။ ဝါဒတောင်ဂိုဏ်း စတင်တည်ထောင်ကတည်းက ထိပ်တန်းသိုင်းသမားများစွာ ဤတောင်ထွတ်များတွင် နေထိုင်ခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ သိုင်းကျင့်ကြံသူများ၏ စစ်မှန်သောသိုင်းစွမ်းအားများက ဤတောင်ထိပ်များကို သန့်စင်ပေးခဲ့သည်။

ထို့ကြောင့် ဤတောင်ထွတ်ကြီးများမှာ သာမန်ဟုထင်ရသော်လည်း ရွှေခန္ဓာပမာ မာကျောလျှက် ရှိသည်။

ထိပ်တန်းအဆင့်သိုင်းဆရာသခင်များသည်ပင် ဝါဒတောင်၏ တောင်ထွတ် (၈)ခုကို ဖျက်ဆီးရန်မှာ ခက်ခဲမည်သာပင်။

ထိုအချိန် အက်ကွဲကြောင်းတစ်ခုအတွင်းမှ ဓားဝိညာဉ်တစ်ခု လွင့်စင်ထွက်လာပြီး တောင်ထွတ် (၈)ခုအနက်မှ “မီးတောက်တောင်ထွတ်”ကို ပိုင်းဖြတ်ပစ်လိုက်သည်။

နဂိုက မှန်သားပမာချောမွေ့ပြေပြစ်သောတောင်ထွတ်သည် ချက်ချင်းပင် အချွန်အတက်များဖြင့် ကြမ်းတမ်းသွားသည်။

ကောင်းကင်ချုပ်လှောင်ချောက်နက်မှ မိစ္ဆာချီစွမ်းအားများက ကောင်းကင်အက်ကွဲကြောင်းတစ်ခုမှ သီးခြားနယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီး နောက်ထပ်ကောင်းကင်အက်ကွဲကြောင်းများဆီမှ ပြန်လည်စီးဆင်းထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ရာမိစ္ဆာချီစွမ်းအားလှိုင်းလုံးကြီးများက ကောင်းကင်အက်ကွဲကြောင်းများအတွင်းမှ ထွက်ပေါ်လာပြီး ဝါဒတောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဝါဒတောင်သိုင်းသမားများဖြစ်စေ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှသိုင်းသမားများဖြစ်စေ ထို မီးခိုးရောင်မြူခိုးများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ အသက်ရှူကြပ်ပြီး သတိလစ်ကုန်ကြသည်။

ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများဆိုလျှင် မိစ္ဆာချီစွမ်းအားများဒဏ်ကို ခံနိုင်ရည်မရှိဘဲ အသက်ဆုံးကြသည်အထိပင် ဖြစ်ကြရသည်။

မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားသည့် ဖန်ကျွင်းမှာလည်း ထိုပြဿနာကို ခံစားနေရသည်။ စွမ်းအားမျှခြေ မညီတော့သဖြင့် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားရန် ခက်ခက်ခဲခဲ ကြိုးစားနေရ၏။

ကောင်းကင်အက်ကွဲကြောင်းများက ကောင်းကင်ထက်တွင် ရုတ်တရက်ပေါ်လာပြီး ပြင်းထန်သည့်စွမ်းအားလှိုင်းလုံးကြီးများကို ထုတ်လွှတ်ပြီးနောက် ပြန်လည်ပျောက်ကွယ်သွားလေ့ရှိသည်။

သို့သော် စိတ်ပူစရာကောင်းသည်မှာ အက်ကွဲကြောင်းများက ခပ်စိတ်စိတ် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်ပေါ်နေခြင်းပင်။

ကောင်းကင်အက်ကွဲကြောင်းတစ်ခုပွင့်လာတိုင်း ဝါဒတောင်မှာ ဘေးအန္တရယ်တစ်ကြိမ် ကျရောက်ရသည်။

ရေကန်တောင်တွင်ရှိနေသည့် အကြီးအကဲ’ဟယ်’က ထိုမြင်ကွင်းကို ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ကြည့်နေသည်။

သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က မားမတ်စွာရပ်တည်လျှက် သူမ၏အနောက်ဘက်တွင် ကောင်းကင်ပလ္လင်တစ်ခုပေါ်လာသည်။ ထိုပလ္လင်ထက်တွင် သူမ၏ ပိန်ပါးသောခန္ဓာကိုယ်နှင့်မတူညီစွာ ကြီးမားသောပုံရိပ်ကိုယ်ခွဲကြီးထွက်ပေါ်လာသည်။ ထို ဧရာမပုံရိပ်ကြီးက လက်နှစ်ဖက်ကို ကောင်းကင်ထက်သို့ ဆန့်တန်းပင့်မြှောက်လိုက်သည်။

မိုးမြေကိုပြောင်းပြန်လှန်နိုင်စွမ်းရှိသော လက်သီးသိုင်းဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ထောက်တိုင်တစ်ခုအလား သီးခြားနယ်မြေကို ထောက်ပံ့ကူညီပေးထားသည်။

အကြီးအကဲ’ဟယ်’၏ ပြင်ပအကူအညီကြောင့် သီးခြာနယ်မြေက အနည်းငယ်တည်ငြိမ်သွားပြီး အက်ကွဲကြောင်းများဖြစ်ပေါ်လာမှု အလွန်နည်းပါးသွားသည်။

သို့ပေသိ သီးခြားနယ်မြေပျက်ဆီးခြင်းမှ ထွက်ပေါ်လာသော စွမ်းအားများက ပြင်းထန်လွန်းလေရာ အကြီးအကဲ’ဟယ်’ ၏ ဖြောင့်မတ်သည့်ကိုယ်ဟန်သည်ပင် အနည်းငယ်ကွေးညွှတ်သွားရသည်။

ထိုအချိန်...

မိုးကုတ်စက်ဝိုင်းဆီမှ  ဝါဒတောင်သို့ ဦးတည်လာသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

လျန်ဟူစီရင်စုတွင် ပြဿနာဖြေရှင်းပြီးနောက် တောင်ပေါ်သို့ အလျှင်အမြန်ပြန်လာကြသော ရန်ကျောက်ကဲနှင့် ရှီတိတို့ အုပ်စုပင် ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ရှီတိသည် ကောင်းကင်လေထုထဲ လျှင်မြန်စွာဖြတ်ကျော်လာပြီး ဝါဒတောင်အနီးသို့ ချဉ်းကပ်လာသည်။

သူတို့ ဝါဒတောင်အနားချဉ်းကပ်လာသည်နှင့် ပုံပျက်ပန်းပျက်ဖြစ်နေသော ဝါဒတောင်ပင်မအစီအရင်ကြီးကို တွေ့မြင်လိုက်ရသည်။

ပင်မအစီအရင်ကြီးမှာ မမြင်နိုင်သောစွမ်းအား (၂)ခု၏ ပစ်ခတ်တိုက်ခိုက်မှုကိုခံထားရသဖြင့် စက္ကူတစ်ရွက်ပမာ တွန့်ကြေလျှက်ရှိသည်။

ပင်မအစီအရင်တွင် အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို သတိပြုလိုက်မိသည်နှင့် ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်သည်။ အပြောင်းအလဲကို အာရုံခံလိုက်ပြီးနောက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ဝါဒ‌တောင်ပင်မအစီအရင်က ပုံပျက်ပြီး မတည်မငြိမ်ဖြစ်နေတယ် ၊ ဒါပေမဲ့ တစ်ယောက်ယောက်က အစီအရင်ကို ထိန်းချုပ်ထားတဲ့ အရိပ်အယောင်လည်း ရှိနေတယ်”

ရွှီဖေး၏မျက်နှာအမူအရာသည်လည်း တည်ကြည်လေးနက်နေသည်။

“ဆရာဘိုးဘိုးက ‘ရန်’ ဂိုဏ်းချုပ်ကို ပင်မအစီအရင်ထိန်းချုပ်ခွင့် အပ်နှင်းထားတာ ၊ ထူးခြားတဲ့အပြောင်းအလဲ မရှိဘူးဆိုရင် ‘ရန်’ ဂိုဏ်းချုပ်က အဲဒါကို ပုံမှန်အတိုင်း အသုံးပြုနိုင်မှာပဲ ၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးဖြစ်လာတာကတော့ တစ်ယောက်ယောက်က အကွက်ချစီစဉ်လိုက်တာ ဖြစ်ရမယ်”

ရန်ကျောက်ကဲက သူ့မေးဖျားကို တစ်ချက်ပွတ်သပ်ရင်း...

“ရှင်းတုန်းဖင်းပဲဖြစ်ရမယ် ၊ သူကလွဲလို့ ဘယ်သူမှ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး ၊ ကြည့်ရတာ... အခု သူ အောင်မြင်သွားပုံရတယ်”

အားလုံး ရင်ထဲထိခိုက်သွားကြသည်။

ရှင်းတုန်းဖင်းလက်ထဲသို့ ပင်မအစီအရင်ထိန်းချုပ်နိုင်စွမ်း ရောက်ရှိသွားပါက မည်သို့ဖြစ်လာမည်ကို ဤနေရာမှလူတိုင်း သိရှိကြသည်။

ရှင်းတုန်းဖင်းက သိုင်းဆရာသခင်အဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ရှင်းတုန်းဖင်းကို အနိုင်ယူနိုင်သည့်သိုင်းဆရာသခင်ဆို၍ တံခါးပိတ်ကျင့်ကြံနေသည့် ယွမ်ကျန်းဖုန်းသာလျှင် ရှိသည်။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အဖေသာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကို တက်နိုင်မယ်ဆိုရင် အဲဒီဆိတ်အိုကြီးကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်တယ်”

သူက ခဏမျှ စဉ်းစားရင်း...

“ဒါပေမဲ့ အခုတော့ ရှင်းတုန်းဖင်းက ပင်မအစီအရင်ကို ထိန်းချုပ်ထားပြီး အစီအရင်ရဲ့စွမ်းအားတွေကို အသုံးပြုနေပြီဆိုတော့ သူ့ရဲ့သိုင်းစွမ်းက သိုင်းသူတော်စင်တစ်ယောက်နဲ့ ညီမျှနေလိမ့်မယ် ၊ ပြီးတော့ မိစ္ဆာသူတော်စင်လည်း ရှိသေးတယ်ဆိုတော့... အဖေက သူတို့နှစ်ယောက်ကို ခဏလောက်တော့ တောင့်ခံထားနိုင်ပေမယ့် အချိန်ကြာလာရင်တော့ ဝါဒတောင်ပျက်ဆီးသွားနိုင်တယ်”

ရှီတိက တစ်ချက်လေးပင်မတုန်လှုပ်သောမျက်ဝန်းများဖြင့် ဝါဒတောင်တည်ရှိရာနေရာသို့ မျက်တောင်မခတ် စိုက်ကြည့်နေသည်။

အားဟူက စိုးရိမ်တကြီးဖြင့်...

“သခင်လေး... အခု ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ စွမ်းအားအတက်အကျတွေက ဘာလို့ ဖြစ်နေတာလဲ”

ရန်ကျောက်ကဲက...

“အဲဒါ ပြင်ပစွမ်းအာစုတွေရဲ့ တိုက်ခိုက်မှုပဲ ၊ ပင်မအစီအရင်က မတူညီတဲ့ ဦးတည်ချက် (၂)ခုကနေ တစ်ပြိုင်နက်တည်းတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ရှင်းတုန်းဖင်း သူလိုချင်တဲ့အခွင့်အရေးကို ရသွားတာပဲ”

ခဏစဉ်းစားပြီး ရန်ကျောက်ကဲက ဆက်ပြောသည်။

“မိုးပြိုလျှပ်စီးသွားအစီအရင် ၊ နေဆန့်ကျင် ၊ ပထဝီပြောင်းပြန်ဝိညာဉ်သင်္ကေတ ၊ နန်းတော်ကိုးပါးမှောက်လှန်ပညာ... ငါခန့်မှန်းမိသလောက် အဲဒီအရာတွေထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ငါတို့ပင်မအစီအရင် တိုက်ခိုက်ခံခဲ့ရတယ်”

ထို့နောက် သူက နေသူတော်စင်ဂိုဏ်းတည်ရှိရာ တောင်ဘက်ပိုင်းသို့ လှမ်းကြည့်ရင်း...

“စဉ်းစားကြည့်ရရင်... နေသူတော်စင်ဂိုဏ်းမှာ အရင်က ‘နေဆန့်ကျင်’ ရှိတယ် မဟုတ်လား ၊ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀၀)ကျော်က ပစ္စည်းအဟောင်းဆိုပေမယ့်လည်းပေါ့ ၊ ကြည့်ရတာ သူတို့က ကောင်းကင်မိုးကြိုးခန်းမနဲ့ တစ်တွဲတည်းလှုပ်ရှားတာ ဖြစ်ရမယ်”

ရန်ကျောက်ကဲက အေးစက်စွာရယ်မောလိုက်ရင်း...

“ဟုတ်တယ်... အဲဒါ ‘နေဆန့်ကျင်’ ပဲ ၊ အဲဒါကိုပစ်ခတ်ဖို့အတွက် အဆင့်မြင့်မှော်ဝင်လေးညှို့တစ်လက်လိုအပ်တယ် ၊ အခု မတူညီတဲ့ လမ်းကြောင်း (၂)ခုကနေ နေဆန့်ကျင် (၂)ခုက တိုက်ခိုက်တယ်ဆိုတော့ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမ ပူးပေါင်းလုပ်ဆောင်လိုက်တာပဲ”

ရှီတိက တည်ငြိမ်စွာဖြင့်...

“ဒါဖြင့်လည်း အရင်ဆုံး ဒီကအခက်အခဲကို ရင်ဆိုင်ကြတာပေါ့ ၊ နောက်မှ ဒီကောင်တွေကို တစ်ယောက်ပြီးတစ်ယောက် အကြွေးပြန်တောင်းမယ်”

ရန်ကျောက်ကဲက ဝါဒတောင်ပင်မအစီအရင်မှ ဝိညာဉ်စွမ်းအားအတက်အကျများကို အာရုံခံရင်း...

“ပထမဆရာဦးလေး ၊ ခဏစောင့်ပါဦး”

ရှီတိက သူ့ကိုလှည့်ကြည့်တော့ ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...

“ကျွန်တော့်မှာ နည်းလမ်းရှိတယ် ၊ ဒါပေမဲ့ ဝါဒတောင်ပင်မအစီအရင်ထဲက အပြောင်းအလဲအတွေကို အရင်ဆုံး အနီးကပ်လေ့လာဖို့လိုတယ်”

“ကောင်းပြီ”

ရှိတိက ရန်ကျောက်ကဲကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ အနှီကောင်လေးက လူပေါင်းများစွာကို အံ့အားသင့်စေရန် အစဉ်မပြတ်ပြုလုပ်ခဲ့သူ မဟုတ်ပါလား။

ဝါဒတောင်အတွက် စိတ်ပူပန်နေသဖြင့် ရှီတိက အနည်းငယ် စိတ်မရှည်သလို ဖြစ်နေသည့်တိုင် သူက ရှေ့ဆက်မသွားတော့ဘဲ ရပ်တန့်လိုက်သည်။

ထို့နောက် သူတို့အားလုံး မြေပြင်ထက်သို့ ဆင်းသက်လိုက်ကြ၏။

ရန်ကျောက်ကဲက ဒူးတစ်ဖက်ထောက်အနေအထားဖြင့် ထိုင်လိုက်ရင်း လက်ဖဝါးနှစ်ဖက်ကို မြေပြင်ထက်သို့ ဖိကပ်လိုက်သည်။

သူ့လက်များက အစီအရင်၏ဗဟိုချက်ပမာဖြစ်ပြီး မြေပြင်ထက်မှ ထူထပ်သည့် ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာကာ ကောင်းကင်ထက်တွင်ရှိနေသည့် ဝါဒတောင်ပင်အစီအရင်၏အခြေအနေကို ထင်ဟပ်လာစေသည်။

ရှီတိ ၊ ရွှီဖေးနှင့် အခြားသူများ အနားတွင်မတ်တတ်ရပ်စောင့်ကြည့်နေကြစဉ် ရန်ကျောက်ကဲက အစီအရင်နှင့်ပတ်သက်သည့် များစွာသောခန့်မှန်းချက်များကို တွက်ချက်စဉ်းစားနေသည်။

ထိုအချိန် အဝေးတစ်နေရာမှ သူတို့ထံသို့ ချဉ်းကပ်လာသည့် မိန်းကလေး (၂)ယောက်ကို တွေ့ရသည်။ စစ်ခုန်ချင်းနှင့် ဖန်းယွင်ရှန်းတို့ဖြစ်သည်အမှန်ပင်။

သူတို့က ရှီတိနှင့် ရန်ကျောက်ကဲကိုတွေ့တော့မှ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းများချလိုက်ကြသည်။

ဖန်းယွင်ရှန်းက...

“ပထမဆရာဦးလေး ၊ ဆရာက ပထမဆရာဦးလေးကို သွားကြိုဖို့ လွှတ်လိုက်တာ ၊ အခုတောင်ပေါ်မှာ စိုးရိမ်ရတဲ့အခြေအနေရောက်နေပြီ”

ရှီတိက...

“အခု တကယ့်မြေပြင်အခြေအနေ ဘယ်လိုရှိလဲ”

ဖန်းယွင်ရှန်းက ခပ်သွက်သွက်ပင် ပြန်ဖြေသည်။

“သိုင်းကျမ်းစာကြည့်တိုက်က ပထမအဆင့် ထိပ်တန်းအကြီးအကဲ ရှင်းတုန်းဖင်းက သစ္စာဖောက်တစ်ယောက်ပဲ ၊ အခု ဝါဒတောင်ပင်မအစီအရင်က သူ့လက်ထဲကျရောက်သွားတယ်လို့ ခန့်မှန်းရတယ် ၊ သူက ယွမ်ထျန်းနဲ့အတူ သီးခြားနယ်မြေထဲမှာ ‘ရန်’ ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်နေပါတယ် ၊ အကြီးအကဲ’ကျန်း’က ‘ရန်’ ဂိုဏ်းချုပ်ကို ကူပြီးတိုက်ခိုက်ရင်း ဒဏ်ရာအပြင်းအထန်ရပြီး အပြင်ကိုပြန်ထွက်လာပါတယ်”

သူမက ဆက်ပြောသည်။

“ကောင်းကင်ချုပ်လှောင်ချောက်နက်မှာလည်း မိစ္ဆာနယ်မြေမဟာအစီအရင် ထွက်ပေါ်လာတဲ့အတွက် အကြီးအကဲ’ဖန်ကျွင်း’က အဲဒါကို တားဆီးထားပါတယ် ၊ အကြီးအကဲ’ဟယ်’က ဆရာဘိုးဘိုး တံခါးပိတ်ကျင့်ကြံနေတဲ့နေရာကို ကာကွယ်ပေးနေတယ် ၊ ဆရာနဲ့ ‘အကြီးအကဲ’ကုန်း’တို့က  ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကလူတွေနဲ့ တိုက်ခိုက်နေတယ် ၊ သူတို့ဘက်ကလည်း အင်အားများတယ် ၊ ထိပ်တန်းသိုင်းသမားတွေချည်းပဲ”

ဆိုးရွားသည့်အခြေအနေများကို ပြောဆိုကြားသိရသဖြင့် အားလုံးက မျက်နှာပျက်လျှက် ရှိကြတော့၏။

***

All Chapters