ဝမ်ယွဲ့ကြယ်နယ်မြေ....
Vol. 16 Ch. 255
ချီခွန်ကြယ်နယ်မြေက အန်းနန်ကြယ်မဟာမိတ်အတွင်းရှိ အင်အားကြီးကြယ်နယ်မြေများထဲမှ တစ်ခုဖြစ်သောကြောင့် လင်းယွမ်ကို ပါဝင်ရန် ဆန္ဒရှိလား မေးခဲ့ခြင်းဖြစ်သည်။
သို့သော် မည်သူမဆို ကြယ်မဟာမိတ်ညီလာခံတွင် ပါဝင်ခွင့်မရှိပေ။ ကြယ်နယ်မြေနှင့် သက်ဆိုင်သော ကိစ္စများတွင် ဆုံးဖြတ်ချက်ချခြင်းနှင့် ဝင်စွက်ဖက်ရန် အနည်းဆုံး အဆင့်ခြောက် နိုင်ငံသာဖြစ်ရန် လိုအပ်လေသည်။
မကြာသေးမီက လင်းယွမ်က အဆင့်ခြောက်နိုင်ငံသားအဖြစ် မြှင့်တင်ခဲ့သောကြောင့် ကြယ်မဟာမိတ်ညီလာခံတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီသွားပြီဖြစ်သည်။
သို့သော် အဆင့်ခြောက်နိုင်ငံသားတစ်ယောက်က ကြယ်မဟာမိတ်ညီလာခံတွင် မိမိဆန္ဒကို ထုတ်ဖော်နိုင်ရုံသာဖြစ်ပြီး အဆင့်ခုနှစ်နိုင်ငံသားများသာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိလေသည်။
" ကြယ်မဟာမိတ်ညီလာခံ... " လင်းယွမ်က ခနစဉ်းစားလိုက်သည်။ သူက ထိုကဲ့သို့ ကိစ္စများကို စိတ်မဝင်စားသော်လည်း ကြယ်နယ်မြေရာကျော်၏ အခြေအနေများကို သိမြင်နိုင်ရန် တက်ရောက်နိုင်လေသည်။
" ငါသိပြီ။ " လင်းယွမ်က AI လက်ထောက်ကို ပြန်ပြောလိုက်သည်။
" ငါတက်သင့်လား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
" မေ့လိုက်တော့..." လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
ကြယ်မဟာမိတ်ညီလာခံက မည်မျှအရေးကြီးသည်ဖြစ်စေ သူ့အတွက် အဓိပ္ပါယ်မရှိပေ။ သူက သူ၏ အချိန်များကို နိယာမများအား နားလည်ရန်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကဏ္ဍကို ပို၍ ပြည့်စုံစေရန် အသုံးပြုရပေမည်။
မည်သည့်ကမ္ဘာတွင် ဖြစ်စေ ခွန်အားက အရာအားလုံး၏ အခြေခံဖြစ်လေသည်။ ကြယ်မဟာမိတ်ညီလာခံက လင်းယွမ်အတွက် အကျိုးမရှိလျှင် သူက ထိုအတွက် အချိန်ဖြုန်းနေရန် မလိုအပ်ပေ။
လင်းယွမ်က ကျင့်ကြံခြင်းပြီးဆုံးပြီးနောက် သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
ကိုယ်ပိုင်နေရာတစ်ခုတွင် နှာခေါင်းနီနီနှင့် အဘိုးကြီးတစ်ယောက်က ထိုင်ခုံပေါ်တွင် ထိုင်၍ သူ၏ ရှေ့မှ ဝိုင်ခွက်ကို မော့သောက်လိုက်ပြီး သူ၏ မျက်နှာက ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် လင်းယွမ်က ပေါ်လာသည်။
" ဟားဟား ရှစ်စန်း လာခဲ့။ ဒီဝိုင်က တကယ်ကောင်းတယ်။ ငါ ဒါကို အပြင်မှာ ဝယ်မသောက်နိုင်လို့ VR ကမ္ဘာထဲမှာပဲ အရသာခံနေရတယ်။ " နှာခေါင်းနီအဘိုးကြီးက လင်းယွမ်ကို ခေါ်လိုက်သည်။
" ရှီဖုန်း အကိုကြီး ငါမင်းကို တွေ့တဲ့အချိန်တိုင်း သောက်နေတာကြည့်ပဲ။ " လင်းယွမ်က လျှောက်လာပြီး ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။
ရှီဖုန်းက ဖန်တီးသူများကမ္ဘာမှ လင်းယွမ်၏ မိတ်ဆွေတစ်ယောက်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူတစ်ယောက်လည်း ဖြစ်သည်။
နှစ်ယောက်လုံးက အန်းနန်ကြယ်မဟာမိတ်မှ ဖြစ်သောကြောင့် ရှီဖုန်းက လင်းယွမ်ကို အတူသောက်ရန် မကြာခန ခေါ်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြသည်။
ရှီဖုန်း၏ သက်တမ်းက နှစ်တစ်သောင်းကျော်ရှိပြီဖြစ်ပြီး သူ၏ နိုင်ငံသားအဆင့်ကလည်း အဆင့်ခြောက်ဖြစ်လေသည်။
" ဝိုင်က ဒီလောက်အံ့ဩစရာကောင်းတာကို..." ရှီဖုန်းက မှတ်ချက်ပေးလိုက်သည်။
သူ၏ ခွန်အားအရ အတွေးတစ်ချက်နှင့် အမူးပြေနိုင်သော်လည်း သူဘာလို့လုပ်ရမှာလဲ။ မူးဝေနေသော အရသာတွင် နစ်မြောနေခြင်းက ပိုပျော်စရာမကောင်းပေဘူးလား။
" တကယ်ကောင်းတယ်။ " လင်းယွမ်က ခွက်တစ်ခွက်ကို ကောက်သောက်ပြီး ခေါင်းငြိမ့်လိုက်သည်။
VR ကမ္ဘာတွင် ဝိုင်က အရသာခံရုံသာ ဖြစ်သည်။ ပြင်ပကမ္ဘာတွင် ဝိုင်ကောင်းများက အံ့ဖွယ်အကျိုးသက်ရောက်မှုများ ရှိကြလေသည်။ ခန္ဓာကိုယ်ကို မြှင့်တင်ပေးခြင်း၊ စိတ်ဝိညာဉ်ကို အားဖြည့်ပေးခြင်း၊ ဒဏ်ရာများကို ကုသပေးခြင်း စသည်ဖြင့် ရှိကြလေသည်။ VR ကမ္ဘာမှ ဝိုင်များက အရသာရှိပြီး စျေးလည်းသက်သာလေသည်။
" ကောင်းပြီ။ ရှစ်စန်း မင်းငါ့ဆီ ဘာလို့လာတာလဲ။ " ရှီဖုန်းက မေးလိုက်သည်။
ရှစ်စန်းက ဖန်တီးသူများကမ္ဘာတွင် သူ့ကိုသူ ပေးခဲ့သော လင်းယွမ်၏ နာမည်ဖြစ်သည်။
" ငါ ကြယ်မဟာမိတ်ညီလာခံအကြောင်း သိချင်တယ်။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
သူက ထိုသို့သော ညီလာခံများကို စိတ်မဝင်စားသော်လည်း ရှီဖုန်း၏ အတွေးကို ကြားချင်လေသည်။
နှစ်ထောင်ချီ နေထိုင်ခဲ့သော အဆင့်ခြောက်နိုင်ငံသားတစ်ဥိးအနေဖြင့် ကြယ်မဟာမိတ်ညီလာခံအကြောင်း ကောင်းကောင်းသိပေလိမ့်မည်။
" ကြယ်မဟာမိတ်ညီလာခံ.... "
" အို ကြယ်မဟာမိတ်ညီလာခံတောင် စခါနီးပြီပဲ။ " ရှီဖုန်းက ရုတ်တရက် သဘောပေါက်သွားသည်။
" အကိုရှီဖုန်း ကြယ်မဟာမိတ်ညီလာခံကို တက်ရောက်ဖို့ လိုအပ်တယ်လို့ ထင်လား။ " လင်းယွမ်က သံသယနှင့် မေးလိုက်သည်။
" တက်ရောက်ဖို့ လိုအပ်လား။ " ရှီဖုန်းက ထိတ်လန့်သွားသည်။ " ဒါပေါ့ မင်းတက်ရောက်သင့်တယ်။ ရတနာတွေ အလကားရမယ့်အခွင့်အရေးတစ်ခုကို ဘာလို့လက်လွှတ်ခံမှာလဲ။ "
" အလကားလား။ " လင်းယွမ်က အနည်းငယ် စိတ်ရှုပ်သွား၏။
အန်းနန်ကြယ်မဟာမိတ်က အလွန်ချမ်းသာသောကြောင့် ညီလာခံကို တက်ရောက်သော အဆင့်ခြောက်နိုင်ငံသားတိုင်းကို ရတနာတွေ ပေးတာလား။
" အမှန်ပဲ။ မင်းက အသက်ငယ်ပြီး အဆင့်ခြောက်နိုင်ငံသားဖြစ်တာ မကြာသေးတော့ စည်းမျဉ်းတွေနဲ့ မရင်းနှီးသေးဘူး။ " ရှီဖုန်းက ပြုံးလိုက်သည်။
" ကြယ်မဟာမိတ်ညီလာခံရဲ့ ရည်ရွယ်ချက်က မဟာမိတ်အတွင်း ကြယ်နယ်မြေတွေကြားက ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ပဲ။ ဒါဆို သူတို့ဘယ်လိုဖြေရှင်းကြလဲ။ "
" ဥပမာ ရှားပါးတဲ့ အရင်းအမြစ်ဂြိုလ်တစ်လုံးက ကြယ်နယ်မြေနှစ်ခုကြားမှာ ပေါ်လာတယ်ဆိုရင် အဲ့ဒါကို ဘယ်သူပိုင်ဆိုင်မလဲ။ " ရှီဖုန်းက လျှာသပ်လိုက်သည်။
" မှန်တယ် သူတို့ ဘယ်လိုလုပ်ကြမလဲ။ " လင်းယွမ်က စိတ်ဝင်စားသွား၏။
ထိုမေးခွန်းက ဖြေရှင်းရန် ခက်ခဲလေသည်။ နတ်ဘုရားသုံးပါးက ကြားဝင်ဆုံးဖြတ်လျှင်တောင် တစ်ဖက်က နစ်နာသွားမည်ဖြစ်သည်။
" အဲ့မှာ ငါတို့အလှည့်လာပြီပဲ။ " ရှီဖုန်းက ပြောလိုက်သည်။ " ကြယ်မဟာမိတ်ညီလာခံမှာ ကြယ်နယ်မြေတွေကြားက ကိစ္စတွေကို စားပွဲပေါ်တင်ပြီး ငါတို့က မဲခွဲဆုံးဖြတ်ကြတယ်။ "
" မဲများတဲ့လူက အနိုင်ပဲ။ "
" အော် အဲ့လိုကိုး..." လင်းယွမ်က နားလည်သွားသည်။
ကြယ်မဟာမိတ်ညီလာခံသို့ ရောက်သွားသောကိစ္စများက နှစ်ဖက်လုံး ခိုင်လုံသော အကြောင်သရင်းများ ရှိပေလိမ့်မည်။
"ဒါကြောင့် အဆင့်ခြောက်နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးခွင့်က အရမ်းတန်ဖိုးရှိတယ်။ " ရှီဖုန်းက အရိပ်အမွက်ပြောလိုက်သည်။
" တန်ဖိုးကြီးတာလား။ " လင်းယွမ်က ရှီဖုန်းကို ကြည့်လိုက်သည်။
" သဘောထားကွဲလွဲနေတဲ့ ကြယ်နယ်မြေနှစ်ခုက ငါတို့ဆီက မဲပေးတာကို ရဖို့ ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးကြရလိမ့်မယ်။ " ရှီဖုန်းက ပြောလိုက်သည်။
" ငါသိပြီ..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
နတ်ဘုရားသုံးပါး ဝင်မစွက်ဖက်သော ကိစ္စများကို အဆင့်မြင့်နိုင်ငံသားများက ဆုံးဖြတ်ပေလိမ့်မည်။
" ကြယ်နယ်မြေတွေကြားက ပဋိပက္ခတွေက အများကြီးမရှိဘူး။ ညီလာခံတစ်ခုမှာ ဆယ်ခုကျော်ပဲရှိတယ်။ ရှစ်စန်း မင်းရဲ့ ကြယ်နယ်မြေသာ မပါရင် ငါတို့မဲကို ငါတို့ပိုင်တယ်မဟုတ်လား။ " ရှီဖုန်းက ပြုံးလိုက်သည်။
" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ရယ်လိုက်သည်။
၎င်းက အဆင့်မြင့်နိုင်ငံသားများ၏ အကျိုးအမြတ်တစ်ခုဖြစ်သည်။
" ပြီးတော့ ကြယ်မဟာမိတ်ညီလာခံတိုင်းမှာ ငါတို့ အဆင့်မြင့်နိုင်ငံသားတွေက ငါတို့လိုအပ်တဲ့ အရင်းအမြစ်တွေကို လဲလှယ်လို့ရတယ်။ " ရှီဖုန်းက ဆက်ပြောလိုက်သည်။
လူသားမျိုးနွယ်မဟာမိတ်က ရတနာမျိုးစုံကို ရောင်းချရန် စျေးကွက်အက်ပ်တစ်ခုရှိသော်လည်း ရှားပါးသော ရတနာများက တစ်ခါတစ်ရံမှ ပေါ်လာတတ်လေသည်။
" အဲ့ဒါ တကယ်ကောင်းတယ်။ " လင်းယွမ်က စစ်မြေပြင်တွင် မျိုးနွယ်ခြားများထံမှ ရခဲ့သော ရတနာများနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ အမွေအနှစ်ကို တွေးမိလေသည်။
အများစုက သူမလိုအပ်သော ပစ္စည်းများဖြစ်ကြပြီး လူသားမျိုးနွယ်သို့ တိုက်ရိုက်ရောင်းချခြင်းက ဆုံးရှုံးမှုများလေသည်။ ယင်းအစား ညီလာခံတွင် တိုက်ရိုက်လဲလှယ်နိုင်လေသည်။
" အခု မင်းတက်မှာလား မတက်ဘူး။ " ရှီဖုန်းက မေးလိုက်သည်။
" တက်ရမှာပေါ့။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ကြယ်မဟာမိတ်ညီလာခံကို စိတ်မဝင်စားခြင်းမှာ သူ့အတွက် အကျိုးမရှိသောကြောင့် ဖြစ်သည်။ ယခု ရှီဖုန်း၏ စကားအရ ညီလာခံကို တက်ရောက်ခြင်းက အကျိုးအမြတ်များ ရရှိနိုင်လေသည်။
" ဒါနဲ့ ရှစ်စန်း မင်းကို မဲလိုတဲ့ ကြယ်နယ်မြေတွေနဲ့ မိတ်ဆက်ပေးရဦးမလား။ " ရှီဖုန်းက မေးလိုက်သည်။
လင်းယွမ်က မဲပေးရန် ကြယ်နယ်မြေများရှိလျှင် သူ၏ မဲကို မြင့်မားသော စျေးနှုန်းနှင့် ရောင်းချနိုင်ပေလိမ့်မည်။
" ကျေးဇူးတင်ပါတယ် အကိုရှီဖုန်း..." လင်းယွမ်က လေးနက်စွာ ပြန်ပြောလိုက်သည်။
" ငါ့ကို ကျေးဇူးတင်ဖို့မလိုဘူး။ ငါတို့ကမိတ်ဆွေတွေပဲ။ " ရှီဖုန်းက သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ခနစောင့်ဦး။ "
ထိုသို့ပြောပြီး ရှီဖုန်းက ပျောက်ကွယ်သွားပြီး ခနကြာသောအခါ လူငယ်တစ်ယောက်နှင့်အတူ ပြန်ပေါ်လာသည်။
" ဒါက ရှစ်စန်းပဲ။ မင်းရဲ့ ကြယ်နယ်မြေ ကိစ္စနဲ့ပက်သက်ပြီး သူနဲ့ တိုက်ရိုက်ဆွေးနွေးလို့ရတယ်။ " ရှီဖုန်းက သာမန်အတိုင်း ပြောလိုက်သည်။
" မစ္စတာရှစ်စန်း " လူငယ်က လင်းယွမ်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။ " ကျွန်တော်က ဝမ်ယွဲ့ကြယ်နယ်မြေက နတန်ပါ။ "
" ဒီတစ်ခါ ကျွန်တော်တို့ ဝမ်ယွဲ့ကြယ်နယ်မြေနဲ့ ရွှေနဂါးကြယ်နယ်မြေတို့ကြားက သဘောထားကွဲလွဲမှုက ကြယ်မဟာမိတ်ညီလာခံမှာ ဆုံးဖြတ်မှာပဲ။ "
" အဲ့ဒီအချိန်ကျရင် မစ္စတာရှစ်စန်းက ကျွန်တော်တို့ ကြယ်နယ်မြေကို မဲပေးဖို့ မျှော်လင့်ပါတယ်။ " လူငယ် နတန်က စကားပြောပြီး စာရွက်တစ်ရွက်ကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
" မစ္စတာရှစ်စန်းလက်ခံရင် စာရင်းထဲက ရတနာတွေက မစ္စတာရှစ်စန်းရဲ့ ဆုလာဒ်ပါပဲ။ " ရှီဖုန်းကို အရိုအသေပေးပြီး နတန်က ကိုယ်ပိုင်နေရာမှ ပျောက်ကွယ်သွားသည်။
" ကျွတ်ကျွတ် ဝမ်ယွဲ့ကြယ်နယ်မြေအတွက် တကယ်ကို ခက်ခဲတယ်။ ရွှေနဂါးကြယ်နယ်မြေက အင်အားကြီးတယ်။ သူတို့က ဒီလိုအကူအညီမျိုးပဲ ရှာနိုင်တော့တယ်။ " ရှီဖုန်းက အနည်းငယ် စိတ်မကောင်းစွာ ပြောလိုက်သည်။
အချို့ အင်အားကြီး ကြယ်နယ်မြေများက ကြယ်မဟာမိတ်ညီလာခံအတွင်း သူတို့၏ ကြယ်နယ်မြေအတွက် မဲပေးရန် အဆင့်ခြောက်နိုင်ငံသားများကို ပျိုးထောင်ခဲ့ကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် အဆင့်ခြောက်နိုင်ငံသားအနည်းငယ်သာ ရှိသော ကြယ်နယ်မြေများက အခြားကြယ်နယ်မြေများမှ အဆင့်ခြောက်နိုင်ငံသားများ၏ အကူအညီကို ရရှိရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ကြရလေသည်။
နတ်ဘုရားသုံးပါးက ထိုအခြေအနေကို သိသော်လည်း ကြယ်နယ်မြေအတွင်း အဆင့်မြင့်နိုင်ငံသားများ ထွက်ပေါ်လာရန် ရည်ရွယ်ချက်ဖြင့် ၎င်းကို တားဆီးခြင်းမရှိပေ။