← Chapters

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တုန့်ပြန်မှု....

Vol. 16 Ch. 248

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ တုန့်ပြန်မှု....

Vol. 16 Ch. 248

လင်းယွမ်က စစ်မြေပြင်သို့ ဝင်ရောက်ပြီး မကြာမီ ဟေးယွမ်မျိုးနွယ်၏ သန်မာသူများနှင့် ကြုံတွေ့ခဲ့ပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ အမွေအနှစ်ကို ရရှိခဲ့သည်။ ၎င်းက ကြုံတော့ကြုံခဲဖြစ်ပြီး ကံကောင်းမှုတစ်ခုဟု ယူဆရပေလိမ့်မည်။

" အဲ့ဒါက စစ်မြေပြင်ရဲ့ ထာဝရလေဟာနယ်အက်ကြောင်းဖြစ်ရမယ်။ " လင်းယွမ်က တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူက ထိုနေရာမှ ပြင်းထန်သော လေဟာနယ်အတက်အကျများကို ခံစားနေရသည်။

" မူလကမ္ဘာက ပြည့်စုံလုနီးပါးပဲ။ ငါက လေဟာနယ်နိယာမကို နားလည်ဖို့ လေဟာနယ်ကို စုတ်ဖြဲလိုက်ရင်တောင် မြန်မြန်ပြန်ကောင်းသွားလိမ့်မယ်။ ထာဝရလေဟာနယ်အက်ကြောင်းတွေကတော့..."

လင်းယွမ်က ထာဝရလေဟာနယ်အက်ကြောင်းများကို နားမလည်ဘဲ ကြီးမြတ်သူများက အလွန်စွမ်းအားကောင်းသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

" အချက်အလက်တွေအရဆို အဲ့ဒီနေရာမှာ လူသားမျိုးနွယ်နဲ့ ဟေးယွမ်မျိုးနွယ်ကလူတွေ စောင့်ကြပ်နေကြတယ်။ တစ်နေရာရာကို ဝင်ချင်ရင် ခွင့်ပြုချက်ရှိမှရလိမ့်မယ်။ "

၎င်းက လင်းယွမ်အတွက် ပြဿနာမရှိပေ။ အချိန်ကျလျှင် သူက လူသားမျိုးနွယ်ဖြစ်ကြောင်း ဖော်ထုတ်ရုံသာဖြစ်သည်။

အမှန်တွင် မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ ဝင်ရောက်လာသူအများစုက လေဟာနယ်နိယာမကို နားလည်ရန် ရည်ရွယ်ချက်ရှိကြပြီး ဟေးယွမ်မျိုးနွယ်လည်း ထို့အတူပင် ဖြစ်သည်။

သန်မာသော လူများက လင်းယွမ်ကဲ့သို့ ကြောက်စရာကောင်းသော နားလည်နိုင်စွမ်းကို မပိုင်ဆိုင်ဘဲ ကျင့်ကြံနေရုံနှင့် အဆင့်တက်နိုင်မည်မဟုတ်ပေ။ သူတို့က ထိုကဲ့သို့ အန္တရာယ်များသော နေရာများသို့ လာပြီး ရှေ့ဆက်တိုးရန်သာ ကြိုးစားကြလေသည်။

ချီခွန်ပင်မကြယ်တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် လေဟာနယ်စွမ်းအားများက ဆန်းကျယ်သော ပုံစံတစ်ခု ဖြစ်ပေါ်နေသည်။

အချိန်ကြာသောအခါ မျှောင်စင်သဏ္ဍန် လေဟာနယ်ပုံစံတစ်ခု ပြီးမြောက်သွားပြီး မျှော်စင်၏ အလယ်တွင် လေဟာနယ်က ရုတ်တရက် တည်ငြိမ်သွားသည်။

" ၉၃၈ခုမြောက် လေဟာနယ်ပုံစံ...." လင်းယွမ်က မျက်လုံးများဖွင့်၍ ပြုံးလိုက်သည်။

အခြေခံ လေဟာနယ်ပုံစံ ၉၆၅ခုတွင် လေဟာနယ်ပုံစံတစ်ခုစီက အထူးအသုံးပြုမှုရှိလေသည်။

ဥပမာ လင်းယွမ် ယခုဖွဲ့စည်းလိုက်သော မျှော်စင်သဏ္ဍန် လေဟာနယ်ပုံစံက လေဟာနယ်ကို နှိမ်နင်းနိုင်စွမ်းရှိလေသည်။ ထိုလေဟာနယ်ပုံစံကို နက်ရှိုင်းစွာ နားလည်ထားလျှင် မိုင်ပေါင်းတစ်သန်းအတွင်း လှုပ်ရှားနေသော လေဟာနယ်ကို လက်တစ်ချက် ဝှေ့ရုံနှင့် တည်ငြိမ်သွားစေနိုင်လေသည်။

" လေဟာနယ်ပုံစံ ၂၇ခု ကျန်သေးတယ်။ " လင်းယွမ်၏ အတွေးက လှုပ်ရှားသွားပြီး သူ၏ ရှေ့မှ မျှော်စင်လေဟာမယ်ပုံစံက ပျောက်ကွယ်သွားသည်။

" တစ်လအတွင်း ငါက အခြေခံ လေဟာနယ်ပုံစံတွေကို နားလည်နိုင်လိမ့်မယ်။ "

" ဒါဆို ငါ သိုင်းတာအိုရဲ့ သတ္တမအလွှာကဏ္ဍကို ဖွင့်ပြီး သတ္တမအလွှာကို တက်ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က ကျေနပ်သွား၏။

ထိုကဲ့သို့ လျင်မြန်စွာ နားလည်နိုင်ခြင်းမှာ ယင်စိတ်ဝိညာဉ်က စစ်မြေပြင်တွင် လေဟာနယ်အတက်အကျများကို အဆက်မပြတ် ဆင်ခြင်နေသောကြောင့်ဖြစ်သည်။

" သိုင်းတာအို သတ္တမအလွှာ..." လင်းယွမ်က ထိုအဆင့်၏ အရေးကြီးပုံကို တွေးကြည့်လိုက်သည်။ သူ၏ ကိုယ်ပိုအတွင်းကမ္ဘာကို အခြေခံအဖြစ် ဖန်တီးမည်ဖြစ်သည်။

လင်းယွမ်၏ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအပေါ် နားလည်မှုအရ အတွင်းကမ္ဘာတစ်ခု ဖန်တီးရင် အနည်းဆုံး သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ အဆင့်ချိုးဖျက်မည့်အချိန်ကို လိုအပ်လေသည်။

ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ ချိုးဖျက်ရာတွင် အတွင်းကမ္ဘာတစ်ခု ဖန်တီးခြင်းက ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း မဟာကံကောင်းမှုကို ကြုံတွေ့ခဲ့သူများသာ ဖြစ်နိုင်လေသည်။

စစ်မြေပြင် C24763။

" ငါတို့ရောက်ပြီ။ " လင်းယွမ်က အာကာသယာဉ်ကို ရပ်တန့်လိုက်သည်။

မနီးမဝေးတွင် တောင်တန်းတစ်ခုက လေပေါ်တွင် မျောလွင့်နေပြီး မိုင်တစ်သောင်းအတွင်း ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများ ထုတ်လွှတ်နေသည်။

လင်းယွမ်က နီးကပ်သွားသကဲ့သို့ သူ၏ စစ်မြေပြင်ဝင်ခွင့်၏ အော်ရာကို ထုတ်လွှတ်လိုက်သည်။

မကြာမီ အနက်ရောင်ချပ်ဝတ်နှင့် အရပ်ရှည်ရှည်လူတစ်ယောက်က ဆင်းသက်လာသည်။

" ညီအကို စစ်မြေပြင်ကို ဘာအတွက်လာခဲ့တာလဲ။ " သူက နွေးထွေးစွာ မေးလိုက်သည်။

ချပ်ဝတ်နှင့် လူက နီးကပ်လာပြီး သူ၏ ပုံစံက ဖော်ရွေပုံရလေသည်။

လင်းယွမ်က စစ်မြေပြင်ဝင်ခွင့်၏ အော်ရာကို ထုတ်လွှတ်လိုက်သောကြောင့် လူသားမျိုးနွယ်မှဖြစ်သည်ကို အတည်ပြုပြီးဖြစ်သည်။ မျိုးနွယ်ခြားများက စစ်မြေပြင်ဝင်ခွင့်၏ အော်ရာကို တုပနိုင်ခြင်းမရှိပေ။

" မင်းက အဲ့ဒီ ဟေးယွမ်မျိုးနွယ်က ရွံစရာကောင်းတဲ့ ကောင်တွေနဲ့ တိုက်ခိုက်ဖို့ စစ်မြေပြင်ဗဟိုကို သွားမှာလား။ " ချပ်ဝတ်နှင့်လူက လင်းယွမ်ကို စိတ်လှုပ်ရှားစွာ ပြောဘိုက်သည်။ " စိတ်မပူနဲ့။ တိုက်ပွဲဖြစ်ရင် ငါ့နောက်ကလိုက်ခဲ့ မင်းဘာပြဿနာမှမကြုံစေရဘူး။ "

မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ လာသော ဆင့်ကဲ​ပြောင်းလဲသူအများစု၏ ရည်ရွယ်ချက်မှာ မျိုးနွယ်ခြားများကို တိုက်ခိုက်ရန်ဖြစ်သည်။ မျိုးနွယ်ခြားတစ်ယောက်ကို သတ်ခြင်းဖြင့် ထိုလူပိုင်ဆိုင်သော ရတနာများကို ရမည့်အပြင် လွတ်လပ်ခြင်းနတ်ဘုရားချီးမြှင့်သော ကောင်းမှုအမှတ်များကိုလည်း ရရှိပေလိမ့်မည်။

" မဟုတ်ပါဘူး။ ငါက လေဟာနယ်နိယာမကို လေ့လာဖို့ ထာဝရလေဟာနယ်အက်ကြောင်းကို သွားမလို့ပါ။ " လင်းယွမ်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

ချပ်ဝတ်နှင့်လူက မျိုးနွယ်ခြားများကို သတ်ဖြတ်ရန် စိတ်အားထက်သန်နေပြီး လင်းယွမ်ကို သူ၏ အဖွဲ့ထဲ ဆွဲသွင်းရန် ရည်ရွယ်နေခြင်းဖြစ်သည်။

" ငါသိပြီ။ " ချပ်ဝတ်နှင့်လူက စိတ်ပျက်သွား၏။ " ဒါဆိုငါ့နောက်လိုက်ခဲ့ပါ။ "

သူက နောက်လှည့်ပြီး လေထဲမှ တောင်တန်းဆီသို့ ပျံသန်းသွားသည်။ လင်းယွမ်ကလည်း ချက်ချင်း နောက်မှလိုက်သွားသည်။ မကြာမီ သူတို့က တောင်တန်းထဲသို့ ဝင်သွားကြသည်။

" ထာဝရလေဟာနယ်အက်ကြောင်းရဲ့ တစ်ဝက်ကို ဟေးယွမ်မျိုးနွယ်က သိမ်းပိုက်ထားတယ်။ အဲ့ဒီနေရာကို လေ့လာတဲ့အခါ မင်းသတိထားဖို့လိုတယ်။ " ချပ်ဝတ်နှင့်လူပ သတိပေးလိုက်သည်။

မျိုးနွယ်ခြားစစ်မြေပြင်တွင် လူသားမျိုးနွယ်နှင့် ဟေးယွမ်မျိုးနွယ်ကြား ထိတွေ့မှုများသည် စည်းမျဉ်းများရှိနေဆဲ ဖြစ်ပြီး အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခွင့်မရှိပေ။

ထိုနေရာများထဲမှ တစ်ခုက ထာဝရလေဟာနယ်အက်ကြောင်းဖြစ်၏။ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများနှင့် ဟေးယွမ်မျိုးနွယ် စွမ်းအားရှင်များက လေဟာနယ်နိယာမကို နားလည်ရန် ကြိုးစားကြသောကြောင့် ထိုနေရာတွင် တိုက်ပွဲမဖြစ်အောင် တားမြစ်ထားကြသည်။

တိုက်ခိုက်လိုသူများက စစ်မြေပြင်ဗဟိုသို့ သွားသင့်လေသည်။ သို့သော် ၎င်းက ရေးသားထားသော စည်းမျဉ်းတစ်ခုဖြစ်ပြီး ထိုနေရာကို ဘေးကင်းလုံးခြုံသော နေရာဟု သတ်မှတ်လျှင် အမှန်တကယ် မိုက်မဲရာကျပေလိမ့်မည်။

" နားလည်ပါပြီ... " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

" ကောင်းပြီ ငါနောက်လိုက်ခဲ့ပါ။ " ချပ်ဝတ်နှင့် လူက လင်းယွမ်ကို နေရာရွေ့ပြောင်းသော နေရာသို့ ခေါ်သွားခဲ့သည််။ ထိုနေရာမှ ထာဝရလေဟာနယ်အက်ကြောင်းသို့ ချက်ချင်း ရောက်သွားပေလိမ့်မည်။

နေရာရွေ့ပြောင်းခြင်း စတင်သွားပြီး လင်းယွမ်က သူ၏ ပတ်ဝန်းကျင်က ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်တစ်နေရာသို့ ရောက်သွားခဲ့သည်။

လင်းယွမ်က ရှေ့သို့ ကြည့်လိုက်ချိန်တွင် မနီးမဝေးမှ အနက်ရောင်အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းအတွင်း လေဟာနယ်စွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ်နေသည်။

" ဒါ ထာဝရလေဟာနယ်အက်ကွဲကြောင်းပဲ။ " ချပ်ဝတ်နှင့်လူက ပြောလိုက်သည်။ " ဒါက လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက်ရဲ့ မြင့်မြတ်လက်နက်ကြောင့် ဖြစ်သွားတာဖြစ်လို့ သိပ်တော့မကြီးဘူး။ "

" ဒါပေမယ့် စစ်မြေပြင်ကြီးတွေမှာဆို ကြီးမြတ်သူတွေကြောင့် ဖြစ်တဲ့ ထာဝရလေဟာနယ်အက်ကွဲကြောင်းတွေက မိုင်တစ်သောင်း၊ မိုင်တစ်သိန်း၊ မိုင်တစ်သန်းကျော်အထိတောင် ရှိတယ်။ အဲ့ဒီအက်ကြောင်းတွေကနေ တစ်ခါတစ်လေ အခြားကမ္ဘာက လူတွေရဲ့ အရိပ်အယောင်တွေကိုတောင် တွေ့ရတယ်တဲ့။ သူတို့က အရမ်းအန္တရာယ်များတယ်။ " ချပ်ဝတ်နှင့်လူက ရှင်းပြနေသော်လည်း သူသတိမထားမိသော အရာများ ရှိနေလေသည်။

ထိုခနတွင် လင်းယွမ်၏ စိတ်က လှုပ်ရှားနေသည်။ အကြောင်းမှာ သူက ဆယ်မီတာသာ ကျယ်သော လေဟာနယ်အက်ကွဲကြောင်းကို ကြည့်လိုက်သောအချိန်တွင် သူ၏ စိတ်ထဲရှိ အနက်ရှိုင်းဆုံးမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အနည်းငယ် တုန်ခါသွားသောကြောင့်ဖြစ်သည်။

လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အကောင်အထည်မရှိပေ။ ၎င်းက အစစ်အမှန်ဂိတ်တံခါး၏ ပုံတူတစ်ခုသာ ဖြစ်သည်။ လင်းယွမ်၏ စိတ်အသိနှင့် ပေါင်းစည်းနေခြင်းဖြစ်သည်။ ထို့ကြောင့် လင်းယွမ်ကိုယ်တိုင်ဖြစ်စေ၊ ယင်စိတ်ဝိညာဉ်ဖြစ်စေ၊ ယန်စိတ်ဝိညာဉ်ဖြစ်စေ ၎င်းကို ခံစားနိုင်လေသည်။

လင်းယွမ်က အခြားကမ္ဘာများကို စိတ်အသိနှင့် ဆင်းသက်ချိန်တွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကလည်း သူ၏ စိတ်အသိနှင့်အတူ ပေါ်လာခဲ့သည်။ ဆဋ္ဌမအလွှာသို့ ရောက်ချိန်တွင် လင်းယွမ်က အစစ်အမှန်ဂိတ်တံခါးမှ ဆန်းကျယ်သော နေရာတစ်ခုတွင် ရှိနေသည်ဟူသော စသည့်အချက်အလက်များကို ရရှိခဲ့သည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် အစစ်အမှန် ဂိတ်တံခါးကို ခံနိုင်ရည်မရှိပေ။ သို့သော် ၎င်းက အနန္တကမ္ဘာများ၏ ဂိတ်တံခါး ပုံတူဖြစ်နေလျှင်တောင် ပြင်ပအရာများက သက်ရောက်မှုရှိရန် ခဲယဉ်းလှသည်။

ယခု သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အနည်းငယ် တုန်ခါသွားခဲ့သည်။

" ဘာလို့လဲ။ ဒီထာဝရလေဟာနယ်အက်ကွဲကြောင်းကြောင့်လား။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားနေသည်။

လင်းယွမ်၏ အကြည့်က မီးခိုးရောင်အငွေ့များ ထွက်နေသည့် ဆယ်မီတာကျော်ကျယ်သော လေဟာနယ်အက်ကွဲကြောင်းပေါ်သို့ ကျရောက်သွားသည်။ သူက လေဟာနယ်အက်ကွဲကြောင်းကို မြင်လိုက်သည်နှင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ အပြောင်းအလဲများက စတင်လာသည်။

လင်းယွမ်က စဉ်းစားရင်း ဂိတ်တံခါးမှ သတင်းအချက်အလက်များကို လက်ခံလိုက်ရသည်။

" ဟမ် အနန္တကမ္ဘာတွေရဲ့ဂိတ်တံခါးက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားတွေ စုစည်းတဲ့အရှိန်က တိုးလာတာလား။ " လင်းယွမ်က ထိတ်လန့်သွားသည်

All Chapters