← Chapters

နောက်မဆုတ်တမ်း

Vol. 21 Ch. 294

နောက်မဆုတ်တမ်း

Vol. 21 Ch. 294

ရန်ကျောက်ကဲက မချိပြုံးတစ်ချက်ပြုံးရင်း...

“အခုချိန်မှာ ဝါဒတောင်တစ်ခုလုံးက ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်နေရာတာ ၊ လူတိုင်းက အသက်လုပြီးတိုက်ပွဲဝင်နေကြရတဲ့အခြေအနေပါ ၊ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး ၊ ဒါကြောင့် ပထမဆရာဦးလေး စိတ်မပူပါနဲ့ ၊ ၊ ကျွန်တော် ရန်သူတွေကို အတတ်နိုင်ဆုံးရှောင်တိမ်းပြီး ဂရုတစိုက်လှုပ်ရှားပါ့မယ် ၊ အခုချိန်မှာ ဝါဒတောင်ပင်မအစီအရင်ကို ကျွန်တော်တို့ပြန်ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံးပါ”

သူက ဆက်ပြောသည်။

“အန္တရယ်ရှိတာပြောရမယ်ဆိုရင် ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’နဲ့ စစ်ခုန်ချင်းလည်း အတူတူပါပဲ ၊ ပထမဆရာဦးလေးနဲ့ ဂိုဏ်းတူအစ်ကို’ရွှီဖေး’လည်း အန္တရယ်ရှိနိုင်တာပဲ ၊ ပြီးတော့ ဝါဒတောင်တစ်ခုလုံးရဲ့ အကြီးမားဆုံးဖိအားကို ထမ်းထားရတဲ့ ကျွန်‌တော့်အဖေရောပေါ့”

ရန်တိက ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းကို ကိုယ်ပိုင်စွမ်းအားဖြင့် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေပြီး ဝါဒတောင်နှင့် အခြားသူများ ထိခိုက်မှုမရှိစေရန် တားဆီးပေးထားသည်။

ရန်ကျောက်ကဲ ဝါဒတောင်တည်ရှိရာနေရာသို့ ငြိမ်သက်စွာ လှမ်းကြည့်လိုက်သည်။

သူ ဘဝကူးပြောင်းလာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဝါဒတောင်နှင့်လည်း တစ်သားတည်းကျနေခဲ့ပြီဖြစ်သည်။ ဂိုဏ်း၏ဂုဏ်အသရေကို သူနှင့်အတူ မျှဝေနိုင်ခဲ့သလို ဂိုဏ်း၏ရင်းမြစ်များနှင့် အကျိုးကျေးဇူးများကိုခံစားခဲ့ရသည်။ ဂိုဏ်း၏ကာကွယ်ပေးမှုအအောက်တွင် လေးဒဏ်မိုးဒဏ်အန္တရယ်များမခံစားရဘဲ သက်သောင့်သက်သာဖြင့် ကျင့်ကြံနေထိုင်နိုင်ခဲ့သည်။

ထို့ကြောင့် ဝါဒတောင်အတွက် အရေးကြီးသောတာဝန်များကို ပခုံးပေါ်ထမ်းရင်း လိုအပ်သည့်အချိန်တွင် ရှေ့တန်းမှမားမားမတ်မတ်ရပ်တည်ရန် ဆုံးဖြတ်ထားသည်။

ရှေ့တွင် မည်သို့သောအန္တရယ်များရှိနေပါစေ နောက်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်ရပေမည်။

“ပထမဆရာဦးလေး ၊ ဂိုဏ်းတူအစ်ကို’ရွှီ’နဲ့ ဂိုဏ်းတူညီမလေး’စစ်ခုန်’ တို့ အားလုံး ဂရုစိုက်ကြပါ”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲနှင့်အားဟူတို့ ထွက်ခွာသွားသည်။

“အချိန်ကလူကိုမစောင့်” သည်ဖြစ်ရာ လမ်းတွင်တွေ့သမျှလူများကို တတ်နိုင်သမျှရှောင်ရှားရင်း သတ်မှတ်ထားသောနေရာ (၃)ခုအနက်မှ တစ်နေရာသို့ အလျှင်အမြန်ပြေးလွှားထွက်ခွာလာခဲ့ကြသည်။

လက်ရှိအချိန်တွင် ဝါဒတောင်ပတ်ဝန်းကျင်တစ်ခုလုံး အခြေအနေက ပရမ်းပတာဖြစ်နေပြီး ရန်သူ မိတ်ဆွေ ခွဲခြားရခက်နေသည်။ ရန်ကျောက်ကဲက တတ်နိုင်သမျှ အချိန်ကုန်သက်သာရန် ဦးစားပေးခဲ့သည်။

သူက ဝါဒတောင်၏ တောင်ဘက်တွင်ရှိသော ကျယ်ပြန့်သည့်လွင်ပြင်ထက်တွင်တည်ရှိသည့် မြို့တစ်မြို့ဆီသို့ အလျှင်အမြန် ထွက်ခွာလာသည်။

ထိုနေရာက ဝါဒတောင်နှင့် အနည်းငယ်ဝေးကွာသည့်တိုင် လူတို့၏စိတ်ဝိညာဉ်ကို ပြောင်းလဲပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ ငရဲကိုးထပ်ရောင်ဝါကို ခံစားနေရဆဲ ဖြစ်သည်။

မိစ္ဆာနယ်မြေမဟာအစီအရင်တည်ရှိရာနေရာဖြင့် အလွန်ဝေးကွာသဖြင့် ကျင့်ကြံသူများကို သက်ရောက်မှုမရှိနိုင်သော်လည်း သာမန်လူများကိုတော့ အကြီးအကျယ်သက်ရောက်စေနိုင်သည်။

မြို့ထဲရှိလေထုက တင်းမာငြိမ်သက်နေပြီး လူအများမှာ ထိတ်လန့်လျှက်ရှိကြသည်။ အချို့ဆိုလျှင် ထိတ်လန့်ကြောက်ရွံ့ရာမှ တစ်ယောက်နှင့်တစ်ယောက် ရန်လိုသည့်သဘောပင်ဆောင်လာပြီး အချိန်မရွေး ထပြီး သတ်ဖြတ်ကြတော့မည့် ပုံစံမျိုး ဖြစ်နေကြသည်။

ရန်ကျောက်ကဲက မြို့ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး သာမာန်လူများက သူ့ကို လုံးဝသတိမထားမိကြပေ။

မြို့ပေါ်တွင်ရှိနေသည့် ဝါဒတောင်သိုင်းသမားများက အခြေနေများကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားကြသည်။

ဤမြို့က ဝါဒတောင်အနီးတွင်တည်ရှိပြီး ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးအချက်အချာနေရာတစ်ခု ဖြစ်သည်။ မြို့ကိုလက်ရှိတာဝန်ယူအုပ်ချုပ်သူမှာ အသက် (၄၀) ဝန်းကျင်ခန့်ရှိသော ဝါဒတောင်မှ သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး နာမည်က ‘ဟုန်ဝမ်’ ဖြစ်သည်။

သူ့အသက်က ရန်ကျောက်ကဲထက် နှစ်ဆလောက်ကြီးသော်လည်း မျိုးဆက်အရ ရန်ကျောက်ကဲနှင့် မျိုးဆက်တူ ဖြစ်၏။

ရန်ကျောက်ကဲမှာ မြို့ထဲသို့ရောက်သည်နှင့် ဟုန်ဝမ်ကို လောကဝတ်များဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်စကားမဆိုနိုင်ပေ။

သူက အလောတကြီးဖြင့်...

“ဂိုဏ်းတူအစ်ကို’ဟုန်ဝမ်’ ၊ မြို့အနောက်ဘက်ကမြေကွက်လပ်ကို ကျေးဇူးပြုပြီး ရှင်းပေးစမ်းပါ ၊ ပြီးတော့ အဲဒီအနားကို သာမန်ပြည်သူတွေ မလာပါစေနဲ့ ၊ အရေးကြီးနေလို့...”

စကားပြောဆိုအချိန်ဖြုန်း၍မရကြောင်း ဟုန်ဝမ်ကလည်း သဘောပေါက်သည်။

သူက ချက်ချင်း ခေါင်းညိတ်ရင်း...

“ငါ့တာဝန်ထားလိုက်...”

ဟုန်ဝမ်က ဝိညာဉ်ခန္ဓာ အလယ်ဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်သည်။ သူက ဂိုဏ်းသို့ စောစီးစွာဝင်ရောက်ခဲ့သောကြောင့် ရန်ကျောက်ကဲတို့နှင့် မျိုးဆက်တူသည့်တိုင် အသက်အရွယ်ကြီးနေခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူက ရန်ကျောက်ကဲစကားကို နားထောင်မည်သာပင်။ အကြောင်းမှာ ရန်ကျောက်ကဲက ဝါဒတောင်တွင် အလွန်ထူးခြားသူတစ်ယောက်ဖြစ်သလို ပထမအဆင့် ထိပ်တန်းအကြီးအကဲတစ်ယောက်ပမာ အခွင့်အာဏာရရှိထားသူလည်း ဖြစ်သည်။  ထို့ကြောင့် ရန်ကျောက်ကဲက မြို့အနောက်ဘက်မှ မြေကွက်လပ်ကို ရှင်းလင်းခိုင်းရသည့်အကြောင်းရင်းကို မသိရှိသော်လည်း ချက်ချင်းပင်ရှင်းလင်းပေးရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

ဟုန်ဝမ်ကိုယ်တိုင်ကလည်း အရည်အချင်းရှိသူတစ်ယောက် ဖြစ်သည်။ သူက မြို့ထဲမှလူများ အထိတ်တလန့်မဖြစ်ကြစေရန် ကြိုတင်ကာကွယ်ရင်း ရန်ကျောက်ကဲပြောသည့်နေရာမှ လူအများကိုတော့ အဝေးတစ်နေရာသို့ ရွှေ့ပြောင်းခိုင်းလိုက်သည်။ သူက ရန်ကျောက်ကဲတောင်းဆိုသည်များကို တည်ငြိမ်စွာဖြင့် ပြီးစီးအောင် လုပ်ဆောင်ခဲ့သည်။

မြို့အနောက်ဘက်တွင် အလျားလိုက် ဒေါင်လိုက် ဖြတ်သန်းသွားသည့် လမ်းဆုံတစ်ခုရှိနေပြီး ဟုန်ဝမ်က အချိန်တိုအတွင်းပြီးစီးအောင် ရှင်းလင်းလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက လမ်းဆုံသို့ရောက်ရှိလာပြီး လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ရာ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။

တောက်ပသည့်ကျောက်စိမ်းရောင်ဓားအလင်းတန်းက လေထဲသို့ အဆက်မပြတ်ပျံသန်းထွက်ခွာသွားပြီး ဝိညာဉ်သင်္ကေတများကို ရေးထွင်းလိုက်သည်။ ထိုဝိညာဉ်သင်္ကေတများက အချိန်အတန်ကြာသည်အထိ ပျောက်ကွယ်မသွားဘဲ လေထဲတွင် ထင်ကျန်ရစ်နေသည်။

ထို့နောက် ရန်ကျောက်ကဲရှေ့တွင် အလွန်ကြီးမားသော ဝိညာဉ်သင်္ကေတကြီးတစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ညာဘက်လက်ဖြင့် သူ၏ဓားကိုကိုင်ထားပြီး ဘယ်ဘက်လက်ကိုဆန့်ထုတ်ကာ သူ့အရှေ့မှ ဝိညာဉ်သင်္ကေတကြီးကို ဖိကိုင်ထားသည်။

ကြီးမားသည့်ဝိညာဉ်သင်္ကေတကြီးက တဖျတ်ဖျတ်တောက်ပနေစဉ် စိမ်းပြာရောင်ဓားအလင်းတန်းကလည်း မြေပြင်ထက်သို့ ဆင်းသက်လာ၏။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်မှအဆောက်အဦများ မထိခိုက်စေရန် တစ်ချက်အကဲခတ်လိုက်သည်။ ထို့နောက် ပင့်သက်တစ်ချက်ရှိုက်ရင်း ညာဘက်လက်မှ ကျောက်စိမ်းနဂါးဓားကို ကောင်းကင်ဆီသို့ တည့်တည့်ညွှန်ပြလိုက်သည်။

သူ၏ဘယ်ဘက်လက်တွင် အခြားသောမှော်ဝင်ဓားတစ်လက်ဖြစ်သည်ံ “ပျံသန်းမိုးကြိုးတစ်ဖက်သွားဓား” ပေါ်လာသည်။

သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိပြီဖြစ်ရာ အဆင့်နိမ့်မှော်ဝင်ပစ္စည်းများကို ကိုင်ဆောင်ရာတွင် ကန့်သတ်ထားခြင်း မရှိတော့ပေ။ သိုင်းပညာရှင်အဆင့်သိုလျှင်တော့ အဆင့်နိမ့်မှော်ဝင်ပစ္စည်း တစ်ခုကိုသာ ထိန်းချုပ်နိုင်စွမ်းရှိမည် ဖြစ်သည်။

မှော်ဝင်ဓား (၂)လက်တွင် တစ်လက်က ကောင်းကင်ထက်သို့ ထိုးညွှန်နေပြီး ကျန်တစ်လက်က မြေပြင်ထိုးညွှန်ရင်း ရန်ကျောက်ကဲက ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ ကြယ်တာရာချီစွမ်းအားအလင်းတန်းများ ထွက်ပေါ်လာသည်။

တိမ်နှင့်လေများ တဟုန်ထိုးပြင်းထန်လာပြီး ကြီးမားသော ဟာရီကိန်းမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရန်ကျောက်ကဲက မုန်တိုင်းဗဟိုချက်တွင် ရှိနေ၏။

သို့သော် ရန်ကျောက်ကဲရှေ့မှ ကျောက်စိမ်းရောင်တောက်ပနေသော ဝိညာဉ်သင်္ကေတကြီးကို အခြေခံထားသော ဟာရီကိန်းမုန်တိုင်းကြီးက ပြင်ပသို့ ချဲ့ထွင်ခြင်းမရှိဘဲ ရန်ကျောက်ကဲနှင့်အတူ ဗဟိုချက်တွင်သာ စုစည်းတည်ရှိနေသည်။

ဟာရီကိန်းမုန်တိုင်းကြီးက တဖြည်းဖြည်း ကျောက်စိမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် ငရဲကိုးထပ်ရောင်ဝါကြောင့် မြို့ထဲမှသာမန်လူသားများခံစားနေရသော မတည်မငြိမ် ဂယောင်‌ချောက်ချား ခံစားချက်များအားလုံးကို ဟာရီကိန်းမုန်တိုင်းကြီးက စုပ်ယူသွားသည်။

ထို့နောက် ရန်ကျောက်ကဲခြေရင်းတွင်ရှိနေသော ကြီးမားသည့် ဝိညာဉ်သင်္ကေတကြီးမှ ကျောက်စိမ်းရောင်ပျောက်ကွယ်သွားပြီး သန့်စင်သောအဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဝိညာဉ်သင်္ကေကြီး တဖြည်းဖြည်း ပုံပျက်သွားပြီးနောက် ထိုအရာက ပိုမိုရှုတ်ထွေးလာပြီး တဖြည်းဖြည်းသေးငယ်သွားကာ နက်နဲသည့် ဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာသည်။

များပြားလှစွာသော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး အစီအရင်ဗဟိုချက်တွင် ရှေးဟောင်းစာလုံးတစ်လုံး ထွက်ပေါ်လာသည်။

“人”

ဤရှေး‌ဟောင်းစာလုံး၏ အဓိပ္ပါယ်မှာ “လူသား” ဟူ၍ ဖြစ်သည်။

ဤထူးခြားသော အစီအရင်ပညာဖြင့် ရန်ကျောက်ကဲသည် ရှင်းတုန်းဖင်းလက်ထဲကျရောက်နေသည့် ဝါဒတောင်ပင်မအစီအရင်ထိန်းချုပ်နိုင်စွမ်းကို ပြန်လည်ရယူနိုင်ပေမည်။

တိကျသောနေရာ (၃)ခုတွင် ကောင်းကင် ၊ မြေကြီးနှင့် လူသားဆိုသည့် အနေအထား (၃)ခုကို အစီအရင်ပညာဖြင့် တည်ဆောက်ရမည်ဖြစ်သည်။ ယခု ရန်ကျောက်ကဲ ရောက်ရှိနေသည့်နေရာက “လူသား” ဆိုသည့် အနေအထားကို တည်ဆောက်ရမည့်နေရာဖြစ်သည်။

ရှီတိနှင့် ရွှီဖေးတို့ကတော့ ‘ကောင်းကင်’ ဆိုသည့် အနေအထားပြုလုပ်ရမည့်နေရာသို့ အလျှင်အမြန် ဦးတည်သွားနေကြသည်။

ဖူအန်းစုနှင့် အကြီးအကဲ’ကျန်း’ကို ရှာဖွေရန်ထွက်ခွာသွားသည့် စစ်ခုန်ချင်းကတော့ အခြေအနေမည်သို့ရှိမည် မသိနိုင်ပေ။ သူတို့က “မြေကြီး” အနေအထားပြုလုပ်ရန်အတွက် နေရာတစ်ခုသို့ အချိန်မီသွားရောက်ရပေမည်။ အချိန်မီပါစေဟုသာ ရန်ကျောက်ကဲ မျှော်လင့်ရသည်။

ဤနည်းလမ်းက ရန်ကျောက်ကဲတစ်ယောက်တည်း အောင်မြင်၍ မရပေ။ အဖွဲ့ (၃)ဖွဲ့အတူတကွ ညီညီညွတ်ညွတ် အောင်မြင်မှသာ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက အပြည့်အဝအောင်မြင်မည်ဟု ရန်ကျောက်ကဲလည်း အာမမခံနိုင်ပေ။

သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာက “အကောင်းဆုံးကြိုးစားရန်” သာရှိသည်။

“အားဟူ”

ရန်ကျောက်ကဲက အော်ခေါ်လိုက်သည်နှင့် အားဟူက ညွှန်ကြားထားသည့်အတိုင်း ဒူးတစ်ဖက်ထောက်လိုက်ပြီး မြေပြင်ထက်သို့ လက်ဖဝါးနှစ်ဖက်ဖြင့် ဖိကပ်လိုက်သည်။

‘人’ ဆိုသည့် စာလုံးထက်တွင် အလင်းတန်းများက ပိုမိုတောက်ပလာသည်။

သို့သော်...

ထိုအချိန်မှာပင် ဆူညံသံများ ပျံ့လွင့်ထွက်ပေါ်လာသည်ကို ကြားလိုက်ကြရသည်။

လှည့်ကြည့်လိုက်တော့ ရန်ကျောက်ကဲနှင့် အားဟူတို့ရှိရာနေရာသို့ လျှင်မြန်စွာချဉ်းကပ်လာသော လူတစ်စုကို တွေ့လိုက်ရသည်။

အုပ်စုခေါင်းဆောင်က ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး ဝါဒတောင်မှတပည့်တစ်ယောက်ဖြစ်သော ကျူးချန်ဆိုသူဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိလိုက်သည်။

ကျူးချန်နှင့် သူ့နောက်မှလူများမှာ အမှောင်ဘက်ခြမ်းသို့ လုံးလုံးလျားလျား ကျဆင်းသွားခဲ့ပြီ ဖြစ်၏။

သူတို့က လမ်းတွင်တွေ့သမျှလူအားလုံးကို သတ်ဖြတ်ကာ အရှိန်အဟုန်ဖြင့် ချီတက်လာသည်။ သူတို့၏ အဓိကပစ်မှတ်ကတော့ ဟုန်ဝမ်နှင့် ဝါဒတောင်မှသိုင်းသမားများပင် ဖြစ်သည်။

“ဘာဖြစ်တာလဲ”

ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

အားဟူက ခဏမျှစဉ်းစားပြီးနောက်...

“အဲဒီလူက ဟုန်ဝမ်ကို ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး ရန်ငြိုးထားတာဖြစ်နိုင်တယ် ၊ ကြည့်ရတာ သူ့စိတ်က အမှောင်ဘက်ခြမ်းကို လုံးဝကျရောက်သွားပြီး တရားမဲ့သတ်ဖြတ်လိုစိတ်တွေ လွှမ်းမိုးနေပြီထင်တယ်”

အားဟူ စကားသံ အဆုံးမသတ်ခင်မှာပင် ကျူးချန်က ရန်ကျောက်ကဲကို တွေ့သွားသည်။

သူက ဟုန်ဝမ်အကြောင်းချက်ချင်းမေ့လျော့သွားပြီး သွေးနီရောင်တောက်နေသည့် အဝါရောင်မျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ ထိုမျက်ဝန်းများတွင် ဒေါသနှင့်အမုန်းတရားများ တောက်လောင်နေသည်။

“ယွမ်ကျန်းဖုန်းရဲ့ အဆက်အနွယ်ကောင်... မင်းလည်း ဒီမှာရောက်နေတာလား”

ကျူးချန်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

***

All Chapters