မင်းကိုမနိုင်ဘူးလို့ ထင်နေတာလား
Vol. 21 Ch. 295
ကျူးချန်က သူ့ကိုတွေ့သည်နှင့် ကမ္ဘာ့အမုန်းဆုံးရန်ဘက်နှင့်တွေ့ရသည့်အလား သွေးဆာနေသောအသွင်အပြင် ဖြစ်ပေါ်သွားသဖြင့် ရန်ကျောက်ကဲ စိတ်ရှုတ်ထွေးသွားသည်။
"ဟမ်"
ကျူးချန်က ဟုန်ဝမ်ကိုပင် အရေးမစိုက်တော့ဘဲ ရန်ကျောက်ကဲထံသို့ ပြေးဝင်လာသည်။
သို့သော် ဟုန်ဝမ်က ဓားကိုဆွဲထုတ်ကာ အလျှင်အမြန်တားဆီးလိုက်သဖြင့် ကျူးချန်မှာ ရန်ကျောက်ကဲထံသို့ ရောက်မလာနိုင်တော့ဘဲ ဟုန်ဝမ်နှင့် ရင်ဆိုင်လိုက်ရသည်။
ဟုန်ဝမ်က အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်မှ “မျက်နှာပြင်ရှစ်ပါးဝိညာဉ်ဓားသိုင်း” ကို အသုံးပြုတိုက်ခိုက်သည်။ သူက ဓားသိုင်းအနှစ်သာရကို လေးလေးနက်နက်ကျွမ်းကျင်သူဖြစ်သောကြောင့် စွမ်းအားများ တဟုန်ထိုးထွက်ပေါ်လာသည်။
ကျူးချန်၏ မျက်ဝန်းများက သွေးနီရောင်တောက်ပနေ၏။
သူက ဟုန်ဝမ်ကိုကြည့်ရင်း အေးစက်စွာဆိုသည်။
“မင်းတော့ သေချင်ပြီထင်တယ်”
ကျူးချန်၏ဓားသိုင်းက ဟုန်ဝမ်၏ဓားသိုင်းထက်ပိုမိုသာလွန်ပြီး ထိုဓားသိုင်းက အစွန်းရောက်ရှစ်ပါး သိုင်းပညာ (၈)ရပ်မှ “ခရုနွယ်လိမ်” ဓားသိုင်း ဖြစ်သည်။
နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်လိုက်သည်နှင် ဟုန်ဝမ်၏ဓားဝိညာဉ်က ဆက်တိုက်ဆိုသလို အက်ကွဲသွားသည်။
ခရုနွယ်လိမ်ဓားသိုင်းသည် အစွန်းရောက်ရှစ်ပါး သိင်းပညာ (၈)ရပ်တွင် အပြင်းထန်ဆုံးနှင့် အပြတ်သားဆုံးဓားသိုင်းဖြစ်ပြီး ကျူးချန်၏ကျင့်ကြံခြင်းအဆင့်ကလည်း ဟုန်ဝမ်ထက်မြင့်မားသည်။ သူက ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် ဓားဝိညာဉ်က ကျယ်ပြန့်လာပြီး လေများပြင်းထန်စွာတိုက်ခတ်လာကာ တောင်ထိပ်များကို ခုတ်ပိုင်းချတော့မည့်အလား ဓားအလင်းတန်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ဟုန်ဝမ်က သူတို့နှစ်ယောက်ကြားမှ ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကို ကောင်းစွာသိရှိသည်။ ထို့ပြင် ကျူးချန်က တိုက်ပွဲအတွေ့အကြုံလည်းမြင့်မားသူဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဝံ့တော့ဘဲ မရပ်မနား ခံစစ်ကိုသာ အသုံးပြုရတော့သည်။
ရန်ကျောက်ကဲနှင့် အားဟူတို့က ကျူးချန်ကို အနိုင်ယူနိုင်မည်လား မသေချာသော်လည်း သူတို့ (၂)ယောက်က ယခုအချိန်တွင် အစီအရင်တည်ဆောက်ခြင်းကို အပြည့်အဝအာရုံစိုက်နေရပြီး အာရုံပျံ့လွင့်၍ မရနိုင်ပေ။
ကျူးချန် သူတို့အနားရောက်မလာစေရန် ဟုန်ဝမ် တားဆီးထားနိုင်ပါစေဟုသာ မျှော်လင့်ရသည်။
သို့ပေသိ အမှောင်ဘက်သို့ကျရောက်နေပြီဖြစ်သောကျူးချန်က စွမ်းအားများပိုမိုမြင့်မားနေသဖြင့် ခြေတစ်လှမ်းသာနေသည်။ သူက ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် “ခရုနွယ်လိမ်” ဓားသိုင်းက ပြင်းထန်စွာ အဆက်မပြတ် ထွက်ပေါ်လာသည်။
သူက ဟုန်ဝမ်နှင့် နဂိုကတည်းက ရန်ငြိုးရှိသူဖြစ်ရာ ယခုတော့ ဟုန်ဝမ်ကို သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နက်နေပြီး တစ်ချက်လေးပင် ညှာတာခြင်း မရှိပေ။
အစီအရင်ထဲတွင် ရန်ကျောက်ကဲက ‘人’ဆိုသည့်စာလုံးကို လှုံ့ဆော်ပေးရန် အဆက်မပြတ်လုပ်ဆောင်နေသည်။ သို့သော် သူက ကျူးချန်နှင့် ဟုန်ဝမ်တို့တိုက်ပွဲကိုလည်း တစ်ချက်မလစ် အကဲခတ်လျှက်ရှိ၏။
အားဟူက...
“သခင်လေး... စောစောက အဲဒီအရူးက ဘာတွေပြောနေတာလဲ”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ငါထင်တာတော့... သူက ရှင်းတုန်းဖင်းမျိုးဆက်က ဆင်းသက်လာတဲ့တပည့်ဖြစ်မယ် ၊ ဒါကြောင့် ငါ့ကို ယွမ်ကျန်းဖုန်း အဆက်အနွယ်လို့ ခေါ်လိုက်တာ”
အားဟူက နှုတ်ခမ်းများကိုတွန့်ကွေးလိုက်ရင်း...
“အမလေး... အစွန်းရောက်ရှစ်ပါးသိုင်းပညာ (၈)ရပ်ကို ကျင့်ကြံနိုင်ခဲ့ပြီး သိုင်းဆရာသခင်တစ်ယောက်ဖြစ်လာအောင် ဂိုဏ်းကသူ့ကို ပျိုးထောင်ပေးခဲ့တာပဲ ၊ ကျွန်တော်တို့ဂိုဏ်းက သူ့ကို ဆိုးဆိုးရွားရွားမဆက်ဆံခဲ့ဘူး မဟုတ်လား ၊ အဲဒါ ဘာများနာကျည်းစရာတွေ ရှိနေတာလဲ”
ထိုအချိန် ဟုန်ဝမ်မှာ အရေးနိမ့်လျှက် ရှိသည်။
ဟုန်ဝမ် အန္တရယ်ကျရောက်နေသည်ကိုမြင်တော့ ရန်ကျောက်ကဲက လေသံကို မြှင့်လိုက်ရင်း...
“ဂိုဏ်းက သူ့အပေါ် အရမ်းကောင်းပါတယ်ကွာ ၊ ဒါပေမဲ့ ဒီကောင်က အစကတည်းက သဘောထားသေးသိမ်တယ် ၊ တစ်ခါကဆိုရင် တပည့်အငယ်တစ်ယောက်က သူ့ကိုဆန့်ကျင်လို့ဆိုပြီး သေစေလောက်တဲ့အထိ တာဝန်တစ်ခုပေးလိုက်တာ အဲဒီတပည့်လေး သေလုနီးပါးဒဏ်ရာတွေရသွားခဲ့တယ်”
“အဲဒီတော့ စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့ ပထမအဆင့်ထိပ်တန်းအကြီးအကဲအနေနဲ့ ပထမဆရာဦးလေးက အဲဒီကိစ္စကို စုံစမ်းစစ်ဆေးတယ်လေ ၊ သူ တမင်သက်သက်လုပ်ကြံတယ်ဆိုတာ တိကျသေချာတဲ့ အထောက်အထားတွေရတဲ့အတွက် သူ့ကို ပင်မတိုက်ရိုက်တပည့်အဖြစ်အဆင့်တက်ဖို့ ရပ်ဆိုင်းခဲ့တယ်”
ရန်ကျောက်ကဲက ညင်သာစွာပင် ဆက်ပြောသည်။
“အဲဒီနောက်မှာတော့ သူက အလားတူပြစ်မှုမျိုးတွေ ထပ်ခါထပ်ခါကျူးလွန်တယ်ကွာ ၊ အဲဒါနဲ့ အပြရောင်ဝတ်ရုံမှာ အနက်ရောင်အနားသတ်ဝတ်ရတဲ့ ပင်မတိုက်ရိုက်တပည့်ဖြစ်ဖို့အခွင့်အရေး လုံးဝဆုံးရှုံးသွားခဲ့ရတယ်”
ထိုစကားကိုကြားတော့ ဟုန်ဝမ်နှင့်တိုက်ခိုက်နေသည့် ကျူးချန် ဒေါသချောင်းချောင်းထွက်သွားသည်။ သူက ဟုန်ဝမ်ကို လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်ပြီးနောက် ရန်ကျောက်ကဲရှိရာသို့ ဓားဖြင့် ထိုးချိန်လိုက်၏။
“အဓိပ္ပါယ်မရှိတဲ့ကောင်တွေ... နဂါးချုပ်လှောင်ချောက်နက်မှာ ရီကျင်းဆိုတဲ့ကောင်လေးကို မင်း လုပ်ကြံခဲ့တာလေ ၊ အမယ်... အပြစ်ပေးမခံရရုံတင်မကဘဲ နောက်ပိုင်းတောက်လျှောက် ဆုတွေချည်းပဲရတာ ၊ ဘာကြောင့်လဲ... မင်းက ရန်တိရဲ့သား ဖြစ်နေလို့ပဲ ၊ ရှီတိရော မင်းအဖေရော နှစ်ယောက်လုံး ယွမ်ကျန်းဖုန်းတပည့်တွေဖြစ်နေလို့ မင်းကို မျက်နှာလိုက်တာ”
ရန်ကျောက်ကဲက မျက်လုံးများကိုမှေးစင်းလိုက်ရင်း...
“ဟ... ငါ့မှာအပြစ်မရှိကြောင်းသက်သေပြဖို့ သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ် အသုံးပြုခဲ့တယ်လေ ၊ မင်းကကျ စည်းကမ်းဖောက်တာသေချာတဲ့ သက်သေအထောက်အထားတွေကြောင့် အပြစ်ပေးခံရတာလေ ၊ ငါက မင်းလိုမျိုးအပြစ်ပေးခံရအောင် ဝါဒတောင်ကစည်းကမ်းတွေက သောက်ရူးတွေလား”
ကျူးချန်က အံတင်းတင်းကြိတ်ထားရင်း မျက်လုံးများက သွေးရောင်ရဲရဲတောက်လာသည်။
“ဟွန်း... ရှိတိက မင်းအပြစ်တွေကို တမင်ဖုံးကွယ်နိုင်အောင် ကူညီပေးခဲ့တာ”
ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းခါယမ်းသည်။
“အဟက်... ကြိုက်သလိုသာပြော... မင်းပြောသလို ဖြစ်မလာဘူး ၊ အမှန်တရားက အမှန်တရားပဲ”
ကျူးချန်လက်ထဲမှ ဓားအလင်းရောင်က ရုတ်တရက် စူးရှစွာတောက်ပလာပြီး ရန်ကျောက်ကဲထံ ဝင်ရောက်သွားသည်။
“ငလိမ်ကောင်... အသက်ထွက်တဲ့အချိန်ကျ အခုလို သောက်စကားများနိုင်ဦးမလား ကြည့်ရမယ်”
ရန်ကျောက်ကဲမျက်နှာအမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ကျောက်စိမ်းရောင်ဟာရီကိန်းမုန်တိုင်းက သူ့ပတ်ပတ်လည်တွင်တိုက်ခတ်နေလေရာ ကျူးချန်၏ ခရုနွယ်လိမ်ဓားသိုင်းမှာ အဝေးသို့လွင့်ထွက်သွားပြီး ရန်ကျောက်ကဲထံမှ လွဲချော်သွားသည်။
ဟာရီကိန်းမုန်တိုင်း၏လှည့်ပတ်မှုက ပြင်းထန်လွန်းလေရာ အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်မဟုတ်ပါက ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
ကျူးချန်က အဆင့်မြင့်မှော်ဝင်ဓားတစ်လက် ပိုင်ဆိုင်ထားပြီး သိုင်းဆရာသခင် တတိယအဆင့်ဖြစ်သော ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဟာရီကိန်းမုန်တိုင်းကိုကျော်ဖြန်ကာ ရန်ကျောက်ကဲကို ထိခိုက်အောင်ပြုလုပ်နိုင်စွမ်း မရှိပေ။
သူ၏ အဝါရောင်မျက်ဝန်းများက သွေးရောင်များပိုမိုတောက်ပလာပြီး သူ့ပုံစံက ရူးသွပ်သွားသူတစ်ယောက်ပမာ ဖြစ်သည်။
သူ့လက်ထဲတွင်ကိုင်ထားသည့် မှော်ဝင်တစ်ဖက်သွားဓား၏စွမ်းအားက ပိုမိုမြင့်တက်လာပြီး ဓားရောင်လင်းလက်နေကာ ကျောက်စိမ်းရောင်တောက်နေသော ဟာရီကိန်းမုန်တိုင်းကို အတင်းအကျပ် ချိုးဖျက်နေသည်။
ရန်ကျောက်ကဲက မြင်ကွင်းကို အေးအေးဆေးဆေးပင် ကြည့်နေ၏။
“ကြည့်ရတာ... မင်း ငါ့ကို မသတ်နိုင်တော့ဘူးထင်တယ်”
ရန်ကျောက်ကဲ၏ ထီမထင်သောအမူအရာက ကျူးချန်ကို ပိုပြီး ဒေါသထွက်လာစေသည်။
သို့ပေသိ ကျောက်စိမ်းရောင်ဟာရီကိန်းမုန်တိုင်းကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် သူ့ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်လာသည်။
ကျူးချန်က အေးစက်စွာဖြင့်...
“မင်း လိပ်လိုပဲ အခွံထဲမှာပုန်းနေမယ်ဆိုရင် တခြားသူတွေအားလုံးကို ငါသတ်ပစ်ရလိမ့်မယ်”
ထို့နောက် သူက ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံပြုလုပ်လိုက်ရင်း...
“ဒီမြို့ကလူတွေအကုန်လုံးကို သတ်ပစ် ၊ တစ်ယောက်အရှင်မထားနဲ့”
ထိုအချိန် ဟုန်ဝမ်နှင့် အခြားသူများက သာမန်လူများကိုကာကွယ်ရန်အတွက် တိုက်ပွဲထဲသို့ ဝင်ရောက်လာလေရာ ကျူးချန်က နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။
သို့သော် နောက်ပြန်ဆုတ်နိုင်ခြင်းမရှိတော့ဘဲ ကျောက်စိမ်းရောင်ဟာရီကိန်းမုန်တိုင်းထဲ ပိတ်မိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူ့ကိုကြည့်ပြီး ရန်ကျောက်ကဲက ပြုံးလိုက်သည်။
“ငါပြောပါတယ်... ကိစ္စရပ်တွေက မင်းထင်သလိုမဟုတ်ဘူးကွ ၊ အခြေအနေတွေရဲ့နောက်ကွယ်မှာ အမှန်တရားတွေရှိတယ်”
ကျောက်စိမ်းရောင် ဟာရီကိန်းမုန်တိုင်းက ပိုမိုကျယ်ပြန့်လာပြီး ကျူးချန်မှာ ရှေ့ဆက်သွားရုံသာတတ်နိုင်ပြီး နောက်သို့ပြန်လည်ဆုတ်ခွာနိုင်ခြင်း မရှိပေ။
ကျူးချန်က ရူးသွပ်သူတစ်ယောက်ပမာ အော်ဟစ်ရင်း ရန်ကျောက်ကဲဆီသို့ ပြေးဝင်သွားသည်။ သူ၏ ရက်စက်ကြမ်းတမ်းမှုများက ရန်ကျောက်ကဲကို သတ်ဖြတ်ပစ်ရန် သူ့ကိုလှုံ့ဆော်ပေးနေသည်။
သို့ပေသိ ကျောက်စိမ်းရောင်ဟာရီကိန်းမုန်တိုင်းက သံကြိုးများသဖွယ် ကျူးချန်၏ လှုပ်ရှားမှုများကို ချုပ်နှောင်ထားလိုက်သည်။
ကျူးချန်မျာ အလွန်ဒေါသထွက်နေသည့်တိုင် မုန်တိုင်းစွမ်းအားကို ဆန့်ကျင်ရန် မည်သို့မှမတတ်နိုင်ဖြစ်ရသည်။
ထိုအချိန် သူ့ရှေ့မှ အစိမ်းရောင်ဟာရီကိန်းမုန်တိုင်းသည် တဖြည်းဖြည်း ရွှေရောင်သို့ ပြောင်းလဲသွားကြောင်း ရုတ်တရက် တွေ့မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲခြေရင်းတွင်ရှိနေသော ဝိညာဉ်သင်္ကေတသည်လည်း ဖြူစင်သောရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
သူ့ကိုချုပ်နှောင်ထားသည့်ဟာရီကိန်းမုန်တိုင်းက လျော့ပါးသွားပြီး ကျူးချန်မျာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။ နောက်သို့ ပြန်ဆုတ်၍မရသော်လည်း ရန်ကျောက်ကဲဆီသို့ သွားရောက်နိုင်စွမ်း ရှိလာသည်။
ကျူးချန်က ကျားတစ်ကောင်အလား ကြုံးဝါးလိုက်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်အပြည့်ဖြင့် ခရုနွယ်လိမ်ဓားသိုင်းကွက် ထုတ်ဖော်ကာ ရန်ကျောက်ကဲကို ဓားဖြင့်ထိုးစိုက်ချလိုက်သည်။
ဤဓားချက်က သူ့ကို အတော်လေး စိတ်သက်သာရာ ရစေသည်။ သူ့ဘဝတစ်ခုလုံး ချုပ်တည်းထားရသည့် မကျေနပ်ချက်များကို ယနေ့တော့ ဖွင့်ထုတ်လိုက်နိုင်ပေပြီ။ သူ့ဘဝတွင် ယနေ့လောက် စိတ်သက်သာရာရသည့်အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
ကျူးချန်၏ဓားချက်သည် အကန့်အသတ်များအားလုံးကို ကျော်လွန်သွားသည်။ သူ ထိုးနှက်ခဲ့သောဓားချက်များတွင် အပြင်းထန်ဆုံးဓားချက်ဖြစ်သည်။
ရန်ကျောက်ကဲ၏ တုန်လှုပ်ထိတ်လန့်ဖွယ်ရာ သိုင်းစွမ်းရည်ကို သူ အစောကြီးကတည်းက ကြားသိခဲ့ဖူးသည်။ သို့သော် သူက ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ရန်ကျောက်ကဲကဲ့သို့ ဝိညာဉ်ခန္ဓာ ကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက်က သူ့ကိုအနိုင်ယူနိုင်မည်ဟု မယုံကြည်ခဲ့ပေ။
ထိုအချိန် သူ့မျက်ဝန်းရှေ့တွင် ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
ရန်ကျောက်ကဲက ခုနစ်စဉ်ကြယ်ဓားသိုင်းကိုအသုံးပြုကာ ညာဘက်လက်မှ ကျောက်စိမ်းနဂါးဓားဖြင့် ကျူးချန်၏ဓားချက်ကို တည်ငြိမ်စွာ ပိတ်ဆို့ထားသည်။
တစ်ချိန်တည်းမှာပင် သူ့ဘယ်ဘက်လက်တွင်ကိုင်ထားသည့် ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားကို လွှတ်ချလိုက်ပြီး လက်ဖဝါးကိုမြှောက်ကာ လက်ကောက်ဝတ်ကိုလှန်လိုက်သည်။
ကောင်းကင်ဘုံကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာစွမ်းအားကြီးက ကျူးချန်ထံသို့ ကျရောက်သွားသည်။
ကောင်းကင်ဝါဒလက်ဝါးသိုင်း။
ကျူးချန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြယ်တာရာချီစွမ်းအားများမြင့်တက်လာပြီး သူက ဘယ်ဘက်လက်ကိုမြှောက်ကာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ခုခံလိုက်သည်။
သို့သော် ရန်ကျောက်ကဲက အချိန်မစောင့်ဘဲ မိုးကြိုးတုန်လှုပ်သိုင်းပညာကို ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ပေါင်းစပ်ကာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်။
ကြောက်မက်ဖွယ်ရာစွမ်းအားကြီးက ကျူးချန်ကို တိုက်ရိုက်ချေမှုန်းပစ်လိုက်သည်။
ရန်ကျောက်ကဲက ညင်သာသည့်လေသံဖြင့်...
“ဟက်... ငါက မင်းကိုအနိုင်မတိုက်နိုင်လို့ မင်းလာမယ့်လမ်းကြောင်းကို မုန်တိုင်းနဲ့ပိတ်ထားတယ်လို့ ထင်နေတာလား”
***