ကြီးမားတဲ့ပြောင်းလဲမှု
Vol. 21 Ch. 296
ထိုက်စန်းတောင်ကြီး ဖိနှိပ်ခံရသည့်အလား ခံစားချက်မျိုးလား။
ယခင်က မကြုံဖူးသော်လည်း ယခုတော့ ထိုက်စန်းတောင်ကြီး သူ့အပေါ်ပြိုကျလာသည့်အလား ကျူးချန် ခံစားရသည်။
ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာ လက်ဝါးရိုက်ချက်ထိမှန်ခံလိုက်ရပြီးနောက် ကျူးချန်၏အရိုးများအားလုံး ကြေမွအက်ကွဲသွားသည်။
သူ၏ သွေးကြောဆုံချက်များအားလုံးမှ သွေးစများတစက်ချင်းစိမ့်ထွက်လာလေရာ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့်စိုရွှဲပြီး သွေးနီရောင်လွှမ်းလျှက်ရှိသည်။
ကျူးချန်က အံကိုတင်းတင်းကြိတ်ရင်း ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်ဖော်လိုက်သည်။
သူ၏ စွမ်းအင်ဗဟိုချက်မှ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နက်နေသော ကြယ်တာရာချီစွမ်းအားများက အရိုးရှင်းဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီး မြေကြီးကဲ့သို့ ရှင်သန်မှုကိုပေးစွမ်းကာ ထူးခြားသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
သိုင်းတာအိုနှင့်ပတ်သက်ပြီး ကျူးချန်နားလည်ခဲ့သော အသိပညာများက သူ၏ဝိညာဉ်စွမ်းအားများနှင့် ချိတ်ဆက်သွားကာ ဝိညာဉ်နယ်မြေထဲတွင် ဝိညာဉ်မျိုးစေ့ပေါက်ဖွားလာသည်။
ဝိညာဉ်မျိုးစေ့က သစ်စေ့မှအပင်ပေါက်လာသည့်အလား အညှောက်ထွက်လာပြီး ပြောင်းလဲမှုဖြည်းဖြည်းချင်းဖြစ်ပေါ်လာကာ ကျူးချန်၏ ခန္ဓာကိုယ်ထဲမှ အရိုးများကို ပြောင်းလဲသွားစေသည်။
ကြီးမားသည့်စွမ်းအားတစ်ခုက ထိုသို့သောနည်းလမ်းဖြင့် မွေးဖွားလာပြီး ဝိညာဉ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အစစ်အမှန်စွမ်းအား ထွက်ပေါ်လာသည်။
သိုင်းကျင့်ကြံသူတစ်ယောက်၏ စစ်မှန်သောသိုင်းစွမ်းသည် သန္ဓေတည်စပုံသဏ္ဌန်ဖြင့် ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။
ကျူးချန်က သူ၏ဝိညာဉ်မျိုးစေ့ကို လှုံ့ဆော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာစွမ်းအားများ တဟုန်ထိုးမြင့်တက်လာသည်။ သူက သူ့ခန္ဓာကိုယ်ကိုဖိနှိပ်ထားသည့် ထိုက်စန်းတောင်ကြီးကို တွန်းလှန်ရန်ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲက သူ့ကို အခွင့်အရေးမပေးခဲ့ပေ။ သူ၏လျှင်မြန်မှုက ကျူးချန်ထက်ပိုပြီး အရှိန်အဟုန် မြင့်မားသည်။
မိုးကြိုးတုန်လှုပ်သိုင်းကွက်ဖြင့် ပေါင်းစပ်ကာ ရန်ကျောက်ကဲက ကောင်းကင်လက်ဝါးသိုင်းဖြင့် တတိယအကြိမ် ဆက်တိုက်ရိုက်ချလိုက်ရာ ကျူးချန်၏ထွက်ပေါ်လာဆဲစွမ်းအားများမှာ ကြီးထွားမလာခင် ချေဖျက်ခံလိုက်ရသည်။
မိုးကောင်းကင်ပြိုကျစေသော ပြင်းထန်သည့်စွမ်းအားကြီးက ကျူးချန်၏ ခုခံနိုင်စွမ်းနှင့် မျှော်လင့်ချက်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကြောင့် ကျူးချန်၏လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားပြီး ဦးခေါင်းတစ်ခုလုံးပြားချပ်သွားကာ ဦးနှောက်များထွက်လာသည်။
ရန်ကျောက်ကဲက သူ့ရှေ့တွင်လဲကျနေသောကျူးချန်ကို အရေးမစိုက်ဟန်ဖြင့် ခြေထောက်ဖြင့် စောင့်နင်းလိုက်သည်။
ထိုအချိန် အဆက်မပြတ်လှည့်ပတ်နေသော ရွှေရောင်အစီအရင်၏အထက်တွင် ရှုတ်ထွေးနက်နဲသော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ဝါဒတောင်ပင်မအစီအရင်၏ပုံစံငယ်လေး ထွက်ပေါ်လာသည်။
ထိုဝိညာဉ်သင်္ကေတများက ရန်ကျောက်ကဲ ခြေထောက်အောက်မှ ဝိညာဉ်သင်္ကေတနှင့် ပေါင်းစပ်သွားပြီး ပတ်ဝန်းကျင်တွင်လှည့်ပတ်နေရင်း အပြင်ဘက်သို့ ချီစွမ်းအားစီးကြောင်းများအဖြစ် စတင်ပျံ့နှံ့သွားသည်။
ချီစွမ်းအားစီးကြောင်းများက အဝေးသို့ စီးဆင်းသွားပြီး အသံကင်းမဲ့တိတ်ဆိတ်စွာဖြင့် ဝါဒတောင်ပင်မအစီအရင်ဖြင့် မသိမသာပေါင်းစပ်သွားသည်။
ရွှေရောင်ဝိညာဉ်သင်္ကေတထက်တွင်မတ်တတ်ရပ်နေရင်း ရန်ကျောက်ကဲ၏အမြင်အာရုံထဲမှ မြင်ကွင်းများပြောင်းလဲသွားသည်။ သူက တိမ်တိုက်များထက်တွင် မတ်တတ်ရပ်နေပြီး အောက်ဘက်မှကမ္ဘာကြီးကို ငုံ့ကြည့်နေသည့်အလား ဖြစ်သည်။
“လူသား အနေအထား တည်ဆောက်ပြီးသွားပြီ”
ရန်ကျောက်ကဲ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
သို့သော် စိတ်သက်သာရာမရနိုင်သေးဘဲ သူ၏ကိုယ်ပိုင်အစီအရင်က ဝါဒတောင်ပင်မအစီအရင်နှင့် ချိတ်ဆက်သွားခြင်းကို ဆက်လက်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်နေသည်။
ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲပြီးဆုံးသည့်နောက် အစီအရင်ပညာကို ရည်ရွယ်ချက်ရှိရှိဖြင့် လုံ့လစိုက်ထုတ် လေ့လာပြီးသည့်နောက် ရန်ကျောက်ကဲက အစီအရင်ပညာ အလွန်ထူးချွန်သူတစ်ယောက် ဖြစ်လာခဲ့သည်။
သို့ပေသိ ဝါဒတောင်ပင်မအစီအရင်ဆိုသည်က သာမန်အစီအရင်တစ်ခု မဟုတ်ပေ။ လက်ရှိခေတ် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းတွင် အပါအဝင်ဖြစ်သော ဝါဒတောင်တစ်ခုလုံးကို ကာကွယ်ပေးထားသည့် အဓိကခံစစ်အစီအရင်ကြီးဖြစ်လေရာ ကိုယ်ပိုင်ထူးခြားချက်များစွာ ပါရှိသည်။
ဝါဒတောင်ပင်မအစီအရင်က ကြီးမားသည့်စွမ်းအားကိုပိုင်ဆိုင်ထားသလို အစီအရင်စည်းမျဉ်းစည်းကမ်းများ၏ စံနှုန်းကိုလည်း ချိုးဖျက်ထားသော နက်နဲသည့် အစီအရင်တစ်ခု ဖြစ်သည်။
ရန်တိ ယာယီဂိုဏ်းချုပ်ဖြစ်လာသည့်အခါ ဝါဒတောင်ပင်မအစီအရင်ထိန်းချုပ်မှုကို ယွမ်ကျန်းဖုန်းက လွှဲပြောင်းပေးခဲ့သည်။ ရန်ကျောက်ကဲက ရန်တိ၏သားဖြစ်သော်လည်း ပင်မအစီအရင်ထိန်းချုပ်မှုကို သိရှိခွင့်မရခဲ့ပေ။ ဂိုဏ်း၏စည်းကမ်းအရ ဂိုဏ်းချုပ်မှလွဲပြီး အခြားသူများကို ပင်မအစီအရင်ထိန်းချုပ်မှုအား ပြောပြ၍မရပေ။
ထို့ကြေင့် ဝါဒတောင်ပင်မအစီအရင်အပေါ် ရန်ကျောက်ကဲ၏ နားလည်နိုင်စွမ်းက အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။ သူက ခေါင်းထဲရှိနေသည့် အသုံးဝင်မည်ထင်သောအရာများဖြင့်သာ အကောင်အတည်ဖော်လုပ်ဆောင်နေရသည်။
သို့ပေသိ မည်သည့်နေရာကအစပြုရမည်ကို ရန်ကျောက်ကဲသည်လည်း အပြည့်အဝ သိရှိခြင်း မရှိသေးပေ။
“ဒီအစီအရင်က ‘နက်ရှိုင်းချီစွမ်းအား’ အဆက်အနွယ်က မြစ်ဖျားခံလာတာဖြစ်ရမယ် ၊ နောက်ပိုင်းဝါဒတောင်မှာ စွမ်းအားမြင့်မားတဲ့သူတွေ မျိုးဆက်အလိုက်ထွက်ပေါ်လာတော့ ဒီအစီအရင်ကိုလည်း ပိုမိုကောင်းမွန်လာအောင် စွမ်းဆောင်နိုင်ကြတာဖြစ်လိမ့်မယ်”
ရန်ကျောက်ကဲစိတ်ထဲတွင် ပင်မအစီအရင်ကို တဖြည်းဖြည်း နားလည်လာသည်။
“ဒီအစီအရင်က အတော်လေး ရှုတ်ထွေးတာပဲ”
“နေဆန့်ကျင် (၂)ခုနဲ့ တိုက်ခိုက်ခံရလို့ ပင်မအစီအရင် ကွဲအက်သွားပြီး အပြောင်းအလဲတွေ အပြင်းအထန်ဖြစ်လာပေမယ့် ပြုပြင်လို့တော့ ရနိုင်သေးတယ်”
ရန်ကျောက်ကဲ ဝါဒတောင်တည်ရှိရာနေရာသို့ စူးစိုက်ကြည့်ရင်း အစီအရင်မှ အပြောင်းအလဲများကို အဆက်မပြတ်အာရုံခံနေသည်။
“အခုချိန်မှာ ပင်မအစီအရင်ထိန်းချုပ်မှုကို အဖေ့ထံလွှဲပြောင်းပေးဖို့က ခက်ခဲလိမ့်မယ် ၊ ဒါပေမဲ့ အစီအရင်ထိန်းချုပ်မှုကို ရှင်းတုန်းဖင်းထံက ဖယ်ရှားပစ်ပြီး အခုအနေအထား (၃)ခုကို ပြုလုပ်နေတဲ့ ငါတို့ထဲက တစ်ယောက်ယောက်ကို လွှဲပြောင်းပေးလို့ရတယ်”
ရန်ကျောက်ကဲက အစီအရင်အား ကြိုတင်ခန့်မှန်းမှုများတွက်ချက်နေစဉ် ဘာမှလုပ်စရာမရှိသည့်အားဟူက အနီးပတ်ဝန်းကျင်တွင် စောင့်ကြပ်ရင်း ပတ်ဝန်းကျင်အပြောင်းအလဲများကို သတိဖြင့် စောင့်ကြည့်နေသည်။
ဟုန်ဝမ်ကတော့ ဝါဒတောင်သိုင်းသမားများကို ဦးဆောင်ကာ ကျူးချန်နှင့်အတူ မြို့ထဲသို့ဝင်ရောက်လာသော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများကို လိုက်လံရှာဖွေ သုတ်သင်နေသည်။
ဝါဒတောင်ပင်မအစီအရင်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရင်း ရန်ကျောက်ကဲစိတ်နှလုံး ရုတ်တရက် လှုပ်ရှားသွားသည်။
သူက “လူသား” အနေအထားတွင် မတ်တတ်ရပ်နေစဉ် အခြားသောစွမ်းအားတစ်ခုသည်လည်း ဝါဒတောင်ပင်မအစီအရင်အတွင်း မသိမသာပေါင်းစပ်လာသည်ကို ခံစားရသောကြောင့်ပင်။
ထို စွမ်းအားက “ကောင်းကင်” ၊ “မြေကြီး” ၊ “လူသား” အနေအထား (၃)ရပ်တွင် “မြေကြီး” အနေအထားမှ ဆင်းသက်လာခြင်းဖြစ်သည်။
ရန်ကျောက်ကဲ မျက်လုံးများမှေးမှိတ်လိုက်ပြီး သူ၏စိတ်အစဉ်က အစီအရင်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားသည်။
အသိစိတ်၏မှောင်မိုက်နေသော ဗလာနယ်ထဲတွင် အဖြူရောင်အလင်းတန်းများဖြင့် တုန်ခါနေသော မရေမတွက်နိုင်သည့် ဝိညာဉ်သင်္ကေတများကို တွေ့မြင်ရသည်။
ရန်ကျောက်ကဲ၏ ခြေရင်းမှမှ ရွှေရောင်အလင်းတန်းက ထင်သာမြင်သာရှိနေပြီး ဝါဒတောင်ပင်မအစီအရင်၏ အပိုင်းအခြားကို အဖြူရောင်အလင်းတန်းအဖြစ် တွေ့မြင်ရသည်။ ထိုအရာက “လူသား” အနေအထားကို လက်ရှိကိုယ်စားပြုနေသည့် ရန်ကျောက်ကဲ ရှိနေသော နေရာဖြစ်သည်။
အဖြူရောင်အလင်းတန်း၏ အခြားတစ်ဖက် ဝေးကွာသောနေရာတွင် ရွှေရောင်အလင်းတန်းအစက်အပျောက်လေးတစ်ခု လင်းလက်နေသည်။
“အဲဒါက ဆရာဒေါ်လေး’ဖူ’ ဒါမှမဟုတ် အကြီးအကဲ’ကျန်း’ ဖြစ်ရမယ်”
ရန်ကျောက်ကဲ စိတ်သက်သာရာရသွားသည်။ သူ့အစီအစဉ်က သုံးပုံနှစ်ပုံ အောင်မြင်နေပြီ မဟုတ်ပါလား။
သူ မျက်လုံးများဖွင့်ကြည့်လိုက်သည့်အခါ လူတို့၏စိတ်များကို ပရမ်းပတာပြောင်းလဲစေနိုင်သော ကြောက်မက်ဖွယ်ရာငရဲကိုးထပ်ရောင်ဝါသည်လည်း တဖြည်းဖြည်းအားနည်းသွားသည်ကို ခံစားရသည်။
ဝါဒတောင်ရှိရာသို့ လှမ်းကြည့်လိုက်တော့ ကောင်းကင်ထက်တွင်လွှမ်းခြုံနေသော အနက်ရောင်မိစ္ဆာချီစွမ်းအားများ မှိန်ဖျော့သွားသည်ကို ခပ်ရေးရေးတွေ့မြင်ရသည်။
“ကောင်းတယ်...”
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ အောင်မြင်သွားပြီပဲ ၊ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဘယ်လိုချိုးဖျက်ရမလဲဆိုတဲ့နည်းလမ်းကို ဒုတိယဆရာဦးလေးထံ လက်ဆင့်ကမ်းပေးလိုက်နိုင်ပြီထင်တယ် ၊ ဒုတိယဆရာဦးလေးက ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့အပြင် ငရဲကိုးထပ်အကြောင်းကိုလည်း နားလည်တဲ့သူဆိုတော့ ချက်ချင်းပဲ အောင်မြင်မှုအကျိုးဆက်တွေ တွေ့မြင်ရတယ်”
ယခင်က ဆိုးရွားခဲ့သောအခြေအနေသည် ယခုတော့ အကောင်းဘက်သို့ တရွေ့ရွေ့ ရွေ့လျားလာနေသည်။
ရန်ကျောက်ကဲသည် ရှည်လျားသည့်လမ်းနှစ်သွယ်ဆုံဆည်းရာ လမ်းဆုံထက်တွင် မတ်တတ်ရပ်နေသည်။ သူ့အရှေ့တွင် ကြီးမားသောဝိညာဉ်သင်္ကေတကြီးတစ်ခု ရှိနေပြီး မရေမတွက်နိုင်သော ဝိညာဉ်ပုံစံများက အဝေးဆီသို့ ဖြန့်ကျက်သွားကာ ဝါဒတောင်ပင်မအစီအရင်နှင့် စီးဝင်ပေါင်းစပ်သွားသည်။
ဝါဒတောင်ပင်မအစီအရင်တွင်ဖြစ်ပေါ်နေသည့် အမျိုးမျိုးသောပြောင်းလဲမှုများကို အာရုံခံရင်း ရန်ကျောက်ကဲသည် စိတ်ထဲမှ ခန့်မှန်းတွက်ချက်မှုများကိုလည်း အဆက်မပြတ် ပြုလုပ်နေသည်။
“’လူသား’ အနေအထားနဲ့ ‘မြေကြီး’ အနေအထားကတော့ အဆင်ပြေသွားပြီ ၊ ‘ကောင်းကင်’ အနေအထား စနစ်တကျ ဝင်ရောက်လာနိုင်မယ်ဆိုရင် ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခုကို အန္တရယ်ကင်းကင်းနဲ့ တစ်ချက်တည်း လုပ်နိုင်လိမ့်မယ်”
ရန်ကျောက်ကဲခြေရင်းရှိ ‘人’ စာလုံးသည် ရွှေရောင်တောက်ပနေပြီး များပြားလှစွာသော ဝိညာဉ်သင်္ကေတများကို ဆုံချက်ဆီသို့ ဦးတည်ပေးနေသည်။
ဝါဒတောင်ပင်မအစီအရင်နှင့် '人' စာလုံးတို့၏ ပေါင်းစပ်ခြင်းစွမ်းအားအောက်တွင် မူလက စိတ်မတည်မငြိမ်ဖြစ်နေကြသော မြို့ထဲမှသာမန်လူများသည်လည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်စ ပြုလာသည်။
ထိတ်လန့်ချောက်ချားနေကြဆဲဖြစ်သည့်တိုင် လူတို့၏စိတ်နှလုံးအတွင်း အဆိုးမြင်စိတ်များကို အဆုံးမရှိချဲ့ထွင်နိုင်သည့် ငရဲကိုးထပ်ရောင်ဝါလွှမ်းမိုးမှုကို မခံစားရတော့ပေ။
ရန်ကျောက်ကဲ ဝါဒတောင်ဆီသို့ လှမ်းကြည့်ပြီးနောက် အခြားတစ်နေရာသို့ စူးစိုက်ကြည့်လိုက်သည်။
ထိုနေရာက ရှီတိနှင့် ရွှီဖေးတို့ '天’ (ကောင်းကင်) စာလုံးကို ပုံဖော်တည်ဆောက်ရမည့် နေရာဖြစ်သည်။
သို့သော် ဝါဒတောင်ပင်မအစီအရင်၏ အပြောင်းအလဲများကိုခံစားရင်း “ကောင်းကင်” အနေအထားကို အောင်မြင်စွာ မတည်ဆောက်နေသေးကြောင်း သိရှိခဲ့သည်။
သူ၏နည်းလမ်းက အနေအထား (၃)ခုလုံး ပြီးပြည့်စုံပြီး အဆက်မပြတ်လှည့်ပတ်နိုင်ပါမှ ဝါဒတောင်ပင်မအစီအရင်အပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ရှင်းတုန်းဖင်းထံမှ အစီအရင်ထိန်းချုပ်နိုင်စွမ်းကို တစ်ချက်တည်းဖြင့် ပြန်လည်ရယူနိုင်မည် ဖြစ်၏။
သူ ခန့်မှန်းထားသည့်အတိုင်းဆိုလျှင် ရှီတိသွားမည့်လမ်းကြောင်းက အန္တရယ်အနည်းဆုံးနှင့် အတည်ငြိမ်ဆုံး ဖြစ်သည်။
သို့ရာတွင် အချိန်ကာလ ကြာမြင့်လာသည့်တိုင် “ကောင်းကင်” အနေအထားကို အောင်မြင်စွာပုံဖော်နိုင်ခြင်းမရှိသေးသဖြင့် ရန်ကျောက်ကဲစိတ်ထဲ တဖြည်းဖြည်း စိုးရိမ်လာသည်။
သူ့မှာလည်း ‘လူသား’ အနေအထား နေရာကို မထားခဲ့နိုင်လေရာ မည်သို့မှမတတ်နိုင်ဘဲ စောင့်ဆိုင်းနေရန်သာ ရှိသည်။
ရန်ကျောက်ကဲ မျက်ခုံးများကိုး တင်းတင်းကျပ်ကျပ် တွန့်ချိုးထားရင်း ‘ကောင်းကင်’ အနေအထား တည်ရှိရမည့်နေရာဆီသို့ ငေးမျှော်ကြည့်လျှက် သူ၏မျက်နှာအမူအရာက ယခင်ကနှင့်မတူ တည်ကြည်လေးနက်နေလေ၏။
***
Note:
“人” ဆိုသည့် စာလုံးမှာ အသံထွက် ‘ရန်’ ဟု ထွက်ပြီး “လူသား” “လူ” ဟု အဓိပ္ပါယ်ရပါသည်။
“ 天 ” ဆိုသည့်စာလုံးမှာ အသံထွက် “ထျန်း” ဖြစ်ပြီး “မိုးကောင်းကင်” “ကောင်းကင်” ဟု အဓိပ္ပါယ်ရပါသည်။
“ 地 ” ဆိုသည့် စာလုံးမှာ အသံထွက် “တိ” ဖြစ်ပြီး “မြေကြီး” ဟု အဓိပ္ပါယ်ရပါသည်။
ရန်ကျောက်ကဲ ပြောသည့် နေရာ (၃)နေရာတွင် အနေအထား (၃)ခုဆိုသည်မှာ အထက်ပါစာလုံး (၃)လုံးပုံသဏ္ဌန်အနေအထားများကို ပြောခြင်းဖြစ်ပါကြောင်း။
(ဘာသာပြန်သူ)
***