← Chapters

ဆက်ပြီးအိပ်မက်မက်နေလိုက်ကြ

Vol. 21 Ch. 297

ဆက်ပြီးအိပ်မက်မက်နေလိုက်ကြ

Vol. 21 Ch. 297

အလင်းတန်းတစ်ခုက လေထဲတွင် လျှင်မြန်စွာ ရွေ့လျားနေသည်။

ရန်ကျောက်ကဲက “လူသား” အနေအထားကို ပုံဖော်ရန် မြို့ထဲသို့ အမြန်သွားနေစဉ် ရှီတိနှင့် ရွှီဖေးသည်လည်း “ကောင်းကင်” အနေအထားကို ပုံဖော်ရမည့်နေရာသို့ အလျှင်အမြန်သွားနေခဲ့သည်။

အရှိန်ပြင်းပြင်းခရီးနှင်ရင်း အဝေးတစ်နေရာသို့ လှမ်းကြည့်မိတော့ ရှီတိ၏မျက်ဝန်းများ ရုတ်တရက် တုန်ခါသွားသည်။

ထိုနေရာတွင် ပြင်းထန်သောရောင်ဝါတစ်ခုရှိနေပြီး အကြေးခွံနဂါးသခင် ‘စီးမာချွေ’ ဖြစ်ဟန်တူသောကြောင့် အစိမ်းသက်သက်ရန်သူတစ်ယောက်တော့ မဟုတ်ပေ။

ရန်သူကလည်း ရှီတိရောက်လာသည်ကို အာရုံခံမိဟန်ရှိသည့်တိုင် တစ်စုံတစ်ခုကို သတိထားနေဟန်ဖြင့် ချက်ချင်းမလှုပ်ရှားသေးပေ။

သူ့ကို မေးခွန်းထုတ်သလို လှမ်းကြည့်နေသော ရွှီဖေးကို ရှီတိက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“အဲဒါ စီးမာချွေပဲ”

“ဆရာ...”

ရွှီဖေးက ရှီတိ၏ရင်ဘတ်မှဒဏ်ရာကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်သည်။

ရှီတိက ခေါင်းခါယမ်းရင်း...

“စိတ်အေးအေးထား ၊ ဘာမှမဖြစ်ဘူး”

ရွှီဖေး မည်သည့်စကားမှထပ်မပြောတော့သော်လည်း သူ့မျက်ဝန်းများကတော့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်လျှက် ရှိသည်။

ထို့နောက် ဆရာတပည့် (၂)ယောက် အရှိန်အဟုန်ဖြင့် ခရီးဆက်ခဲ့ကြသည်။

အချိန်ခဏကြာပြီးနောက် အောက်ဘက်မှ တိုက်ခိုက်သံများကြားသဖြင့် ခေါင်းငုံ့ကြည့်လိုက်ကြသည်။

ထိုနေရာတွင် အသက် (၁၁)နှစ် ၊ (၁၂)နှစ်ခန့် ကောင်လေးတစ်ယောက်ရှိနေပြီး ရန်သူများနှင့် အပြင်းအထန်တိုက်ခိုက်နေသည်။

သူက ငယ်ရွယ်သော်လည်း သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယော်ကဖြစ်ကြောင်း အံ့သြဖွယ် သိရှိရသည်။ သူ၏ ချီစွမ်းအားက နဂါးသွေးများလှည့်ပတ်နေသည့်အလားဖြစ်ပြီး နဂါးငယ်လေးတစ်ကောင်ပမာ ရန်သူများကို လွင့်ထွက်သွားအောင် တိုက်ခိုက်နေသည်။

ထိုကောင်လေးက ရှီတိ၏နောက်ဆုံးတပည့်ဖြစ်သော ‘ယင်လုန်ထူ’ ပင်။

ယင်လုန်ထူ၏ပုံစံလေးက အနည်းငယ် အူကြောင်ကြောင်လေးဖြစ်နေသော်လည်း သူက တိုက်ပွဲကို အပြည့်အဝ အာရုံစူးစိုက်ထားသည်။

သူ၏တိုက်ခိုက်မှုက ရက်စက်ကြမ်းတမ်းသည်ဟု မဆိုသာသော်လည်း “ရန်သူများကိုညှာတာသနားခြင်းသည် မိမိကိုယ်ကိုယ်အန္တရယ်ပြုရာရောက်သည်”  ဟု အကြီးအကဲများနှင့် ဂိုဏ်းတူမောင်နှမများ မှာကြားထားသည်ကို အမှတ်ရပြီး အပြင်းအထန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယင်လုန်ထူက လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်နှင့် ရန်သူတစ်ယောက် လွင့်ထွက်သွားသည်။ ထိုအခါ သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်သူများက သူ့ကို သတိထားမိသွားပြီး ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။

သို့သော် ယင်လုန်ထူကို တိုက်ခိက်လာသူတစ်ယောက်မှာ လမ်းတစ်ဝက်မှာပင် ခန္ဓာကိုယ်တစ်ချက်တောင့်တင်းသွားပြီး မြေပေါ်သို့လဲကျသွားကာ တဖျတ်ဖျတ်အကြောဆွဲလျှက် အသက်ပျောက်သွားသည်။

ပတ်ဝန်းကျင်မှ အခြားသော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း သိုင်းသမားများသည်လည်း ထိုသို့ပင် သေဆုံးသွားကြသည်။

ရှီတိ၏အဆင့်ဖြင့် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်နေရန် မလိုအပ်ပေ။ လက်သီးသိုင်းဝိညာဉ်တစ်ချက် ထုတ်လွှတ်လိုက်ရုံဖြင့် အားလုံးအသက်ပျောက်သွားစေရန် လုံလောက်သည်။

ဆရာဖြစ်သူ၏အရိပ်အယောင်ကို ခံစားမိသဖြင့် ယင်လုန်ထူက ခေါင်းမော့ကြည့်လိုက်သည်။ ရှီတိနှင့် ရွှီဖေးကိုတော့တော့ သူက ဝမ်းသာအားရ ပြုံးပြသည်။

“အတူတူသွားကြစို့...”

ရှီတိက စကားပြောဆိုအချိန်ဖြုန်းမနေဘဲ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ယင်လုန်ထူကို သူတို့နှင့်အတူ ခေါ်ဆောင်သွားကာ ဦးတည်ရာသို့ မရပ်မနားဆက်လက်ထွက်ခွာသွားသည်။

ယင်လုန်ထူက ရှီတိနှင့် ရွှီဖေးကို အပြစ်ကင်းစင်သည့် မျက်ဝန်းကြီးများဖြင့်ကြည့်ရင်း...

“ဆရာ... ဂိုဏ်းတူအစ်ကိုကြီး... တောင်ပေါ်မှာ ရန်သူတွေအများကြီးရှိတယ်”

ရွှီဖေးက...

“ဟန်လုန်အာ... စိတ်မပူနဲ့ ၊ အဲဒီရန်သူတွေကို ငါတို့ ရှင်းပစ်မယ်”

ယင်လုန်ထူက စိတ်ဓာတ်ပြတ်သားသည့်အမူအရာဖြင့် ခေါင်းညိတ်သည်။

ထို့နောက် သုံးယောက်သား ရန်ကျောက်ကဲပြောသည့်နေရာသို့ အလျှင်အမြန်ခရီးဆက်လာကြသည်။

ထိုနေရာက ဝါဒတောင်အပြင်ဘက်တွင်ရှိသော တောင်ထွတ်တစ်ခုဖြစ်ပြီး တောင်တန်းများအလယ် မြင့်မားစွာတည်ရှိနေသည်။ မြင့်မားလွန်းသဖြင့် တောင်ထွတ်ထိပ်ဖျားတွင် တိမ်တိုက်များပင် ရစ်သိုင်းလွှမ်းခြုံလို့နေသည်။

ရှီတိက ထိုတောင်ထွတ်ထက်တွင် မတ်တတ်ရပ်နေပြီး လက်သီးသိုင်းဝိညာဉ်တစ်ချက်ထုတ်ဖော်လိုက်ရာ အလင်းတန်းများစွာ ဖြာလင်းလာပြီး ကြီးမားသောဝိညာဉ်သင်္ကေတကြီးတစ်ခု ထွက်ပေါ်လာသည်။

အလင်းရောင်က မိုးကုပ်စက်ဝိုင်းထိတိုင် လင်းလက်သွားပြီး လေထုအလယ်တွင် အလင်းရောင်တိုင်လုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရှီတိက လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ကိုဗဟိုပြုပြီး ဟာရီကိန်းမုန်တိုင်းကြီးတစ်ခု ဖြစ်တည်လာကာ တောင်ထွတ်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။

ဟာရီကိန်းမုန်တိုင်းကြီးကြောင့် မိုးမြေတစ်ခွင်တွင် ဝိညာဉ်စွမ်းအားစီးကြောင်းများ အဆက်မပြတ်စုဝေးလာပြီး ဝိညာဉ်သင်္ကေတများစွာထွက်ပေါ်လာကာ အစီအရင်တစ်ခု ဖြစ်တည်လာသည်။ ထိုဝိညာဉ်သင်္ကေတများမှ ဖြူစင်သောအလင်းရောင်များ တောက်ပနေ၏။

ထို့နောက် ဝိညာဉ်သင်္ကေတများစုဝေးနေသည့် အစီအရင်အလယ်တွင် ရှေးဟောင်းစာလုံးတစ်လုံး ထွက်ပေါ်လာသည်။

“ 天 “

ထိုရှေးဟောင်းအက္ခရာစာလုံး၏ အဓိပ္ပါယ်မှာ “ကောင်းကင်” ဟူ၍ ဖြစ်သည်။

ထိုစာလုံးကိုမြင်သည်နှင့် ရွှီဖေးက သူလုပ်ရမည့်တာဝန်ကို ချက်ချင်းသိရှိလိုက်သည်။ သူက ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး တောင်ထွတ်ပေါ်မှ ကျောက်ဆောင်ကျောက်သားများထက်သို့ လက်ဖဝါးနှစ်ဖက်ဖြင့် ဖိချလိုက်သည်။

ထိုခဏတွင် “ 天 “ စာလုံးထက်မှ အလင်းတန်းများ ပိုမိုတောက်ပလာသည်။

ယင်လုန်ထူကတော့ သူ၏ဆရာဖြစ်သူနှင့် ဂိုဏ်းတူအစ်ကိုကြီး ဘာလုပ်နေကြမှန်း မသိနားမလည်ဘဲ ဘေးနားတွင် ငူတူတူလေး မတ်တတ်ရပ်လျှက်ရှိ၏။

အချိန်ကြာလာသည့်အခါ တဖျတ်ဖျတ်တောက်ပနေသော ဝိညာဉ်သင်္ကေတများက ဖြူစင်သောအလင်းရောင်မှသည် ရွှေရောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကိုတွေ့တော့ ရှီတိနှင့် ရွှီဖေးတို့ စိတ်ဓာတ်များတက်ကြွလာကြသည်။ ရန်ကျောက်ကဲစကားအရဆိုလျှင် ဤသို့ ဝိညာဉ်သင်္ကေတများ ရွှေရောင်ပြောင်းသွားခြင်းက မကြာမီ အောင်မြင်မှုရရှိတော့မည်ဟု ဆိုလိုခြင်းပင်။

ရှီတိက...

“ကျောက်ကဲ စကားအရဆိုရင်တော့... အခြေအနေက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ”

သူ့အကြည့်က ရွှီဖေးနှင့် ယင်လုန်ထူတို့အကြားတွင် တစ်ချက်ရွေ့လျားသွားပြီး...

“ဒီအစီအရင်ကို ထိန်းထားဖို့ လူ (၂)ယောက်လိုတယ် ၊ မင်းတို့ (၂)ယောက် ဒီတာဝန်ကိုယူရမယ် ရွှီဖေးနဲ့ လုန်ထူ ၊ အချိန်နည်းနည်းကြာမယ်ဆိုပေမယ့် မင်းတို့ ကောင်းကောင်းလုပ်နိုင်မှာပါ”

ထိုစကားကိုကြားတော့ ရွှီဖေးမျက်ဝန်းများ တုန်ခါသွားသည်။

“ရန်သူ ရောက်လာလို့လား ဆရာ”

ရှီတိမျက်နှာက ကျောက်သားပမာ တည်ငြိမ်နေသည်။

“ငါတို့ဘက်ကို လူတွေချဉ်းကပ်လာတယ် ၊ ကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူး ၊ စုစုပေါင်း လူ (၃)ယောက် ၊ အားလုံးက အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တွေချည်းပဲ”

ထိုစကားကိုကြားတော့ ရွှီဖေးမျက်ဝန်းများ အေးစက်ခက်ထန်သွားသည်။ သို့သော် မျက်နှာကတော့ သိသိသာသာ ပျက်ယွင်းသွား၏။

ရှီတိက...

“ငါက ရန်သူကို တားဆီးထားမယ် ၊ မင်းက အစီအရင်ပဲ့ကိုင်သူနေရာမှာ အစားထိုးပါ ၊ လုန်ထူကိုလည်း အမြန်သင်ပေးပြီး မင်းကိုကူညီခိုင်းပါ”

သူက ရွှီဖေးကို စူးစိုက်ကြည့်ရင်း...

“အစီအရင်အောင်မြင်ဖို့ အဓိက ဦးစားပေးပါ ၊ ဝါဒတောင်ပင်မအစီအရင် ငါတို့လက်ထဲပြန်ရောက်လာဖို့ သေချာမှဖြစ်မယ်”

ရွှီဖေး၏မျက်ဝန်းများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေသော်လည်း အသုံးမဝင်သောစကားလုံးများဖြင့် အချိန်မဖြုန်းလိုတော့ပေ။

သူက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ပင့်သက်တစ်ချက်ရှိုက်ရင်း ကတိပေးလိုက်သည်။

“ဆရာ စိတ်ချပါ ၊ တပည့် သေချာစေရပါ့မယ်”

ရှီတိ ခေါင်းညိတ်လိုက်ပြီး လေထဲသို့ခုန်ဝင်ကာ တောင်ထွတ်ဆီမှ ထွက်ခွာသွားသည်။

သူက '天' အက္ခရာစာလုံးတည်ရှိရာနေရာနှင့် ဝေးနိုင်သမျှဝေးဝေးသို့ အလွန်လျှင်မြန်သောအရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာသွားသည်။ အစီအရင်မထိခိုက်စေရန် ရန်သူနှင့် ဦးစွာရင်ဆိုင်ရမည် ဖြစ်သည်။

မကြာမီ ရှီတိက အရှိန်လျှော့လိုက်ပြီး လေထုထဲတွင် မတ်တတ်ရပ်ရင်း အဝေးတစ်နေရာသို့ တိတ်တဆိတ် စူးစိုက်ကြည့်နေသည်။

မိုးကုတ်စက်ဝိုင်းဆီမှ တောက်ပသည့်အလင်းရောင် (၃)ခု ထွက်ပေါ်လာပြီး ရှီတိရှေ့သို့ လျှင်မြန်စွာ ရောက်ရှိလာသည်။

ရှီတိက သူတို့ (၃)ယောက်ကို တစ်ချက်အကဲခတ်လိုက်သည်။ သူ့မျက်ဝန်းများက ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ကင်းစင်လျှက် ကန်ရေပြင်ပမာ ငြိမ်သက်နေသည်။

“မင်းတို့ (၃)ယောက်ကို ငါ စောင့်နေတာ ကြာပြီ”

ရန်သူ (၃)ယောက်လုံးကို ရှီတိ သိရှိလေသည်။

၎င်းတို့ (၃)ယောက်အနက် တစ်ယော်ကက မီးခိုးရောင်မုတ်ဆိတ်ပွပွများဖြင့် အဘိုးကြီးတစ်ယောက်ဖြစ်ပြီး သူနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူက ယွမ်ကျန်းဖုန်းနှင့် မျိုးဆက်တူသော အကြီးအကဲ’ဝမ်’ ဖြစ်ပြီး ရှီတိတို့ထက်တော့ မျိုးဆက်တစ်ဆက် စောလေ၏။

အကြီးအကဲ’ဝမ်’ သည် ကြည်လင်လျှို့ဝှက်ရေကန်တိုက်ပွဲမတိုင်မီအချိန်တွင် ကောင်းကင်မိုးကြိုးခန်းမ၏ ဖော်ထုတ်မှုဖြင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သူလျှိုအဖြစ် အစောဆုံးထုတ်ဖော်ခံရသူဖြစ်သည်။ သူက ယွမ်ကျန်းဖုန်းနှင့် ရှင်းတုန်းဖင်းပြီးလျှင် ဝါဒတောင်တွင် စွမ်းအားအမြင့်မားဆုံး သိုင်းဆရာသခင်တစ်ယောက် ဖြစ်သည်။

အပြစ်ထင်ရှားသည့်အတွက် ကောင်းကင်ချုပ်လှောင်ချောက်နက်တွင် အကျဉ်းချခံခဲ့ရသည်။

ယခုတိုက်ပွဲတွင် ရှင်းတုန်းဖင်းက ကောင်းကင်ချုပ်လှောင်ချောက်နက်၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ ၊ အကြီးအကဲ’ကုန်း’ကို ဒဏ်ရာအပြင်းအထန်ရရှိအောင် တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ချုပ်လှောင်ချောက်နက်တွင် အကျဉ်းချခံထားရသော အကြီးအကဲ’ဝမ်’နှင့် အခြားအကျဉ်းသားများကို လွတ်မြောက်စေခဲ့သည်။

အကြီးအကဲ ‘ဝမ်’ ၏ မျက်ဝန်းများက အဝါရောင်သိမ်းနေပြီး သွေးနီရောင်အလင်းတန်းများ တောက်ပနေသည်ကို ကြည့်ခြင်းအားဖြင့် အမှောင်ဘက်ခြမ်းသို့ အပြည့်အဝကျရောက်သွားသည်မှာ ထင်ရှားသည်။ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရုံမှလွဲပြီး ရှီတိလည်း ဘာမှမတတ်နိုင်ပေ။

အကြီးအကဲ’ဝမ်’ ၏ဘေးတွင်တော့ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက်ရှိနေသည်။ သူ့ ဆံပင်များက နှင်းပွင့်ပမာဆွတ်ဆွတ်ဖြူလျှက် သူ့မျက်နှာကတော့ မွေးကင်းစကလေးငယ်ပမာ နီမြန်းနေသည်။ သူသည်လည်း အကြီးအကဲ’ဝမ်’ ကဲ့သို့ပင် အမှောင်ဘက်ခြမ်းသို့ ကျရောက်နေပြီ ဖြစ်၏။

ထိုပုဂ္ဂိုလ်က အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန်တစ်ယောက်ဖြစ်သော “ရန်နျဲ့” ဆိုသူဖြစ်ကြောင်း ရှီတိ သိရှိသည်။

အနက်ရောင်အိပ်မက်ဆိုးတောင်မှ ဝါဒတောင်သို့လာရောက်တိုက်သူများထဲတွင် အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် (၂)ယောက် ပါရှိသည်။

သူတို့ထဲမှတစ်ယောက်က အကြီးအကဲ’ကျန်း’ “ကျန်းခွန်” နှင့် ထိပ်တိုက်တွေ့ပြီး အသတ်ခံခဲ့ရပြီး ဖြစ်သည်။

ယခု ရှီတိရှေ့သို့ ရောက်ရှိနေသော ‘ရန်နျဲ့’ က အကြီးအကဲ’ကျန်း’ ကို ရင်မဆိုင်ရဲဘဲ ထွက်ပြေးလာသဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သူ ဖြစ်၏။

တတိယတစ်ယောက်ကတော့ ထူးပြီးပြောနေစရာမလိုပေ။ ရှီတိနှင့် မကြာခဏထိပ်တိုက်တွေ့ဖူးသည့် အကြေးခွံနဂါးဘုရင် ‘စီးမာချွေ’ ပင် ဖြစ်သည်။

အကြီးအကဲ’ဝမ်’ က ရှီတိကို ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ကြည့်နေစဉ် စီးမာချွေက ရှီတိရင်ဘတ်မှ ဒဏ်ရာကို အကဲခတ်နေသည်။

စီးမာချွေက...

“ရှီတိ... မင်းက သံမဏိနဲ့ထုလုပ်ထားတယ်ဆိုရင်တောင်မှ သံချောင်းတွေရိုက်ထည့်တဲ့ဒဏ်ကို ဘယ်လောက် တောင့်ခံနိုင်မှာလဲ”

ရန်နျဲ့က ရှီတိကို အေးစက်စွာကြည့်ရင်း...

“ဒီနေ့ ဝါဒတောင် သေချာပေါက် ကျဆုံးမယ့်နေ့ပဲ ၊ ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး”

အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် (၃) ယောက်ထံမှ ကြောက်မက်ဖွယ်ရာ ဖိအားများက မိုးမြေတစ်ခွင် ဖုံးလွှမ်းနေပြီး လေထုကိုပင် တောင့်တင်းနေစေသည်။

သူတို့ (၃)ယောက်အား ရင်ဆိုင်နေသော ရှီတိက အမူအရာ အနည်းငယ်ပင်ပျက်ယွင်းခြင်းမရှိပေ။ သူက လက်နှစ်ဖက်ကို တည်ငြိမ်စွာပင့်မြှောက်ရင်း လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

သံမဏိအလား တည်ကြည်ခိုင်မာသော ရှီတိ၏စကားသံက မိုးမြေတစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“မင်းတို့အားလုံး ဆက်ပြီး အိပ်မက်မက်နေလိုက်ကြ...”

***

All Chapters