ဝါဒတောင်ကို လုံးဝဖျက်ဆီးခွင့် မရစေရဘူး
Vol. 21 Ch. 299
ရှီတိ၏လက်သီးချက်ထိမှန်သွားသည်နှင့် ရန်နျဲ့သာမက အမှောင်ဘက်ခြမ်းကျရောက်သွားသဖြင့် ဒဏ်ရာပြန်လည်ကောင်းမွန်လာသော စီးမာချွေသည်လည်း နောက်တစ်ကြိမ် သွေးများ အန်ထုတ်လိုက်သည်။
သို့သော် ရန်သူ (၃)ယောက်က ရူးသွပ်သူများပမာ ဟိန်းဟောက်ကြုံးဝါးသံများ ပြုလုပ်လိုက်ကြပြီး သတ်ဖြတ်လိုသောဆန္ဒအပြည့်နှင့် ရှီတိကို ကြမ်းတမ်းရက်စက်စွာ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
ရန်နျဲ့၏ အေးစက်သောကြုံးဝါးသံအဆုံးတွင် သူ့တစ်ကိုယ်လုံးမှ မရေမတွက်နိုင်သောခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပြင်းထန်သည့် ခရမ်းရောင်လေပြင်းများအဖြစ်ပြောင်းလဲသွားကာ ရှီတိထံသို့ ဝင်ရောက်သွားသည်။
စီးမာချွေကလည်း သူ၏လှံရှည်ကို တင်းကျပ်စွာဆုပ်ကိုင်ရင်း ရှီတိထံသို့ ထိုးစိုက်ချလိုက်သည်။
ဒဏ်ရာအပြင်းအထန်ရထားသော အကြီးအကဲ’ဝမ်’ ကလည်း တစ်ပြိုင်နက်တည်းပင် လက်ဝါးရိုက်ချက်ထုတ်ဖော်ကာ ရှီတိကို ရိုက်ချလိုက်သည်။
“မင်းတို့ ဝါဒတောင်ကို လုံးဝဖျက်ဆီးခွင့် မရစေရဘူး”
ရှီတိ ကျယ်လောင်စွာ ကြုံးဝါးအော်ဟစ်လိုက်သည်။
ထို့နောက် အမှောင်ဘက်ခြမ်းသို့ ကျရောက်နေပြီဖြစ်သော ဆရာဦးလေး’ဝမ်’ကို ဘယ်လက်သီးဖြင့် ဦးခေါင်းတည့်တည့်သို့ ထိုးစိက်ချလိုက်ရာ အကြီးအကဲ’ဝမ်’မှာ ဦးနှောက်များပေါက်ထွက် အသက်ပျောက်သွားတော့၏။
သို့သော် ရန်နျဲ့၏ဓားချက် ဝင်ရောက်လာသဖြင့် ရှီတိ အနောက်သို့လွင့်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် သူ့အပေါ်မှ ကောင်းကင်ပြင်က ခရမ်းရောင်ပြောင်းလဲသွားပြီး သူ့အောက်မှ မြေပြင်က လောင်ကျွမ်းနေသောအပူရှိန်ဖြင့် ကီလိုမီတာ (၅၀၀) ပတ်လည်တစ်ခုလုံး သံမှုံများအဖြစ် ပြောင်းလဲသွားသည်။
မိုးမြေတစ်ခွင်တွင် ပြင်းထန်သော အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများ ထွက်ပေါ်လာပြီး ရှီတိထံသို့ ဝင်ရောက်သွားသည်။ မုန်တိုင်းဒဏ်ကြောင့် ရှီတိမှာ သဲကန္တာရာကြီးထက်သို့ လဲပြိုကျသွားသည်။
သူက ရုတ်တရက် လက်လှမ်းလိုက်ပြီး ရန်နျဲ့၏ဓားကိုင်ထားသောညာဘက်လက်ကို ဆောင့်ဆွဲကာ သူ့ဘေးသို့ ဆွဲချလိုက်၏။
ရန်နျဲ့က ရှောင်တိမ်းခြင်းမပြုဘဲ သူ၏စွမ်းအားကို အမြင့်ဆုံးမြှင့်တင်ကာ မရေမတွက်နိုင်သော ခရမ်းရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး အောက်ဘက်မှ သဲကန္တာရကြီးနှင့် ပေါင်းစပ်လိုက်သည်။
တုန်လှုပ်ဖွယ်ရာ အလင်းရောင်များတောက်ပလာပြီး မရေမတွက်နိုင်သော ခရမ်းရောင်ဝိညာဉ်သင်္ကေတများထွက်ပေါ်လာကာ ရက်စက်ကြမ်းတမ်းသည့် အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ထို့နောက် မရေမတွက်နိုင်သော ခရမ်းရောင်အလင်းတန်းများက ချွန်ထက်သောဓားသွားများပမာ ရှီတိနောက်ကျောမှ ထုတ်ချင်းပေါက်ဖောက်ထွက်ပြီး လေထဲသို့ ပစ်လွှတ်ဝင်ရောက်သွားသည်။
ရှီတိက နာကျင်မှုကိုလုံးဝမခံစားရသည့်အလား တစ်ချက်ပင် မညည်းညူဘဲ တည်ငြိမ်သည့်အမူအရာဖြင့် ညဘက်လက်ကိုမြှောက်ကာ ရန်နျဲ့ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
ရှီတိ၏ဘယ်ဘက်လက်က သူ့လက်ကို ဆုပ်ကိုင်ထားသည်ဖြစ်ရာ ရန်နျဲ့မှာ ရုန်းမထွက်နိုင်ဘဲ ရင်ဝတည့်တည့်သို့ဝင်ရောက်လာသော ညာဘက်လက်သီးကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
အဖျက်စွမ်းအားများအပြည့်အဝပါဝင်နေသော လက်သီးချက်က နတ်လက်နက်တစ်ခုအလား ရန်နျဲ့၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သူ၏ အသွေးအသား ၊ ကိုယ်တွင်းအင်္ဂါများ ၊ အရိုးများ...
အရာအားလုံး အစိတ်စိတ်အမွှာမွှာ ပြိုကျပျက်ဆီးသွားသည်။
ရန်နျဲ့ သွေးများပွက်ခနဲအန်ထုတ်လိုက်ပြီး သွေးစများလွင့်စင်ကာ ရှီတိ၏မျက်နှာတစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားသည်။
အနက်ရောင်အိပ်မက်ဆိုးတောင်မှ နောက်ဆုံးကျန်ရစ်သူ အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် သုတ်သင်ခံလိုက်ရပေပြီ။
ရန်နျဲ့ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ချိန်မှာပင် စီးမာချွေလက်ထဲမှလှံရှည်က ရှီတိခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားသည်။ ရှီတိ၏ ကျောက်သားပမာပုံရိပ်သည် အောက်ဘက်မှသဲကန္တာရထဲသို့ နစ်မြုပ်ဝင်ရောက်သွားသည်။
လှံရှည်က ရှီတိ၏ခန္ဓာကိုယ်ကို မြေပြင်ထက်တွင် သံနှင့်ရိုက်နှက်ထားသည့်ပမာ မြဲမြံစွာ ထိုးစိုက်ထားသည်။
ရန်နျဲ့ သေဆုံးသွားသည့်တိုင် သူပြလုပ်ခဲ့သည့် အစီအရင်က ပျက်ဆီးခြင်း မရှိသေးပေ။ ခရမ်းရောင်အလင်းတန်းများက သူ၏နောက်ဆုံးလက်ကျန် သိုင်းစွမ်းဝိညာဉ်ကို ဆောင်ယူထားဆဲဖြစ်သည်။ မရေမတွက်နိုင်သောအလင်းတန်းများက အထက်သို့ဖြာလင်းထွက်ပေါ်လာပြီး ခရမ်းရောင်ကြိုးများပမာ ရှီတိ၏ခန္ဓာကိုယ်နှင့် အနက်ရောင်လှံရှည်ကို ပူးတွဲချုပ်နှောင်ထားလိုက်သည်။
ရန်သူ (၃)ယောက်တွင် စီးမာချွေတစ်ယောက်သာ အသက်ရှင်ကျန်ရစ်တော့သည်။ သူက လေထဲတွင်မတ်တတ်ရပ်နေပြီး မြေပြင်ထက်တွင် လဲကျနေသော ရှီတိကို ငုံ့ကြည့်နေ၏။
မြေပြင်ထက်လဲကျနေသော ရှီတိပုံစံက အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့မည့် ရုပ်တုတစ်ခုအလား အလင်းရောင်များ မှိန်ဖျော့ကာ ကျိုးကြေလျှက်ရှိသည်။
သို့သော် သူ့ဘယ်ဘက်လက်သီးက ရွှေခန္ဓာစွမ်းအားနှင့်အတူ ရွှေရောင်တောက်ပလျှက် တုန်ခါနေသေးသည်။
စီးမာချွေက စကားပြောရန်ပါးစပ်ဟလိုက်သော်လည်း အရင်ဆုံး သွေးတစ်ပွက်အန်ထွက်လာသည်။ စောစောက ရရှိထားသောဒဏ်ရာက အမှောင်ဘက်ခြမ်းကျရောက်သွားသည့်တိုင် အပြည့်အဝ ကောင်းမွန်ခြင်း မရှိသေးပေ။
“ဒဏ်ရာရထားတာတောင် သုံးယောက်တစ်ယောက်တိုက်ခိုက်တာမှာ မင်းက နှစ်ယောက်ကို သတ်ပစ်နိုင်သေးတယ်”
ပြောပြီးသည်နှင့် စီးမာချွေက မရပ်မနား ချောင်းတဟွတ်ဟွတ် ဆိုးလာသည်။
ထို့နောက် သူက ရှီတိကို စူးစိုက်ကြည့်ရင်း...
“ရှီတိ... မင်းက သံမဏိခြေင်္သေ့ဘုရင်ဆိုတဲ့နာမည်နဲ့ ထိုက်တန်ပါပေတယ်”
ရှီတိက စကားတစ်ခွန်းမှမဆိုဘဲ မြေပြင်ထက်မှ မတ်တတ်ထရပ်ရန် ကြိုးစားသည်။
သို့သော် များပြားလှသောခရမ်းကြောင်းကြိုးများက သူ့ကို တင်းကျပ်စွာချုပ်နှောင်ထားသည်။
သူတစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းစိုက်ဝင်နေသည့် အနက်ရောင်လှံရှည်ကပါ လိုက်လံလှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ကို ထိုးမွှလျှက် ရှိသည်။
ရှီတိအနေဖြင့် မလှုပ်ရှားသည်မှာ အကောင်းဆုံးဖြစ်သည်။ သူလှုပ်ရှားရန် ကြိုးစားနေသရွေ့ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက ပိုမိုဆိုးရွားလာနိုင်သည်။
စီးမာချွေ၏အကြည့်က ရှီတိ၏ ရွှေရောင်တောက်နေသော ဘယ်ဘက်လက်ပေါ်သို့ ကျရောက်သွားသည်။
“မင်းကို အခုသတ်ချင်တယ်ဆိုရင် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့သတ်လို့ရတယ် ၊ ဒါပေမဲ့ မင်းကိုသတ်ဖို့ဆိုရင် မင်းအနားကို ငါ လာရလိမ့်မယ် ၊ ဒါပေမဲ့ မင်းမှာ နောက်ဆုံးလက်သီးချက်ထိုးနှက်ဖို့ စွမ်းအားတွေကျန်သေးတယ်ဆိုတာ ငါသိတယ် ၊ မင်းကိုသတ်ရင် ငါလည်း မင်းနဲ့အတူတူ သေရမှာပဲ”
စီးမာချွေက ရှီတိ၏ ဖြူဖပ်ဖြူလျော်မျက်နှာကိုကြည့်ရင်း ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
ထို့နောက် သူက တိမ်ခိုးများလွှမ်းခြုံရစ်သိုင်းနေသည့် အဝေးတစ်နေရာမှ တောင်ထွတ်ကြီးကို လှမ်းကြည့်ရင်း...
“မင်းတို့ အဲဒီမှာ ဘာလုပ်နေတာလဲ”
သူက ဆက်ပြောသည်။
“ငါ မသိချင်ဘူး ၊ စိတ်လည်း မဝင်စားဘူး ၊ ဒါပေမဲ့ မင်းဘာပဲလုပ်လုပ် ဖျက်ဆီးပစ်ရမှာက ငါ့အတွက် အမှန်တရားပဲ”
စီးမာချွေက ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကြားမှ ခက်ခက်ခဲခဲ အော်ဟစ်ရယ်မောလိုက်သည်။
“မင်းကိုသတ်လိုက်ရင် မင်းကလည်း ငါ့ကို သတ်ပစ်မှာပဲ ၊ မင်းကို မသတ်ရင် ငါလည်းမသေဘူး မင်းလည်းမသေဘူး ၊ ဒါပေမဲ့ မင်းရဲ့အကြံအစည်တွေကိုတော့ ငါ ဖျက်ဆီးပစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ မင်းလုပ်နေတဲ့အလုပ်က မင်းရဲ့ကိုယ်ရေးကိုယ်တာတော့ မဖြစ်နိုင်ဘူး ၊ ဝါဒတောင်အတွက်ပဲ ဖြစ်ရမယ် ၊ ဟုတ်တယ်မလား... ဟား ဟား ဟား”
ရှီတိ၏မျက်ဝန်းများမှ အလင်းရောင်များတောက်ပလာပြီး သူက လှံရှည်ကိုလက်ဖြင့်ဆုပ်ကိုင်ကာ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ သို့ပေသိ အနက်ရောင်အလင်းတန်းများနှင့် ခရမ်းရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်လာပြီး လှုပ်ရှားမရအောင် ချုပ်နှောင်ထားသည်။
စီးမာချွေက ရယ်မောလိုက်ရင်း...
“ဖြည်းဖြည်းလုပ်ပါကွာ ၊ နည်းနည်းလောက် အချိန်ယူပြီးလုပ် ၊ မင်း အစီအရင်ကို ချိုးဖျက်ပြိး ငါ့ရဲ့ နဂါးနက်လှံရှည်ကို ဆွဲနှုတ်နိုင်ဖို့ အချိန်တော်တော်ကြာဦးမှာ ၊ မင်း ငါ့လောက် မမြန်နိုင်ပါဘူး”
ထို့နောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောရင်း ရွှီဖေးနှင့် ယင်လုန်ထူတို့ ရှိနေသောတောင်ထွတ်ဆီသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
တောင်ထွတ်ပေါ်တွင် ရွှီဖေးက '天' စာလုံး အလယ်ဗဟိုတွင် မတ်တတ်ရပ်နေကာ ကောင်းကင်ကိုပင့်တင်ထားသည့်အလား လက်နှစ်ဖက်ကိုဆန့်တန်းရင်း လက်ဖဝါးများကို ပင့် မ ထားသည်။
ယင်လုန်ထူက သူ့အနားတွင် ဒူးတစ်ဖက်ထောက်ထိုင်နေရင်း ကျောက်သားထက်သို့ လက်နှစ်ဖက်ဖြင့် ဖိနှိပ်ထားသည်။
သူတို့ (၂)ယောက်ကို ဝန်းရံထားသည့် ရွှေရောင်ဟာရီကိန်းမုန်တိုင်းကြီးက ပိုမိုအားကောင်းလာပြီး တောင်ထွတ်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်လျှက် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ အနီးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအား ၊ ဝိညာဉ်စွမ်းအားများက ဟာရီကိန်းမုန်တိုင်းကြီးအတွင်းသို့ စီးဆင်းဝင်ရောက်နေကြသည်။
ရွှီဖေးနှင့် ယင်လုန်ထူတို့မှာ အစီအရင်ကို ကြိုးစားတည်ဆောက်ရင်း အဝေးတစ်နေရာရှိ ကောင်းကင်ယံထက်မှ တိုက်ပွဲကိုလည်း စိုးရိမ်တကြီးဖြင့် လှမ်းကြည့်အကဲခတ်နေကြသည်။
ယခုတော့ ပြင်းထန်သောတိုက်ပွဲက ပြီးဆုံးသွားဟန် ငြိမ်သက်သွားလေပြီ။
ထို့နောက် ရွှီဖေးနှင့် ယင်လုန်ထူတို့ ရှိရာသို့ ပြင်းထန်သောရောင်ဝါတစ်ခု ရွေ့လျားလာသည်။
ထို့ရောင်ဝါကိုခံစားမိသည်နှင့် ရွှီဖေးစိတ်ထဲ ထင့်ကနဲ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော ထိုရောင်ဝါမှာ ဆရာဖြစ်သူ ရှီတိ၏ရောင်ဝါ မဟုတ်သောကြောင့်ပင်။
မကြာမီ အကြေးခွံနဂါးဘုရင်’စီးမာချွေ’ ၏ ရုပ်သွင်က သူတို့ (၂)ယောက်ရှေ့တွင် ထွက်ပေါ်လာသည်။
တောင်ထွတ်တစ်ခုလုံးကို ဖုံးလွှမ်းလျှက်ရှိသော ရွှေရောင်ဟာရီကိန်းမုန်တိုင်းကြီးကို အကဲခတ်ရင်း စီးမာချွေက ရယ်မောလိုက်၏။
သူပိုင်ဆိုင်သော မှော်ဝင်လှံတံ မရှိတော့သော်လည်း သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပပြုကာ တောင်ထွတ်ကို ဖြိုဖျက်ပစ်နိုင်စွမ်း ရှိနေသေးသည်။ ထို့နောက် သူက ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ကြောက်မက်ဖွယ်ရာအနက်ရောင်နဂါးကြီးတစ်ကောင်ကို ဖန်ဆင်းလိုက်သည်။ ထိုနဂါးကြီးက စွမ်းအာကြီးမားသည့် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အသွင်ဆောင်သည်။
အနက်ရောင်နဂါးကြီးက ပင်လယ်ပြင်မှ ထွက်ခွာလာသည့်အလား အနက်ရောင်အလင်းတန်းများ တောက်ပနေပြီး ကြမ်းတမ်းသောနဂါးဟိန်းသံကြီးက ရွှေရောင်ဟာရီကိန်းမုန်တိုင်းသံနှင့် ရောထွေးသွားသည်။
အကြေးခွံနဂါးကြီးက သူ၏လက်သည်းများကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ဟာရီကိန်းမုန်တိုင်းမှာ လှိုင်းတစ်ချက်ထသွားသည်။
သေလုမျောပါးဒဏ်ရာရထားသည့်တိုင် စီးမာချွေ၏ စွမ်းအားက သာမန်ထက်ကျော်လွန်နေသေးသည်။
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော အကြေးခွံနဂါးကြီး၏ တိုက်ခိုက်မှုအောက်တွင် ရွှေရောင်ဟာရီကိန်းမုန်တိုင်းကြီး လှုပ်ခတ်သွားသည်။
'天' အက္ခရာစာလုံး အစီအရင်သည် ယခုအချိန်တွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အစီအရင်ထက်တွင် အလွန်သေးငယ်သည့် ဝါဒတောင်ပင်အစီအရင်ပုံစံ ထွက်ပေါ်လာပြီး ရှုတ်ထွေးနက်နဲသော ဝိညာဉ်သင်္ကေတများသည်လည်း ဖြစ်တည်လာသည်။
ထိုဝိညာဉ်သင်္ကေတများက '天' စာလုံးနှင့်ပေါင်းစပ်ကာ မရေမတွက်နိုင်သောအလင်းစီးကြောင်းများအဖြစ် အဝေးဆီသို့ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
စီးမာချွေက အလွန်တရာ ပြင်းထန်သောစွမ်းအားအသုံးပြုပြီး ရွှေရောင်ဟာရီကိန်းမုန်တိုင်း '天' စာလုံးအား အနှောက်အယှက်ပေးရော '天' စာလုံး၏လည်ပတ်မှုမှာ နှေးကွေးသွားသည်။
နှစ်ဘက်လုံးက ရှေ့မတိုးသာ နောက်မဆုတ်သာအခြေနေတွင် ခဏတာမျှ ကျရောက်သွားသည်။
စီးမာချွေက ယုတ်မာစွာပြုံးလိုက်ပြီး သူ၏သိုင်းစွမ်းကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ ပြင်းထန်လွန်းသည့် စွမ်းအားကြောင့် ရွှေရောင်ဟာရီကိန်းမုန်တိုင်းကြီးမှာ တဖြည်းဖြည်း အားနည်းလာသည်။
စီးမာချွေ၏ လက်သီးဝိညာဉ်က ထီးတည်းတည်ရှိနေသော ကျောက်သားတောင်ထွတ်ကြီးနှင့် တဖြည်းဖြည်း နီးကပ်လာပြီး တောင်ထွတ်ကြီးက ပြိုကျတော့မည့်အလား စတင်လှုပ်ခါလာသည်။
တောင်ထွတ်ပြိုကျလျှင် '天' အက္ခရာစာလုံးသည်လည်း တစ်ခါတည်းပြိုကျသွားမည်ပင်။
ရွှီဖေးနှင့် ယင်လုန်ထူတို့က '天' စာလုံးကို တတ်နိုင်သမျှတည်ငြိမ်စေရန် အစွမ်းကုန်ကြိုးစားရင်း စီးမာချွေ၏ တိုက်ခိုက်မှုကို တောင့်ခံထားကြသည်။
***
အဝေးတစ်နေရာရှိ မြေပြင်ထက်တွင်တော့...
ရှီတိက ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် သူ့ခန္ဓာကိုယ်ထဲ စိုက်ဝင်နေသည့် အနက်ရောင်လှံတံကို ဆွဲနှုတ်လိုက်သည်။
“စွပ်... ခရက်”
ခရမ်းရောင်အလင်းတန်းများနှင့် အနက်ရောင်အလင်းတန်းတို့က ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက်သွားသည်။
လှံရှည်ကိုဆွဲနှုတ်လိုက်သည်နှင့် ရှီတိ၏ခန္ဓာကိုယ်မှ အသားစများအက်ကွဲသွားပြီး အမြဲတမ်း သံမဏိအလား မာကျောသောခန္ဓာကိုယ်သည် နာကျင်မှုကြောင့် အဆက်မပြတ်တုန်ခါနေသည်။
သို့တိုင် လှံရှည်ကိုဆုပ်ကိုင်ထားသော သူ၏လက်များကတော့ တည်ငြိမ်နေဆဲပင်။
***