အစဉ်ထာဝရသံမဏိခြင်္သေ့ဘုရင်
Vol. 21 Ch. 300
ရှီတိက သူ့လက်များကို ဆန့်တန်းလျှက် သူ့ခန္ဓာကိုယ်အား မြေပြင်ထက်တွင်သံမှိုနက်သလို ထိုးစိုက်ထားသော အဆင့်မြင့်မှော်ဝင်လက်နက် ‘နဂါးနက်လှံရှည်’ ကို ဖြည်းဖြည်းချင်း ဆွဲနေသည်။
နဂါးနက်လှံရှည်ကို အပြင်သို့ဆွဲနှုတ်နေသည့် တစ်လက်မတိုင်း မခံမရပ်နိုင်သောနာကျင်မှုကို ရှီတိ ခံစားရသည်။
လှံရှည်သည် မြေပြင်ထက်ရှိ ခရမ်းရောင်ကြိုးများနှင့်ပေါင်းစပ်နေပြီး ခြင်္သေ့တစ်ကောင်ကို သံကြိုးများစွာဖြင့် ချည်နှောင်ထားသည့်အလား ဖြစ်သည်။
ထိုကြိုးများက ရှီတိအသားထဲနစ်မြုပ်နေပြီး လှံရှည်ကိုဆွဲနှုတ်ရန်ကြိုးစားတိုင်း သူ၏အသားများကို ပွန်းပဲ့ပြတ်တောက်စေလေရာ ဆက်လက်မကြိုးစားရန် တားဆီးနေသည့်အလားပင်။
သို့ပေသိ ရှီတိက တစ်ချက်ပင် နောက်တွန့်ခြင်းမရှိဘဲ စွမ်းအားကုန်သုံးကာ လှံရှည်ကို ဆွဲနှုတ်လိုက်သည်။
သို့ရာတွင် စီးမာချွေ ပြောခဲ့သလိုပင် အလွန်ပင် နှေးကွေးနေခဲ့သည်။
ရှီတိလွတ်မြောက်ရန်အပြင်းအထန်ကြိုးစားနေပြီး သူ့တွင်တိုက်ခိုက်နိုင်စွမ်းလည်း ကျန်ရှိနေသေးသည်။ သို့သော် ရွှီဖေးနှင့် ယင်လုန်ထူတို့ကတော့ ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
စီးမာချွေသည် ပိုမိုစွမ်းအားကြီးမားလာပြီး ရွှေရောင်ဟာရီကိန်းမုန်တိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ရွှီဖေးနှင့် ယင်လုန်ထူတို့ကို စတင်တိုက်ခိုက်လာသည်။
အနက်ရောင်အကြေးခွံနဂါးကြီးထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့်ဖိအားများက တောင်ထွတ်ထက်မှ လူ (၂)ယောက်နှင့် ‘天’ စာလုံးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ကျရောက်လာသည်။
ကျင့်ကြံခြင်းအဆင့် ကွာခြားလွန်းသဖြင့် စီးမာချွေက ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် ရွှီဖေးမှာ ရင်ဆိုင်နိုင်ခြင်း မရှိပေ။ သို့သော် သူက တစ်စက်လေးပင် ကြောက်ရွံ့ခြင်းမရှိဘဲ ယင်လုန်ထူကို ကာကွယ်ပေးထားသည်။
ရွှီဖေးကို စိုးရိမ်ပူပန်စေသည့် တစ်ခုတည်းသောအရာမှာ သူတို့အောက်မှ တောင်ထွတ်ကြီး ပြိုကျသွားလျှင် '天' စာလုံးသည်လည်း ပြိုကျပျက်ဆီးသွားမည်ဆိုသောအချက်ပင်။
“ကောင်းကင် ၊ မြေကြီး လူသား” ဆိုသော စာလုံး (၃)လုံး အပြည့်အဝ နေရာမချနိုင်လျှင် ဝါဒတောင်ပင်မအစီအရင် ထိန်းချုပ်နိုင်စွမ်းကို ရှင်းတုန်းဖင်းထံမှ ပြန်လည်ရယူနိုင်မည် မဟုတ်ပေ။
ထို့ပြင် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ကလည်း ဝါဒတောင်ကို ဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေးစောင့်နေကြလေရာ လက်ရှိဝါဒတောင်အခြေအနေက ဆိုးရွားသည့်ကပ်ဘေးကျရောက်တော့မည့် အနေအထား ဖြစ်သည်။
ယင်လုန်ထူက...
“ဂိုဏ်းတူအစ်ကိုကြီး ၊ ဆရာ ဘယ်မှာလဲဟင်”
ဟု နားမလည်စွာဖြင့်မေးသည်။
ကောင်ငယ်လေး၏ မေးခွန်းမဆုံးခင်မှာပင် အဝေးဆီမှ ခြင်္သေ့ဟိန်းသံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တောင်ထွတ်နားသို့ ရောက်ရှိနေသော စီးမာချွေမှာ အကြီးအကျယ်အံ့အားသင့်သွားပြီး မြေပြင်ထက်သို့ ခေါင်းငုံ့ကြည့်လိုက်သည်။
မြေပြင်ထက်တွင် နဂါးနက်လှံဖြင့် သံမှိုနှက်သည့်ပမာ ထိုးစိုက်ခံထားရသော ရှီတိသည် သူ၏ဘယ်ဘက်လက်ဖြင့် ရင်ဝတွင်စိုက်နေသော အနက်ရောင်လှံရှည်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏ဘယ်လက်မှ ရွှေခန္ဓာစွမ်းအားအလင်းရောင်က တောက်ပစွာထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်နေစေသည်။
ရှီတိက ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး လက်သီးသိုင်းဝိညာဉ်ကို ထုတ်ဖော်ကာ ပြင်းထန်သည့်အဖျက်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ညာလက်ဖြင့်ဆုပ်ကိုင်ထားသော အနက်ရောင်လှံရှည်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်ချလိုက်သည်။
မိုးခြိမ်းသံအလား ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာပြီး အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုဖြစ်သော နဂါးနက်လှံရှည်သည် ရှီတိခန္ဓာကိုယ်မှ ကျွတ်ထွက်သွားသည်။
သို့ပေသိ ပြင်းထန်သည့်လက်သီးစွမ်းအားကြောင့် နဂါးနက်လှံရှည် ထက်ပိုင်းကျိုးသွားပြီး တစ်ဝက်ကကျွတ်ထွက်သွားသည့်တိုင် ကျန်တစ်ဝက်က ရှီတိခန္ဓာကိုယ်ထဲတွင် ကျန်ရစ်ခဲ့သည်။
သို့ရာတွင် ရှီတိ၏ခန္ဓာကိုယ်အား ရစ်ပတ်ထားသော ခရမ်းရောင်ကြိုးများကတော့ သူ့ကိုဆက်လက်ချုပ်နှောင်ထားနိုင်ခြင်း မရှိတော့ပေ။
ပြင်းထန်သောစွမ်းအားပေါက်ကွဲမှုကြီးကြောင့် ရှီတိ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။
ရှီတိက အသံတစ်စက်မထွက်ဘဲ မတ်တတ်ထရပ်လိုက်၏။
“ဂျွတ်...”
“ခရက် ခရက်”
သူ့ခန္ဓာကိုယ်ထဲတွင် ကျိုးပြီးကျန်ခဲ့သော လှံရှည်တစ်ဝက်နှင့် အသားစများပွတ်တိုက်သံက စူးရှစွာထွက်ပေါ်လာပြီး ကြားရသူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်။
စီးမာချွေက ရှီတိကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်ရင်း...
“မင်း ရူးနေတာပဲ ၊ ဒီလိုလုပ်ရင် မင်းသေမှာ သေချာတယ်”
ပြင်းထန်သည့်လေပြင်းတစ်ချက်က ရှီတိကို ဗဟိုပြုတိုက်ခတ်လာသည့်အခါ သူ ပြန်ပြီးလဲကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သဲမှုံများလွင့်ပျံသွားစဉ် ရှိတိက နောက်တစ်ကြိမ်ထပ်မံ မတ်တတ်ရပ်လိုက်ပြန်၏။
သူက ထာဝရတည်ရှိနေသော နတ်ဘုရားရုပ်တုတစ်ခုပမာ ဖြစ်သည်။ အစိတ်စိတ်အမွှာမွှာကွဲအက်သွားလျှင်တောင်မှ ၊ သို့မဟုတ် ကွေးညွှတ်လိမ်ကောက်သွားလျှင်တောင်မှ အဆုံးသတ်တွင် မားမားမတ်မတ် ပြန်လည်ရပ်တည်လာနိုင်ဦးမည်ပင်။
ရှီတိသည် နဂါးနက်လှံရှည်တစ်ဝက်ကိုဆုပ်ကိုင်လျှက် ကျားတစ်ကောင်ပမာ စူးရဲသောမျက်ဝန်းများဖြင့် စီးမာချွေရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် ဘယ်လက်တွင်ကိုင်ထားသည့်နဂါးနက်လှံရှည်တစ်ဝက်ကို စီးမာချွေထံသို့ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။ လှံရှည်က အနက်ရောင်လျှပ်စီးကြောင်းတစ်ခုပမာ စွမ်းအားအပြည့်ဖြင့် စီးမာချွေထံ ဝင်ရောက်သွားသည်။
စီးမာချွေက သူ့ထံ တန်းတန်းမတ်မတ်ဝင်ရောက်လာသော လှံရှည်တစ်ဝက်ကို ရှောင်တိမ်းချင်သည့်တိုင် '天' စာလုံးနှင့် ရွှေရောင်ဟာရီကိန်းမုန်တိုင်း၏ စုပ်ယူစွမ်းအားက သူ့ကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။
မလှုပ်ရှားနိုင်တော့သည့် စီးမာချွေသည် ထိတ်လန့်တုန်လှုပ်လျှက် သူ့ထံဝင်ရောက်လာသော အနက်ရောင်လျှပ်စီးကြောင်းကို ကြည့်နေရုံသာ တတ်နိုင်သည်။ ထို့နောက် သူက စွမ်းအားကုန်သုံးပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
“ဘန်း”
အနက်ရောင်လျှပ်စီးကြောင်းသည် ကြယ်စင်ရောင်အလင်းတန်းများဝန်းရံလျှက် တုန်လှုပ်ခြောက်ချားဖွယ်ရာ စွမ်းအားဖြင့် စီးမာချွေ၏လက်ကို ရိုက်ချလိုက်သည်။
သူ၏လက် ချက်ချင်းကွဲထွက်သွားသည်။ ထို့နောက် ဆက်တိုက်ဆိုသလို သူ့ခန္ဓာကိုယ်သည်လည်း အက်ကွဲသွားသည်။
အက်ကွဲသွားသည် ၊ အက်ကွဲသွားသည် ၊ ထပ်မံအက်ကွဲသွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ်အက်ကွဲသွားပြီး အဆုံးသတ်တွင် ပြင်းထန်စွာပေါက်ကွဲထွက်ကာ အပိုင်းပိုင်းပြတ်သွားလေ၏။
အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင် (၃)ယောက်အနက် နောက်ဆုံးကျန်ရစ်သူ အကြေးခွံနဂါးဘုရင် စီးမာချွေကို သံမဏိခြင်္သေ့ဘုရင် ရှီတိက သတ်ဖြတ်သုတ်သင်ခဲ့လေပြီ။
စီးမာချွေသေဆုံးသွားပြီးနောက် ရွှေရောင်ဟာရီကိန်းမုန်တိုင်းသည်လည်း ပုံမှန်အခြေအနေပြန်လည်ရောက်ရှိသွားပြီး အမြင့်ဆုံးစွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာသည်။
'天' အက္ခရာစာလုံးသည် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာကာ ဝါဒတောင်ပင်မအစီအရင်နှင့် ပေါင်းစပ်သွားသည်။
“ကောင်းကင် ၊ မြေကြီး ၊ လူသား” အနေအထား (၃)ခုတွင် “ကောင်းကင်” အနေအထားကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
'天' စာလုံး အပြည့်အဝတည်ဆောက်ပြီးစီးသွားသည်နှင့် ရွှီဖေးက တောင်ပေါ်မှပြေးဆင်းကာ ရှီတိထံသို့ အပြေးအလွှားထွက်ခွာသွားသည်။ ယင်လုန်ထူကလည်း သူ့နောက်မှ တပ်ကြပ်မကွာ လိုက်ပါလာ၏။
အဝေးတစ်နေရာရှိ မြေပြင်ထက်တွင် လူတစ်ယောက်သည် ရုပ်တုတစ်ခုအလား မားမားမတ်မတ် မတ်တတ်ရပ်လျှက်ရှိသည်။
ထိုရုပ်တုကြီးသည် မရေမတွက်နိုင်သော လေဒဏ်မိုးဒဏ်များ ခံစားရသည့်အလား ဒဏ်ရာများ ၊ အက်ကြောင်းများဖြင့် ပြည့်နက်နေသည်။
သို့သော် ကောင်းကင်ထောက်တိုင်ကြီးအလား ထာဝရ မားမားမတ်မတ် ရပ်တည်နေဆဲပင်။
ရွှီဖေးသည် ဝမ်းနည်းကြေကွဲစွာဖြင့် ထိုရုပ်တုကြီးရှေ့တွင် ဒူးထောက်ချလိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ငြိမ်သက်နေသည်။
ရှီတိ မျက်လုံးများကိုဖွင့်လိုက်ပြီး ကောင်းကင်ထက်သို့ ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတအလင်းတန်းများက ဖြတ်သန်းသွားပြီး ဝါဒတောင်ရှိရာသို့ ဦးတည်နေကြသည်။
ရှီတိသည် ဝါဒတောင်ရှိရာသို့ လှည့်ကြည့်ချင်သော်လည်း ထိုကဲ့သို့ မပြုလုပ်နိုင်တော့ပေ။
သူ့မျက်ဝန်းထဲတွင် အမှတ်တရပုံရိပ်များကို ပြန်လည်မြင်ယောင်လာသည်။ ထိုအမှတ်တရများက သူ့မှတ်ဉာဏ်အနက်ရှိုင်းဆုံးနေရာ ၊ သူ့စိတ်ဝိညာဉ်အတွင်းကျဆုံးနေရာတွင် ရေးထိုးထွင်းထုထားသော ရှည်လျားသည့်အတိတ်နေ့ရပ်များပင် ဖြစ်သည်။
သူက ငယ်ရွယ်စဉ်မှာပင် မိဘများဆုံးပါးခဲ့သဖြင့် ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။
တစ်နေ့တော့ သူ့ရှေ့သို့ လူရွယ်တစ်ယောက်ရောက်လာပြီး သူ့ကိုပြုံးပြကာ “သိုင်းပညာသင်ယူလိုသလား” ဟုမေးမြန်းခဲ့သည်။
ထိုသူက သူ့ဆရာဖြစ်လာသူ ယွမ်ကျန်းဖုန်းဖြစ်ပြီး ယခုတော့ ဝါဒတောင်အနောက်ဘက်တောင်တန်းများတွင် တံခါးပိတ်ကျင့်ကြံလျှက် ရှိသည်။ ထိုသူက ဝါဒတောင်အတွက် တစ်ဘဝလုံး ပေးဆပ်ခဲ့သူပင်။
ဆရာဖြစ်သူက လက်ရှိသူ့ဘဝကဲ့သို့ပင် ဝါဒတောင်တွင် ငယ်ငယ်ရွယ်ရွယ်နှင့် အရေးပါသူတစ်ယောက် ဖြစ်ခဲ့သည်။
ထို့နောက် သူ့မျက်ဝန်းထဲမှ မြင်ကွင်းများ ထပ်မံ ပြောင်းလဲသွားသည်။
သူ ကြိုးကြိုးစားစား ကျင့်ကြံနေစဉ်မှာပင် ဆရာဖြစ်သူက ကလေးတစ်ယောက်ကို တောင်ပေါ်သို့ ခေါ်လာပြန်သည်။
ထိုကလေးက အသက်ငယ်သော်လည်း မျက်ဝန်းများက နက်နဲပြီးတည်ငြိမ်ကာ လူကြီးတစ်ယောက်ပမာ စိတ်ထားရင့်ကျက်သည်။
ထိုကလေးငယ်သည်ကား သူ၏ ဒုတိယဂိုဏ်းတူညီလေး ‘ဖန်ကျွင်း’ ပင် ဖြစ်သည်။ ယခုတော့ ထိုညီငယ်သည် အနောက်ဘက်တောင်တန်းများရှိ ရေစင်တောင်တွင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖိနှိပ်ထားပြီး ငရဲကိုးထပ် ဤကမ္ဘာသို့ ဝင်ရောက်မလာစေရန် တားဆီးထားသည်။
ထို့နောက် ဆရာဖြစ်သူက တပည့်များ အဆက်မပြတ်မွေးခဲ့လေရာ အားလုံးက သူ၏ဂိုဏ်းတူညီငယ်များ ဖြစ်လာခဲ့ပြီး တစ်ခါတစ်ရံ သူက ဆရာ့ကိုယ်စား သူတို့ကို သွန်သင်ပြသ လမ်းညွှန်ပေးခဲ့ရသည်။
သူတို့များထဲမှ တစ်ယောက်ကတော့ ယွမ်ကျန်းဖုန်းမိတ်ဆွေ၏ သမီးငယ်လေးဖြစ်သည်။ ဆရာဖြစ်သူ၏မိတ်ဆွေက ဆုံးပါးသွားသဖြင့် ထိုသမီးငယ်ကို ယွမ်ကျန်းဖုန်းက စောင့်ရှောက်ခဲ့သည်။ ဆရာက သူမကို အလွန်အလိုလိုက်လွန်းသဖြင့် စည်းမရှိကမ်းမရှိ ဆိုးချင်တိုင်း ဆိုးခဲ့သည်ပင်။ နောက်ပိုင်း ဆရာဖြစ်သူကိုယ်တိုင်ပင် သူမကို ထိန်းမနိုင်တော့ဘဲ ခေါင်းကိုက်ရသည်အထိ ဖြစ်ရသည်။
သူကတော့ ထိုမိန်းကလေးငယ် ကြောက်ရွံ့သည့် တစ်ယောက်တည်းသောသူပင်။ သူက မျက်နှာထားတင်းတင်းထားလိုက်သည်နှင့် ကလေးမသည် လျှာလေးထုတ် ခေါင်းလေးငုံ့ကာ ငြိမ်သက်သွားတတ်သည်။
ထိုကလေးမလေးက သူ၏ ဂိုဏ်းတူညီမလေး ‘ဖူအန်းစု’။
နောက်ဆုံးတော့ သူလည်းအရွယ်ရောက်လာပြီး လောကတစ်ခွင် သံမဏိခြင်္သေ့ဘုရင်ဟု ကျော်ကြားလာစဉ် ဆရာဖြစ်သူသည်လည်း အသက်အရွယ်ကြီးရင့်လာခဲ့သည်။ ထိုအချိန် ဆရာက လူငယ်လေးတစ်ယောက်ကို တောင်ပေါ်ခေါ်လာခဲ့ပြီး နောက်ဆုံးတပည့်အဖြစ်ကြေညာခဲ့သည်။
ထိုလူငယ်လေးက သူ၏ဂိုဏ်းတူညီလေးတစ်ယောက် ဖြစ်လာခဲ့ပြီး အသက်ငယ်ငယ်ဖြင့် ပါရမီထူးခြားကာ မြင့်မားသောအရည်အချင်းကို ပြသခဲ့သည်။
ထိုလူငယ်လေးက ယခု သီးခြားနယ်မြေထဲတွင် ယွမ်ထျန်း ၊ ရှင်းတုန်းဖင်းတို့ဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲနေသော ရန်တိမှလွဲပြီး အခြားသူမဟုတ်ပါပေ။
သူ ၊ ဖန်ကျွင်း ၊ ရန်တိနှင့် ဖူအန်းစုတို့အပြင် အခြားသောတပည့်များစွာလည်း ရှိကြသေးသည်။ အချို့က တောင်ပေါ်တွင် သက်ရှိထင်ရှားရှိကြသေးသလို အချို့ကတော့ ဆုံးပါးသွားကြပေပြီ။
အဟောင်းများသေဆုံးသွားသော်လည်း အသစ်များဖြင့် သွေးသစ်လောင်းဆဲပင်။
ယခု သူ၏တပည့် ရွှီဖေးနှင့် ယင်လုန်ထူတို့ကဲ့သို့ ဖြစ်သည်။
အလားတူပင် ဝါဒတောင်အတွက် တိုက်ပွဲဝင်နေကြသော ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်းတို့အပါအဝင် လူငယ်မျိုးဆက်များစွာ ရှိကြသည်။
ရှီတိမျက်ဝန်းထဲမှမြင်ကွင်းများက ဝေဝါးစွာပြောင်းလဲသွားပြီး နောက်ဆုံးတွင် နှေးကွေးသွားသည်။
သူ၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိစဉ် ဒဏ်ရာရရှိခဲ့သဖြင့် သားလေးတစ်ယောက် မွေးဖွားသန့်စင်ပြီးနောက် ဆုံးပါးသွားခဲ့သည်။
သူ့ကို နှစ်သိမ့်စေနိုင်သည့် တစ်ခုတည်းသောအရာမှာ သားငယ်လေး တဖြည်းဖြည်းကြီးပြင်းလာပြီး ဆော့ကစားသည့် ကလေးငယ်ဘဝမှ ဉာဏ်ရည်ထက်မြက်သည့် လူငယ်လေးတစ်ယော်ကဖြစ်လာခဲ့သည်။ နောက်ဆုံးတော့ သူ့လိုပင် ဖြောင့်မတ်မှန်ကန်သည့် လူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာသည်။ သားဖြစ်သူအတွက် သူ့ဘဝတွင် အလွန်ဂုဏ်ယူခဲ့ရသည် အမှန်ပင်။
ထို့နောက် သားဖြစ်သူ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရခဲ့သည်။
အရင်က သူ့ဘဝအချိန်များတွင် ထိုသို့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရလိမ့်မည်ဟု တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။
သူ၏ချွေးမဖြစ်သူ ယင်ယွီကျန်းက မြေးငယ်လေးရှီကျွင်းကိုချီပိုးလျှက် ရှီစုန်းထောင်း၏ဘေးတွင် မတ်တတ်ရပ်နေသည်။ မိသားစု (၃)ယောက်သည် သူ့ကိုပြုံးရယ်ပြရင်း လှမ်းကြည့်နေကြသည်။
ဝဝကစ်ကစ်ဖြင့် ထွားကျိုင်းသော ရှီကျွင်းလေးသည် သူ့ကိုတွေ့တော့ အဘိုးဖြစ်သူထံ လာရောက်လိုသည့်အလား လက်နှစ်ဖက်ကို ဖြန့်ကားဆန့်တန်းကာ တခစ်ခစ်ရယ်မောလေသည်။
ရှီတိ၏ စိတ်အာရုံထဲမှမြင်ကွင်းများသည် နောက်ဆုံး ထိုနေရာတွင် ရပ်တန့်သွားသည်။
အဝေးတစ်နေရာတွင် ထီးတည်းတည်ရှိနေသော တောင်ထွတ်ထက်တွင် '天' အက္ခရာစာလုံးအစီအရင်ရှိနေပြီး ရွှေရောင်ဟာရီကိန်းမုန်တိုင်းက အဆက်မပြတ်လည်ပတ်နေကာ ဝိညာဉ်အလင်းတန်းစီးကြောင်းများက ဝါဒတောင်ပင်မအစီအရင်နှင့် ပေါင်းစပ်သွားသည်။
ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများလင်းလက်နေပြီး ဝါဒတောင်ပင်မအစီအရင်က ရုတ်တရက် တုန်လှုပ်သွားသည်။
ထိုသို့ဖြစ်ရသည်မှာ မူလက “မြေကြီး ၊ လူသား” အနေအထားများဖြင့် ပေါင်းစပ်ခဲ့ပြီးသော ဝါဒတောင်ပင်မအစီအရင်သည် ယခု (၃)ခုမြောက်အနေအထားဖြစ်သော ‘ကောင်းကင်’ နှင့် ချိတ်ဆက်လိုက်သဖြင့် အပြောင်းအလဲ ဖြစ်ပေါ်သွားခြင်းပင်။
ရှီတိနှုတ်ခမ်းများထက် အပြုံးရိပ်တစ်ခု ထင်ဟပ်သွားသည်။
ထို့နောက်...
သူ့မျက်ဝန်းများ ဖြည်းညင်းစွာ မှေးမှိတ်သွားလေတော့၏။
***