← Chapters

ခေါင်းတလားကိုထမ်းလျှက် ဝါဒတောင်သို့အပြန်

Vol. 22 Ch. 301

ခေါင်းတလားကိုထမ်းလျှက် ဝါဒတောင်သို့အပြန်

Vol. 22 Ch. 301

‘人’ အက္ခရာစာလုံး တည်ဆောက်ထားရာမြို့တွင် ရန်ကျောက်ကဲသည် မျက်လုံးများမှေးမှိတ်လျှက် ဝိညာဉ်အစီအရင်အလယ်တွင် မတ်တတ်ရပ်နေသည်။

သူ၏စိတ်အာရုံအမှောင်ထုထဲတွင် အဖြူရောင်အလင်းတန်းများပမာ လင်းလက်နေသော ဝါဒတောင်ပင်မအစီအရင်ကို တွေ့မြင်နေရပြီး ရွှေရောင်အစက်လေး (၂)ခုက တောက်ပလင်းလက်နေသည်။

“ကောင်းကင်” အနေအထားက ယခုမှ လင်းလက်လာသည့် အစက်အပျောက်လေးဖြစ်သည်။

ထိုအလင်းစက်လေးထွက်ပေါ်လာရန် ရန်ကျောက်ကဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ရပြီး ထိုခဏတွင် သူ၏စိတ်အစဉ်သည်လည်း ရုတ်တရက် လှုပ်ရှားသွားသည်။

သူမျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ဘယ်ဘက်လက်ခုံထက်မှ မိစ္ဆာသင်္ကေတကို ကြည့်ရသည်။ ထိုမိစ္ဆာသင်္ကေတက ရုတ်ချည်းပင် ပိုမိုလေးလံလာသည်ကို ခံစားရသည်။

“ပထမဆရာဦးလေး”

ရန်ကျောက်ကဲရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သူ့လက်ခုံထက်မှ မိစ္ဆာသင်္ကေတလေးလံလာရခြင်းမှာ ငရဲကိုးထပ်ကြောင့်မဟုတ်ဘဲ ရှီတိကြောင့်ဖြစ်လေသည်။ ထိုစဉ်က ကန္တာဒေသမျ မဟာငရဲကိုးထပ်တံခါးကို သူနှင့် ရှီတိ အတူတကွချိတ်ပိတ်ခဲ့စဉ်က ရရှိခဲ့သော ဒဏ်ချက်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝါဒတောင်ပင်မအစီအရင် ပြင်းထန်စွာစတင်လှည့်ပတ်လာသည်ကို ခံစားလိုက်ရသည်။

သူ့စိတ်အာရုံထဲရှိ အဖြူရောင်အလင်းတန်းများထဲတွင် တတိယအလင်းစက် တောက်ပလာခဲ့ပြီဖြစ်သည်။

နောက်ဆုံးတော့ “ကောင်းကင်” အနေအထားကို တည်ဆောက်နိုင်ခဲ့ပေပြီ။

“ကောင်းကင် ၊ မြေကြီး ၊ လူသား” အနေအထားတို့က အတူတကွ ပေါင်းစည်းပြီး ဝါဒတောင်ပင်မအစီအရင်ကို ဖိအားပေးလိုက်သဖြင့် ပင်မအစီအရင်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ပင်မအစီအရင်ဗဟိုချက်ဖြစ်သော ဝါဒတောင်၏လေထုထဲတွင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ တောက်ပစွာထွက်ပေါ်လာကာ လမ်းကြောင်းများအတိုင်း အဆက်မပြတ် ကျယ်ပြန့်လာသည်။

ကောင်းကင်ထက်ရှိလေထုက ပုံပျက်သွားသည့်ပမာ ဝေဝါးသွားပြီး ပုံရိပ်ယောင်ပန်းချီကားချပ်ပမာ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို အတင်းအကျပ်ဖိနှိပ်ပြီး လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီသည့်ပုံသဏ္ဌန်ယှက်လိုက်ကာ ပြန်လည်ခွဲခွာလိုက်ပြီး အဆက်မပြတ် ရိုက်ချလိုက်သည်။ လက်ဖဝါးတစ်ဖက်က အထက် ၊ လက်ဖဝါးတစ်ဖက်က အောက်သို့ ခွဲဖြာပြီး ရိုက်ချလိုက်ခြင်းပင်။

ထိုအခါ ဝါဒတောင်ပင်မအစီအရင်၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုက ရုတ်တရက် ဦးတည်ချက် ပြောင်းသွားသည်။

ဝါဒတောင်အထက် သီးခြားနယ်မြေထဲတွင် သူသေကိုယ်သေတိုက်ခိုက်နေကြသော ရန်တိနှင့် ရှင်းတုန်းဖင်းတို့မှာ တစ်ခုခုမှားယင်းနေပြီကို ချက်ချင်းရိပ်မိလိုက်ကြ၏။

ရှင်းတုန်းဖင်း၏ မျက်ဝန်းများနှင့် လက်ဖဝါးထက်တွင် ထွက်ပေါ်နေသော ဝိညာဉ်သင်္ကေတများက အတူတကွ ပျက်ဆီးသွားကြသည်။

ရှင်းတုန်းဖင်းက အဖြစ်အပျက်ကိုရပ်တန့်ရန် အားကုတ်ထုတ်ကြိုးစားသည့်တိုင် ဝါဒတောင်ပင်မအစီအရင်၏ ထိန်းချုပ်နိုင်စွမ်းသည် သူ့ကိုစွန့်ခွာသွားခဲ့သည်။

မြို့ထဲတွင်တော့ ရန်ကျောက်ကဲက ရှည်လျားသည့် ကြုံးဝါးသံတစ်သံကို ထုတ်လွှတ်လိုက်ပြီး အထက်နှင့်အောက် ခွဲဖြာထားသည့် လက်ဖဝါးများကို လက်အုပ်ချီသည့်သဏ္ဌန် ပြန်လည်ပေါင်းစည်းလိုက်သည်။

“ကောင်းကင် ၊ လူသား ၊ မြေကြီး” အက္ခရာစာလုံးများ၏စွမ်းအားကြောင့် လေထုထဲတွင်တုန်လှုပ်သွားသော ဝါဒတောင်ပင်မအစီအရင်သည် တဖြည်းဖြည်း ပုံမှန်အနေအထား ပြန်ဖြစ်သွားသည်။

ရန်ကျောက်ကဲသည် ဝါဒတောင်ပင်မအစီအရင်၏ စွမ်းအားကို '天’ အက္ခရာစာလုံးရှိရာသို့ အရင်ဆုံး လွှဲပြောင်းပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဝါဒတောင်ပင်မအစီအရင်ကို ထိန်းချုပ်ရန်အတွက် လူတစ်ယောက်အနေဖြင့် အစီအရင်ပညာ လုံလောက်စွာ ကျွမ်းကျင်ရမည် ၊ သို့မဟုတ် လုံလောက်အောင် ကျင့်ကြံခြင်းအဆင့်မြင့်မားမှသာ ဖြစ်နိုင်သည်။

ရွှီဖေးရော ယင်လုန်ထူ‌ရောက အစီအရင်ပညာကျွမ်းကျင်ခြင်း မရှိကြပေ။ ရွှီဖေးက သိုင်းဆရာသခင်တစ်ယောက် ဖြစ်သော်လည်း အစီအရင်ကို ထိန်းချုပ်နိုင်သည်အထိ ကျင့်ကြံခြင်းအဆင့် မမြင့်မားသေးပေ။ သို့ဖြစ်ရာ '天' စာလုံး တည်နေရာတွင် အစီအရင်ကို ထိန်းချုပ်နိုင်သူဆို၍ ရှီတိတစ်ယောက်သာလျှင် ရှိသည်။

သို့ပေသိ ယခု ပင်မအစီအရင်စွမ်းအားကို ရန်ကျောက်ကဲ ပေးပို့သည့်အခါ ရှီတိက လက်ခံနိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ရင်း...

“ပထမဆရာဦးလေး တစ်ခုခုဖြစ်သွားပြီ”

ထိုစကားကိုကြားတော့ အားဟူက တုန်လှုပ်စွာဖြင့်...

“သခင်လေး... အကြီးအကဲ’ရှီ’ တစ်ခုခု ဖြစ်သွားတာလား”

ရန်ကျောက်ကဲက စကားပြန်မပြောဘဲ မျက်လုံးများကို မှိတ်လိုက်သည်။

ထို့နောက် ပေါင်းစပ်ထားသည့် လက်ဖဝါးနှစ်ဖက်ကို ပြန်ခွဲလိုက်ပြီး လက်တစ်ဖက်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ကျန်လက်တစ်ဖက်က သူ၏ဘယ်ဘက်မျက်လုံးကို ထိကိုင်လိုက်သည်။

သူ၏ဘယ်ဘက်မျက်လုံးသူငယ်အိမ်ထဲတွင် မရေမတွက်နိုင်သော နက်နဲရှုတ်ထွေးသည့် ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး ဝါဒတောင်ပင်မအစီအရင်နှင့် အတူတကွ ပေါင်းစပ်သွားသည်။

ထို့နောက် ရန်ကျောက်ကဲက လက်သီးကိုထိုးစိုက်ချလိုက်ရာ လက်သီးသိုင်းဝိညာဉ်က ချက်ချင်း မြင့်တက်လာသည်။

သူ့စိတ်အာရုံထဲမှ ဝါဒတောင်ပင်မအစီအရင်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ဘယ်ဘက်မျက်လုံး အနက်ရှိုင်းဆုံးနေရာသို့ အပြည့်အဝ စီးဆင်းဝင်ရောက်သွားသည်။

ခဏမျှတိတ်ဆိတ်နေပြီးနောက် ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခါ သူ၏မျက်ဝန်းများထဲမှ အဖြူရောင်တောက်တောက်အလင်းတန်းတစ်ခုက ရွှေရောင်အလင်းတန်း (၃)ခုဝန်းရန်လျှက် ထွက်ပေါ်လာသည်။

“ယား...”

ရန်ကျောက်ကဲ ကြုံးဝါးအော်ဟစ်ရင်း အားဟူကိုဆွဲကိုင်ကာ လေထဲသို့ ခုန်ဝင်သွားသည်။

ကောင်းကင်ထက်တွင် ဝါဒတောင်ပင်မအစီအရင်က ထွန်းလင်းတောက်ပနေပြီး ကြီးမားသည့် ကောင်းကင်လမ်းကြေင်းတစ်ခု ဖြစ်တည်လာသည်။ ရန်ကျောက်ကဲက ထိုလမ်းအတိုင်း အရှိန်အဟုန်ပြင်းစွာ ပြေးလွှားထွက်ခွာသွားသည်။ သူ၏ လျှင်မြန်မှုက နောက်ဆုံးအဆင့် သိုင်းဆရာသခင်တစ်ယောက်ထက် လျော့နည်းခြင်း မရှိပေ။

ရန်ကျောက်ကဲသည် လေထုကိုဖြတ်ကျော်ပြီး ဝိညာဉ်သင်္ကေတများကြားတွင် ပြေးလွှားရင်း '天' စာလုံးတည်ရှိရာ တောင်ထွတ်ဆီသို့ ခရီးနှင်ခဲ့သည်။

မကြာမီ တိမ်မြူများရစ်သိုင်းနေသော တောင်ထွတ်ကြီးတစ်ခု သူ့အမြင်အာရုံထဲ ဝင်ရောက်လာသည်။ သူက အဝေးတစ်နေရာမှ မြေပြင်ထက်သို့ ခေါင်းငုံ့ကြည့်လိုက်၏။

မြေပြင်ထက်တွင် အရပ်မြင့်မြင့်အသွင်အပြင်ရှိသောလူတစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။

အားဟူနှင့်ရန်ကျောက်ကဲ ထိုနေရာသို့ အတူတူဆင်းသက်လိုက်သည်။ ကြေးရုပ်တုတစ်ခုပမာ မားမားမတ်မတ်ရပ်နေသော ထိုလူသားရှေ့တွင် ဒူးထောက်နေသော လူ (၂)ယောက်ကို တွေ့ရသည်။ ရွှီဖေးနှင့် ယင်လုန်ထူပင်။

ထိုရုပ်တုကြီးကိုမြင်တော့ ရန်ကျောက်ကဲ မျက်လုံးမှိတ်လိုက်ပြီး ခေါင်းကိုမော့လိုက်မိရင်း စကားမပြောနိုင် ဖြစ်ရသည်။

ထိုသူမှာ ခိုင်မာဖြောင့်မတ်ပြီး စည်းကမ်းတင်းကျပ်သော ၊ ဝါဒတောင်စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် ထိပ်တန်းအကြီးအကဲ ဖြစ်သော  “ရှီတိ” မှလွဲပြီး အခြားသူမဟုတ်ပေ။

အခွင့်အရေးနှင့်အာဏာကို မက်မောခြင်းမရှိသော သံမဏိခြင်္သေ့ဘုရင်သည် ရှေ့တန်းစစ်မြေပြင်တွင် မားမားမတ်မတ်ရပ်တည်ကာ သတ္တိရှိရှိ အသက်စွန့်သွားခဲ့သည်။

အပြင်ပန်းအေးစက်သယောင်ထင်ရသော်လည်း တကယ်တမ်းတွင် နွေးထွေးသောစိတ်နှလုံးကိုပိုင်ဆိုင်ပြီး စကားနည်းသော “ပထမဆရာဦးလေး”။

ထိုသူက ဝါဒတောင်အတွက် နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားခဲ့သည်။ နောက်ဆုံးသွေးတစ်စက် ကျန်ရှိသည်အထိ ၊ သူတို့အားလုံးကို ထာဝရချန်မထားခင်အချိန်ထိ တိုက်ခိုက်သွားခဲ့သည်။

“တောင်ပေါ် ကို အမြန်ပြန်ကြရအောင်”

ရွှီဖေးက မတ်တတ်ထရပ်ရင်း ဆိုသည်။

သူ့မျက်ဝန်းများက အေးစက်တင်းမာနေသော်လည်း နီရဲလျှက် ရှိသည်။

သူ့အသံက တုန်ရီနေရာမှ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။

“ဝါဒတောင်ပင်မအစီအရင်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုပေမယ့် စိတ်မအေးနိုင်သေးဘူး ၊ ရန်သူတွေကို အနိုင်ယူရဦးမယ်”

ထိုသို့ပြောပြီးသည်နှင့် ရွှီဖေးမျက်ဝန်းများက မှေးမှိန်သွားပြီး...

“စိတ်မကောင်းစရာက ငါတို့အောင်ပွဲရတဲ့မြင်ကွင်းကို ဆရာကတော့ ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်နိုင်တော့ဘူးပေါ့လေ”

ရန်ကျောက်ကဲက မျက်လုံးများကို ဖွင့်လိုက်ရင်း...

“သူ တွေ့မြင်နိုင်မှာပါ”

သူက ရွှီဖေးကိုလှည့်ကြည့်ရင်း...

“ဂိုဏ်းတူအစ်ကို ရှီစုန်းထောင်းဆီကရလာတဲ့ အရိပ်ကျုံ့အိတ်ကို မင်း သိမ်းထားတယ်မလား”

ရွှီဖေးမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။ ရှီတိ၏ပစ္စည်းပစ္စယများအားလုံး သူ သိမ်းဆည်းပေးထားသည်ပင်။ သူက ချက်ချင်းပင် အရိပ်ကျုံ့အိတ်လေးကို ထုတ်ယူပြီး ဖွင့်လိုက်သည်။ အတွင်းထဲတွင် သလင်းသားပမာကြည်လင်သော ရေခဲခေါင်းတလား (၃)လုံး ရှိနေသည်။ ရေခဲခေါင်းတလား (၂)လုံးတွင် ယင်ယွီကျန်းနှင့် ရှီကျွင်းလေးတို့၏ ရုပ်အလောင်းများရှိနေပြီး တစ်လုံးကတော့ အလွတ်ဖြစ်သည်။

ရန်ကျောက်ကဲက ရွှီဖေးလက်ထဲမှ ရေခဲခေါင်းတလားအလွတ်ကို လက်ခံယူလိုက်ပြီး ခေါင်းတလားအဖုံးကို ဖယ်ရှားလိုက်သည်။

ရွှီဖေးက လဲပြိုလုနီးနီးဖြစ်ပြီဖြစ်သော ရှီတိ၏အလောင်းကို အသာပွေ့ယူကာ ရေခဲခေါင်းတလားအတွင်းသို့ ထည့်လိုက်သည်။

ရှီတိ၏ရုပ်အလောင်းအား ခေါင်းတလားထဲတွင်သပ်သပ်ရပ်ရပ် နေရာချထားပြီးသည်နှင့် ရန်ကျောက်ကဲက ခေါင်းတလားအဖုံးကို ပြန်ပိတ်လိုက်သည်။

အတွင်းသို့ထိုးဖောက်မြင်နေရသော ရေခဲခေါင်းတလားအတွင်းမှ ရှီတိ၏ရုပ်အလောင်းကို ငေးစိုက်ကြည့်ရင်း ရန်ကျောက်ကဲ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

အားဟူ ရန်ကျောက်ကဲကို တစ်ချက်အကဲခတ်လိုက်သည်။

သူ၏သခင်လေးသည် အချိန်မရွေးပေါက်ကွဲတော့မည့် မီးတောင်တစ်ခုအလား ထင်မှတ်ရသည်ပင်။

ရန်ကျောက်ကဲက ရေခဲခေါင်းတလားကို ပင့်မြှောက်လိုက်ပြီး သူ့ပခုံးထက်တွင် ထမ်းလိုက်သည်။

“ပြန်ကြရအောင်...”

သူ့အသံက တိုးတိတ်အေးစက်လျှက်...။

ထို့နောက် ရန်ကျောက်ကဲက လက်သီးတစ်ချက်ထုတ်ဖော်လိုက်ရာ လက်သီးသိင်းဝိညာဉ်ထွက်ပေါ်လာပြီး ဝါဒတောင်ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများဆင်းသက်လာကာ လမ်းကြောင်းတစ်ခု ဖြစ်တည်လာသည်။

ရန်ကျောက်ကဲက ရေခဲခေါင်းတလားကိုထမ်းရင်း ရှေ့ဆုံးမှသွားသည်။

ကျန် (၃)ယောက်က သူ့နောက်မှ လိုက်ပါလာပြီး ဝါဒတောင်ဆီသို့ ဦးတည်ခဲ့ကြသည်။

***

လက်ရှိအချိန်မှာတော့ ဝါဒတောင်ပေါ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ဝါဒတောင်ပင်မအစီအရင် အဘယ့်ကြောင့် နောက်တစ်ကြိမ်ပြောင်းလဲသွားရကြောင်းကိုတော့ လူတိုင်းနားမလည်နိုင်ဘဲ သံသယဝင်လျှက် ရှိကြသည်။

သို့သော် မကြာမီတွင်...

အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီတွင် ဝါဒတောင်ဆီသို့ ဦးတည်လာသော ကောင်းကင်လမ်းကြောင်းတစ်ခုထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုလမ်းကြောင်းက အလင်းရောင်များ တောက်ပလျှက် ရှိသည်။

လူတိုင်း ခေါင်းမော့ ငေးမျှော်ကြည့်မိကြစဉ် ပခုံးပေါ်တွင် ရေခဲခေါင်းတလားတစ်လုံးကိုထမ်းလျှက် ဝါဒတောင်ဆီသို့ ဦးတည်လာနေသော လူတစ်ယောက်ကို တွေ့လိုက်ကြရ၏။

ခေါင်းတလားကို ထမ်းလာသူမှာ ဝါဒတောင်၏ အထူးခြားဆုံးပါရမီရှင် ‘ရန်ကျောက်ကဲ’ ပင်။

ရေခဲခေါင်းတလားထဲတွင် အေးချမ်းစွာအိပ်စက်နေသူကတော့...

သံမဏိခြင်္သေ့ဘုရင် “ရှီတိ”။

ဝါဒတောင်ပင်မအစီအရင်မှ မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများ တဖျတ်ဖျတ်လင်းလက်နေပြီး မိုးမြေတစ်ခွင် နာကျင်ကြေကွဲဖွယ်ရာတေးသွားကို ဆိုညည်းနေသည့်အလား ထင်မှတ်ရသည်။

ထိုအချိန် ဝါဒတောင်ထက်မှ ‌ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

“ရှီတိ ၊ ရန်ကျောက်ကဲ...”

ထိုသူက အကြီးအကဲ’လျို’ ပင်ဖြစ်သည်။

အကြီးအကဲ’လျို’ က ကန္တာဒေသတွင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို တည်ဆောက်ကာ ထိုနေရာမှမိစ္ဆာစွမ်းအားများကို ဆွဲယူပြီး တောင်ကောင်းကင်ဒေသတွင် မဟာငရဲကိုးထပ်တံခါးကို ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

ကောင်းကင်ချုပ်လှောင်ချောက်နက် ပွင့်သွားပြီးနောက် အကြီးအကဲ’ဝမ်’ နှင့်အတူ လွတ်မြောက်လာခဲ့သည်။

ရန်ကျောက်ကဲနှင့် ရှီတိကိုတွေ့သည့်အခါ ရန်သူဟောင်းများနှင့် ပြန်ဆုံသည့်အလားသူ့မျက်ဝန်းများက သွေးနီရောင်တောက်ပလာသည်။

“ရှီတိ ... မင်း သေပြီလား ၊ ကောင်းတယ် သိပ်ကောင်းတယ်”

ရေခဲခေါင်းတလားကိုကြည့်ရင်း အကြီးအကဲ’လျို’က အော်ဟစ်ရယ်မောလိုက်သည်။

ညာဘက်ပခုံးထက်တွင် ရေခဲခေါင်းတလားကိုထမ်းထားသော ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။

“ပထမဆရာဦးလေး... ကောင်းကင်ဘုံကနေ စောင့်ကြည့်နေပါ”

ပြောပြီးသည်နှင့် သူက ဘယ်ဘက်လက်ဝါးဖြင့် အကြီးအကဲ’လီ’ကို ရိုက်ချလိုက်သည်။

ဝါဒတောင်ပင်မအစီအရင်က လေထုထဲတွင်လှည့်ပတ်နေစဉ် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲက ကောင်းကင်ဝါဒလက်ဝါးသိုင်းကို ဝါဒတောင်ပင်မအစီအရင်ဖြင့်ပေါင်းစပ်ပြီး အောက်ဘက်သို့ ရိုက်ချလိုက်ခြင်း ဖြစ်သည်။

“ကောင်စုတ်လေး”

အကြီးအကဲ’လျို’က အော်ဟစ်ရင်း ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို တုရှိတလက်ဝါးသိုင်းဖြင့် ခုခံလိုက်သည်။

သို့သော် အဓိပ္ပါယ်မဲ့ ခုခံမှုသာဖြစ်သည်။ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အစိတ်စိတ်အမွှာမွှာကွဲအက်သွားပြီး တုရှိတမီးတောက်ပင်လယ်ကြိး တမဟုတ်ချင်း ငြိမ်းသတ်သွားသည်။

ဝါဒတောင်ပင်မအစီအရင်စွမ်းအားကို အသုံးပြုထားသော ရန်ကျောက်ကဲ၏ ကောင်းကင်ဝါဒလက်ဝါးသိုင်းထိမှန်ကာ အကြီးအကဲ’လျို’ မြေပြင်ထက်ပြုတ်ကျသွားပြီး အရိုးတခြားအသားတခြား ဖြစ်သွားတော့သည်။

ရန်ကျောက်ကဲက မီးဝင်းဝင်းတောက်နေသောမျက်ဝန်းများဖြင့် ဝါဒတောင်သို့ ကျူးကျော်လာသူများနှင့် သစ္စာဖောက်များကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“မင်းတို့အားလုံးကို ပထမဆရာဦးလေးရဲ့ ခေါင်းတလားအောက်မှာ သဂြိုဟ်ပစ်မယ်”

***

All Chapters