← Chapters

ထာဝရသိပ်ပေးလိုက်မယ်

Vol. 22 Ch. 303

ထာဝရသိပ်ပေးလိုက်မယ်

Vol. 22 Ch. 303

ရှင်းတုန်းဖုန်းနှင့်ယှဉ်လျှင် ယွမ်ထျန်း၏ မိစ္ဆာစိတ်က ခိုင်မာခြင်း မရှိပေ။

သို့သော် လက်ရှိရင်ဆိုင်ရသော သေခြင်းတရား၏ခြိမ်းခြောက်မှုကြောင့် အသက်ရှင်သန်လိုသောစိတ်ဆန္ဒက အမှောင်ဘက်ခြမ်းသို့ရောက်အောင် တွန်းပို့ခံလိုက်ရခြင်းဖြစ်၏။

လွှမ်းမိုးနိုင်စွမ်းမြင့်မားသော သိုင်းသူတော်စင်တစ်ယောက်အနေဖြင့် ထိပ်သီးသိုင်းဂိုဏ်းကြီးများကို ပြဿနာမရှာသရွေ့ ဤကမ္ဘာတွင် သူလိုချင်ရာ ဘာမဆို ပြုလုပ်နိုင်သည်။

ယခုတော့ ယွမ်ထျန်းသည် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုကို သူ့ဘဝတွင် ပထမဆုံးအကြိမ် ပြဿနာရှာခဲ့ပြီး ကိုယ့်သေတွင်းကိုယ်တူးခဲ့ပြီ ဖြစ်သည်။

ယွမ်ထျန်းသည် သူ၏ဦးခေါင်းထက်မှ သေခြင်းတရား ခြိမ်းခြောက်မှုကိုရှင်းရှင်းလင်းလင်း ခံစားရပြီး အခြေအနေက သူ့ကို ရွေးချယ်ရန် တွန်းအားပေးခဲ့သည်။

အမှောင်ဘက်ခြမ်းသို့ကူးပြောင်းပြီး နောက်တစ်ကြိမ်ပြန်လည်မွေးဖွားရန် အခွင့်အရေးရှာမည်လား ၊ သို့မဟုတ် ဝါဒတောင်တွင် ထာဝရအသေခံမည်လား။

ယွမ်ထျန်းကပထမတစ်ခုကို ရွေးချယ်ခဲ့သည်မှာ ရှင်းပါသည်။

ရှင်းတုန်းဖင်းသည်လည်း အလားတူပင် ဖြစ်၏။ ကျပ်တည်းသောအခြေအနေတွင် အမှောင်ဘက်ခြမ်းသို့ ကူးပြောင်းရန်သာ ရွေးချယ်ခဲ့သည်။

ရှင်းတုန်းဖင်းက ထူးခြားစွာ အထူးတည်ငြိမ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ကိုယ့်အိမ်ကိုယ် အေးအေးလူလူပြန်လာသည့် လူတစ်ယောက်အလားပင် ထင်မှတ်ရသည်။

ရန်ကျောက်ကဲက လေသံကိုနှိမ့်ရင်း ရန်တိကို စကားလှမ်းပြောသည်။

“အဖေ... ပထမဆရာဦးလေး ဆုံးသွားပြီ”

ထိုစကားကြားသည်နှင့် ရန်တိ၏မျက်လုံးများမှ အေးစက်သောအလင်းရောင်များထွက်ပေါ်လာသည်။ ကောင်းကင်နဂါးဓားကိုဆုပ်ကိုင်ထားသော သူ၏လက်ချောင်းများက ဓားကိုပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့ကတော့ ထိုစကားကြားသည့်တိုင် ပျော်ရွှင်နိုင်ခြင်းမရှိဘဲ ပိုပြီး သတိထားနေမိကြသည်။

ရှင်းတုန်းဖင်းက ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းသည်။

“ဒီအချိန်ရောက်မှ ဒီစကားတွေပြောတာ အဓိပ္ပါယ်မရှိမှန်းသိပေမယ့်... ဒီအဘိုးကြီးရဲ့ အကြီးဆုံးအမှားက ရန်တိကို လျှော့တွက်မိတာမဟုတ်ဘူး ၊ စောစောစီးစီး မင်းကို သတိမထားမိတာပဲ”

ရန်ကျောက်ကဲက ရှင်းတုန်းဖင်းကို အေးစက်စွာကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...

“ငါကလည်း မင်းကို ချောက်နက်အရှင်သခင်ဆိုတာ စောစောစီးစီးသတိထားမိရင် သတ်ပစ်လိုက်တာ ကြာပြီ”

ရှင်းတုန်းဖင်းက သက်ပြင်းရှည်တစ်ချက်ချရင်း...

“စကားတွေက အဓိပ္ပါယ်မရှိတော့ပါဘူး”

သူက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း စကားဆက်ပြောသည်။

“ငါ စိုးရိမ်တာက ဒီနေ့ အဲဒါကို မလုပ်နိုင်မှာကိုပဲ ၊ ဒီအဘိုးကြီး ဒဏ်ရာတွေက ပြင်းထန်တယ် ၊ အမှောင်ဘက်ခြမ်းကို ကူးပြောင်းမှပဲ ဒီဒဏ်ရာတေါကို ကုသနိုင်လိမ့်မယ် ၊ ဆိုတော့... နောက်တစ်ဆင့်တက်ဖို့တောင် မဖြစ်နိုင်တော့ဘူး ၊ အစကတော့... ဒီအဘိုးကြီးက အမှောင်ဘက်ခြမ်းကိုကူးပြောင်းပြီး သိုင်းသူတော်စင်အဆင့် တက်ရောက်ဖို့ ရည်ရွယ်ထားခဲ့တယ် ၊ ဒါပေမဲ့ အခုတော့ လွဲချော်သွားခဲ့ပြီ ၊ ဒီနေ့ ငါ အသက်ရှင်သန်ဦးမယ်ဆိုရင် သိုင်းသူတော်စင်အဆင့်ကိုတက်ရောက်ပြီး အရင်ကအမှားတွေအတွက် ပြန်ကြိုးစားမယ်”

ရန်ကျောက်ကဲက လေးကိုကိုင်ထားပြီး လေးထက်တွင် နက်မှောင်သည့် မြား (၂)စင်း ရှိနေသည်။ ထိုမြား (၂)စင်းမှ ရွှေရောင်ဖျော့ဖျော့ ရောင်ဝါများ ထွက်ပေါ်နေသည်။

သူက အေးစက်သည့်လေသံဖြင့်...

“အဲဒါဆိုလည်း လဲသာသေလိုက်တော့ ငှက်အိုကြီး”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ့လက်ထဲမှ ချန်းချီလေးညှို့ကို စတင်ပြီး ဆွဲလိုက်သည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် အလယ်ဆင့်မှော်ဝင်ပစ္စည်းတစ်ခု၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

သို့သော် လုံလောက်နေပြီ ဖြစ်သည်။

ရန်ကျောက်ကဲသည် နက်မှောင်နေသည့် မြှား (၂)စင်းကို လေးကြိုးတွင်တပ်ပြီး လေးကြိုးကို လခြမ်းကွေးပမာ နောက်သို့ဆွဲလိုက်သည်။

လေးကြိုးသည် သူ၏လက်ချောင်းအသွေးအသားထဲသို့ နက်နက်ရှိုင်းရှိုင်းနစ်မြုပ်သွားပြီး မြား (၂)စင်းက ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ဆီသို့ ဦးတည်ချိန်ရွယ်ထားသည်။

ဤကမ္ဘာတွင် လေးပညာသည်လည်း လှံပညာ ၊ ဓားပညာများကဲ့သို့ သိုင်းတာအို၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သို့ပေသိ လေးပညာက  အခြားသောသိုင်းပညာများထက်ပိုမိုခက်ခဲသောကြောင့် လေ့ကျင့်သူ နည်းပါးကြသည်။ လေးပညာဖြင့် အောင်မြင်မှုရလိုလျှင် အခြားသောသိုင်းသမားတို့ထက် ပိုမိုကြိုးစားရမည်ဖြစ်သလို ပင်ကိုယ်စွမ်းရည်သည်လည်း လိုအပ်သည်။

ရန်ကျောက်ကဲ လေးပညာစတင်လေ့ကျင့်သည်မှာ မကြသေးသောကြောင့် သူ၏လေးပစ်စွမ်းရည်က သာမန်မျှသာ ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေမှာတော့ လွဲချင်လျှင်တောင် လွဲမည်မဟုတ်ပေ။

ဝါဒတောင်ပင်မအစီအရင်မှ ကြီးမားသောစွမ်းအားများ ပျံ့နှံ့နေပြီး ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းကို မလှုပ်နိုင်အောင် ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။

ထိုအချိန် ရန်တိ၏ထက်ရှသော ဓားဝိညာဉ်က ပြင်းထန်စွာကျဆင်းလာလေရာ ယွမ်ထျန်းနှင့် ရှင်းတုန်းဖင်းတို့မှာ ဖိအားများကိုတောင့်ခံထားရသဖြင့် ရန်ကျောက်ကဲလက်ထဲမှ လေးညှို့ကို အာရုံစိုက်ရန် အချိန်မရှိခဲ့ပေ။

ယခင်က သူတို့ရရှိထားသော ဒဏ်ရာများက ပြင်းထန်လှသဖြင့် အမှောင်ဘက်ခြမ်းသို့ကျရောက်သွားသည့်တိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ ထို့ကြောင့် ရန်တိနှင့် ရန်ကျောက်ကဲတို့ကို ကြံ့ကြံ့ခံရင်ဆိုင်ရန် ခက်ခဲနေရသည်။

သို့သော် အမှောင်ဘက်ခြမ်းကျရောက်သွားပြီးနောက် ရှင်းတုန်းဖင်း၏အမူအရာက ထူးထူးခြားခြား ငြိမ်သက်သွားသည်။

သူက ‘ရန်’ မျိုးနွယ်သားအဖ (၂)ယောက်ကိုကြည့်ရင်း ညင်သာစွာ စကားဆိုသည်။

“ဒီတစ်ခါတော့ ဒီအဘိုးကြီး မှားသွားခဲ့တယ်”

သူက ဆက်ပြောသည်။

“တစ်ချက်က ရန်ကျောက်ကဲဆိုတဲ့ မင်းကို ကြိုပြီးရှင်းမပစ်ခဲ့မိဘူး ၊ နောက်တစ်ချက်ကတော့ ရန်တိကို လျှော့မတွက်ထားပေမယ့် လျှော့တွက်သလို ဖြစ်နေမိဆဲပဲ ၊ ထားပါလေ... ဒီတစ်ကြိမ် သေပြီးရင်တော့ အနာဂတ်မှာ ငါတို့တွေထပ်ပြီး ယှဉ်ပြိုင်ကြည့်ကြတာပေါ့”

ရှင်းတုန်းဖင်းက ရန်ကျောက်ကဲကို ကြည့်ရင်း...

“ကောင်လေး... မင်းက ငရဲကိုးထပ်နဲ့လည်း ရင်းနှီးကျွမ်းဝင်ပုံပဲ”

“ဂိုဏ်းတူညီလေး’လျို’ကို စစ်ဆေးမေးမြန်းတုန်းက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသေးလို့ အမှောင်ဘက်ခြမ်းကျရောက်ခဲ့ရင်တောင် နတ်ဆိုးခန္ဓာနဲ့ ဘဝအသစ်မွေးဖွားနိုင်မှာ မဟုတ်ဘူးလို့ မင်းပြောတာ ကြားခဲ့ဖူးတယ် ၊ မင်း အဲဒါကိုနားလည်တယ်ဆိုရင် ဒီအဘိုးကြီးနဲ့ မိစ္ဆာသူ‌တော်စင်ကတော့ ကျင့်ကြံခြင်းအဆင့် မနိမ့်ပါးလို့ နတ်ဆိုးခန္ဓာနဲ့ ပြန်ပြီးမွေးဖွားလာမယ်ဆိုတာ မင်းသိသင့်တယ်”

ရှင်းတုန်းဖင်းက ယွမ်ထျန်းကို လှည့်ကြည့်ရင်း...

“မိစ္ဆာသူတော်စင်ကတော့ ပြောနေစရာမလိုဘူး ၊ သေချာပေါက် နတ်ဆိုးခန္ဓာနဲ့ ပြန်လည်မွေးဖွားလာနိုင်လိမ့်မယ်”

ရန်ကျောက်ကဲက သူတို့ (၂)ယောက်ကို မြားနှစ်စင်းဖြင့်ချိန်ရင်း အေးစက်စွာ ကြည့်နေသည်။

ရှင်းတုန်းဖင်းက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း...

“ဒီကမ္ဘာမှာဆိုရင် သိုင်းသူတော်စင်တွေတောင်မှ အသက်ဘယ်လောက်ရှည်မလဲဆိုတာ အကန့်အသတ်ရှိတယ် ၊ သက်တမ်းစေ့ရင် ဘယ်သူမှ သေခြင်းတရားက မလွတ်မြောက်နိုင်ဘူး ၊ မရေမတွက်နိုင်တဲ့လူတွေက ထာဝရအသက်ရှင်နေထိုင်ဖို့ တောင့်တကြတယ် ၊ ဒီအဘိုးကြီးကတော့ အရင်တုန်းက အဲဒီအကြောင်း သိပ်ပြီးခေါင်းထဲ မထည့်ခဲ့ဘူး ၊ ဒီအဘိုးကြီးက ဂိုဏ်းတူညီလေး’ဝမ်’ နဲ့ ဂိုဏ်းတူညီလေး ‘လျို’ တို့လို အသက်ရှည်ရှည်နေရဖို့ အိပ်မက်မမက်ခဲ့ဘူး”

“ဒါပေမဲ့ သတိမလစ်ဘဲ ခပ်ပေါ့ပေါ့ နေထိုင်မသွားတဲ့အတွက်တော့ အကျိုးအမြတ်ခံစားရဦးမှာပေါ့လေ ၊ ဒီအဘိုးကြီး နောင်တတရားတွေနဲ့ စောစောစီးစီး သေမသွားချင်ဘူး ၊ ငရဲကိုးထပ်မှာ ပြန်လည်မွေးဖွားလာပြီးရင် မင်းတို့သားအဖနဲ့ ယွမ်ကျန်းဖုန်းကို နောက်တစ်ကြိမ်လာပြီး ရင်ဆိုင်ဦးမယ်”

ရန်ကျောက်ကဲက ရှင်းတုန်းဖင်း၏စကားများကို အာရုံစိုက်ခြင်း မရှိပေ။ သူက ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်း လွတ်မြောက်မသွားစေရန် ဝါဒတောင်ပင်မအစီအရင်ကိုထိန်းချုပ်ထားရန်နှင့် သူ့လက်ထဲမှ လေးနှင့်မြားကိုသာ အပြည့်အဝ အာရုံစိုက်နေသည်။

ပင်မအစီအရင်မှစွမ်းအားများနှင့် ရန်တိ၏ ပြင်းထန်သောဓားဝိညာဉ်တို့၏ ကြောက်မက်ဖွယ်ရာဖိအားကို ခံစားရသည့်အခါ ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့မှာ ဆက်လက်တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။

ရှင်းတုန်းဖင်း၏ ခန္ဓာကိုယ်မှာ ဝါဒတောင်ပင်မအစီအရင်၏ဖိအားကြောင့် ကွဲထွက်ကြေမွသွားသည်။

တစ်ချိန်တည်းပင် ရန်တိ၏ဝိုက်ဓားတစ်ချက်က ယွမ်ထျန်း၏ ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။

သူတို့နှစ်ယောက် သေဆုံးသွားသည်နှင့် လေထဲတွင် မရေမတွက်နိုင်သော အနက်ရောင်ချီစီးကြောင်းများ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ချီစီးကြောင်းများက အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဖြတ်သန်းပြီး ဗလာနယ်ကိုထိုးဖောက်ကာ အခြားကမ္ဘာတစ်ခုဆီသို့ ဦးတည်သွားနေဟန် ရှိသည်။ မည်သည့်နေရာဖြစ်မည်လည်း အတိအကျ မဆိုနိုင်ပေ။

၎င်းအနက်ရောင်ချီစွမ်းအားက အားနည်းပြီး ခိုင်မာမှုမရှိသော်လည်း ရန်တိ၏ ဓားဝိညာဉ်နှင့်လည်း မခုတ်ဖြတ်နိုင်သလို ဝါဒတောင်ပင်မအစီအရင်၏ စွမ်းအားဖြင့်လည်း ထိခိုက်အောင် ပြုလုပ်နိုင်ခြင်း မရှိပေ။

အခြားကမ္ဘာမှ အရိပ်အငွေ့အတစ်ခုအလား ထင်မှတ်ရသည်။

အနက်ရောင်ချီစွမ်းအား စီးကြောင်းထဲတွင် ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ သူတို့က အစပိုင်းတွင် တည်ငြိမ်နေကြသော်လည်း နောက်တော့ ဒေါသတကြီးပုံစံများ ဖြစ်လာသည်။

ရှင်းတုန်းဖင်းက ပါးစပ်ကိုဖွင့်ကာ စကားဆိုသည်။

ဘဝခြားနေသဖြင့် သူ့အသံကိုမကြားရသော်လည်း သူ့ပါးစပ်လှုပ်ရှားမှုကိုကြည့်ပြီး စကားလုံးကို ခန့်မှန်းနိုင်သည်။

“ငါတို့ ပြန်ဆုံကြမယ်”

ဤသည်ကိုမြင်တော့ ရန်တိက မျက်ခုံးများ တွန့်ချိုးလိုက်သည်။

ရန်ကျောက်ကဲက ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ကို လေးဖြင့်ချိန်ရွယ်ထားရင်း...

“ရှင်းတုန်းဖင်း ၊ မင်းက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရောက်နေပြီ ၊ ယွမ်ထျန်းကတော့ သိုင်းသူတော်စင်တစ်ယောက်ပဲ ၊ ဒါကြောင့် အမှောင်ဘက်ခြမ်းကို ကျရောက်သွာတာနဲ့ မင်းတို့တွေ ငရဲကိုးထပ်မှာ ပြန်လည်မွေးဖွားလာမယ်ဆိုတာ ငါ ကောင်းကောင်းသိထားတယ်”

သူ့မျက်နှာအမူအရာက ကော်းကင်ထက်မှဆင်းသက်လာသောတိမ်တိုက်များပမာ အေးစက်အုံ့မှိုင်းနေပြီး မျက်ဝန်းများက မီးဝင်းဝင်းတောက်နေသည်။

“မင်းတို့တွေက မင်းတို့ ဘာနဲ့ရင်ဆိုင်နေရသလဲဆိုတာ အခုထိ ကောင်းကောင်းမသိသေးဘူး”

ရန်ကျောက်ကဲက စကားတစ်လုံးချင်းစီကို ရှင်းလင်းစွာဆိုသည်။

“ဒီလေးညှို့နာမည်က ချန်းချီလို့ခေါ်တယ် ၊ အလယ်ဆင့်မှော်ဝင်လေးတစ်လက်ပဲ ၊ အဲဒါက အရေးမကြီးပါဘူး ၊ မင်းတို့စိတ်ထဲ ထားမနေကြနဲ့”

“အရေးကြီးတာက ဒီမြားတွေရဲ့နားမည်ပဲ ၊  ‘နတ်ဆိုးခွင်းမြား’ လို့ ခေါ်တယ်”

ထိုစကားကိုကြားတော့ ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့၏မျက်ဝန်းများတွင် အံ့အားသင့်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လေးကြိုးကိုလွှတ်ကာ မြားဖြင့်ပစ်ခတ်လိုက်သည်။

ရွှေရောင်မှိန်ဖျော့ဖျော့အလင်းတောက်ပနေသော အနက်ရောင်မြား (၂)စင်းက သဲလွန်စမရှိ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ထို့နောက် အနက်ရောင်ချီစွမ်းအားစီးကြောင်းရှေ့တွင် ပြန်လည်ထွက်ပေါ်လာပြီး ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့၏ရင်ဝသို့ ထိုးဖောက်ဝင်ရောက်သွား၏။

သူတို့ရင်ဘတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည့် အပေါက်ငယ်များကို ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ ခေါင်းငုံ့ကြည့်လိုက်ကြသည်။

မြားဒဏ်ရာအပေါက်ငယ်က တဖြည်းဖြည်း နေရာချဲ့သွားပြီး ကြီးမားသောအပေါက်ကြီး ဖြစ်လာသည်။

အပေါက်ကြီးက ဆက်လက်ကြီးမားလာပြီး သူတို့ (၂)ယောက်၏ခန္ဓာကိုယ်များ အလယ်မှ ထက်ပိုင်းပြတ်သွားသည့်အလား လေထဲတွင် လွင့်ပြယ်သွားသည်။

အဆုံးသတ်တွင် သူတို့ပုံရိပ်များက အခိုးအငွေ့များပမာ လုံးဝကွဲထွက်ကာ ပျောက်ကွယ်သွားတော့သည်။

သူတို့ကို သယ်ဆောင်သွားမည့် အနက်ရောင်ချီစီးကြောင်းသည်ပင် သန့်စင်သွားသည့်အလား ခံစားရသည်။

သူတို့ခန္ဓာကိုယ်များ အပြည့်အဝမပျောက်ကွယ်သေးခင် ရှင်းတုန်းဖင်းက ရန်ကျောက်ကဲကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။

“မင်း...”

ရန်ကျောက်ကဲက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...

“ထာဝရအသက်ရှင်သန်ချင်တဲ့ကောင်တွေကို တစ်ခါတည်းထာဝရသိပ်ပေးလိုက်မယ်”

***

All Chapters