← Chapters

သိုင်းသူတော်စင်တစ်ယောက်ကိုဆွဲဆောင်နိုင်ရန်

Vol. 22 Ch. 304

သိုင်းသူတော်စင်တစ်ယောက်ကိုဆွဲဆောင်နိုင်ရန်

Vol. 22 Ch. 304

မကြာသေးမီနှစ်များအတွင်း ရှင်းတုန်းဖင်းက “ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း” အား တည်ထောင်ခဲ့သည်။

အမှန်တော့ မြေအောက်ကမ္ဘာမှ ငရဲကိုးထပ်ဆိုသည်က ရှေးယခင်အချိန်ကတည်းက ထိုနေရာ၌ တည်ရှိခဲ့သည်ပင်။

မဟာကပ်ဘေးမတိုင်ခင်ကတည်းက ငရဲကိုးထပ်ဆိုသည်က တည်ရှိနှင့်ပြီးသားဖြစ်သည်။

မဟာကပ်ဘေးမတိုင်မီအချိန်က လူသားများနှင့် နတ်ဆိုးများက ရောနှောနေထိုင်ကြပြီး လူအချို့က နတ်ဆိုးဖြစ်လာကြသလို လူအချို့ကတော့ နတ်ဆိုးများကို သုတ်သင်ရှင်းလင်းကြသည်။

ထို့ကြောင့် နတ်ဆိုးများကို သုတ်သင်ရှင်းလင်းသည့် နည်းလမ်းအများအပြားထွက်ပေါ်ခဲ့သည်။ သို့သော် မဟာကပ်ဘေးကြီးဖြစ်ပွားပြီးနောက် ထိုနည်းလမ်းများပျောက်ဆုံးသွားလေရာ လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သိရှိသူမကျန်တော့ပေ။

“နတ်ဆိုးခွင်းမြား” ဆိုသည်မှာ ထိုနည်းပညာများထဲမှတစ်ခု ဖြစ်သည်။

နတ်ဆိုးခွင်းမြား - ဤသည်မှာ နတ်ဆိုးများ၏အသက်ဝိညာဉ်ကိုဖျက်ဆီးခြင်းဟု ဆိုလိုသည်။

ငရဲကိုးထက် အနက်ရှိုင်းဆုံးနေရာတွင် ပြန်လည်မွေးဖွားလာကြသော နတ်ဆိုးများကို သတ်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။ ‘နတ်ဆိုးခွင်းမြား’ က ထိုသို့သောအစစ်အမှန်နတ်ဆိုးများကို သတ်ဖြတ်ရာတွင် အသုံးမဝင်ပေ။ ထိုမြားတံများက နတ်ဆိုးအဖြစ်ပြောင်းလဲခါနီးလူသားများကို ထာဝရအိပ်စက်စေခြင်းသာ ဖြစ်သည်။

အမတလက်ဖွဲ့‌နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် အမှောင်ဘက်ခြမ်းကျရောက်သွားခြင်းက တကယ့်နတ်ဆိုးအစစ် ဖြစ်လာခြင်း မဟုတ်သေးပေ။

သူတို့ကို “လူသားတစ်ဝက် ၊ နတ်ဆိုးတစ်ဝက်” ဟု ပြောလျှင် ပိုပြီးသင့်တော်ပေမည်။

သို့သော် အမှောင်ဘက်ခြမ်းကျရောက်ခဲ့သော အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်များ သေဆုံးသွားပါက ငရဲကိုးထပ်တွင် အစစ်အမှန်နတ်ဆိုးများအဖြစ် ပြန်လည်မွေးဖွားလာရန် သေချာသလောက် အခွင့်အရေးရှိသည်။

အမှောင်ဘက်ခြမ်းကျရောက်သွားသော သိုင်းသူတော်စင်များ သေလွန်လျှင်တော့ ငရဲကိုးထပ်တွင် သေချာပေါက် ပြန်လည်မွေးဖွားလာမည်မှာ ပြောနေစရာပင် မလိုပေ။

ရန်ကျောက်ကဲသည် ဤသို့ ဘဝအကူးအပြောင်းအခိုက်အတန့်ကို အထူးတလည်စောင့်ဆိုင်းပြီး သတ်ဖြတ်ပစ်ရန်အတွက် “နတ်ဆိုးခွင်းမြား” များကို ကြိုတင်ပြုလုပ်ထားခဲ့ခြင်းပင်။

ရှင်းတုန်းဖင်းသည် အဆက်မပြတ်ပေါက်ပြဲလာနေသော သူ့ရင်ဘတ်အောက်မှနေရာကို ငုံ့ကြည့်လိုက်သည်။ မြားချက်ထိမှန်ရာနေရာက တဖြည်းဖြည်းကျယ်ပျံလာကာ နောက်ဆုံး သူ့တစ်ကိုယ်လုံး ပျောက်ကွယ်ခါနီး ဖြစ်လာသည်။

သူက ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်လိုက်ရင်း...

“မင်း...”

ရန်ကျောက်ကဲမျက်နှာအမူအရာက အေးစက်ခက်ထန်နေသည့်တိုင် သူ့မျက်ဝန်းများကတော့ မီးတောက်ပမာ တောင်လောင်လျှက်ရှိသည်။

“အမှောင်ဘက်ခြမ်းကျရောက်ရတာက အရမ်းအဖိုးတန်ပြီး အရေးကြီးတဲ့ကိစ္စတစ်ခုလို့ မင်းက ထင်နေသေးတာလား”

ရှင်းတုန်းဖင်း သက်ပြင်းရှည်တစ်ချက်ချရင်း‌ ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည်။ သူ့ပါးစပ်မှ မည်သည့်စကားမှမဆိုသော်လည်း သူ့စိတ်ထဲတွေးနေသောအတွေးများကို မည်သူမဆို သိရှိနိုင်သည်။

“ရန်ကျောက်ကဲ... မင်းကို ကြိုပြီးရှင်းမပစ်မိတာ မဟာအမှားကြီးပဲ”

ယွမ်ထျန်း၏မျက်ဝန်းထဲမှ ဒေါသတရားများပျောက်ကွယ်သွားပြီး မျှော်လင့်ချက်ကင်းမဲ့ခြင်းများက အစားထိုးနေရာယူလာသည်။ သို့သော် သူ့ပုံရိပ်သည်လည်း ရှင်းတုန်းဖင်းကဲ့သို့ပင် တဖြည်းဖြည်း အငွေ့ပျံပျောက်ကွယ်နေပြီ ဖြစ်၏။

သူက ချောက်နက်ဖျက်ဆီးရေးအဖွဲ့ဝင်တစ်ယောက်မဟုတ်သလို ရှင်းတုန်းဖင်း၏ သြဇာခံတစ်ယောက်လည်း မဟုတ်ပေ။

သူ့စိတ်ထဲမှလောဘတရားကြောင့်သာ ရှင်းတုန်းဖင်းနှင့်ပတ်သက်မိပြီး ငရဲကိုးထပ်သို့ ဆွဲချခံရခြင်း ဖြစ်သည်။

သူ အစကတွေးထင်ထားသည်မှာ -

ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့်တက်ရန် တံခါးပိတ်ကျင့်ကြံလျှင် ရှင်းတုန်းဖင်းက ဝါဒ‌တောင်ပင်မအစီအရင်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် သူက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ‘ကြယ်တာရာသန့်စင်ချီဝတ်ရုံ’ နှင့် ရန်တိကိုသာ ရင်ဆိုင်ရမည် ဖြစ်၏။

‌ကျောက်စိမ်းပင်လယ်မြို့တော်နှင့် လှိုင်းနက်ဂေဟာတို့ကလည်း မီးတောက်မိစ္ဆာများနှင့် ရင်ဆိုင်နေရသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ကလည်း ဝါဒတောင်ကို တိုက်ခိုက်ရန် အခွင့်အရေးစောင့်နေကြသည်ဖြစ်ရာ အဆုံးမဲ့တောင်တန်းမှာလည်း လှုပ်ရှားမှုများကို ကန့်သတ်ခံထားရမည် ဖြစ်သည်။

အချိန်အခါ ၊ ပထဝီဝင်အနေအထားနှင့် လူပုဂ္ဂိုလ်များအားလုံးက သူတို့ဘက်တွင်ရှိနေသည်။ ကြိုတင်မသိမြင်နိုင်သော အခြေအနေများကိုသာ ရင်မဆိုင်ရပါက အောင်ပွဲမရသည့်တိုင် သိုင်းသူတော်စင်တစ်ယောက်အနေဖြင့် အရှုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်မည်ကတော့ အမှန်ပင်။

အောင်မြင်လျှင် သူလိုချင်သည့်အရာများရရှိမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေဖြင့် ကျရှုံးခဲ့လျှင်တောင်မှ သူ့အတွက် တကယ်တမ်း ဆုံးရှုံးစရာမရှိပေ။

ဤသည်က ယွမ်ထျန်း‌၏ အစစ်အမှန်အတွေးများပင် ဖြစ်သည်။

အခြေအနေပေါ် သူ၏သုံးသပ်ချက်များက တစ်ဖက်သတ်ဆန်သည့်တိုင် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့်အတွက်လည်း သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ထိုသို့တွေးတောမိခြင်း ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့က သူ့ကို ယွင်ကျန်းစီရင်စုရှိ ‘ရန်’ အိမ်တော်မှ ဝါဒတောင်သို့ ပို့ဆောင်ခဲ့ပြီး ဝါဒတောင်ပင်မအစီအရင်ဖြင့် ဖန်ဆင်းထားသော သီးခြားနယ်မြေထဲတွင် ပိတ်ဆို့ထားသည့်တိုင် သူက စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။

ပိတ်မိနေသည့်တိုင် သူက ထိုသို့ပင်တွေးတောနေဆဲ ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် သူ့အတွေးများမှားယွင်းနေကြောင်း သဘောပေါက်လာခဲ့သည်။

ဝါဒတောင်သည် သူ ထာဝရမြှုပ်နှံရမည့် သင်္ချိုင်းမြေ ဖြစ်လာသည်။

ဤနေရာတွင် နောက်ဆုံးမြှုပ်နှံခံခဲ့ရသော သိုင်းသူတော်စင်မှာ အနက်ရောင်အိပ်မက်ဆိုးတောင်မှ နောက်ဆုံးဂိုဏ်းချုပ် ဖြစ်သည်။  ယခုတော့ ယွမ်ထျန်းအလှည့်ရောက်လာခဲ့ပြီ။

သူ နောင်တတော့ သိပ်မရခဲ့ပေ။ ဘဝအနိမ့်အမြင့် လှိုင်းလေလောကဓံများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သူတစ်ယောက်အနေဖြင့် ယွမ်ထျန်းက စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ သူဆုံးဖြတ်ချက်ချခဲ့သောအလုပ်တစ်ခုအတွက် လွယ်လွယ်နှင့် မတုန်လှုပ်တတ်ပေ။

မည်သို့မှမတတ်နိုင်ဘဲ မျှော်လင့်ချက်ကင်းမဲ့သွားသလိုခံစားချက်ကိုတော့ ခံစားလိုက်ရသည်။ သူက ဝါဒတောင်မှ သူရဲကောင်းများကို လျှော့တွက်မိဟန်ပင်။

ယွမ်ထျန်း ရင်ဘတ်မှ အပေါက်ကြီးက တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး နောက်ဆုံး သူ့ခန္ဓာကိုယ်က အငွေ့ပျံပျောက်ကွယ်သွားသည်။

ရှင်တုန်းဖင်းသည်လည်း အလားတူပင် ခံစားခဲ့ရသည်။

သူတို့ (၂)ယောက်၏ ပုံရိပ်များနှင့်အတူ သူတို့ကို ဝန်းရံဖုံးအုပ်ထားသော အနက်ရောင်ချီစီးကြောင်းသည်လည်း မိုးမြေတစ်ခွင်မှ ပျောက်ကွယ်သွားကာ အခြားသော အမှောင်ဘက်ခြမ်းကျင့်ကြံသူများကဲ့သို့ လေထဲတွင် မီးခိုးလုံးပမာ လွင့်စင်ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက ချန်းချီလေးညှို့ကိုကိုင်ထားရင်း မြင်ကွင်းကိုအေးစက်စွာကြည့်နေသည်။ သူက အချိန်ကြာမြင့်စွာ စကားမဆိုခဲ့ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ သိုင်းဆရာသခင်များအလယ်တွင် ရှင်းတုန်းဖင်းက ထိပ်တန်း (၃)ယောက်နေရာ၌ အခိုင်အမာရပ်တည်နေသူ ဖြစ်သည်။

မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ ကတော့  လက်ရှိအစွန်း‌ရောက်ရှစ်ပါးကမ္ဘာ၏ သိုင်းသူတော်စင် (၆)ပါးထဲမှ တစ်ယောက် ဖြစ်သည်။

ယနေ့တော့ သူတို့နှစ်ယောက်လုံး ရန်ကျောက်ကဲလက်ချက်ဖြင့် ဝါဒတောင်တွင် ဘဝမကူးဘဲ အသက်ပျောက်သွားခဲ့ပေပြီ။

ကြယ်တာရာသန့်စင်ချီဝတ်ရုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင်ကောင်းကင်နဂါးဓားကိုဆုပ်ကိုင်ထားသော ရန်တိက ရန်ကျောက်ကဲအနားသို့ ရောက်လာသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ ဘယ်လိုဖြစ်ရတာလဲ”

ရန်ကျောက်ကဲက ရှီတိသေဆုံးရသည့်အကြောင်းရင်းကို ရွှီဖေးနှင့် ယင်လုန်ထူတို့ထံမှကြားသိရသည့်အတိုင်း မချွင်းမချန်ပြောပြလိုက်သည်။

စကားများကိုနားထောင်ပြီးနောက် ရန်တိ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“အခု မိုးထိတောင်ထိပ်က ရေခဲခေါင်းတလားထဲမှာ ပထမဆရာဦးလေးရဲ့ ရုပ်အလောင်း ရှိနေပါတယ်”

ရန်တိခေါင်းညိတ်လိုက်သည်။

ထို့နောက် ရန်ကျောက်ကဲနှင့်အတူ သီးခြားနယ်မြေထဲမှထွက်ခွာပြီး ဝါဒတောင်၏ပင်မတောင်ထွတ်ကြီးဖြစ်သော မိုးထိတောင်ထက်သို့ ပျံသန်းဆင်းသက်လာကြသည်။

ဝါဒတောင်တိုက်ပွဲကြီးသည်လည်း နေဝင်ချိန် နီးကပ်နေပေပြီ။ ချောက်နက်ဖျက်ဆီး‌ရေးအဖွဲ့အစည်းမှ သိုင်းသမားအားလုံးနီးပါး သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။

ကြီးမားပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ကြုံတွေ့ခဲ့ရသဖြင့် ယခင်က ကြည်လင်ပြီး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေသော ဝါဒတောင်သည် ယခုတော့ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နက်လို့နေသည်။

တောင်အနောက်ဘက် ၊ ရေစင်တောင်ကိုဖုံးလွှမ်းထားသော မိစ္ဆာနယ်မြေမဟာအစီအရင်သည် အဆက်မပြတ် ယိုယွင်းလျှက်ရှိသော်လည်း အပြည့်အဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ရန်ကျောက်ကဲက ရန်တိကိုလှည့်ကြည့်ရင်း...

“မိစ္ဆာနယ်မြေမဟာအစီအရင်ကို အပြတ်ရှင်းဖို့ ကျွန်တော် ဒုတိယဆရာဦးလေးကို သွားကူလိုက်ဦးမယ်”

ရန်တိက ရှီတိ၏ရုပ်အလောင်းလဲလျောင်းရာ ရေခဲခေါင်းတလားရှေ့တွင် မတ်တတ်ရပ်လျှက် စကားတစ်ခွန်းမဆိုဘဲ ခေါင်းညိတ်ပြသည်။

ရန်ကျောက်ကဲ မိုးထိတောင်ထက်မှဆင်းပြီး ရေစင်တောင်သို့အလျှင်အမြန်ထွက်ခွာသွားသည်။

အားဟူ ၊ ရွှီဖေးနှင့် ဟန်လုန်အာတို့က ရှီတိ၏ ရုပ်အလောင်းကို ဆက်လက်စောင့်ကြည့်ပေးစရာ မလိုတော့သဖြင့် ရန်ကျောက်ကဲနှင့်အတူ မိုးထိတောင်မှဆင်းလာပြီး ကျန်ရှိနေသည့် ရန်သူများကို သုတ်သင်ကြသည်။

“သခင်လေး ၊ သခင်လေး သီးခြားနယ်မြေထဲကိုဝင်သွားတော့ ကျွန်တော် တောင်ပေါ်က တခြားသိုင်းသမားတွေနဲ့ ဆက်သွယ်ပြီး သတင်းစုံစမ်းကြည့်တယ်”

အတူတူလမ်းလျှောက်လာရင်း အားဟူက စကားဆိုသည်။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အခြေအနေဘယ်လိုတဲ့လဲ”

အားဟူက...

“ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံနေတဲ့ ရေကန်တောင်မှာ အခြေအနေကောင်းတယ် ၊ လုံးဝ အနှောက်အယှက်မရှိခဲ့ဘူး ၊ အကြီးအကဲ’ကျန်း’က ရှင်းတုန်းဖင်းကြောင့် ဒဏ်ရာအပြင်းအထန်ရထားပေမယ့် အသက်အန္တရယ် မစိုးရိမ်ရပါဘူး ၊ ကောင်းကင်ချုပ်လှောင်ချောက်နက်ရဲ့ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ၊ အကြီးအကဲ’ကုန်း’ လည်း ဒဏ်ရာပြင်းထန်တယ်လို့ ပြောတယ် ၊ ဒါပေမဲ့ သူက အကြီးအကဲ’ကျန်း’ လောက် အခြေအနေမဆိုးဘူးတဲ့”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ဖခင်ဖြစ်သူ ရန်တိကို ထည့်တွက်မည်ဆိုလျှင် ယခင်က ဝါဒတောင်တွင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် (၅)ယောက်ရှိသည်။ တံခါးပိတ်ကျင့်ကြံနေသည့် ယွမ်ကျန်းဖုန်း ၊ ရန်တိ ၊ ရှင်းတုန်းဖင်း ၊ အကြီးအကဲ’ကျန်း’ “ကျန်းခွန်” နှင့် အကြီးအကဲ’ဟယ်’ “ဟယ်နင်” တို့ ဖြစ်သည်။

ယခု သစ္စာဖောက်ရှင်းတုန်းဖင်းက သတ်ဖြတ်ခံလိုက်ရပြီး အကြီးအကဲ’ကျန်း’ က ဒဏ်ရာအပြင်းအထန်ရထားကာ အကြီးအကဲ’ဟယ်’က တံခါးပိတ်ကျင့်ကြံနေသော ယွမ်ကျန်းဖုန်းကို စောင့်ကြပ်ပေးနေသည်။

သိုင်းဆရာသခင် နဝမအဆင့်ဖြစ်သော အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် ကျင့်ကြံသူများတွင် ပထမဆရာဦးလေး’ရှီတိ’ ၊ ဒုတိယဆရာဦလေး’ဖန်ကျွင်း’ ၊ အကြီးအကဲ’ကုန်း’ ၊ ယခင်က အကြီးအကဲ’ဝမ်’ တို့ပါဝင်သည်။

သစ္စာဖောက် အကြီးအကဲ’ဝမ်’ ကို ပထမဆရာဦးလေး’ရှီတိ’က သူ့အသက်ကိုစတေးခံကာ ကိုယ်တိုင်ကိုယ်ကျသတ်ဖြတ်ခဲ့သည်။ အကြီးအကဲ’ကုန်း’က ဒဏ်ရာရထားပြီး ဖန်ကျွင်းကတော့ မိစ္ဆာနယ်မြေမဟာအစီအရင်ကို ခက်ခက်ခဲခဲဖြင့်ဖိနှိပ်လျှက် ရှိသည်။

အမတလက်ဖွဲ့နှောင်းပိုင်းအဆင့်အောက် ၊ ဝါဒတောင်သိုင်းသမားများသည်လည်း သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့ကြသည်။

ဝါဒတောင်သည် ကြီးမားသောကပ်ဘေးကြီးကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါပေ။

တစ်ဖက်တွင်တော့ ခောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ‘ရှင်းတုန်းဖင်း’ ၊ သူ့ကိုကူညီပေးသည့် မိစ္ဆာသူတော်စင်’ယွမ်ထျန်း ‘၊ အမတလက်ဖွဲ့နှောင်းပိုင်းအင့် သိုင်းဆရာသခင်များဖြစ်သော စီးမာချွေ ၊ အကြီးအကဲ’ဝမ်’ နှင့် အနက်ရောင်အိပ်မက်ဆိုးတောင်မှ ဝါရင့်အကြီးအကဲ (၂)ယောက် သတ်ဖြတ်ခံခဲ့ရသည်။

အတင့်ရဲကာ ဝါဒတောင်ကို ကျူးကျော်ခဲ့ကြသော ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ အခြားသူများသည်လည်း အလားတူ သုတ်သင်ခံခဲ့ရသည်။

သို့ပေသိ ရန်ကျောက်ကဲ စိတ်မအေးနိုင်သေးပေ။

သူက မီးနယ်မြေတည်ရှိရာ တောင်ပိုင်းဒေသသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက မြေကမ္ဘာနယ်မြေတည်ရှိရာ အရှေ့ဘက်သို့ လှမ်းကြည့်သည်။ ဝါဒတောင်ပင်မအစီအရင်ကိုဖျက်ဆီးရန် ကောင်းကင်မိုးကြိုးခန်းမက ထိုနေရာမှ ‘နေဆန့်ကျင်’ ကို ပစ်လွှတ်လိုက်ခြင်းဖြစ်သည် မဟုတ်ပါလား။

ရန်ကျောက်ကဲမျက်ဝန်းများက အေးစက်နေပြီး သူ့လက်ထဲမှ အရိပ်ကျုံ့အိတ် (၂)လုံးကို ပွတ်သပ်လိုက်သည်။

ဤအရိပ်ကျုံ့အိတ်များက ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ သေဆုံးပြီးနောက် သူတို့အလေင်းများထက်မှ ရရှိခဲ့ခြင်းပင်။ သူတို့ပိုင်ဆိုင်သောပစ္စည်းများကို သိမ်းဆည်းထားခဲ့ကြဟန်တူသည်။

“အဘိုးကြီး’ရှင်း’ ၊ မင်းက ဘယ်လိုပစ္စည်းမျိုးတွေနဲ့ များ သိုင်းသူတော်စင်တစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်ခဲ့တာလဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်လေ၏။

***

All Chapters