← Chapters

နေသူတော်စင်ဂိုဏ်းအတွက်လက်ဆောင်

Vol. 22 Ch. 305

နေသူတော်စင်ဂိုဏ်းအတွက်လက်ဆောင်

Vol. 22 Ch. 305

ရန်ကျောက်ကဲက ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ထံမှ ရရှိထားသော အရိပ်ကျုံ့အိတ်များကို ဖွင့်လိုက်သည်။

ဤ (၂)ယောက်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်တန်းအဆင့်သိုင်းသမားကြီးများ ဖြစ်ကြလေရာ သူတို့၏ကိုယ်ပိုင်ပစ္စည်းများက အတော်လေးများပြားပြီး ကြီးကျယ်ခမ်းနားမည် အမှန်ပင် ဖြစ်သည်။

ရန်ကျောက်ကဲက ပစ္စည်းများကို အလျှင်အမြန် စစ်ဆေးကြည့်လိုက်သည်။

မကောင်းသောပစ္စည်းများ တစ်ခုမှ မပါရှိပေ။ ရှားပါးပစ္စည်းနှင့် အဖိုးတန်ပစ္စည်းများကိုသာတွေ့ရသဖြင့် နောက်ပိုင်းမှ သေသေချာချာ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ရန်ကျောက်ကဲ လောလောဆယ် ရှာဖွေလိုသည်က ရှင်းတုန်းဖင်းက ယွမ်ထျန်းကိုပေးမည်ဟု ကတိပေးထားသောပစ္စည်း ဖြစ်သည်။

ငရဲကိုးထပ်နှင် ဆက်စပ်နေသော ထူးခြားရတနာတစ်ခု ဖြစ်နိုင်သည်။

ယွမ်ထျန်းက တစ်ကိုယ်တော်ကျင့်ကြံသူ သိုင်းသူတော်စင်တစ်ယောက်ဖြစ်လေရာ မိုးမြေတစ်ခွင် လွတ်လပ်စွာသွားလာပြီး အဖိုးတန်ရတနာများနှင့် ရင်းမြစ်ပစ္စည်းများစွာကို ရှာဖွေတွေ့ရှိထားသူ ဖြစ်သည်။

သို့သော် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းတို့ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးများနှင့် ကြွယ်ဝမှု နှိုင်းယှဉ်မရနိုင်ပေ။

သို့တိုင် ယွမ်ထျန်း၏ ကိုယ်ပိုင်အဖိုးတန်ပစ္စည်းများက ရှင်းတုန်းဖင်းထက် ပိုမိုပေါများကြောင်း‌ တွေ့ရသည်။

ရှင်းတုန်းဖင်းက ဝါဒတောင်၏ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း ဝါဒတောင်မှ ရင်းမြစ်ပစ္စည်းများကို သုံးစွဲရာတွင် အကန့်အသတ်ရှိသည်။ ဝါဒတောင်တွင် အဖိုးတန်ပစ္စည်းများစွာရှိသည့်တိုင် ထိုပစ္စည်းများက ရှင်းတုန်းဖင်း၏ ကိုယ်ပိုင်ပစ္စည်းများ မဟုတ်ပေ။

ဝါဒတောင်ပိုင်ဆိုင်သော ရင်းမြစ်ပစ္စည်းများနှင့် ရှင်းတုန်းဖင်း၏ကိုယ်ပိုင်ပစ္စည်းများဆိုသည်မှာ မတူညီသောအရာ (၂)ခု ဖြစ်သည်။

ဟုတ်ပေ၏။ ဝါဒတောင်မှ ရှင်းတုန်းဖင်းရယူထားသော အဖိုးတန်ပစ္စည်းများကို‌တော့ သူ၏ကိုယ်ပိုင်ပစ္စည်းများအဖြစ် ထည့်သွင်းတွက်ချက်ရမည့် အခြေအနေရှိသည်။

ထို့ပြင် ရှင်းတုန်းဖင်းက “ချောက်နက်အရှင်သခင်” ဆိုသည့်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူဖြစ်လေရာ ငရဲကိုးထပ်နှင် ဆက်စပ်သည့် ရတနာပစ္စည်းများလည်း သူ့တွင်ရှိနေနိုင်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှင်းတုန်းဖင်းက ငရဲကိုးထပ်နှင့် အနီးစပ်ဆုံး ဖြစ်လေရာ ငရဲကိုးထပ်မှ မည်သို့သောပစ္စည်းများ ရရှိထားသည်မှာ ခန့်မှန်းရခက်သည်။

သူ့တွင် မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ကို ဆွဲဆောင်နိုင်သော အဖိုးတန်ပစ္စည်းတစ်ခုရှိနေသည်ဆိုလျှင် သေချာပေါက် ငရဲကိုးထပ်မှပစ္စည်းပင် ဖြစ်ပေလိမ့်မည်။

“ကောင်းကင်ရေကန်အသွင်ပြောင်းကျောက်စိမ်း... မဖြစ်နိုင်ဘူး”

“မရဏပြောင်းပြန်ဆေးလုံး... ဒါလည်း မဖြစ်နိုင်ဘူး”

“တစ္ဆေခန္ဓာဆေးမှုန့်... မဟုတ်နိုင်ဘူး”

ရန်ကျောက်ကဲ ရှင်းတုန်းဖင်း၏ အရိပ်ကျုံ့အိတ်ထဲမှ ပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် အလေးအနက် တွေးတောနေသည်။

“ငရဲကိုးထပ်အမှောင်ထုမြေသားများလား...”

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက ယွမ်ထျန်း၏အရိပ်ကျုံ့အိတ်ထဲမှပစ္စည်းများကို ထပ်မံစစ်ဆေးပြီး သူလိုချင်သည့်အရာကို လျှင်လျှင်မြန်မြန် ရှာဖွေလိုက်သည်။

ထို့နောက် သေးငယ်သည့် အနက်ရောင်ပုလဲစေ့အချို့ကို လက်ဖဝါးထက်သို့ တင်ကြည့်လိုက်သည်။ ခဏမျှ အကဲဖြတ်ပြီးနောက် ပုလဲတစ်လုံးကိုယူကာ အတွင်းထဲသို့ သူ၏ကြယ်တာရာချီစွမ်းအားထည့်သွင်းကာ စစ်ဆေးကြည့်လိုက်သည်။

ရန်ကျောက်ကဲ မျက်လုံးများကို မှိတ်ထားပြီး စိတ်ကိုတည်ငြိမ်စေလိုက်သည်။ မမြင်တွေ့ရသော ချီစွမ်းအားစီးကြောင်းများက သဏ္ဌန်မဲ့ ၊ အရိပ်မဲ့ ရစ်ခွေလှည့်ပတ်လျှက် အနက်ရောင်ပုလဲလုံးအတွင်းသို့ ဝင်ရောက်သွား၏။

ထိုပုလဲလုံးကို သေသေချာချာ အာရုံခံကြည့်သည့်အခါ အံ့သြစရာတစ်စုံတစ်ခုကို ဆောင်ယူထားကြောင်း သိလိုက်ရသည်။

“မမြဲခြင်းတရား၏ နက်နဲသောအမှန်တရား”

သို့သော် ထိုပုလဲလုံးအတွင်းဆောင်ယူထားသည့် သဘောတရားက အနည်းငယ်ပုံပျက်နေပြီး တရားမဲ့သောစွမ်းအားအနည်းငယ်ကို ထုတ်လွှတ်နေသည်။

ထိုအရာက ပုံပျက်နေသည့်တိုင် ထူးခြားနက်ရှိုင်းသည့် အယူအဆတစ်ခု အတွင်းထဲတွင် ပါဝင်နေသည်။

ရန်ကျောက်ကဲ မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး သူ့လက်ဖဝါးထက်မှ အနက်ရောင်ပုလဲလုံးများကို စူးစိုက်ကြည့်နေ၏။

ဤအရာများကို ပုလဲလုံးများဟုဆိုခြင်းထက် သစ်ပင်တစ်ပင်၏ မျိုးစေ့ဟုပြောခြင်းက ပိုမိုသင့်လျော်ပေသည်။

“ဝူချန်နတ်ဆိုးသစ်ပင်မျိုးစေ့တွေပဲ...”

ထို့နောက် ရန်ကျောက်ကဲက ရှင်းတုန်းဖင်း၏အရိပ်ကျုံ့အိတ်ထဲမှ “ငရဲကိုးထပ်အမှောင်ထုမြေသား”ကို နောက်တစ်ကြိမ် ထုတ်ကြည့်လိုက်ပြန်သည်။

“မြေသား” ဟု ခေါ်သော်လည်း တကယ်တမ်းတွင် တိမ်တိုက်အစုအဝေးတစ်ခုနှင့်ဆင်တူပြီး ငရဲကိုးထပ်ရောင်ဝါ မထင်မရှားထွက်ပေါ်နေလေရာ လူတစ်ယောက်၏စိတ်ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။

“ငရဲကိုးထပ်အမှောင်ထုမြေသား” က ငရဲကိုးထပ်မှ ယူဆောင်ခံလာရပြီးနောက် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ဟန်တူသည်။ ဤမြေသားထက်တွင် ဝူချန်နတ်ဆိုးမျိုးစေ့ကို စိုက်ပျိုးမည်ဆိုလျှင်တောင်မှ ဝူချန်နတ်ဆိုးသစ်ပင်ပေါက်ရောက်နိုင်ပါမည်လား မသေချာပေ။

မဟာကပ်ဘေးကြီးမတိုင်ခင်က ဝူချန်နတ်ဆိုးဂိုဏ်းတွင် ထူးခြားထင်ရှားသော ရတနာပစ္စည်းတစ်ခု ရှိခဲ့သည်။ ထိုအရာမှာ “ဝူချန်နတ်ဆိုးရေကန်” ဖြစ်သည်။ “ငရဲကိုးထပ်အမှောင်ထုမြေသား” ကို ငရဲကိုးထပ်မှယူဆောင်လာသော်လည်း “ဝူချန်နတ်ဆိုးရေကန်” တွင်ထားရှိမည်ဆိုလျှင် မည်သည့်ပြောင်းလဲမှုမှမဖြစ်ပေါ်ဘဲ မူလအတိုင်း သက်ရောက်မှုကို ထိန်းသိမ်းထားနိုင်သည်။ ဤနည်းအားဖြင့် ဝူချန်နတ်ဆိုးသစ်ပင်များသည် ငရဲကိုးထပ်ကိုမှီခိုမနေဘဲ အချိန်ကြာမြင့်စွာ ရှင်သန်ပေါက်ရောက်နိုင်စွမ်း ရှိကြသည်။

သို့သော် မဟာကပ်ဘေးကြီးဖြစ်ပွားပြီးနောက် ဝူချန်နတ်ဆိုးရေကန်က မည်သည့်အစွမ်းထက်မှုမှမရှိတော့ဘဲ ဝူချန်နတ်ဆိုးသစ်ပင်များသည်လည်း လူ့လောကတွင် မျိုးသုဉ်း‌ပျောက်ကွယ်သွားခဲ့သည်။

ရန်ကျောက်ကဲက ‘ဝူချန်နတ်ဆိုးမျိုးစေ့’ကို ကြည့်လိုက် ‘ငရဲကိုးထပ်အမှောင်ထုမြေသား’ကိုကြည့်လိုက်ဖြင့် အာရုံစိုက်တွေးတောနေသည်။

“မဟာကပ်ဘေးကြီးပြီးဆုံးသွားတဲ့နောက် မြေကမ္ဘာနယ်မြေက သန္ဓေပြောင်းသွားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ‘ငရဲ’ ဖြစ်လာတယ် ၊ ဒါပေမဲ့ အဲဒီနေရာက ငရဲကိုးထပ်အစစ်အမှန်တော့ မဟုတ်သေးဘူး”

ရန်ကျောက်ကဲ မေးစေ့ကိုတစ်ချက်ပွတ်ရင်း...

“တကယ်တော့ ငရဲကိုးထပ်က အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ ဘာမှမသက်ဆိုင်ဘူး ၊ ဒီကမ္ဘာထဲကို ဝင်လာနိုင်မှာလည်း မဟုတ်ဘူး ၊ ဒါဆို မျိုးမစစ်ကောင် ရှင်းတုန်းဖင်းက ငရဲကိုးထပ်အမှောင်ထုမြေသားကို ဘယ်နေရာက ရလာတာလဲ”

ရန်ကျောက်ကဲက စဉ်းစားရင်း ရေစင်တောင်သို့သွားနေသော သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

နောက်မှလိုက်လာသော အားဟူက နားမလည်နိုင်ဟန်ဖြင့် သူ၏သခင်လေးကို လှမ်းကြည့်သည်။

ရန်ကျောက်ကဲက တောက်ပသည့်မျက်ဝန်းများဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ဝါဒတောင်ပင်မအစီအရင်ထိန်းချုပ်မှုသည် ရန်ကျောက်ကဲလက်ထဲတွင် ရှိနေသေးသော်လည်း ပင်မအစီအရင်က လေထုထဲတွင် ပုံမှန်အတိုင်း ကွယ်ပျောက်နေပြီး လျှို့ဝှက်စွာတည်ရှိနေပြီ ဖြစ်သည်။

ဖန်ကျွင်း မိစ္ဆာနယ်မြေမဟာအစီအရင်ကို ထိန်းချုပ်ရာတွင် ကူညီရန်အတွက် အနောက်ဘက်ရေစင်တောင်တွင်သာ အဆုံးမရှိသည့် ဝိညာဉ်သင်္ကေတစီးကြောင်းများကို ရန်ကျောက်ကဲက ထုတ်ဖော်ထားသည်။

မိစ္ဆာနယ်မြေမဟာအစီအရင်မှ အနက်ရောင်ချီစွမ်းအားများသည်လည်း တဖြည်းဖြည်းလျော့နည်းလာပြီ ဖြစ်သည်။

အစောပိုင်းက ရေစင်တောင်တစ်ခုလုံးကို လွှမ်းခြုံထားသော အနက်ရောင်မိစ္ဆာချီစွမ်းအားများက ယခုတော့ ပတ်ဝန်းကျင်သို့ လွင့်ပါးသွားပြီး ရေစင်တောက်အောင်သို့ ပြန်လည်လျော့ကျနေပြီ ဖြစ်သည်။ တောင်ထိပ်တွင်နေရောင်ခြည် ပြန်လည်ထွန်းလင်းလာသည်ကို တွေ့မြင်ရပေပြီ။ ကောင်းကင်ချုပ်လှောင်ချောက်နက်တစ်ဝိုက်တွင်သာ မိစ္ဆာချီစွမ်းအားများ အနည်းငယ်ထူထပ်နေသေးသည် တွေ့ရ၏။

ရန်ကျောက်ကဲက ကြည်လင်သောကောင်းကင်ကို လှမ်းမျှော်ကြည့်ရင်း သူ၏ဘယ်ဘက်မျက်လုံးမှ အလင်းတန်းများ တောက်ပလာသည်။

သူက ဝါဒတောင်ပင်မအစီအရင်စွမ်းအားကို ထုတ်ဖော်လိုက်သောကြောင့် ခမ်းနားတောက်ပသည့် ဝိညာဉ်သင်္ကေတများ ကောင်းကင်ထက်တွင် တစ်ဖန်ပြန်ပေါ်လာသည်။

ရန်ကျောက်ကဲမျက်ဝန်းများက ဝါဒတောင်ပင်မအစီအရင်တည်ရှိရာနှင့် မိစ္ဆာနယ်မြေမဟာအစီအရင်တည်ရှိရာ ရေစင်တောင်ထွတ်အကြား ရွေ့လျားသွားပြီး နောက်ဆုံး သူ၏ဘယ်ဘက်လက်ဖမိုးထက်မှ မိစ္ဆာသင်္ကေတထက်သို့ ကျရောက်သွားသည်။

ထို့နောက် ရန်ကျောက်ကဲ အတွေးများကို ရပ်တန့်လိုက်ပြီး ရေစင်တောင်ရှိရာသို့ ဆက်လျှောက်လာသည်။

မိစ္ဆာနယ်မြေမဟာအစီအရင် အခိုင်အမာတည်ရှိရာ ကောင်းကင်ချုပ်လှောင်ချောက်နက်သို့ ရောက်သည့်အခါ အမြင့် (၅)မီတာခန့်ရှိသော ရွှေရောင်မျှော်စင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

မျှော်စင်ထိပ်တွင် ဖန်ကျွင်း တင်ပျဉ်ခွေထိုင်နေသည်။ သူ့မျက်နှာက အနည်းငယ်အားနည်းဖျော့တော့နေသည့်တိုင် အမူအရာက တည်ငြိမ်အေးဆေးနေဆဲပင်။

မျှော်စင်အောက်တွင်တော့ ဓားရှည်ကိုကိုင်ဆောင်ကာ စောင့်ကြပ်နေသော ဖန်းယွင်ရှန်းကိုတွေ့ရသည်။ ရန်ကျောက်ကဲကိုတွေ့တော့ သူမမျက်နှာထက် စိတ်သက်သာရရသည့်အမူအရာထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက သူမကို ခေါင်းညိတ်နှုတ်ဆက်တော့ သူမကလည်း ပြန်လည်ခေါင်းညိတ်ပြသည်။

ရန်ကျောက်ကဲကိုတွေ့တော့ ဖန်ကျွင်း၏ ကြည်လင်သောမျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ကျောက်ကဲ... မင်း ဒီကိုရောက်လာပြီဆိုတော့ တောင်ပေါ်မှာ အခြေအနေတည်ငြိမ်သွားပြီလား”

ရန်ကျောက်ကဲက ဖန်ကျွင်းကို ဦးညွှတ်ဂါရဝပြုရင်း...

“ဟုတ်တယ် ဒုတိယဆရာဦးလေး ၊ ရှင်းတုန်းဖင်းနဲ့ မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ ကို ရှင်းပစ်လိုက်ပြီ”

သူက ဆက်ပြောသည်။

“တောင်ပေါ်ကိုကျူးကျော်လာတဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သိုင်းသမားတွေအကုန်လုံး သုတ်သင်ခံလိုက်ရပါပြီ ၊ သူတို့ဘက်ကပါလာတဲ့ အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်အားလုံးကိုလည်း သတ်ဖြတ်လိုက်ဖြစ်လို့ အမြစ်ပါမကျန် ရှင်းလင်းပြီးပါပြီ”

ရန်ကျောက်ကဲ ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားဆက်ပြောသည်။

“ဒုတိယဆရာဦးလေး... ပထမဆရာဦးလေး တိုက်ပွဲမှာကျဆုံးသွားတယ်”

ထိုစကားကိုကြားတော့ တည်ငြိမ်သည့် ဖန်ကျွင်းမျက်နှာက အံ့သြတုန်လှုပ်သွားပြီး မျက်လုံးများပင် ပြူးကျယ်လာသည်။

ရန်ကျောက်ကဲ ဝါဒတောင်တွင်နေထိုင်သည့် ကာလတစ်လျှောက်လုံး ဝါဒတောင် ၊ တာဝန်ခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ‘ဖန်ကျွင်း’ ဤမျှ တုန်လှုပ်မျက်နှာပျက်သည်ကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။ ယခုက ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်ကြောင်း ကျိန်ဆိုနိုင်သည်။

ဖန်ကျွင်း ခေါင်းငုံ့သွားပြီးမှ နောက်တစ်ကြိမ် ခေါင်းပြန်မော့လိုက်သည်။ သူ့မျက်နှာက ညို့မှိုင်းနေဆဲဖြစ်သည့်တိုင် အမူအရာက ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။

“တောင်ပေါ်က တပည့်တွေကို ဆက်သွယ်ပါ ၊ အခုချိန် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက အခွင့်အရေးအသုံးချပြီး ငါတို့ကို တိုက်ခိုက်လာနိုင်တယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း...

“ကျွန်တော်လည်း အဲဒီကိစ္စကိုစဉ်းစားနေတာ ၊ ပြီးတော့ ဒုတိယဆရာဦးလေးနဲ့လည်း တိုက်ပင်စရာတစ်ခုရှိလို့ ၊ ကျွန်တော် မိစ္ဆာနယ်မြေမဟာအစီအရင်ကို အသုံးပြုချင်ပါတယ်”

ဖန်ကျွင်းက စိတ်ဝင်တစားဖြင့်...

“မင်း ဒီအစီအရင်ကို ဖျက်ဆီးမပစ်ဘဲ ဆက်ထိန်းထားချင်တာတော့ မဟုတ်ဘူးမလား”

ဘေးနားတွင်ရှိနေသော အားဟူနှင့် ဖန်းယွင်ရှန်းတို့ကလည်း ရန်ကျောက်ကဲကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။

ရန်ကျောက်ကဲက တည်ကြည်သည့်လေသံဖြင့်...

“ကျွန်တော် ဒီအစီအရင်ကို ဆက်ထိန်းထားချင်တာ အမှန်ပါပဲ ၊ ဒါပေမဲ့ မိစ္ဆာနယ်မြေမဟာအစီအရင်အဖြစ်နဲ့မဟုတ်ဘူး ၊ သက်ရောက်မှုတွေကွဲပြားအေင် ဒီအစီအရင်ကို ပြုပြင်ပြေင်းလဲမှုတွေ လုပ်ရမှာပါ”

သူက ဆက်ပြောသည်။

“ဒီကို အလျင်စလိုလာရလို့ အဖေနဲ့ အခြားအကြီးအကဲတွေကိုတော့ ကျွန်တော် မပြောရသေးဘူး ၊ ကျွန်တော့်အစီအစဉ်က ဒုတိယဆရာဦးလေး အချိန်တစ်ခုအထိ တောင့်ခံနိုင်ရင် ရပါပြီ ၊ နေသူတော်စင်ဂိုဏ်းနဲ့ အပေါင်းပါတွေ လာမတိုက်ဘူးဆိုရင်တော့ နောက်ပိုင်း ဒီအစီအရင်ကို ဖျက်ဆိးပစ်လိုက်ကြတာပေါ့ ၊ သူတို့လာမယ်ဆိုရင်တော့ ကျွန်တော်တို့က သူတို့အတွက် လက်ဆောင်ပြင်ဆင်ထားလိုက်ကြတာပေါ့ ၊ ဆရာဘိုးဘိုးကလည်း ဘယ်တော့မှ တံခါးပိတ်ကျင့်ကြံရာကထွက်လာမလဲဆိုတာ မသိနိုင်ဘူးလေ”

ဖန်ကျွင်းက ရန်ကျောက်ကဲကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

အတန်ကြာမှ...

“ကောင်းပြီလေ... ၊ ဒီနေရာမှာ ဒီအတိုင်း ငါဆက်ထိန်းထားပေးမယ် ၊ မင်းက ဂိုဏ်းတူညီလေး ‘ရန်တိ’ နဲ့တခြားသူတွေကို အကြောင်းကြားပြီး အစီအစဉ်အတိုင်း ဆက်ဆောင်ရွက်ပါ”

ရန်ကျောက်ကဲက...

“ကောင်းပါပြီ ၊ ဒီတစ်ခေါက်တော့ ဒုတိယဆရာဦး‌လေးကို ဒုက္ခပေးရပြီ”

***

All Chapters