← Chapters

အရှေ့အရပ်မှထွက်သောနေ’ တံခါးပိတ်ကျင့်ကြ့ရာမှထွက်လာပြီ

Vol. 22 Ch. 306

အရှေ့အရပ်မှထွက်သောနေ’ တံခါးပိတ်ကျင့်ကြ့ရာမှထွက်လာပြီ

Vol. 22 Ch. 306

မီးနယ်မြေ ၊ နေသူတော်စင်ဂိုဏ်း။

ကမ္ဘာအလင်းတောင်ထွတ်။

ညသန်းခေါင်ကျော်အချိန်ဖြစ်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။

ကမ္ဘာအလင်းတောင်ထွတ်တွင်တော့ နေသူတော်စင်ဂိုဏ်းချုပ်’ဟွမ်ရှု’ ခေါင်းဆောင်သော အကြီးအကဲများက တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြသည်။

အလင်းမင်းသား’ဟွမ်ကျိ’က ဖခင်ဖြစ်သူ ဟွမ်ရှုနောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

သူက ‘အလင်းမင်းသား’ ဟု ဘွဲ့အမည်ရထားသော်လည်း ညအမှောင်ထဲတွင် နက်ရှိုင်းတိတ်ဆိတ်လျှက်ရှိလေရာ အမှောင်ထုနှင့် ပိုမိုလိုက်ဖက်နေသည့်အလား ထင်မှတ်ရသည်။ သူ့ပုံရိပ်က အမှောင်ထုနှင့်အပြည့်အဝပေါင်းစပ်နေပြီး ညအမှောင်၏သား‌တော်တစ်ပါးအလား ထင်မှတ်ရသည်။

အားလုံးက ထိုနေရာတွင် ငြိမ်သက်စွာမတ်တတ်ရပ်နေကြသည်။ ညလေအေးများအောက်တွင် အချိန်မည်မျှကြသည်ကို မည်သူမှ မသိနိုင်ပေ။

သို့သော် မည်သူမှ စိတ်မရှည်ခြင်းမဖြစ်ကြသလို စိုးရိမ်ပူပန်ခြင်းများကိုလည်း သူတို့မျက်နှာများထက်တွင် လုံးဝမတွေ့မြင်ရပေ။

တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည့်အလား သူတို့မျက်ဝန်းများက စိတ်လှုပ်ရှားတောက်ပနေသည်ကိုပင် တွေ့မြင်ကြရမည် ဖြစ်သည်။

ရုတ်တရက်...

အရှေ့အရပ်မှ နေမင်းထွက်ပေါ်လာသည့်အလား မှောင်မိုက်သောညက လင်းလက်သွားသည်။

အရုဏ်ဦးအလင်းထွက်ပေါ်လာပြီး ကမ္ဘာမြေတစ်ခုလုံးကို အသစ်တစ်ဖန်အလင်းပေးသည့်အလားပင်။

မိုးစင်စင်လင်းသည့်အချိန်မရောက်သေးသည့်တိုင် မိုးမြေတစ်ခွင်က နေ့ခင်းဘက်ပမာ လင်းထိန်တောက်ပလာသည်။

ဤနေရောင်ခြည်က မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည့် နေရောင်ခြည်မဟုတ်ပေ။ ကမ္ဘာအလင်းတောင်ထွတ်မှ ထွက်ပေါ်လာသည့် နေရောင်အလင်းဖြစ်သည်။

ဟွမ်ရှုအပါအဝင် စောင့်ဆိုင်းနေကြသော အကြီးအကဲများအားလုံး တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြ၏။

ဟွမ်ရှုက...

“တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာ ကြိုဆိုပါတယ် အဖေ”

သူ့နောက်တွင်ရှိနေသည့် ဟွမ်ကျိကလည်း နှုတ်ဆက်စကားဆိုသည်။

“တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာ ကြိုဆိုပါတယ် အဘိုး”

အခြားသူများကလည်း ခေါင်းမဖော်တမ်း ဦးညွှတ်ကြလျှက်...

“တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာကို ကြိုဆိုပါတယ်... ‘အရှေ့အရပ်မှထွက်သောနေ’ ၊ အကြီးအကဲ’ဟွမ်’”

နေထွက်ချိန်ပမာ လင်းထိန်တောက်ပနေသော ကမ္ဘာအလင်းတောင်ထွတ်ရှိ အလင်းတန်းများကြားတွင် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုသူ၏အနောက်တွင် နေ (၉)စင်းက ပျံသန်းတောက်ပနေသည်။ သို့သော် ကမ္ဘာအလင်းတောင်ထွတ်တစ်ခုလုံး ပူပြင်းသည့် နေအပူရှိန်ကို မခံစားရပေ။

ကမ္ဘာအလင်းတောင်ထွတ်၏ ထောင့်တစ်နေရာပင်မကျန် အလင်းရောင်များ လင်းထိန်တောက်ပနေသည်။ ညအချိန်ဖြစ်သည့်တိုင် ပတ်ဝန်းကျင် ကီလိုမီတာ (၅၀၀၀) ဝန်းကျင်သည် နေ့ခင်းအချိန်ပမာ လင်းထိန်တောက်ပနေသည်။

ထိုသူထံမှ ကြောက်မက်ဖွယ်ရာအငွေ့အသက်များ ထွက်ပေါ်နေခြင်း မရှိသည့်တိုင် ဤနေရာမှလူတိုင်း၏ စိတ်အတွင်းပိုင်းနက်ရှိုင်းရာနေရာသို့ မျက်လုံးတစ်စုံက စူးစိုက်ကြည့်နေသည့်အလား ခံစားကြရသည်။

ထိုသူက သူတို့အားလုံးကို သတ်ဖြတ်မည်ဆိုလျှင်ပင် တန်ပြန်ခုခံရန် မဝံ့ရဲဘဲ သေခြင်းတရားကို တိတ်တဆိတ်ရင်ဆိုင်ကြရပေမည်။ ထိုသူသည် ကောင်းကင်ဘုံမှ မြင့်မြတ်သောနေနတ်ဘုရားအလားဖြစ်ပြီး သူ၏စီရင်ချချသမျှ မည်သူမှလွန်ဆန်ဝံ့ခြင်း မရှိကြပေ။

ခြေသံများပဲ့တင်ထပ်ထွက်ပေါ်လာသည်။ သိမ်မွေ့သော်လည်း တကယ့်အစစ်အမှန်ပင်။

၎င်းခြေသံများနှင့်အတူ အဖြူရောင်ဝတ်ဆင်ထားသောအဘိုးကြီးတစ်ယောက် သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။

အဘိုးကြီးက အလွန်ချောမောခန့်ညားသောရုပ်ရည်ရှိပြီး ဟွမ်ရှု ၊ ဟွမ်ကျိတို့နှင့် ခပ်ဆင်ဆင်တူသည်။ သူ၏နဖူးထက်တွင် တောင်ပနေသောနေတစ်စင်းသဏ္ဌန် သင်္ကေတတစ်ခု ရှိနေပြီး ထိုအရာမှ ရွှေရောင်အလင်းများ တောက်ပနေသည်။

ထိုအဘိုးကြီးမှာ နေသူတော်စင်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ် ၊ လက်ရှိ သိုင်းသူတော်စင် (၆)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “အရှေ့အရပ်မှထွက်သောနေသူတော်စင်” ဟွမ်ကွမ်လီ ပင် ဖြစ်၏။

လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဟွမ်ကွမ်လီကို လောကပထမပြိုင်ဘက်ကင်းအဖြစ် အားလုံးက သဘောတူလက်ခံထားကြသည်။

နေသူတော်စင်ဂိုဏ်းမှ သိုင်းသူတော်စင်များထဲတွင် ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်း‌ဒေါင်ဂီ ၊ ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့တို့နှင့် မျိုးဆက်တူသော ၊ ဟွမ်ကွမ်လီ၏ ဆရာလည်းဖြစ်သော ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’က မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိရှိရပေ။ အသက်သေသည်လား ၊ ရှင်သည်လားပင် မသိနိုင်ပေ။

ကျန်းဒေါင်ဂီတို့နှင့် မျိုးဆက်တူသူများထဲတွင် လျှို့ဝှက်ဆန်းကျယ်ပြီး ဖမ်းဆုပ်ရန်ခက်ခဲသော ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ မှလွဲပြီး အခြားသူမကျန်ရှိတော့ပေ။

ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မိစ္ဆာသူတော်စင်’ယွမ်ထျန်း’နှင့် ကောင်းကင်မိုးကြိုးခန်းမမှ ‘ချန်လီ’ အပါအဝင် သိုင်းသူတော်စင် (၄)ယောက်ထက် ဟွမ်ကွမ်လီက ပိုမိုသာလွန်ကြောင်း အသိအမှတ်ပြုထားကြသည်။

ဟွမ်ကွမ်လီ တံခါးပိတ်မကျင့်ကြံခင်ကတည်းက ထိုသို့ သတ်မှတ်ထားကြခြင်း ဖြစ်သည်။

ယခု တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ၏အဆင့်က မည်မျှမြင့်မားသွားပြီလဲ မည်သူမှ မသိနိုင်ပေ။

ဟွမ်ကွမ်လီက ဟွမ်ရှုကိုကြည့်ရင်း...

“ဒီအဘိုးကြီး တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ ဘာတွေဖြစ်သလဲ ၊ အခြေအနေကို ပြောပြစမ်း...”

ဟွမ်ရှုက ခေါင်းတစ်ချက်ညိတ်ရင်း အဖြစ်အပျက်များကို သေသေချာချာ ရှင်းပြသည်။

သူပြောသမျှကိစ္စများထဲတွင် ကြီးမားသောကိစ္စများပါဝင်သလို အသေးအဖွဲကိစ္စလေးများလည်းပါဝင်သည်။ အရေးပါသောကိစ္စများသာမက ဘာမဟုတ်သည့်အကြောင်းအရာလေးများကိုပါ သူက ပြောပြခဲ့သည်။

ဟွမ်ရှု၏စကားများကို ဟွမ်ကွမ်လီရော အခြားအကြီးအကဲများသည်ပါ စိတ်မရှည်မဖြစ်ကြဘဲ ငြိမ်သက်စွာ မတ်တတ်ရပ်ပြီး နားထောင်နေကြသည်။

နောက်ဆုံး ဝါဒတောင်လက်ရှိအခြေအနေကိုပြောပြပြီး ဟွမ်ရှုက စကားကို အဆုံးသတ်လိုက်သည်။

ဟွမ်ကွမ်လီက ဝါဒတောင်တည်ရှိရာ ကောင်းကင်နယ်မြေဆီသို့ လှမ်းကြည့်ရင်း...

“ယွမ်ကျန်းဖုန်းက နောက်ဆုံးတော့ ဒီခြေလှမ်းကိုလှမ်းလိုက်ပြီပေါ့ ၊ သတ္တိရှိရှိ တံခါးပိတ်ကျင့်ကြံလိုက်ပြီပေါ့”

ခဏနားပြီးမှ သူကဆက်ပြောသည်။

“ဝမ်းနည်းစရာက သူက နှေးကွေးလွန်းတာပဲ”

ဟွမ်ကွမ်လီက မြောက်ဘက်သို့ လျှောက်လှမ်းထွက်ခွာသွားရင်း...

“ဒီအဘိုးကြီး တံခါးပိတ်ကျင့်ကြံတဲ့ နှစ်တွေအတွင်း ဝါဒတောင်က တော်တော်ထကြွနေတယ် ၊ ဒီနေ့တော့ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ သူတို့ဆီကို အရင်ဆုံးသွားမယ်”

သူ့စကားဆုံးသွားသည်နှင့် ဟွမ်ရှုရှေ့တွင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ရှည်လျားသည့် ရွှေရောင်ပေတံတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုပေတံမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကမ္ဘာအလင်းတောင်ထွတ်တစ်ခုလုံးကို ရွှေရောင်အလင်းကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားစေသည်။

ရှည်လျားသော ရွှေရောင်ပေတံက ဟွမ်ကွမ်လီရှိရာသို့ ပျံသန်းထွက်ခွာသွားသည်။

ဟွမ်ကွမ်လီက ရွှေရောင်ပေတံကို ယူဆောင်ပြီးသည်နှင့် ချက်ချင်းပင် အဝေးသို့ လှမ်းထွက်သွားတော့၏။

အဆုံးမဲ့တောက်ပနေသောအလင်းရောင်က မြောက်ဘက်စူးစူးသို့ ဦးတည်သွားပြီး မိုးမြေတစ်ခွင်ကို လင်းထိန်သွားစေသည်။ ဟွမ်ကွမ်လီထွက်ခွာသွားသည်နှင့် ကမ္ဘာအလင်းတောင်ထွတ်သည် တဖြည်းဖြည်း ညအချိန်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

ဟွမ်ရှုနှင့် ဟွမ်ကျိတို့ သားအဖက တစ်ချက်မလှုပ်ရှားဘဲ ကမ္ဘာအလင်းတောင်ထွတ်တွင် ကျန်ရစ်ခဲ့ကြသည်။

နေသူတော်စင်ဂိုဏ်းမှ အခြားသောအကြီးအကဲများကတော့ အလွန်စိတ်လှုပ်ရှားလျှက် ရှိကြ၏။

အကြီးအကဲတစ်ယောက်က...

“မင်းတို့ခံစားမိကြလား ၊ ဂိုဏ်းချုပ်ဟောင်းက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးတဲ့နောက် ကျင့်ကြံခြင်းအဆင့်က ရှေ့ခြေတစ်လှမ်းတက်သွားပြီ ၊ သူက အခုဆိုရင် အခု အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ တကယ့်ပြိုင်ဘက်ကင်းပဲ ၊ ဝါဒတောင်ကတော့ ဒီတစ်ခါ ကိစ္စပြတ်ပြီ”

နောက်တစ်ယောက်က...

“ယွမ်ကျန်းဖုန်းက ဒဏ်ရာဟောင်းကြောင့် သိုင်းသူတော်စင်အဆင့်ကို တက်နိုင်မှာမဟုတ်ဘူး ၊ အတင်းအကျပ်ကြိုးစားမယ်ဆိုရင် သေလမ်းပဲရောက်လိမ့်မယ် ၊ မသေရင်တောင် သူ့အတွက် အခြေအနေမဟန်လောက်ဘူး”

အခြားတစ်ယောက်က...

“ရန်တိက သိုင်းသူတော်စင်အဆင့်မရောက်သေးဘူးဆိုတော့... သူက ကြယ်တာရာသန့်စင်ချီဝတ်ရုံနဲ့ ဝါဒတောင်ပင်မအစီအရင်ကိုပဲ ထိန်းချုပ်နိုင်မှာ ၊ ငါတို့ ဂိုဏ်းချုပ်ဟောင်း’ဟွမ်ကွမ်လီ’ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ ၊ ဂိုဏ်းချုပ်ဟောင်းက မဟာနေမင်းတိုင်းတာခြင်းပေတံကို ယူသွားတယ်ဆိုတော့ ပြောနေစရာတောင် မလိုတော့ဘူး”

ဟွမ်ရှုနှင့် ဟွမ်ကျိတို့ (၂)ယောက်ကတော့ စကားဝင်မပြောဘဲ ငြိမ်သက်နေကြသည်။

အတန်ကြာမှ ဟွမ်ကျိက ခေါင်းညိတ်ရင်း...

“တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးတဲ့နောက် အဘိုးက ကျင့်ကြံခြင်းအဆင့် ပိုပြီးမြင့်မားလာပြီ ၊ ဒီတော့ ဘာတွေဖြစ်လာမလဲဆိုတာ ယေဘူယျဆုံးဖြတ်ချက်ချနိုင်ပါတယ်”

သူက ဆက်ပြောသည်။

“သမိုင်းဆိုတာက အမြဲတမ်း ခပ်ဆင်ဆင်တူတတ်တယ်လေ ၊ အရင်တုန်းက ဝါဒတောင်က ကျန်းဒေါင်ဂီ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတော့ အနက်ရောင်အိပ်မက်ဆိုးတောင်ကို ဖျက်ဆီးခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းကြီး (၇)ဂိုဏ်းကို (၆)ဂိုဏ်းအဖြစ်‌ ပြောင်းလဲပစ်ခဲ့တယ်”

ပြောရင်း ဟွမ်ကျိက ကောင်းကင်နယ်မြေရှိရာသို့ လှမ်းကြည့်သည်။

“အခု အဘိုး တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့နောက် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းကို (၅)ဂိုဏ်းအဖြစ် ပြောင်းလဲပစ်လိမ့်မယ်”

***

အလယ်ပိုင်းကောင်းကင်ဒေသ ၊ ဝါဒတောင်။

ရန်ကျောက်ကဲက အားဟူလက်ထဲသို့‌ မြေအိုးတစ်လုံးထည့်ပေးရင်း...

“မင်းကိုပြောပြထားတဲ့ နေရာ (၉)ခုမှာ ဒါတွေကို သွားပြီးမြေမြှုပ်ထားလိုက်”

အားဟူ မြေအိုးထဲသို့ ငုံ့ကြည့်လိုက်တော့ အိုးထဲမှ အနီရောင်တောက်ပနေသောအရာများကို တွေ့ရသည်။

“သခင်လေး... ဒီထဲက ဘာတွေလဲ”

ရန်‌ကျောက်ကဲက အမှောင်ညကောင်းကင်အား ခေါင်းမော့ကြည့်ရင်း ဝါဒတောင်ပင်မအစီအရင်လှည့်ပတ်နေမှုကို အာရုံခံလိုက်သည်။

ပြီးမှ ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ငရဲကိုးထပ်အမှောင်ထုမြေသား... ငါ ရှင်းတုန်းဖင်းဆီကရထားတာ”

အားဟူက မျက်တောင်တစ်ချက်ခတ်ရင်း...

“သခင်လေး... သခင်လေး အဲဒါကို ထုတ်ယူပြီးကြည့်တုန်းက ကျွန်တော်တွေ့ဖူးတယ်လေ ၊ အဲဒါက တိမ်တိုက်တွေနဲ့ ခပ်ဆင်ဆင်တူတယ်မဟုတ်ဘူးလား ၊ အခု ဘာလို့ အနီရောင်ဖြစ်နေတာလဲ”

ရန်ကျောက်ကဲက ရေစင်တောင်ရှိရာသို့ လှမ်းကြည့်ရင်း...

“အဲဒါ ငါလုပ်ထားတာလေ”

ရေစင်တောင်တည်ရှိရာနေရာတွင အနက်ရောင်မိစ္ဆာချီစွမ်းအားများက သဲလွန်စမကျန်ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သို့သော် ခပ်မှိန်မှိန်တောက်ပနေသည့် အနီရောင်အလင်းတန်းများကို တွေ့မြင်ရသည်။

ရန်ကျောက်ကဲက...

“ငရဲကိုးထပ်အမှောင်ထုမြေသားကို သတ်မှတ်ထားတဲ့နေရာတွေမှာ မြှုပ်နှံပြီးရင် ကောင်းကင်ချုပ်လှောင်ချောက်နက်ကိုသွား… ၊ အဲဒီကအနီရောင်အလင်းတန်းတွေကို ဖုံးကွယ်ဖို့အတွက် ငါပြောတဲ့နည်းလမ်းအတိုင်းလုပ်လိုက်”

အားဟူက...

“ပြဿနာမရှိပါဘူး သခင်လေး ၊ ကျွန်တော် အခုပဲ သွားလိုက်မယ်”

ရန်ကျောက်ကဲက ဝါဒတောင်၏ ပင်မတောင်ထွတ်ကြီးဖြစ်သော မိုးထိတောင်တွင် ရှိမနေပေ။ သူက မိုးထိတောင်ထက် အနည်းငယ်နိမ့်သော မိုးကြိုးတောင်ထွတ်သို့ ရောက်ရှိနေခြင်း ဖြစ်၏။

သူ့ခြေထောက်အောက်ရှိ မြေပြင်ထက်တွင် အမှတ်အသားအချို့ ရေးဆွဲထားသော်လည်း ရောယှက်ရှုတ်ထွေးနေသဖြင့် သိပ်ပြီးပေါ်လွင်ထင်ရှားခြင်း မရှိဘဲ သာမန်မြေပြင်ဟုသာ ထင်မှတ်ရသည်။

ရန်ကျောက်ကဲက သူ့ဘယ်ဘက်လက်ဖမိုးထက်ရှိ မိစ္ဆာသင်္ကေတကိုတစ်ချက်ကြည့်ရင်း ခြေထောက်ကိုဆန့်ထုတ်ပြီး မြေပြင်ထက်တွင် နောက်ထပ်သင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။

ရောင်နီလာတော့မည် ဖြစ်သည်။

အရှေ့ဆီမှကောင်းကင်ပြင်သည် ငါးဝမ်းဖြူပမာ တဖြည်းဖြည်း ဖြူဖွေးလာသည်။

ရန်ကျောက်ကဲမျက်မှောင်တစ်ချက်ခတ်ရင်း အရှေ့ဆီသို့ လှမ်းမျှော်ကြည့်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။

သူက ချက်ချင်းပင် မျက်ခုံးတစ်ချက်ပင့်ရင်း တောင်ဘက်ပိုင်းသို့ အလျှင်အမြန် လှည့်ကြည့်လိုက်သည်။

ထိုနေရာရှိ မိုးကုတ်စက်ဝိုင်းဆီတွင် ရုတ်ချည်းပင် အလင်းရောင်များတောက်ပလာပြီး နေတစ်စင်းမြင့်တက်လာသည့်ပမာ ကောင်းကင်တစ်ပြင်လုံး လင်းထိန်လာသည်ကို တွေ့မြင်လိုက်ရလေ၏။

***

All Chapters