တိုက်ခိုက်ခံရခြင်း
Vol. 22 Ch. 307
အဆုံးမဲ့အလင်းတန်းများ ထွက်ပေါ်လာရာ တောင်ဘက်ပိုင်းဆီသို့ ရန်ကျောက်ကဲ စူးစိုက်ကြည့်နေသည်။
အရုဏ်တက်ချိန်ဖြစ်သော်လည်း နေရောင်ခြည်က အလွန်မှေးမှိန်နေသေးသည်။ သို့သော် ဝါဒတောင်အနီးတစ်ဝိုက်ဒေသများကတော့ တမဟုတ်ချင်း ညမှနေ့သို့ ကူးပြောင်းကာ လင်းထိန်တောက်ပသွားသည်။
တောင်ဘက်မှ မြောက်ဘက်သို့ဦးတည်လာသော အဆုံးမဲ့ အကန့်အသတ်မဲ့ စွမ်းအားကြီးက မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ ထက်များစွာ ကျော်လွန်သည်။
မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ ကို ရင်ဆိုင်ရသည်ဆိုလျှင် လူတစ်ယောက်သည် ခုခံရန် စဉ်းစားမိမည် ဖြစ်သည်။ သို့သော် ယခု ရောက်ရှိလာသူကိုတော့ လူတစ်ယောက်အနေဖြင့် ခုခံရန်မစဉ်းစားဝံ့ဘဲ အားကိုးရာမဲ့သောခံစားချက်များသာ နှလုံးသားထဲတွင် ခံစားရပေမည်။
ထိုအချိန်...
လေထုထဲတွင် ဖုံးကွယ်နေသည့် ဝါဒတောင်ပင်မအစီအရင်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ကြီးမားသည့်အန္တရယ်ကို သတိထားမိသွားပြီး အလိုလိုအသက်ဝင်လာဟန်ရှိသည်။ ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများသည် ချက်ချင်းပင် တောက်ပလာပြီး သူ၏တည်ရှိမှုကို ထုတ်ဖော်ပြသကာ စွမ်းအားကို အမြင့်ဆုံးအဆင့် လှည့်ပတ်လိုက်သည်။
ဝါဒတောင်ပင်မအစီအရင်က အဆက်မပြတ်ချဉ်းကပ်လာသော အဆုံးမရှိအလင်းတန်းကို ဆန့်ကျင်လျှက် ကြီးမားသည့်စွမ်းအားများကို စတင်ထုတ်လွှတ်သည်။
ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်ရင်း မြင်ကွင်းကို ကြည့်နေသည်။
မေးနေစရာပင်မလိုပေ။ နေသူတော်စင်ဂိုဏ်းတွင် ဤသို့နှယ်ဘုန်းတန်ခိုးကြီးမားသူ တစ်ယောကတည်းသာရှိကြောင်း သူ သိရှိသည်။ ထိုသူမှာ နေသူတော်စင်ဂိုဏ်း၏ ဝါရင့်အကြီးအကဲ ၊ “အရှေ့အရပ်မှထွက်သောနေ” ဟွမ်ကွမ်လီ မှလွဲပြီး အခြားသူမဟုတ်ပေ။
ထိုသူက နေသူတော်စင်ဂိုဏ်း၏ နံပါတ် (၁) သိုင်းကျင့်ကြံသူလည်း ဖြစ်သည်။
ဤအဘိုးကြီးသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ ယခု သူ ပြန်ထွက်လာပြီးနောက် ပထမဆုံးပြုလုပ်သည့်အရာမှာ ဝါဒတောင်ကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်၏။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားများ ခြေတစ်လှမ်းမြင့်တက်လာသည်မှာ ထင်ရှားသည်။
မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ကို ရင်ဆိုင်ရာတွင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်နှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရှိနေလျှင် လုံလောက်သည်။ ထို့ကြောင့် ရန်တိနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံပေါင်းစပ်လိုက်လျှင် သူ့ကို အနိုင်ယူရန် ဖြစ်နိုင်ခြေရှိသည်။
သို့သော် ရန်တိနှင့် ကြယ်တရာသန့်စင်ချီ (၂)ခုပေါင်းလျှင်ပင် ဟွမ်ကွမ်လီကိုတော့ နောက်ဆုတ်သွားစေနိုင်မည် မဟုတ်ပေ။
ထို့ပြင် ယွမ်ထျန်းအသုံးပြုသည့်ကြာပွတ်လက်နက်က အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုသာ ဖြစ်သည်။
ယခုရောက်လာသူ ဟွမ်ကွမ်လီက နေသူတော်စင်ဂိုဏ်း၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” ကို သူနှင့်အတူ ယူဆောင်လာမည် အမှန်ပင်။
ဟွမ်ကွမ်လီကဲ့သို့ သိုင်းသူတော်စင်တစ်ယောက်လက်ထဲတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ကိုင်ဆောင်ထားခြင်းက အမှန်တကယ် ထိတ်လန့်စရာကောင်းအောင် စွမ်းအားကြီးထွားနေမည် ဖြစ်သည်။
ဟွမ်ကွမ်လီ၏ အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး ဤနေရာသို့ ချက်ချင်းရောက်လာသည်။ သူက မဟာနေမင်းတိုင်းတာခြင်းပေတံနှင့်အတူ ကမ္ဘာအလင်းတောင်တထွတ်မှ ထွက်လာသည့် လှုပ်ရှားမှုက သိုသိပ်လွန်းသဖြင့် ဝါဒတောင်မှလူများ သတင်းအချိန်မီရရှိရန် ခက်ခဲခဲ့ကြသည်။
ကံကောင်းသည်မှာ ပြင်ပနယ်မြေများတွင်ရှိနေသော ဝါဒတောင်သိုင်းသမားများကို ဟွမ်ကွမ်လီက လမ်းတစ်လျှောက် သုတ်သင်ချေမှုန်းသွားခြင်း မရှိသဖြင့် တောင်ပေါ်သို့ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြခြင်းပင်။
ထိုသူများ၏ ပြောစကားအရ သိရသည်မှာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ဝါဒတောင်ကို တိုက်ခိုက်သည်နှင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့က နယ်စပ်ဒေသများမှ ဝါဒတောင်သိုင်းသမားများကို တောင်ပေါ်ပြန်ပြီး စစ်ကူမပေးနိုင်ရန် ဖိအားပေးခဲ့ကြသည်ဆိုသော အချက်ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဟွမ်ကွမ်လီတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာတော့မည်ဟု ဝါဒတောင်ဘက်မှ သေချာပေါက် ခန့်မှန်းနိုင်ခဲ့သည်။
ဝါဒတောင်ကိုဖိအားပေးရန်အတွက် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက နေသူတော်စင်ဂိုဏ်းကို အသုံးချခဲ့သည်။ နေသူတော်စင်ဂိုဏ်းကလည်း ဝါဒတောင်ကို ကနဦးတိုက်ခိုက်ရန်ဓားသွားအဖြစ် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အသုံးချခဲ့သည်။
ယခု အခြေအနေအနည်းငယ်တည်ငြိမ်သွားသည့်အခါ ဝါဒတောင်က ပြင်ပရောက်နေသော ထိပ်တန်းသိုင်းသမားများကို တောင်ပေါ်သို့ ပြန်ခေါ်ခဲ့သည်။
ရန်ကျောက်ကဲက မိုးမြေတစ်ခွင်လွှမ်းခြုံထားသော အဖြေူရောင်အလင်းတန်းများကို စူးစိုက်ကြည့်နေသည်။
ထိုအချိန် အားဟူက မိုးကြိုးတောင်ထွတ်ထက်သို့ ပြန်ရောက်လာသည်။
“သခင်လေး ၊ အဲဒါ ဟွမ်ကွမ်လီ မဟုတ်လား ၊ သူက ဒီရပ်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံရာက တကယ်ထွက်လာတာကိုး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ရှင်းတုန်းဖင်းက အချိန်ကိုက်လှုပ်ရှားတာလေ ၊ သူအောင်မြင်ခဲ့ရင် ငရဲကိုးထပ် ဒီကမ္ဘာထဲကို ဝင်ရောက်လာနိုင်မယ် ၊ သူ ကျရှုံးခဲ့ရင်လည်း နေသူတော်စင်ဂိုဏ်းက ငါတို့ကို ရှင်းပစ်မှာပဲ”
အဝေးဆီမှ တောက်ပနေသော အလင်းရောင်၏ ရောင်ပြန်ဟပ်မှုကြောင့် အားဟူ၏မျက်နှာက ဖြူဖွေးတောက်ပလျှက်ရှိသည်။
“သခင်လေး... သူက မဟာနေမင်းတိုင်းတာခြင်းပေတံကို ယူလာမယ်လို့ ထင်သလား”
ရန်ကျောက်ကဲက...
“သူ ရောက်လာတာအရမ်းမြန်တယ် ၊ ငါတို့ ဘာသတင်းမှတောင် မရခဲ့ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကြည့်ရတာ သူ အဲဒီပေတံကို ယူလာပုံရတယ် ၊ သူတို့ဂိုဏ်းထဲဝင်နေတဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူလျှိုတွေအကုန်လုံး ရှင်းပစ်ပြီးပြီဆိုတော့ စိတ်ပူစရာ မရှိတော့ဘူးလေ”
လက်ရှိတွင် ကျောက်စိမ်းပင်လယ်မြို့တော်နှင့် လှိုင်းနက်ဂေဟာတို့က အရှေ့ပင်လယ်မှ မီးတောက်မိစ္ဆာများကျူးကျော်မှုကို ကိုင်တွယ်ဖြေရှင်းနေသည်။
အဆုံးမဲ့တောင်တန်းကိုတော့ ကောင်းကင်မိုးကြိုးခန်းမက စောင့်ကြည့်နေမည် ဖြစ်သည်။ ကောင်းကင်မိုးကြိုးခန်းမကိုယ်တိုင်လည်း လှုပ်ရှားရန် အစီအစဉ်များ ပြုလုပ်ထားသောလည်း အဆုံးမဲ့တောင်တန်းကိုတော့ အနည်းအကျဉ်း ထိန်းထားနိုင်မည် ဖြစ်၏။
ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’က လူသားများကြား အတွင်းရေးပဋိပက္ခာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။
ထို့ကြောင့် နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ကို တိုက်ခိုက်မည်ဆိုလျှင် အခြေအနေများကို ဝင်ထိန်းပေးမည် မဟုတ်ပေ။
လက်ရှိအချိန်က ဟွမ်ကွမ်လီဘဝတွင် အအောင်မြင်ဆုံးအချိန်ဖြစ်သည်။ အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက် နေသူတော်စင်ဂိုဏ်း၏ ကာလရှည်ကြာရန်ဘက်ဖြစ်သော ဝါဒတောင်ကို ချေမှုန်းရန် ပစ်မှတ်ထားခဲ့သည်။ သူက ဝါဒတောင်ကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် ဆုံးဖြတ်ထားဟန် ရှိ၏။
ထို့ကြောင့် သူနှင့်အတူ “မဟာနေမင်းတိုင်းတာခြင်းပေတံ”ကို ယူတောင်လာဖွယ်ရှိသည်။
ထို အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ဟွမ်ကွမ်လီလက်ထဲတွင် ရှိနေလျှင် သူ့သား ‘ဟွမ်ရှု’ လက်ထဲတွင် ရှိနေခြင်းနှင့် လုံးဝ မတူညီပေ။ ဟွမ်ရှုက အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းကျင့်ကြံသူတစ်ယောက်သာဖြစ်လေရာ “မဟာနေမင်းတိုင်းတာခြင်းပေတံ” ကို အသုံးပြုမည်ဆိုလျှင် လက်ရှိကျင့်ကြံခြင်းအဆင့်ထက် ပိုမိုသာလွန်သောစွမ်းအားကိုသာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲက အားဟူကိုလှည့်ကြည့်ရင်း...
“စောစောက ပြောတာတွေ လုပ်ပြီးသွားပြီလား”
အားဟူက...
“ဟုတ်ကဲ့ သခင်လေး ၊ အကြီးအကဲ’ဖန်ကျွင်း’ ကလည်း ကောင်းကင်ချုပ်လှောင်ချောက်နက်မှာ ပြင်ဆင်စရာရှိတာတွေအားလုံးကို ပြင်ဆင်ထားပါတယ် ၊ အနောက်ဘက်တောင်တန်းတွေကနေ ဘယ်လိုရောင်ဝါမျိုးမှ ထွက်မလာစေရဘူးလို့ အာမခံလိုက်တယ် ၊ ငရဲကိုးထပ်အမှောင်ထုမြေသားကိုလည်း သခင်လေးပြောတဲ့ နေရာ (၉)နေရာမှာ မြှုပ်နှံထားပြီးပါပြီ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကောင်းတယ်”
ထို့နောက် ရန်ကျောက်ကဲက သူ့ခြေထောက်အောက်တွင် ရေးဆွဲထားသော အမှတ်အသားများကို ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုအမှတ်အသားများက ရိုးရှင်းပြီး ထူးခြားဆန်းပြားမှုမရှိဟု ထင်ရသော်လည်း အလွန်တရာ နက်နဲဟန်ရှိသည်။
***
မိုးထိတောင်ထိပ်တွင်တော့ ရန်တိ တင်ပျဉ်ခွေထိုင်နေလေသည်။
သူက ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဒူးများထက်တွင် ကော်းကင်နဂါးဓားကို ကန့်လတ်ဖြတ်တင်ထားသည်။
အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ကုန်း’ တို့က သူ့အနားတွင် ရှိနေကြသည်။ သူတို့နှစ်ယောက်က ပုံမှန်အတိုင်းမတ်တတ်ရပ်နေကြသော်လည်း ဒဏ်ရာများက ပုံမှန်အတိုင်းသက်သာခြင်းမရှိသေးသဖြင့် သူတို့၏ စွမ်းအားအငွေ့အသက်များက အနည်းငယ် နှေးကွေးနေကြသည်။
ထိုအချိန်တွင်...
အဆုံးမရှိသောအလင်းရောင်၏ ဖိအားကြောင့် ဝါဒတောင်ပင်မအစီအရင်က အဆက်မပြတ် ကျုံ့ဝင်သွားသည်။ ပင်မအစီအရင်က သေးငယ်သည်ထက် သေးငယ်သွားပြီး ပို၍သိပ်သည်းလာကာ ဝါဒတောင်၏ သေးငယ်သောဧရိယာကိုသာ ဖုံးလွှမ်းထားနိုင်တော့သည်။ ထိုအစီအရငက မိုးထိတောင်ထိပ်တွင် ချိတ်ဆွဲထားသော ဝိညာဉ်သင်္ကေတစ်ခုဖြစ်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံးအဆင့် ခံနိုင်ရည်ရှိမှုအတွက် အဆင်သင့်ဖြစ်နေပေပြီ။
မကြာမီ...
အဆုံးမရှိသောအလင်းတန်းများအတွင်းမှ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် လမ်းလျှောက်လာသော သူ၏ခြေလှမ်းများက နှေးကွေးခြင်းမရှိ မြန်ဆန်ခြင်းမရှိ ပုံမှန်သာ ဖြစ်သည်။
ထိုသူသည်ကား ‘ဟွမ်ကွမ်လီ’ အတိအကျပင်။
သူက လက်နှစ်ဖက်နောက်ပစ်ရင်း ကောင်းကင်ထက်မှ မိုးထိတောင်ထိပ်ဆီသို့ ငုံ့ကြည့်လိုက်သည်။
သူက အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ကုန်း’တို့ကို လုံးဝအရေးမစိုက်ဘဲ ရန်တိကို အခဲခတ်နေသည်။
ထို့နောက် ညင်သာသည့်လေသံဖြင့်...
“မင်း ဝါဒတောင်ကိုရောက်သွားတာ နှမျောစရာပဲ”
ရန်တိက တည်ငြိမ်စွာဖြင့်...
“ဝါဒတောင်ကိုရောက်ရတာ ဂုဏ်ယူစရာပါ”
ဟွမ်ကွမ်လီက...
“ဟိုး အရင်တုန်းက မင်းကို နေသူတော်စင်ဂိုဏ်းကိုလာမလားလို့ ဒီအဘိုးကြီး မေးခဲ့ဖူးတယ် ၊ ဒါပေမဲ့ မင်းက ငြင်းဆန်ခဲ့တယ်”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ဒီအဘိုးကြီးက ဒုတိအကြိမ် အခွင့်အရေးပေးတတ်တဲ့ အလေ့အထ မရှိဘူး ၊ ဒါပေမဲ့ မင်းအတွက်တော့ ခြွင်းချက်အနေနဲ့ အခွင့်အရေးတစ်ခုပေးဖို့ ဆန္ဒရှိတယ် ၊ ဆိုတော့... မင်းကိုငါ ဒုတိယအကြိမ်မေးမယ် ၊ မင်း အခု နေသူတော်စင်ဂိုဏ်းထဲကိုဝင်ဖို့ ဆန္ဒရှိသလား”
ရန်တိက အဖြေမပေးဘဲ ပြုံးရုံသာပြုံးနေပြီး သူ့ညာဘက်လက်တွင်ကိုင်ထားသော ကောင်းကင်နဂါးဓားကို ဘယ်လက်ဖြင့် အသာအယာပုတ်နေသည်။
ဤသို့သော ထီမထင်သည့်အမူအရာကိုမြင်တော့ ဟွမ်ကွမ်လီက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...
“ဒုတိယအကြိမ်ဆိုတာ နောက်ဆုံးအကြိမ်ပါပဲ ၊ မင်းက ခေါင်းမာလွန်းတဲ့အတွက် စကားဆက်ပြောစရာ မလိုတော့ဘူး”
ထို့နောက် ဟွမ်ကွမ်လီက ဝါဒတောင်တစ်ခွင်လုံးသို့ ခေါင်းငုံ့ကြည့်လိုက်ရင်း...
“ဒါနဲ့... မင်းရဲ့သားက အရမ်းထူးခြားတယ်လို့ သတင်းကြားထားတယ်”
ထိုအချိန် ဟွမ်ကွမ်လီ၏နောက်တွင် ကမ္ဘာအလင်းအရှင် ပေါ်လာသည်။
သူက ဖြည်းညင်းသည့်လေသံဖြင့်...
“အမှန်ပါပဲ ၊ ရန်တိရဲ့သားကို သာမန်စံနှုန်းတွေနဲ့ တိုင်းတာလို့မရဘူး ၊ သူက သာမန်ထက်ထူးခြားတယ်”
အေးစက်သောနှာမှုတ်သံတစ်ချက်ထွက်ပေါ်လာပြီး ဟွမ်ကွမ်လီ၏နောက်တွင် အဘိုးကြီးတစ်ယောက် ပေါ်လာပြန်သည်။ ထိုသူက ဖန်းပေါ်ထိုင်ပင်။
ဟွမ်ကွမ်လီက...
“ငါ့သား ‘ရှုအာ’ က အဲဒီကောင်လေးကို အတော်လေးအထင်ကြီးတယ် ၊ ဒီတော့ ဒီအဘိုးကြီး စူးစမ်းချင်မိတယ်”
ခဏနားပြီးနောက် ဟွမ်ကွမ်လီက တည်ငြိမ်သောလေသံဖြင့်...
“ထွက်လာခဲ့စမ်း... ဒီအဘိုးကြီး မင်းကို ကြည့်ရအောင်”
သူ၏အသံလှိုင်းများက ပင်လယ်ရေလှိုင်းများပမာ ဧရိယာတစ်ခုလုံးသို့ပျံ့နှံ့သွားပြီး ဝါဒတောင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ဝါဒတောင်မှ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသောတပည့်များဆိုလျှင် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်လွင့်ထွက်မတတ် ခံစားလိုက်ရသည်။
အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ကုန်း’ တို့ မျက်နှာပျက်သွားကြသည်။ ဟွမ်ကွမ်လီကိုကြည့်ရသည်မှာ သူ့စကားကို မလိုက်နာပါက ဝါဒတောင်တစ်ခုလုံးကို သေတွင်းပို့ပစ်တော့မည့်အလား ဖြစ်သည်။
ဟွမ်ကွမ်လီ၏မျက်နှာကတော့ နူးညံ့ညင်သာနေသည်ပင်။
“ငါတို့ နေသူတော်စင်ဂိုဏ်းက တပည့်တွေအများကြီးကို သတ်ဖြတ် ၊ ငါတို့ နေသူတော်စင်ဂိုဏ်းက အကြံအစည်များစွာကို ဖျက်ဆီးပစ်ပြီး ငါတို့ နေသူတော်စင်ဂိုဏ်းကို အကြိမ်ကြိမ်မရိုမသေလုပ်တဲ့သူက... ဘယ်လိုလူငယ်သူရဲကောင်းမျိုးလဲဆိုတာ ဒီအဘိုးကြီး ကြည့်ချင်တယ်”
***