ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း
Vol. 22 Ch. 308
ဟွမ်ကွမ်လီ၏ စွမ်းအားရောင်ဝါက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ဝါဒတောင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
မိုးကြိုးတောင်ထွတ်တွင် မတ်တတ်ရပ်နေသော ရန်ကျောက်ကဲအတွက်လည်း ချွင်းချက် မရှိပေ။
ရန်ကျောက်ကဲက ခေါင်းကိုမော့လိုက်ပြီး တိမ်တိုက်များထက်တွင်ရှိနေသော ဟွမ်ကွမ်လီကို အေးအေးဆေးဆေးပင် စိုက်ကြည့်လိုက်သည်။ တစ်လောကလုံးကို အလင်းရောင်များဖုံးလွှမ်းထားပြီး အဖြူရောင်ကမ္ဘာတစ်ခုပမာ ဖြစ်နေသဖြင့် ဟွမ်ကွမ်လီ၏ အသွင်အပြင်ကို ယောင်ဝါးဝါးသာမြင်ရသည်။
နေမင်း၏အလင်းရောင်ကို တိုက်ရိုက်ကြည့်ရသည့်အလား မသက်မသာခံစားရစေသည်။
သူကိုယ်တိုင် ဤလောကတွင် တည်ရှိမနေတော့ဘဲ အဆုံးမရှိသောအလင်းတန်းများဖြင့် သန့်စင်ခံလိုက်ရသည့်အလား ရန်ကျောက်ကဲ ခံစားရသည်။
ကောင်းကင်ထက်တွင်ရပ်နေသော ဟွမ်ကွမ်လီက ရန်ကျောက်ကဲ၏အကြည့်ကို ခံစားလိုက်မိပြီး သ၏မျက်ဝန်းများက မိုးကြိုးတောင်ထိပ်သို့ ရွေ့လျားသွားပြီး တောင်ပေါ်တွင်မတ်တတ်ရပ်နေသော ရန်ကျောက်ကဲကို လှမ်းကြည့်သည်။
ဟွမ်ကွမ်လီ၏အကြည့်ကျရောက်လာသည်နှင့် ဝါဒတောင်တစ်ခုလုံးကို လွှမ်းခြုံထားသော ဟွမ်ကွမ်လီ၏စွမ်းအားရောင်ဝါအားလုံးက ရန်ကျောက်ကဲထံသို့ စူးစိုက်ကျရောက်သွားသည်။
အကန့်အသတ်မရှိ အဆုံးမဲ့သော နေရောင်ခြည်စွမ်းအားက တစ်စုတစ်ဝေးတည်းစုစည်းသွားပြီး လေထုကိုဖြတ်သန်းလောင်ကျွမ်းကာ ရန်ကျောက်ကဲဆီသို့ ထိုးဖောက်ကျဆင်းလာသည်။
မိုးထိတောင်ထက်တွင် မတ်တတ်ရပ်နေသောရန်တိက ကောင်းကင်နဂါးဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်ထက်တွင်ဝတ်ဆင်ထားသော ကြယ်တာရာသန့်စင်ချီဝတ်ရုံက လေထဲတွင် လွင့်ပျံလျှက်ရှိသည်။
မိုးမြေကိုပင် ထက်ပိုင်းခွဲပစ်နိုင်စွမ်းရှိသော ရန်တိ၏ဓားဝိညာဉ်က တောက်ပသည့် နေရောင်ခြည်အလင်းတန်းများကို ဖြတ်တောက်ပစ်လိုက်သည်။
ရန်တိနောက်တွင်ရှိနေသော အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ကုန်း’ တို့၏ မျက်နှာများကတော့ စိတ်သက်သာရာရဟန် မရှိကြပေ။
လက်ရှိတွင် ဟွမ်ကွမ်လီက တကယ်တမ်းတိုက်ခိုက်ပြီဟု မယူဆနိုင်သေးပေ။
ရန်ကျောက်ကဲက မိုးကြိုးတောင်ထွတ်တွင် မတ်တတ်ရပ်နေရင်း ဟွမ်ကွမ်လီကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်သည်။
“အရှေ့အရပ်မှထွက်သောနေသူတော်စင်ကို ဝါဒတောင်တပည့် ရန်ကျောက်ကဲ နှုတ်ဆက်ပါတယ်”
ဟွမ်ကွမ်လီက ရန်ကျောက်ကဲကို ပေါ့ပေါ့ပါးပါးပင် ချီးကျူးစကားဆိုသည်။
“ကျင့်ကြံခြင်းအဆင့်နဲ့စွမ်းအားကို အသာထား ၊ အနာဂတ်မှာ မင်းက မင်းအဖေ ရန်တိနဲ့ ယှဉ်နိုင်မလားဆိုတာကိုလည်း မပြောသေးနဲ့ဦး ၊ ဒါပေမဲ့ မင်းက မင်းအဖေနဲ့ ကျင့်ကြံခြင်းအဆင့်တူ ၊ အသက်အရွယ်အတူတူမှာ မင်းအဖေ’ရန်တိ’ ထက်ပိုပြီး ပြဿနာရှာနိုင်သလို အတော်လေး မွှေနှောက်နိုင်တာပဲ”
သူက ဆက်ပြောသည်။
“စိတ်မကောင်းစရာက ဒီအဘိုးကြီးက ဒီနေ့ ဝါဒတောင်ကို ဖျက်ဆီးပြီး ရန်တိကိုပါသတ်ပစ်ဖို့ ဆုံးဖြတ်ထားတယ် ၊ ဒီတော့ မင်းလည်း ဆက်မရှင်နိုင်တော့ဘူး”
ပြောပြီးသည်နှင့် ဟွမ်ကွမ်လီက လက်ဖဝါးတစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ အဖြူရောင်အလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။
ထိုသိုင်းပညာက နေသူတော်စင်ဂိုဏ်း၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော မဟာနေမင်းသိုင်းပညာ (၇)ရပ်မှ ပထမဆုံးသိုင်းပညာဖြစ်သည်။
မိုးအောက်မြေပြင်တစ်ခွင်လုံးကို အဖြူရောင်တောက်ပသွားစေသည့် “အလုံးစုံတောက်ပသိုင်းပညာ”။
ယခင်က ဖန်းပေါ်ထိုင်သည်လည်း ထိုသိုင်းပညာကို အသုံးပြုဖူးသည်။ သို့သော် ယခု ဟွမ်ကွမ်လီ ထုတ်ဖော်အသုံးပြုလိုက်သည့်အခါ ဖန်းပေါ်ထိုင်နှင့် အလွန်တရာ ကွဲပြားခြားနားသည်။
လူတိုင်း၏မျက်လုံးများရှေ့တွင် တောက်ပနေသော အဖြူရောင်အလင်းတန်းများက ရုတ်ချည်းမှောင်မိုက်သွားသည်။
အလင်းရောင်က အမြင့်ဆုံးအဆင့်ထိ ထွန်းလင်းတောက်ပသွားသဖြင့် လူတိုင်း၏မျက်လုံးများ မှောင်မိုက်သွားခြင်းကို ခံစားကြရခြင်းပင်။
ဟွမ်ကွမ်လီ၏ လက်ဖဝါးအောက်တွင်...
သူက ဤကမ္ဘာပေါ်ရှိ တစ်ခုတည်းသောအမှန်တရား ၊ တစ်ယောက်တည်းသောအုပ်စိုးရှင် ၊ တစ်ခုတည်းသော အလင်းရောင်ပမာ ဖြစ်သည်။
အခြားအရာအားလုံးက အမှောင်ထုထဲတွင် ငြိမ်းသေတိတ်ဆိတ်သွားဟန်ပင်။
အရှေ့ဘက်မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ နေမင်းကြီးထွက်ပေါ်လာပြီဖြစ်ရာ အရုဏ်တက်ချိန် ရောက်နေပေပြီ။
သို့ပေသိ ဝါဒတောင်တစ်ခုလုံးကတော့ ညအချိန်အလား မှောင်မိုက်လျှက်ရှိသည်။
ဝါဒတောင်ကို အစဉ်အမြဲစောင့်ကြပ်ပေးနေသော မိုးထိတောင်ထိပ်ရှိ ပင်မအစီအရင်မှ ဝိညာဉ်သင်္ကေတများ တစ်ဖန်ပြန်လည်လင်းလက်လာသော်လည်း လေတိုက်ခံရသည့် ဖယောင်းတိုင်မီးတောက်ပမာ ချက်ချင်း မှိန်ဖျော့သွားသည်။
ထိုအချိန်...
မိုးထိတောင်ထိပ်တွင် မတ်တတ်ရပ်နေသော ရန်တိ ဝတ်ဆင်ထားသည့် ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ အလင်းတန်းများ ထွက်ပေါ်လာသည်။ အချို့အလင်းတန်းများက အနက်ရောင် ၊ အချို့က အဝါရောင်ဖြစ်ပြီး အလင်းမှုံလေးများပါ တောက်ပလျှက် ရှိ၏။
သို့သော် ဟွမ်ကွမ်လီ၏ လက်ဖဝါးထက်မှ အလင်းတန်းများ ထွန်းလင်းလာသည့်အခါ ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ အလင်းတန်းများ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာအလင်းတန်းများက ဝါဒတောင်တစ်ခုလုံးကို ဤကမ္ဘာမြေပြင်ပေါ်မှ သုတ်သင်ပစ်တော့မည့်အလား ထင်မှတ်ရသည်။
ရန်တိ၏မျက်ဝန်းများက ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ဟွမ်ကွမ်လီကို တစ်စက်လေးပင် ကြောက်ရွံ့ဟန် မပြပေ။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း လက်ထဲမှကောင်းကင်နဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ ထို့အခါ ခရမ်းရောင်အလင်းတန်းတစ်ခုက လေထဲသို့ လွင့်ပျံထွက်သွားသည်။
ရန်တိက ဓားကို ကိုင်မြှောက်လိုက်သည့်အခါ သူ၏ဓားသွားထက်တွင် ခရမ်းရောင်နှင့် အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံက လေထဲတွင် မရပ်မနားလွင့်ပျံနေပြီး အသင်္ချေသော ကြယ်တာရာသန့်စင်ချီစွမ်းအားများ ထွက်ပေါ်လာသည်။ ထို ချီစွမ်းအားများနှင့်အတူ ဝါဒတောင်၏တောင်ထွတ်ကြီး (၈)ခုမှာ တုန်လှုပ်လျှက် ရှိသည်။
မိစ္ဆာနယ်မြေမဟာအစီအရင်ကို ဖုံးကွယ်ပေးထားသည့် ရေစင်တောင်မပါဝင်သော်လည်း ကျန်တောင်ထွတ်များက ကြယ်တာရာသန့်စင်ချီစွမ်းအားများနှင့် ပဲ့တင်ထပ်လျှက်ရှိသည်။
တစ်ချိန်တည်းမှာပင် မိုးထိတောင်ထက်တွင် ကြီးမားသောဝိညာဉ်သင်္ကေတတစ်ခုအဖြစ် သိပ်သည်းစွာတည်ရှိနေသော ဝါဒတောင်ပင်မအစီအရင်က နောက်တစ်ကြိမ် ထပ်မံသိပ်သည်းသွားသည်။
ရန်တိ၏ကောင်းကင်နဂါးဓားမှ ခရမ်းရောင်အလင်းတန်က မိုးကောင်းကင်နှင့်ချိတ်ဆက်သွားပြီး ဝါဒတောင်ပင်မအစီအရင်၏ အလယ်ဗဟိုကို ထိုးဖောက်ဖြတ်သန်းသွားသည်။
နဂါးဟိန်းသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ခရမ်းရောင်အလင်းတန်းက မရပ်မနားကျယ်ပြန့်လာကာ ကောင်းကင်ထောက်တိုင်ကြီးတစ်တိုင် ဖြစ်တည်လာသည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ထွက်ပေါ်လာသော မရေမတွက်နိုင်သည့် ချီစွမ်းအားစီးကြောင်းများက ဝါဒတောင်ပင်မအစီအရင်နှင့်ပေါင်းစပ်ကာ ခရမ်းရောင်အလင်းတိုင်ကြီးကို လွှမ်းခြုံသွားသည်။
ရန်တိက အသက်တစ်ချက်ရှူထုတ်ကာ ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ဓားချက်ထွက်ပေါ်လာသည်နှင့် ဓားသွားက အဆုံးမဲ့ဓားသွားတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး မိုးမြေတစ်ခုလုံး ပြောင်းပြန်လန်သွားသည့်အလား ထင်မှတ်ရသည်။
ဓားသွားအဆုံးသတ်က တိကျစွာဖွဲ့စည်းထားသော ပင်မအစီအရင်ထဲတွင် နစ်မြုပ်နေသဖြင့် တွေ့မြင်ရခြင်း မရှိပေ။
မရေမတွက်နိုင်သည့် ချီစွမ်းအားစီးကြောင်းများ ပိုမိုများပြားလာသည်နှင့်အမျှ အဝါရောင ၊ အနက်ရောင် အလင်းတန်းများသည်လည်း ဓားသွားထက်တွင် လင်းလက်လာသည်။
ဝါဒတောင်ပင်မအစီအရင်နှင့် ခမ်းနားထည်ဝါမြင့်မားသော ကြယ်တာရာသန့်စင်ချီဝတ်ရုံတို့က ရန်တိကို အပြည့်အဝ ထောက်ပံ့ပေးနေပြီး မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော ဓားသွးတစ်ခု ထွက်ပေါ်လာစေသည်။
တောက်ပနေသော ခရမ်းရောင်ဓားအလင်းတန်းက ဟွမ်ကွမ်လီ၏ အဖြူရောင်အလင်းတန်းများကို လွှမ်းမိုးချုပ်ကိုင်ခွင့် မပေးတော့ပေ။
ဝါဒတောင်ထက်တွင် အမှောင်ထုမှေးမှိန်သွားပြီး အလင်းရောင် ပြန်လည်ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားသလို ရက်စက်ကြမ်းတမ်းမှုများ ပြည့်နက်နေသော ခရမ်းရောင်ဓားအလင်းတန်းက အဆုံးမရှိသော အဖြူရောင်အလင်းတန်းကို ခုတ်ပိုင်းချလိုက်သည်။
ထိုမြင်ကွင်းကိုတွေ့တော့ နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းသိုင်းသမားများအားလုံး ရန်တိကို မလေးစားဘဲ မနေနိုင်ကြပေ။ သို့ပေသိ သူတို့အားလုံး စိုးရိမ်ပူပန်ခြင်း မရှိကြပေ.
ဟွမ်ကွမ်လီက ခေါင်းတစ်ချက်ညိတ်ရင်း...
“သိုင်းဆရာသခင်တွေကြားမှာ မင်းက မယုံကြည်နိုင်စရာကောင်းလောက်အောင် ပါရမီထူးခြားတာတော့ အမှန်ပဲ ၊ ဒါပေမဲ့ မင်းက သိုင်းဆရာသခင်တစ်ယောက်ပဲလေ ၊ သိုင်းသူတော်စင်အဆင့်မှ မရောက်သေးတာ”
ပြောပြီးသည်နှင့် ဟွမ်ကွမ်လီက လက်ဝှေ့ယမ်းလိုက်ပြီး လက်ငါးချောင်းကို အသာဖြန့်လိုက်သည်။ ထို့နောက် လက်ညှိုးနှင့်လက်မကို ပြန်ကွေးလိုက်ပြီး ကျန်လက် (၃)ချောင်းဖြင့် ဝါဒတောင်နှင့် ရန်တိဆီသို့ ညွှန်ပြလိုက်သည်။
သူ၏ လက်ခလယ် ၊ လက်သူကြွယ်နှင့် လက်သန်းများ၏ ထိပ်ဖျားမှ ရွှေရောင်ခပ်ဖျော့ဖျော့ တောက်ပလာာသည်။
ထိုအလင်းရောင်က ခပ်ဖျော့ဖျော့ဖြစ်သော်လည်း အဆုံးမရှိ ၊ အကန့်အသတ်မရှိသော အဖျက်စွမ်းအားများ ပါဝင်နေသည်။
ထို ရွှေရောင်စွမ်းအားက စောစောက အသုံးပြုလိုက်သည့် ‘အလုံးစုံတောက်ပသိုင်းပညာ’ ထက်ပင် ပိုပြီး စွမ်းအားမြင့်မားသည်။
ဟွမ်ကွမ်လီ၏ လက် (၃)ချောင်းမှ ရွှေရောင်အလင်းတန်း (၃)ခု ထွက်ပေါ်လာသည်။ ထို ရွှေရောင်အလင်းတန်းများက အလွန်ပြင်းထန်ပြီး ဖျက်ဆိးနိုင်စွမ်းလည်း အလွန်တရာ မြင့်မားလေ၏။
ထိုအလင်းတန်းများနှင့် ရင်ဆိုင်မိသည်နှင့် ရန်တိ၏ခရမ်းရောင်ဓားအလင်းတန်းက ချက်ချင်း တုန်ခါသွားသည်။
ဖန်းပေါ်ထိုင်က အေးစက်စွာ ရယ်မောရင်း...
“မင်းက အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းကို အသုံးပြုတယ် ၊ ငါတို့ နေသူတော်စင်ဂိုဏ်းက ထူးကဲယန်လက်သီးသိုင်းကို အသုံးပြုတယ် ၊ နေသုံးစင်က ငါတို့အတွက် လမ်းဖွင့်ပေးတာပဲ”
ဟွမ်ကွမ်လီက နေသူတော်စင်ဂိုဏ်း၏ အဆင့်အမြင့်ဆုံးသိုင်းပညာကို ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်၏။ ထူးကဲယန်လက်သီးသိုင်းမှ မရဏတိုက်ကွက်ဖြစ်သော “နေသုံးစင်းလမ်းဖွင့်ခြင်း” ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထိုသိုင်းစွမ်းအားက ဝါဒတောင်နှင့် ရန်တိရှိရာသို့ ပြင်းထန်ကြမ်းတမ်းသောစွမ်းအားဖြင့် ထိုးနှက်ဝင်ရောက်လာသည်။
ရွှေရောင်အလင်းတန်း (၃)ခုက မိုးမြေတစ်ခွင်လုံးသို့ ဖောက်ထွင်းသွားသည်။
ရန်တိ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး မိုးကောင်းကင်ကိုခွင်းတော့မည့်အလား ပြင်းထန်သောဓားချက်ဖြင့် ထိုအလင်းတန်း (၃)ခုကို ရင်ဆိုင်လိုက်သည်။
ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ခရမ်းရောင်ဓားအလင်းတန်းက အဆက်မပြတ် တုန်ခါနေသည်။
ခရမ်းရောင်ဓားအလင်းတန်းနှင့် ရွှေရောင်အလင်းတန်း (၃)ခု ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည်နှင့် သူတို့၏စွမ်းအားက နောက်တစ်ဆင့် မြင့်တက်သွားသည်။
ရန်တိ၏ အမူအရာက တည်ငြိမ်နေသည်။ သူက ခံစစ်အနေအထားဖြင့် ရင်ဆိုင်ရင်း ဓားကို ရင်ဘတ်ရေးတွင် ဒေါင်လိုက်အနေအထား ကိုင်ဆောင်ထားသည်။
ရန်တိ၏ ခရမ်းရောင်ဓားအလင်းတန်းက မိုးကုတ်စက်ဝိုင်းကို ပိုင်းဖြတ်လိုက်ပြီး မိုးမြေတစ်ခါင်ကို ကမ္ဘာနှစ်ခြမ်းပမာ ပိုင်းခြားပစ်လိုက်သည်။ ကမ္ဘာတစ်ဖက်ခြမ်းက ဝါဒတောင်ဖြစ်ပြီး ကျန်ကမ္ဘာတစ်ခြမ်းက ရွှေရောင်အလင်းတန်းများ တည်ရှိနေသည်။
ခရမ်းရောင်ဓားအလင်းတန်းသည်လည်း ရှေ့မတိုးသာသလို ရွှေရောင်အလင်းတန်းများသည်လည်း ရှေ့တိုးမလာနိုင်ကြပေ။ နှစ်ဖက်လုံးက မတိုးသာမဆုတ်သာအခြေအနေဟု ဆိုနိုင်သည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် ဝါဒတောင်ပင်မအစီအရင်မှ စွမ်းအားများကို ရယူထားသော ရန်တိသည် ကောင်းကင်ထောက်တိုင်တစ်ခုအလား မိုးမြေအလယ်တွင် မားမားမတ်မတ် ရပ်တည်လျှက် ဝါဒတောင်ရှိရာကမ္ဘာဘက်ခြမ်းသို့ ဟွမ်ကွမ်လီအား ခြေချခွင့် မပြုခဲ့ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဟွမ်ကွမ်လီက “လောကပထမ” ဖြစ်သည်။
ရန်တိက ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် ဝါဒတောင်ပင်မအစီအရင်မှ စွမ်းအားများကို အသုံးပြုပြီး ထိုသို့သောပုဂ္ဂိုလ်တစ်ယောက်ကို တားဆီးထားနိုင်ခဲ့သည်။
စွမ်းအားမြင့်မားသူ (၂)ယောက်ကြား တိုက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ စွမ်းအားလှိုင်းလုံးများကြောင့် ဝါဒတောင်မထိခိုက်စေရန်လည်း ရန်တိက ကာကွယ်ပေးထားသည်။ ထို့ကြောင့် သူတို့ (၂)ယောက်၏ တိုက်ပွဲက ဝါဒတောင်နှင့် ဂိုဏ်းသားများကို ထိခိုက်ခြင်း မရှိပေ။
ဂိုဏ်းသားများ အန္တရယ်ကင်းရေးကိုသာ မစိုးရိမ်ရလျှင် ရန်တိက ဟွမ်ကွမ်လီကို ခံစစ်ဖြင့် ထိန်းမထားဘဲ တန်ပြန်တိုက်စစ်ဆင်မည် ဖြစ်သည်။
ရန်တိအတွက် တိုက်စစ်က ခံစစ်ထက် ပိုမိုစွမ်းအားမြင့်မားမည်မှာ အသေအချာပင် ဖြစ်သည်။
သို့ပေသိ ဟွမ်ကွမ်လီ၏လက်ထဲတွင် မည်သည့်လက်နက်မှကိုင်မထားကြောင်း မည်သူမှ မမေ့လျော့ခဲ့ကြပေ။
နေသူတော်စင်ဂိုဏ်း၏ အထွတ်ထိပ်မှောင်ဝင်ပစ္စည်းဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” သည် ထွက်ပေါ်လာခြင်း မရှိသေးပေ။
ရန်ကျောက်ကဲနှင့် အားဟူတို့က မိုးကြိုးတောင်ထွတ်တွင် မတ်တတ်ရပ်ရင်း တိုက်ပွဲကို ကြည့်နေကြသည်။
အားဟူက တံတွေးတစ်ချက်မျိုချရင်း...
“တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးတဲ့နောက် ဟွမ်ကွမ်လီက တကယ်ကြောက်စရာကောင်းလာတာပဲ ၊ သိုင်းသူတော်စင်အဆင့်ဆိုတာ တကယ်ကြောက်စရာကောင်းတယ် ၊ ဒါကြောင့် ဂိုဏ်းချုပ်ဟောင်းက အဆင့်တက်ဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တာကိုး”
ကောင်းကင်ထက်တွင်တော့...
ဟွမ်ကွမ်လီက ကမ္ဘာအလင်းအရှင်နှင့် ဖန်းပေါ်ထိုင်တို့ကို လှည့်ကြည့်ရင်း...
“ရန်တိက ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ ၊ ဒါပေမဲ့ ဒီတိုက်ပွဲက သူ့ဘဝရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ် ၊ ဒီအဘိုးကြီး သူနဲ့ နည်းနည်းကစားလိုက်ဦးမယ် ၊ မင်းတို့ (၂)ယောက်ကတော့ ဝါဒတောင်ကို အမှုန့်ချေဖို့ တာဝန်ယူလိုက်ကြ”
ကမ္ဘာအလင်းအရှင်နှင့် ဖန်းပေါ်ထိုင်တို့ ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်...
တောက်ပနေသော နေမင်းတစ်စင်းက လေထဲတွင် အရှိန်ပြင်းစွာမြင့်တက်လာပြီး ဝါဒတောင်ရှိရာသို့ လျှင်မြန်စွာ ဝင်ရောက်လာလေတော့၏။
***