← Chapters

တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော’ယွမ်ကျန်းဖုန်း’

Vol. 22 Ch. 309

တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော’ယွမ်ကျန်းဖုန်း’

Vol. 22 Ch. 309

ဖန်းပေါ်ထိုင် ၊ ကမ္ဘာအလင်းအရှင်နှင့် ရန်လိုစိတ်ရှိသောနေသူတော်စင်ဂိုဏ်းမှ ဂိုဏ်းသားများက ဝါဒတောင်ရှိရာသို့ အတူတကွ ဆင်းသက်လိုက်ကြသည်။

အကြီးအကဲ’ကျန်း’ ၊ အကြီးအကဲ’ကုန်း’ နှင့် ကျန်ဂိုဏ်းသားများအားလုံးက အလေးအနက်ထားကာ ရန်သူများကို ကြည့်နေကြသည်။

ဖန်းပေါ်ထိုင်၏ မျက်ဝန်းများက မိုးကြိုးတောင်ထွတ်တွင်ရှိနေသော ရန်ကျောက်ကဲထံသို့ ကျရောက်သွားသည်။

“’ရန်’ အိမ်က ကောင်လေး ၊ မင်းက ဒီအဘိုးကြီးရဲ့မြေးကို သတ်လိုက်တယ် ၊ ဒီနေ့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

ကမ္ဘာအလင်းအရှင်က ဝါဒတောင်၏ တောင်ထွတ် (၈)ခုကို အကဲခတ်နေသည်။

စောစောကပင် ဝါဒ‌တောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းဖြင့် အပြင်းအထန် တိုက်ပွဲဆင်နွှဲခဲ့သည်။

တိုက်ပွဲကြောင့် ဖြစ်ပွားခဲ့သော အပျက်အဆီး အကျိုးအပဲ့ အများစုကို ဝါဒတောင်က ရှင်းလင်းပြီးဖြစ်သော်လည်း အပေါ်ပိုင်းပြတ်တောက်သွားသော မီးတောက်တောင်ထွတ်ကိုကြည့်ခြင်းအားဖြင့် အစောပိုင်းတိုက်ပွဲ မည်မှပြင်းထန်ကြောင်း ကမ္ဘာကသိရှိမည်သာပင်။

မီးတောက်တောင်ထွတ်သည် ညီညာပြန့်ပြူးခြင်းမရှိတော့ဘဲ ထိပ်ပိုင်းတစ်ခုလုံး ကျောက်သားများကြမ်းရှစွာဖြင့် ချွန်ထက်နေခဲ့ပြီ မဟုတ်ပါလား။

ယခုလည်း ဝါဒတောင်မှာ အသက်ရှူချိန်ပင်မရဘဲ နောက်ထပ်ပိုမိုကြီးမားသော တိုက်ပွဲတစ်ခု ကျရောက်လာပြန်လေပြီ။

ကမ္ဘာအလင်းအရှင်က သိမ်မွေ့သောလေသံဖြင့်...

“အစွန်းရောက်ရှစ်ပါးကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းမှာ ဝါဒ‌တောင်ဂိုဏ်းက ကြီးမားတဲ့ညစ်နွမ်းမှုတွေကို ဖုံးကွယ်တဲ့ဂိုဏ်းတစ်ဂိုဏ်းဖြစ်တယ် ၊ သူတို့က သူတို့ ငရဲကိုးထပ်နဲ့ တိတ်တဆိတ်ပူးပေါင်းပြီး ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့တယ် ၊ ပြီးတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ငရဲကိုးထပ်က မိစ္ဆာနတ်ဆိုးတွေဝင်လာအောင် လမ်းဖွင့်ပေးခဲ့တယ် ၊ ဒီကိစ္စက အပြစ်မဲ့လူသားတွေရဲ့ အသက်ပေါင်းများစွာ စတေးခဲ့ဖို့အထိ ဦးတည်ခဲ့တယ်”

ခဏနားပြီးမှ သူကဆက်ပြောသည်။

“ဒါကြောင့် ဝါဒတောင်က ကမ္ဘာကြီးအတွက် အန္တရယ် ၊ လူသားတိုင်းရဲ့ ရန်သူဖြစ်တယ်”

ထိုစကားကိုကြားတော့ အကြီးအကဲ’ကျန်း’ ၊ အကြီးအကဲ’ကုန်း’ နှင့် အခြားသောဝါဒတောင်ဂိုဏ်းသားများအားလုံး ဒေါသချောင်းချောင်းထွက်သွားကြသည်။

“နေသူတောစင်ဂိုဏ်းက တကယ်ပဲ သောက်ရှက်မရှိဘူး”

အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

ထိုစကားကို ပြောလိုက်သူမှာ ဖူအန်းစု ဖြစ်၏။

သူမက မျက်ခုံးတစ်ချက်ပင့်ရင်း...

“မီးတောက်မိစ္ဆာတွေကို တိုက်ခိုက်တုန်းကလည်း ရှင်တို့ နေသူတော်စင်ဂိုဏ်းက စစ်ကူတွေစေလွှတ်ခဲ့တယ်ဆိုပေမယ့် ဘာမှမပြောပလောက်ဘူး ၊ ကမ္ဘာတစ်ခုလုံးသေရေးရှင်ရေးတိုက်ပွဲဖြစ်နေတဲ့အချိန်မှာတောင် ရှင်တို့အင်အားကို ထိန်းသိမ်းထားခဲ့တယ် ၊ ဒီနေ့ ကျွန်မတို့ဝါဒတောင်က ငရဲကိုးထပ်ဝင်ရောက်လာမှာကိုတားဆီးဖို့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ သွေးစွန်းတိုက်ပွဲ ဆင်နွှဲခဲ့ရတယ် ၊ ကျွန်မတို့ သူတို့ကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့တယ် ၊ ဒါပေမဲ့ ရှင်တို့က ပွဲပြီးမှရောက်လာပြီး နှမ်းဖြူးနေတယ်”

သူမက ဆက်ပြောသည်။

“ကမ္ဘာပေါ်မှာ ကိုယ့်ဟာကိုယ် နံပါတ် (၁)လို့သတ်မှတ်ထားတဲ့ ထိပ်သီးသိုင်းဂိုဏ်းကြီးက ကမ္ဘာကိုကာကွယ်ပေးတာ တစ်ခါမှ မတွေ့ဖူးခဲ့ဖူးဘူး ၊ ကိုယ့်အချင်းချင်းတိုက်ခိုက်ဖို့ကျတော့ ဝမ်းသာအားရအစွမ်းပြဖို့ရောက်လာတယ် ၊ ကမ္ဘာကလည်း ရှင်တို့ကို အဲဒီလိုပဲ မြင်ကြလိမ့်မယ်”

ဖူအန်းစုက ဒေါသတကြီး ကြုံးဝါးလိုက်ရင်း...

“အခု ငါတို့ဝါဒတောင်ကို ဒီလိုမကောင်းပြောတာ... ရှင်တို့အရှက်မရှိတာပဲ တစ်လောကလုံး သိသွားကြလိမ့်မယ်”

လောကအလင်းအရှင်က တည်ငြိမ်သည့်လေသံဖြင့်...

“ငါတို့ နေသူတော်စင်ဂိုဏ်းက ငရဲကိုးထပ်ဝင်ရောက်လာတာကိုတားဆီးပြီး လူသားကမ္ဘာသန့်စင်စေဖို့အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ သစ္စာဖောက်ဖြစ်တဲ့ ဝါဒတောင်ကို ရှင်းပစ်ဖို့ ရောက်လာတာပါ”

သူက ဝါဒတောင်တစ်ခွင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“မင်းတို့ဝါဒတောင်က ငရဲကိုးထပ်အတွက်လမ်းဖွင့်ပေးဖို့ ကြံစည်နေကြတာ မဟုတ်လား ၊ ငါတို့နေသူတော်စင်ဂိုဏ်းက အဲဒါကိုတားဆီးဖို့ရောက်လာတာ ၊ ဒါပဲလေ”

ထို့နောက် သူက ခေါင်းတစ်ချက်ခါယမ်းရင်း...

“ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ ဝါဒတောင်က ငရဲကိုးထပ်က ခွေးတွေဖြစ်လာလိမ့်မယ်လို့ အစက ထင်မထားခဲ့မိဘူး”

ထိုစကားကြောင့် အကြီးအကဲ’ကျန်း’‌ ဒေါသချောင်းချောင်းထွက်လျှက် မျက်နှာသည်လည်း အရုပ်ဆိုးအကျည်းတန်သွားသည်။

အကြီးအကဲ’ကုန်း’ကတော့ တည်ငြိမ်သည့်လေသံဖြင့်...

“သမိုင်းကိုကြည့်မယ်ဆိုရင်.. မင်းတို့နေသူတော်စင်ဂိုဏ်းက ပြင်ပအန္တရယ်ကိုဘယ်တော့မှမကာကွယ်ဘဲ ကိုယ့်အချင်းချင်းပဲ တိုက်ခိုက်လေ့ရှိတယ် ၊ ဒီအဘိုးကြီး မျက်မြင်ပဲ ၊ ဒီတော့ မီးတောက်မိစ္ဆာတို့ ငရဲကိုးထပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ငါတို့မဟုတ်ဘဲ မင်းတို့တွေပဲ ဖြစ်နိုင်ခြေရှိတယ်”

ကမ္ဘာအလင်းအရှင်က အေးစက်စွာဖြင့်...

“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းရဲ့ ဇာစ်မြစ်က မင်းတို့ဝါဒတောင်က အစပြုတာပဲ ၊ မင်းတို့ဝါဒတောင်က ယွမ်ကျန်းဖုန်းနဲ့ ရှင်းတုန်းဖင်း တစ်ယောက်ယောက်က ချောက်နက်အရှင်သခင်ဆိုတာ သေချာတယ် ၊ ဒီသတင်းက အခု တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီ ၊ ဒီတော့ စကားလုံး‌လေးနည်းနည်းလောက်နဲ့ ကမ္ဘာကို လှည့်စားလို့ရမယ်မထင်နဲ့”

အကြီးအကဲ’ကျန်း’ က လေးနက်သည့်လေသံဖြင့်...

“ငါတို့ဂိုဏ်းက သစ္စာဖောက်ရှင်းတုန်းဖင်းကို ရှင်းပစ်လိုက်ပြီ ၊ သူနဲ့အတူ မိစ္ဆာသူတော်စင်ယွမ်ထျန်းကိုပါ သုတ်သင်လိုက်ပြီ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက ငါတို့ဂိုဏ်းကိုတိုက်ခိုက်ခဲ့တယ် ၊ ငါတို့က သူတို့အဖွဲ့အစည်းကို အမြစ်ဖြတ်သုတ်သင်လိုက်တယ် ၊ ဒါက မင်း ငြင်းလို့မရတဲ့ကိစ္စပါပဲ”

ထိုအချိန်...

အဝေးဆီမှ စကားသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“အမှန်ပဲ ၊ ဒါပေမဲ့ ဒါက ဆင်သေကိုဆိတ်ရေနဲ့ဖုံးဖို့ ကြိုးစားတာပဲ ၊ ကမ္ဘာကြီးကို လှည့်စားဖို့အတွက် မင်းတို့က ကိုယ့်လူကိုယ်ထိုးကျွေးလိုက်တဲ့ သဘောပဲလေ”

စကားသံနှင့်အတူ လေထံတွင် လူရိပ်များစွာ ထွက်ပေါ်လာသည်။

အုပ်စုကိုဦးဆောင်လာသူမှာ သက်လတ်ပိုင်းလူရွယ်တစ်ယောက်နှင့် ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။

လူရွယ်၏လက်ထဲတွင် ခရမ်းရောင်အလင်းတန်းများတောက်ပနေသည့် ဓားတစ်လက်ကိုကိုင်ဆောင်ထားသည်။ ထိုသူက အခြားသူမဟုတ် ၊ ကောင်းကင်မိုးကြိုးခန်းမမှ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ‘လင်ထျန်းဖုန်း’ ဖြစ်သည်။

သူ့ဘေးနားမှ အဘိုးအိုက လင်ထျန်းဖုန်းထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည်။ သူက ကောင်းကင်မိုးကြိုးခန်းမ၏ ဘိုးဘေးအကြီးအကဲတစ်ယောက်ဖြစ်ပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပေပြီ။ ထိုအဘိုးအိုက ပြင်ပလောကသို့ ထွက်ပေါ်လာခြင်းမရှိဘဲ ကောင်းကင်မိုးကြိုးခန်းမတွင်သာ နေထိုင်သူဖြစ်ပြီး ယခုမှ အပြင်သို့ထွက်ပေါ်လာခြင်းပင်။

သူတို့ (၂)ယောက်နောက်တွင် ကောင်းကင်မိုးကြိုးခန်းမမှ ထိပ်တန်းသိုင်းသမားများစွာ ရှိနေကြသည်။

သူတို့ရောက်ရှိလာခြင်းက ဝါဒတောင်တစ်ခုလုံး တိမ်မဲများဖုံးလွှမ်းသွားပြီး အသက်ရှူကျပ်စေသည့် ခံစားချက်ကို ပေးစွမ်းသည်။ ဤသည်က ဝါဒတောင်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည်ဟု ခြိမ်းခြောက်လိုက်သည့်သဘောပင် ဖြစ်သည်။

လင်ထျန်းဖုန်းက...

“ဒီနေ့ မင်းတို့စကားကိုယုံကြည်ပြီး ငါတို့ မတိုက်ခိုက်ဘဲ ပြန်ဆုတ်သွားမယ်ဆိုရင် မနက်ဖန်မှာ ငရဲကိုးထပ်က အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကျူးကျော်လာမှာပဲ ၊ ဒီတော့ ငါတို့က မင်းတို့လှည့်စားတာကိုတော့ လက်သင့်မခံနိုင်ဘူး”

ဖန်းပေါ်ထိုင်က အေးစက်စွာဖြင့်...

“ဘာလို့သူတို့နဲ့ ဒီလောက်အချိန်ကုန်ခံပြီး စကားပြောနေရတာလဲ ၊ ဘာပဲဖြစ်ဖြစ် ဒီနေ့က ဝါဒတောင်ကျဆုံးရမယ့်နေ့ပဲ”

ဖန်းပေါ်ထိုင်က ဝါဒတောင်တစ်ခုလုံးနှင့် ရန်ကျောက်ကဲကို အေးစက်သည့်မျက်ဝန်းများဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။

“အရှေ့ထန်တိုက်ပွဲမှာ မင်းတို့က ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ ပူးပေါင်းပြီး ငါတို့နေသူတော်စင်ဂိုဏ်း ရှုံးနိမ့်သွားအောင် အတင်းအကျပ် ဖိအားပေးခဲ့တယ် ၊ ဒီနေ့တော့ ကံကြမ္မာက တစ်ပတ်လည်လာပြီ ၊ အဲဒီတုန်းက ငါတို့နေသူတော်စင်ဂိုဏ်းအရှက်ကွဲခဲ့တာကို မင်းတို့ဆီကို ပြန်ပေးမယ်”

သူက ဆက်ပြောသည်။

“ဒီနေ့ကစပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဝါဒတောင်ဆိုတာ မရှိရတော့ဘူး”

စွမ်းအားမြင့်မားသည့် ရန်သူများနှင့် ရင်ဆိုင်ရပြီး ကြီးစွာသောဖိအားကို ခံစားရသည့်တိုင် အကြီးအကဲ’ကျန်း’ ၊ အကြီးအကဲ’ကုန်း’ ၊ ဖူအန်းစုနှင့် ဝါဒတောင်မှ အခြားသောထိပ်တန်းသိုင်းသမားများမှ အစပြုကာ အောက်ခြေသိုင်းသမားများအထိ အန္တရယ်ကို မတုန်မလှုပ်ရင်ဆိုင်ရန် စောင့်ဆိုင်းနေကြသည်။

ရန်ကျောက်ကဲသည်လည်း မိုးကြိုးတောင်ထွတ်တွင် တည်ငြိမ်စွာ ရှိနေသည်။ သူက လက်ပိုက်ထားရင်း အေးအေးဆေးဆေးပင် သူ့အရှေ့မှ အုပ်စုများကို အကဲခတ်နေသည်။ ဖန်းပေါ်ထိုင် ၊ ကမ္ဘာအလင်းအရှင် ၊ လင်ထျန်းဖုန်း ၊ ဟွမ်ကွမ်လီတို့ကြားတွင် သူ့မျက်ဝန်းများက ပြေးလွှားလျှက်ရှိ၏။

ဖန်းပေါ်ထိုင်ကဲ့သို့ ဝါရင့်သိုင်းဆရာသခင်တစ်ယောက်နှင့် ရင်ဆိုင်ရခြင်းက အသက်အန္တရယ်နှင့် နီးကပ်သည့်တိုင် ရန်ကျောက်ကဲကတော့ တစ်စက်လေးပင် ကြောက်ရွံ့ဟန် မရှိ‌ပေ။

သူက အခြေအေနေများကို စေ့စေ့စပ်စပ် တွေးတောနေသည်။ ဤအခြေအနေမျိုးတွင် သူပြုလုပ်ထားသည့် အစီအစဉ်များအရ ပစ်မှတ်ကို မှန်ကန်စွာ ရွေးချယ်ရပေမည်။

သို့မဟုတ် အရင်ဆုံးထိုးနှက်နိုင်မည့်အရာကို ရှာဖွေရမည်ဟုလည်း ဆိုနိုင်သည်။

ရန်ကျောက်ကဲ အနောက်ဘက်တောင်တန်းများဆီမှ ရေကန်တောင်သို့ လှမ်းကြည့်ရင်း စဉ်းစားလိုက်သည်။

“ဆရာဘိုးဘိုး အချိန်မီပါ့မလားမသိဘူး ၊ သူ တံခါးပိတ်မကျင့်ကြံခင် ကြိုတင်ခန့်မှန်းချက်အရဆိုရင် ဒီတစ်ရက်နှစ်ရက်အတွင်း ဖြစ်နိုင်တယ်...”

အခြားသောဝါဒတောင်သိုင်းသမားများ၏အတွေးက ရန်ကျောက်ကဲနှင့် ထပ်တူမကျသည့်တိုင် အနောက်ဘက်တောင်တန်းများမှ ရေကန်တောင်ဆီသို့ သတိလက်လွတ်ဖြင့် လှမ်းကြည့်မိကြသည်။ စွမ်းအားကြီးမားသောရန်သူဖြင့် ရင်ဆိုင်ရသည့်အခါ အားလုံးက ယွမ်ကျန်းဖုန်းကို သတိရမိကြသည်။

ရေကန်တောင်တွင် ဝါဒတောင်ကို နှစ်ပေါင်းများစွာ အကာအကွယ်ပေးခဲ့သော အဘိုးအိုတစ်ယောက်သည် ဝါဒတောင်အတွက်ပင် စွန့်စွန့်စားစားဖြင့် တံခါးပိတ်ကျင့်ကြံလျှက် ရှိသည်။

သို့သော် သူတို့အားလုံး၏မျက်နှာများ ချက်ချင်းပင် မှိန်ဖျော့သွားကြသည်။

အဘယ်ကြောင့်ဆိုသော ထိုအဘိုးအို ကျင့်ကြံခြင်းအဆင့် အောင်မြင်စွာတက်ရောက်နိုင်ခြင်း မရှိလျှင် အသက်ဆုံးပါးရမည် ဖြစ်သည်။

အောင်မြင်မည်ဆိုလျှင်လည်း အချိန်တိုအတွင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထိုအချိန် ဟွမ်ကွမ်လိ၏အသံက လေထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ရန်တိ ၊ မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် ၊ ငါနဲ့အတူ ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ ကို ယူလာတယ် ၊ ဒါပေမဲ့ မင်းနဲ့တိုက်ခိုက်တဲ့အခါ အဲဒီပေတံကို မသုံးဘူး ၊ ဘာလို့လဲဆိုတော့ မင်းက ရှားပါးတဲ့ပါရမီရှင်တစ်ယောက် ဖြစ်လို့ပဲ ၊ ဒီတိုက်ပွဲက မင်းဘဝရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက် ဒီအဘိုးကြီးက မင်းအရည်အချင်းကို ကမ္ဘာကလူတွေအားလုံးရှေ့မှာ ထွန်းလင်းခွင့်ပေးမယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း ယွမ်ကျန်းဖုန်းအပေါ် မျှော်လင့်ချက်ထားနေတယ်ဆိုရင်တော့ မေ့လိုက်တော့လို့ပဲ ပြောချင်တယ် ၊ ယွမ်ကျန်းဖုန်းက ဒီအဘိုးကြီးထက် ခြေတစ်လှမ်းနောက်ကျနေပြီ ၊ သိုင်းသူတော်စင်အဆင့်တက်ရောက်နိုင်မယ်ဆိုဦးတော့ သူ့ရဲ့ဒဏ်ရာဟောင်းတွေကြောင့် အနည်းဆုံး အချိန် (၁)နှစ်တော့ တံခါးပိတ်ကျင့်ကြံရလိမ့်မယ် ၊ အခု ဒီအဘိုးကြီးသိသလောက် သူ တံခါးပိတ်ကျင့်ကြံတာ လနည်းနည်းလောက်ပဲ ရှိသေးတယ် မဟုတ်လား”

“မင်းနဲ့ ဝါဒတောင်ကို ဖျက်ဆီးပစ်ဖို့အတွက် အချိန် (၁)နှစ်ကျော် စောင့်နေမယ်လို့ ထင်သလား ၊ မင်း ပြောကြည့်စမ်း... မင်း ငါ့ကို (၁၀)မိနစ်တောင် တားဆီးနိုင်ပါ့မလား”

ဟွမ်ကွမ်လီ၏စကားသံများက မိုးမြေတစ်ခွင်ပဲ့တင်ထပ်ကာ အလယ်ပိုင်းကောင်းကင်ဒေသတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။

“ပြီးတော့ ဒီအဘိုးကြီးက တံခါးပိတ်ကျင့်ကြံရာမှာ အောင်မြင်မှုရခဲ့တယ် ၊ ၊ လက်ထဲမှာ ‘မဟာနေမင်းတိုင်းတာခြင်း’ ပေတံရှိနေမယ်ဆိုရင် ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာရင်တောင်မှ ဒီနေ့ ဒီအဘိုးကြီးက ဝါဒတောင်ကို နင်းချေပစ်မှာပဲ”

ထိုခဏမှာပင် ဝါဒတောင်အနောက်ဘက်တောင်တန်းများ ရုတ်တရက် တုန်ခါသွားသည်ကို ခံစားလိုက်ကြရသည်။ ခမ်းနားပြီးအကန့်အသတ်မဲ့ကာ ကောင်းကင်ပြင်ပမာကျယ်ပြန့်သော စွမ်းအားတစ်ခုက ထိုတောင်တန်းများဆီမှ ထွက်ပေါ်လာသည်။

“ဆီလျော်မှုမရှိတဲ့ အဘိုးကြီး’ဟွမ်’ ၊ လျှာအရိုးမရှိတိုင်း သောက်ပြောကတော့ကြီးပါ့...”

စကားသံနှင့်အတူ ရေကန်တောင်ထက်မှ ကြီးမားသောအလင်းတိုင်ကြီးတစ်တိုင် ကောင်းကင်ကိုထိုးခွင်းထွက်ပေါ်လာသည်။ ထိုအလင်းတိုင်ကြီးထဲတွင် မထင်မရှားလူရိပ်တစ်ခုကို တွေ့မြင်ရသည်။

ရေကန်တောင်ကို စောင့်ကြပ်နေသော အကြီးအကဲ’ဟယ်’ မှာ ပျော်ရွှင်ရန်အချိန်မရဘဲ ကြိုတင်စီစဉ်ထားသည့်အတိုင်း ချက်ချင်းလှုပ်ရှားလိုက်သည်။ ရေကန်တောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော သူမ၏လက်များကို ရုပ်သိမ်းလိုက်ပြီး လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။ သူမ၏လက်ဖဝါးထက်တွင် ဝိညာဉ်သင်္ကေတစ်ခုပေါ်လာပြီး ထိုဝိညာဉ်သင်္ကေတက အလင်းတိုင်ကြီးအတွင်းမှ လူရိပ်ထံသို့ ကျရောက်သွား၏။

ထိုလူရိပ်က ကောင်းကင်ထက်သို့ လက်ကိုပင့်မြှောက်လိုက်သည့်အခါ ရန်တိက ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ရန်တိ၏ဓားဦးချွန်ထိပ်ဖျားတွင်ရှိနေသော ကျုံ့ဝင်နေသည့် ဝါဒတောင်ပင်အစီအရင်က ထိုသူ၏လက်ဖဝါးထက်သို့ ချက်ချင်းပင် ပျံသန်းထွက်ခွာသွားသည်။

ဝါဒတောင်ပင်မအစီအရင်၏စွမ်းအားကို ဆုံးရှုံးလိုက်သည်နှင့် ဟွမ်ကွမ်လီ၏ ကြောက်မက်ဖွယ်ရာစွမ်းအားများက တောင်ကိုဖြိုဖျက် ၊ ပင်လယ်ကိုမှောင်လှန်ပစ်တော့မည့်အလား ရန်တိထံသို့ ဝင်ရောက်လာသည်။

သို့သော် ရေကန်တောင်ထိပ်မှလူရိပ်က ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရန်တိရှေ့သို့ ရောက်လာပြီး ကာကွယ်ပေးလိုက်သည်။ ထို့နောက် လူရိပ်က လက်ကိုပင့်မြှောက်ပြီး ဟွမ်ကွမ်လီကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ကောင်းကင်တစ်ခွင်လုံးဖုံးလွှမ်းသွားစေလောက်အောင် စွမ်းအားပြင်းထန်သည့် လက်ဝါးရိုက်ချက်က ဟွမ်ကွမ်လီ၏ ‘နေသုံးစင်းလမ်းဖွင့်ခြင်း’ သိုင်းကွက်မှ ရွှေရောင်အလင်းတန်း (၃)ခုကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။

ဟွမ်ကွမ်လီ၏ ကြုံးဝါးအော်ဟစ်သံကြီးက မိုးမြေတစ်ခွင် ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။

“ယွမ်... ကျန်း... ဖုန်း”

***

All Chapters