← Chapters

ပြန်ပေးဆပ်ရမယ်

Vol. 22 Ch. 310

ပြန်ပေးဆပ်ရမယ်

Vol. 22 Ch. 310

ရန်တိရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသည်။

ထိုသူက ကြီးမားကြံ့ခိုင်သောလူတစ်ယောက်မဟုတ်ဘဲ သာမန်အဘိုးအိုတစ်ယောက်မျှသာ ဖြစ်သည်။

သို့သော် အဘိုးအို၏ခန္ဓာကိုယ်က ကောင်းကင်ထိတိုင် မြင့်မားနေသည့်အလား ထင်မှတ်ရသည်။

ထိုသူမှာ ဝါဒ‌တောင်၏ ဂိုဏ်းချုပ်ဟောင်း ‘ယွမ်ကျန်းဖုန်း’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

လေထဲတွင်ရပ်နေသည့် ဟွမ်ကွမ်လီက ယွမ်ကျန်းဖုန်းကို ငုံ့ကြည့်ရင်း...

“မင်း တံခါးပိတ်ကျင့်ကြံရာကထွက်လာတာ အတော်မြမန်တာပဲ ၊ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီး သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာခဲ့ပြီလား ၊

ဟွမ်ကွမ်လီ ချက်ချင်း သဘောပေါက်သွားသည်။

“တံခါးပိတ်မကျင့်ကြံခင် မင်းရဲ့ဒဏ်ရာဟောင်းက ပြန်ကောင်းသွားခဲ့တာလား ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မင်းဒဏ်ရာ ပြန်ကောင်းလာပြီဆိုရင်လည်း ဘာလို့ စောစောစီးစီး တံခါးပိတ်မကျင့်ကြံခဲ့တာလဲ ၊ ဘာလဲ... ငါ့ကိုဆွဲထုတ်ချင်လို့ တမင်သက်သက်စောင့်နေခဲ့တာလား”

ယွမ်ကျန်းဖုန်းက ရယ်မောရင်း...

“အဓိပ္ပါယ်မဲ့တွေ ပြောပြန်ပြီ ၊ တကယ်က မင်း ကံမကောင်းလို့ ဖြစ်ရတာလေ ၊ ငါကတော့ ကံကောင်းတာပေါ့”

ဂိုဏ်းချုပ်ဟောင်းယွမ်ကျန်းဖုန်း မိုးထိတောင်ထိပ်တွင် ပေါ့ပေါ့ပါးပါး စကားပြောနေသည်ကို တွေ့ရသည့်အခါ ဝါဒတောင်ဂိုဏ်းသားများအားလုံး ဝမ်းသာရွှင်လန်းသွားကြသည်။

သို့သော် ကမ္ဘာအလင်းအရှင် ၊ ဖန်းပေါ်ထိုင် ၊ လင်ထျန်းဖုန်း ၊ နေသူတော်စင်ဂိုဏ်းမှ သိုင်းသမားများနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကတော့ မျက်နှာပျက်သွားကြသည်။ သူတို့ခေါင်းထဲမှ အတွေးများသည်လည်း ပေါ့ပေါ့ပါးပါး မရှိကြတော့ပေ။

ယွမ်ကျန်းဖုန်းသည် သိုင်းသူတော်စင်အဆင့်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်သာမက သူတို့အားလုံး ခန့်မှန်းထားသည်ထက်ပင် တံခါးပိတ်ကျင့်ကြံရာမှ အချိန်စောပြီး ထွက်လာခဲ့သည်။ ရုတ်တရက် ပြောင်းလဲသွားသောအခြေအနေကို သူတို့ မည်သိုရင်ဆိုင်ရမည်လဲ မသိသည်မှာ အမှန်ပင်။

ဤနေရာက ဝါဒတောင်ဖြစ်လေရာ ယွမ်ကျန်းဖုန်းအတွက် အိမ်ကွင်းအသာစီးရှိသလို ဝါဒတောင်ပင်မအစီအရင်ကိုလည်း အသုံးပြုနိုင်သည်။ သိုင်းသူတော်စင်အဆင့်တွင် ဟွမ်ကွမ်လီက ယွမ်ကျန်းဖုန်းထက် ခြေတစ်လှမ်းသာသည့်တိုင် ဝါဒတောင်နယ်မြေတွင်တော့ ယွမ်ကျန်းဖုန်းကို အနိုင်ယူနိုင်ပါမည်လား မသေချာပေ။

ဟွမ်ကွမ်လီက ယွမ်ကျန်းဖုန်းကို ကြည့်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“မင်း တံခါးပိတ်ကျင့်ကြံရာကထွက်လာပြီး သိုင်းသူတော်စင်တစ်ယောက် ဖြစ်သွားတော့ရော ဘာဖြစ်သေးလဲ ၊ ဒီအဘိုးကြီးအတွက် ဘာမှမထူးခြားဘူး”

ပြောပြီးသည်နှင့် ဟွမ်ကွမ်လီက လက်များကို အထက်သို့မြှောက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို အရှေ့သို့ တွန်းထုတ်လိုက်သည်။

သူ၏လက်ဖဝါးများထက်မှ ခမ်းနားသောရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများက တောက်ပလွန်းလေရာ မိုးမြေတစ်ခွင်မှ အခြားသောအလင်းတန်းများ မှေးမှိန်သွားသယောင် ထင်မှတ်ရသည်။

ကောင်းကင်ထက်တွင် အစစ်အမှန်နေမင်းတစ်စင်းထွက်ပေါ်လာသည့်အလား ရွှေရောင်အလင်းတန်းများတောက်ပလာသည်။ ထိုနေမင်းကြီးက မြေပြင်ထက် (၁၀)ကီလိုမီတာအကွာအဝေးသို့ သက်ဆင်းလာပြီး  အဆုံးမရှိသောအပူလှိုင်းများနှင့် အဖျက်စွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့  ပေါက်ကွဲထွက်သွားသည်။

ထူးကဲယန်လက်သီးသိုင်း ၊ အရှေ့အရပ်မှထွက်သောနေသိုင်းကွက်။

‘အရှေ့အရပ်မှထွက်သောနေသူတော်စင် ဟွမ်ကွမ်လီ’ ဆိုသောအမည်မှာ ဤသိုင်းကွက်ကြောင့် ရရှိထားခြင်းပင်။

ပြင်းထန်လွန်းသည့်စွမ်းအားကြောင့် ဝါဒတောင်ပတ်ဝန်းကျင် မိုးမြေတစ်ခွင်မှ သစ်ပင်ကြီး သစ်ပင်ငယ်များအားလုံး လောင်ကျွမ်းပြာကျတော့မတတ်ဖြစ်ရကာ တစ်လောကလုံးက မီးဖိုကြီးတစ်ခုပမာ ရွှေရောင်တောက်ပလျှက်ရှိသည်။

သို့သော် ကောင်းကင်ထက်မှ ကြီးမားသောလက်ဖဝါးကြီးတစ်ဖက် ရုတ်တရက်ဆန့်ထွက်လာပြီး ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံးဖြင့် ပေါင်းစပ်သွားသည်။

ယွမ်ကျန်းဖုန်းက ဟွမ်ကွမ်လီကိုကြည့်ရင်း...

“မဆီလျော်တဲ့ အဘိုးကြီး’ဟွမ်’ ၊ သိုင်းဆရာသခင်အဆင့်မှာ အကြာကြီးရပ်တန့်နေခဲ့တာ ငါ့အမှားပဲ ၊ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်တူရင် ငါက မင်းထက်သာတယ်ဆိုတာ မေ့နေသလား”

ယွမ်ကျန်းဖုန်းက ကြီးမားသောလက်ဖဝါးကြီးကို လှည့်လိုက်သည်နှင့် ကောင်းကင်ပြောင်းပြန်လန်ကာ မြေပြင်ဇောက်ထိုးဖြစ်သွားသည့်အလား ထင်မှတ်ရသည်။ ဟွမ်ကွမ်လီ၏ တောက်ပသောလင်းထိန်နေသောနေမင်းက ယွမ်ကျန်းဖုန်းလက်ထဲတွင် ဖမ်းဆုပ်မိသွားဟန်ရှိသည်။

ယွမ်ကျန်းဖုန်းက ဆက်ပြောသည်။

“သူရဲကောင်းဆိုတာ ကိုယ်ရည်မသွေးရဘူး ၊ မင်းက ငါ့ထက်ခြေတစ်လှမ်းသာတယ်ဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး သိုင်းသူတော်စင်ဖြစ်နေကြပြီလေ ၊ ငါတို့ရဲ့ လက်ရှိကွာဟချက်က သိုင်းဆရာသခင်နဲ့ သိုင်းသူတော်စင်လိုမျိုး မဟုတ်တော့ဘူး ၊ သိပ်မကွာတော့ဘူး”

ယွမ်ကျန်းဖုန်းက စွမ်းအားပြင်းထန်သော ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ကြောက်မက်ဖွယ်ရာနေမင်းကြီးကို ငြိမ်းသတ်ပစ်လိုက်သည်။

“ပြီးတော့ အခု ငါတို့တိုက်ခိုက်နေကြတာက ဝါဒတောင်မှာလေ”

ဂိုဏ်းတစ်ဂိုဏ်း၏ ဌာနချုပ်ကို အခြားဂိုဏ်းတစ်ဂိုဏ်းက ချေမှုန်းလိုသည်ဆိုလျှင် ဆန့်ကျင်ဘက်အင်အားစု (၂)ခုမှ ထိပ်တန်းသိုင်းသမားများအနေဖြင့် အဆင့်ကွာခြားရန် လိုအပ်သည်။ လာရောက်တိုက်ခိုက်သူ၏ ကျင့်ကြံခြင်းအဆင့်က ခုခံသူ၏ကျင့်ကြံခြင်းအဆင့်ထက် ပိုမိုမြင့်မားရမည် ဖြစ်သည်။

နှစ်ဖက် ကျင့်ကြံခြင်းအဆင့်တူညီနေပါက လာရောက်တိုက်ခိုက်သူဘက်မှ တစ်ပန်းရှုံးသည့် အနေအထားတွင် ရှိသည်။

ကြီးမားသောနေမင်းကြီး ငြိမ်းသတ်သွားသည်နှင့် ကောင်းကင်ထက်တွင် မီးမိုးများရွာသွန်းသည့်အလား မီး‌တောက်များစီးဆင်းထွက်ပေါ်လာသည်။

မီးတောက်များက တောက်ပလွန်းသဖြင့် ကမ္ဘာအလင်းအရှင်နှင့် အခြားသူများ၏မျက်နှာများကို အလင်းရောင်ဟပ်ကာ လင်းထိန်သွားစေသည်။

ထိုစဉ်...

အဝေးတစ်နေရာမှ စွမ်းအားပြင်းထန်သောရောင်ဝါ (၂)ခု ဝါဒတောင်ဆီသို့ အလျှင်အမြန် ချဉ်းကပ်လာသည်ကို တွေ့ရသည်။

စွမ်းအားတစ်ခုက ကြမ်းတမ်းပြင်းထန်ပြီး ကျန်တစ်ခုကတော့ လေးလံပြီးအားမာန်ဝင့်ထည်သည်။

ဝါဒတောင်သို့လာရာလမ်းတွင် ထိုစွမ်းအား (၂)ခု ထိပ်တိုက် ရင်ဆိုင်မိကြသည်။

ယွမ်ကျန်းဖုန်းရော ဟွမ်ကွမ်လီပါ မျက်နှာအမူအရာများ ပြောင်းလဲသွားကြခြင်း မရှိပေ။

ရောက်လာသူများက မည်သူများဖြစ်ကြောင်း သူတို့ (၂)ယောက်လုံး ကောင်းစွာသိရှိသည်။

၎င်းတို့ထဲမှတစ်ယောက်မှာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှသိုင်းသူတော်စင်များအနက် တစ်ယောက်ဖြစ်သော ကောင်းကင်မိုးကြိုးခန်းမ၏အရှင်သခင် အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် “မိုးကြိုးတုန်လှုပ်” ချန်လီ ဖြစ်သည်။

နောက်ထပ်စွမ်းအားတစ်ခုမှာ အဆုံးမဲ့တောင်တန်းမှပိုင်ဆိုင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ရှားပါးအထွတ်ထိပ်မှော်ဝင်လက်နက်များတွင် တစ်ခုအပါအဝင်ဖြစ်သော “မိုးဖြိုပုဆိန်” ဖြစ်သည်။

ထိုရောင်ဝါ (၂)ခု ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ဝါဒတောင်အနားသို့ ချဉ်းကပ်လာခြင်း မရှိတော့ပေ။

ဟွမ်ကွမ်လီက သူတို့ကို အရေးမစိုက်ဘဲ လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။ သူ၏လက်ဖဝါးထက်တွင် ရှည်လျားသည့်ရွှေရောင်ပေတံတစ်လက် ထွက်ပေါ်လာသည်။

နေသူတော်စင်ဂိုဏ်း၏ အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” ပင် ဖြစ်၏။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို လက်တွင်ကိုင်ဆောင်လိုက်သည်နှင့် ဟွမ်ကွမ်လီ၏ စွမ်းအားရောင်ဝါက တဟုန်ထိုးမြင့်တက်လာသည်။ သူက ယွမ်ကျန်းဖုန်းရှိရာ ဝါဒတောင်ဆီသို့ ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ နှင့်အတူ တဟုန်ထိုးဆင်းသက်လာ၏။

ကောင်းကင်ထက်မှနေမင်းကြီးဆင်းသက်လာသည့်အလား မရပ်တန့်နိုင်သော ခမ်းနားကြီးကျယ်သည့် စွမ်းအားများ ထွက်ပေါ်လာသည်။

သိုင်းသူတော်စင်တစ်ယောက်လက်ထဲမှ အထွတ်ထိပ်မှော်ဝင်ပစ္စည်း သိုင်းဆရာသခင်တစ်ယောက်လက်ထဲတွင် ရှိနေသည်ထက် များစွာသာလွန်သည်။ ယခု “မဟာနေမင်းတိုင်းတာခြင်းပေတံ” မှ ကြောက်မက်ဖွယ်ရာစွမ်းအားများ ထွက်ပေါ်လာသည်။

ထိုအချိန် ရန်တိက သူ ဝတ်ဆင်ထားသည့် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ချွတ်လိုက်သည်။

ယွမ်ကျန်းဖုန်းက လက်နှစ်ဖက်ကို ဘေးသို့အသာဆန့်တန်းပြီး ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ သူ၏စွမ်းအားက ခမ်းနားသောကောင်းကင်ပြင်ပမာ တမဟုတ်ချင်း မြင့်တက်သွားသည်။

စွမ်းအားပြင်းထန်သော ကောင်းကင်ဝါဒလက်ဝါးသိုင်းက ထပ်မံထွက်ပေါ်လာပြီး ဟွမ်ကွမ်လီနှင့် မဟာနေမင်းတိုင်းတာခြင်းပေတံကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ပြင်းထန်သောစွမ်းအားများ ရိုက်ခတ်မိသည်နှင့် မိုးမြေတစ်ခွင်လုံး တုန်ခါသွားသည်။

လေထုအက်ကွဲသွားပြီ အက်ကွဲကြောင်းများအတွင်းမှ အာကာသအရည်ကြည်များ စီးဆင်းထွက်ပေါ်လာသည်။

ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ချွတ်လိုက်ပြီးသည်နှင့် ရန်တိက ဒီအတိုင်းရပ်မနေဘဲ သူ၏ ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်းများက ဖန်းပေါ်ထိုင်နှင့် ကမ္ဘာအလင်းအရှင်နှင့် အခြားသူများထံသို့ ဝင်ရောက်သွားသည်။

တုန်လှုပ်ချောက်ချားဖွယ်ရာ နဂါးဟိန်းသံကြီးတစ်သံက ကောင်းကင်ထက်သို့ လွင့်ပျံသွား၏။

အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ကုန်း’ တို့က ဒဏ်ရာအပြင်းအထန်ရထားသဖြင့် အားနည်းနေကြသည့်တိုင် ယခု အကြီးအကဲ’ဟယ်’ ရောက်ရှိလာပြီ ဖြစ်သည်။ ရေကန်တောင်ကို စောင့်ကြပ်စရာမလိုတော့သဖြင့် သူမက တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။

သူမက လက်ဝါးရိုက်ချက်ပေါင်းများစွာဖြင့် ရန်သူများကို ချေမှုန်းပစ်လိုက်သည်။

ရန်တိ၏ ဓားသွားအရှိန်အဟုန်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိုးအောက်မြေပြင်မှ သက်ရှိအားလုံးကို တုန်လှုပ်သွားစေသည်။ ကြောက်မက်ဖွယ်ရာဓားဝိညာဉ်က ကမ္ဘာအလင်းအရှင် ၊ ဖန်းပေါ်ထိုင် ၊ လင်ထျန်းဖုန်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ဆံဖြူအဘိုးအိုတို့ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ဓားချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် သူတို့ (၄)ယောက်လုံး တုန်လှုပ်သွားရသည်။

သူတို့က ရန်တိထက်ဝါရင့်သောသိုင်းသမားများ ဖြစ်ကြပါလျှက် ဓားချက်ကို ခံနိုင်ရည်မရှိကြသောကြောင့် ဖြစ်သည်။

သူတို့ (၄)ယောက်လုံး နောက်ဆုတ်သွားကြစဉ် ရန်တိက ဖန်းပေါ်ထိုင်ကို အေးစက်စွာ စိုက်ကြည့်ရင်း...

“စောစောက ငါတို့ကို ပြန်ပေးဆပ်ရမယ်လို့ အော်နေတာ ဘယ်ကောင်လဲ”

ဖန်းပေါ်ထိုင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သော အ‌နောက်နေဝန်းဓားကို ဝှေ့ယမ်းကာ ရန်တိထံသို့ ဦးတည်ခုတ်ပိုင်းချလိုက်သည်။

သို့သော် ရန်တိက အေးအေးဆေးဆေးပင် သူ၏ဓားကို လုယူလိုက်သည်။ ထို့နောက် ရန်တိက ဓားကိုဝှေ့ယမ်းလိုက်ပြီး သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် အောင်မြင်ပြီးနောက် ဖန်းပေါ်ထိုင်ရရှိထားသည့် အနောက်နေဝန်းပလ္လင်ထက်မှ ဧရာမကိုယ်ခွဲကြီးကို ခုတ်ပိုင်းချလိုက်သည်။ အနောက်နေဝန်းကိုယ်ခွဲကြီးမှာ ချက်ချင်းပင် နှစ်ခြမ်းကွဲသွားသည်။

ဖန်း‌ပေါ်ထိုင် တုန်လှုပ်သွားသလို ဒေါသလည်းထွက်သွားသည်။

ရန်တိက ဖန်းပေါ်ထိုင်၏ အနောက်နေဝန်းဓားကို သိမ်းဆည်းလိုက်ရင်း...

“မင်းတို့သာ ငါတို့ဝါဒတောင်ရဲ့ပင်မအစီအရင်ကို မတိုက်ခိုက်ခဲ့ဘူးဆိုရင် ငါတို့ဂိုဏ်းအနေနဲ့ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ဒီလောက်ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရမှာ မဟုတ်ဘူး ၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ အသက်ဆုံးစရာမလိုသလို ငါတို့ဝါဒတောင်လည်း ဒီလောက် အသေအပျောက်များမှာ မဟုတ်ဘူး”

ရန်တိ လက်သီးကိုတင်းတင်းဆုပ်ထားသည်။ သူ၏မျက်ဝန်းများက ကျားတစ်ကောင်ပမာ စူးရှနေပြီး ရွှေခန္ဓာအလင်းတန်းများက အေးစက်စွာ တောက်ပနေသည်။

ရန်တိက သံမဏီခြင်္သေ့ဘုရင် လေ့ကျင့်ခဲ့သော  ရွှေခန္ဓာသိုင်းပညာကိုအသုံးပြုကာ ပြင်းပြင်းထန်ထန် ထိုး‌ဖောက်တိုက်ခိုက်လိုက်သည်။

ဖန်းပေါ်ထိုင်မှာ ကြိုးပြတ်သွားသည့်စွန်တစ်ကောင်ပမာ အဝေးသို့ လွင့်စင်ထွက်သွားသည်။

ဤသည်ကိုမြင်တော့ ကမ္ဘာအလင်းအရှင် ၊ လင်ထျန်းဖုန်းနှင့် အခြားသူများအားလုံး မျက်စိပျက်မျက်နှာပျက်ဖြင့် နောက်သို့ ဆုတ်ခွာသွားကြသည်။

ဟွမ်ကွမ်လီနှင့် မဟာနေမင်းတိုင်းတာခြင်းပေတံတို့က စွမ်းအားမြင့်မားသည်မှန်သော်လည်း လက်ရှိတွင် သူတို့က ဝါဒတောင်ပိုင်နက်ထဲ ရောက်ရှိနေခြင်း ဖြစ်သည်။ ဝါဒတောင်ပင်မအစီအရင်နှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံတို့က ယွမ်ကျန်းဖုန်းကို စွမ်းအားများစွာမြင့်တက်လာစေသည်ဖြစ်ရာ သူတို့အနေဖြင့် အခြေအနေကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ယခုအချိန်တွင် ဝါဒတောင်ကိုဖျက်ဆီးရန် မဖြစ်နိုင်တော့ပေ။

ကမ္ဘာအလင်းအရှင် ၊ လင်ထျန်းဖုန်းနှင့် အခြားသူများ ဒေါသတကြီးဖြင့် တွေးလိုက်ကြသည်။

“အေး... မင်းတစ်ဘဝလုံး ဝါဒတောင်မှာ ပုန်းနေနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ယခုတော့ ထိပ်တန်းသိုင်းသမားကြီးများသည် မိုးကြိုးတောင်ထွတ်တွင်ရှိနေသော ရန်ကျောက်ကဲကို မေ့လျော့သွားကြပြီ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲကတော့ သူတို့ကို မမေ့လျော့ပေ။

သူက ကောင်းကင်ထက်တွင်ရှိနေသော ရန်သူအုပ်စုကို စူးစိုက်ကြည့်ရင်း...

“ဆရာဘိုးဘိုးသာ တံခါးပိတ်ကျင့်ကြံရာက ထွက်မလာရင် ဟွမ်ကွမ်လီနဲ့သူ့လူတွေ ဘယ်သူ့ကိုအရင်ရှင်းရမလဲဆိုတာ အတော်စဉ်းစားရမယ် ၊ ဒါပေမဲ့ အခုတော့ ရွေးချယ်စရာမလိုတော့ဘူး ၊ အကုန်လုံးကို တစ်ပြိုင်တည်းရှင်းပစ်လိုက်ရုံပဲ”

ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်နေပြီး သူက ခြေထောက်အောက်မှ အစီအရင်ကို တစ်ချက်ဆောင့်နင်းလိုက်သည်။

ထိုအခါ မိုးကြိုးတောင်ထိပ်တစ်ခုလုံး ဝိညာဉ်သင်္ကေအလင်းရောင်များဖြင့် ရုတ်ချည်းတောက်ပသွားလေတော့၏။

***

All Chapters