သွေးပွက်ပွက်အန်
Vol. 22 Ch. 312
ကောင်းကင်ထက်တွင်တည်ရှိနေသော တွင်းနက်ကြီးက ငရဲကိုးထပ်ဆီသို့ ကြောက်မက်ဖွယ်ရာဦးတည်နေရုံသာမက လေထုတစ်ခုလုံးအားပုံပျက်စေလျှက် ကြီးမားသည့်အဖျက်စွမ်းအားများလည်း ပါဝင်နေသည်။
တွင်းနက်ထဲရောက်သွားသူများအားလုံး ခန္ဓာကိုယ်များစုတ်ပြတ်ကာ တစ်စစီပေါက်ကွဲထွက်သွားကြသည်။
ဒဏ်ရာအပြင်းအထန်ရထားသော ဖန်းပေါ်ထိုင်က တွင်းနက်ကြီးထဲမှ ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ရန်ကျောက်ကဲ... ရန်တိ”
အော်သံအဆုံးသတ်သွားသည်နှင့် သူ၏ခန္ဓာကိုယ်အားတွင်းနက်ကြီးက စုပ်ယူလိုက်ပြီး ပုံပျက်နေသော ဗလာနယ်အာကာသထဲသို့ ရောက်ရှိသွားသည်။
ဒဏ်ရာရထားသဖြင့် ခုခံရန်စွမ်းအားမရှိတော့ဘဲ ကြောက်မက်ဖွယ်ရာ ဗလာနယ်စွမ်းအားဖြင့် ရိုက်ခတ်မိပြီး သူ၏ခါးတစ်လျှောက် အက်ကွဲသွားတော့သည်။
ဟွမ်ကွမ်လီ ၊ ယွမ်ကျန်းဖုန်းတို့နှင့် မျိုးဆက်တစ်ဆက်တည်းဖြစ်ပြီး ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးခဲ့သော ဖန်းပေါ်ထိုင်သည် ယခုတော့ သတ်ဖြတ်ခံခဲ့ရပြီ ဖြစ်သည်။
နေဘုရင်(၇)ပါး၏ခေါင်းဆောင် ကမ္ဘာအလင်းအရှင် ၊ ကောင်းကင်မိုးကြိုးခန်းမမှ လင်ထျန်းဖုန်းနှင့် ဆံဖြူအဘိုးအိုတို့အားလုံး တွင်းနက်ထဲတွင် အတူတူ အသက်ပျောက်သွားကြသည်။
ကောင်းကင်ထက်ရှိ အနီရင့်ရောင်အစီအရင်ကြီး အလယ်ဗဟိုမှ ကြောက်မက်ဖွယ်ရာတွင်းနက်ကြီးက လူတစ်ယောက်၏ အတွင်းပိုင်းအကျဆုံးစိတ်ဝိညာဉ်ကိုပင် ဆွဲငင်လျှက်ရှိပြီး ဝါဒတောင်သို့ ကျူးကျော်လာသော ရန်သူများအားလုံးကို သင်္ချိုင်းသို့ပို့ပေးလျှက်ရှိသည်။
တွင်းနက်ထဲတွင် ရွှေရောင်အလင်းတန်းများတောက်ပလျှက် မရပ်မနားရုန်းကန်ရင်း နစ်မြုပ်သွားသော ရတနာပစ္စည်းတစ်ခုလည်း ရှိနေသည်။ ထိုရတနာပစ္စည်းသည်ကား နေသူတော်စင်ဂိုဏ်း၏ “မဟာနေမင်းတိုင်းတာခြင်းပေတံ” ပင် ဖြစ်သည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည် သူ၏သခင်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ရာ တွင်းနက်ထဲသို့ တဖြည်းဖြည်းမျောပါသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။ စွမ်းအားမြင့်မားလွန်းသည့်တိုင် ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။
သွေးနီရောင်အလင်းတန်းမှ လွတ်မြောက်သွားသော ဟွမ်ကွမ်လီက တွင်းနက်ကြီးဆီ လည်ပြန်လှည့်ကြည့်လိုက်သည်။ ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ က တွင်းနက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ရသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း “အရှေ့အရပ်မှထွက်သောနေသူတော်စင်” ဟွမ်ကွမ်လီသည် ခေါင်းတစ်ခုလုံး အပူလုံးဆောင့်တက်လျှက် သွေးများအန်ထွက်မတတ် ခံစားလိုက်ရသည်။
နေသူတော်စင်ဂိုဏ်း၏ အမှတ်တံဆိပ်သင်္ကေတဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” သည် ဂိုဏ်း၏သက်တမ်းတစ်လျှောက် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းခဲ့သည့် ရတနာပစ္စည်း ဖြစ်သည်။ နေသူတော်စင်ဂိုဏ်း ဤကမ္ဘာတွင် မြင့်မားစွာရပ်တည်ရန် ထိုပစ္စည်းအပေါ် များစွာမှီခိုအားကိုးခဲ့ရသည်။
ဂိုဏ်းတွင် သိုင်းသူတော်စင်ထွက်ပေါ်မလာသည့်အချိန်ကာလများနှင့် ဟွမ်ကွမ်လီတံခါးပိတ်ကျင့်ကြံနေသည့် အချိန်များတွင် “မဟာနေမင်းတိုင်းတာခြင်းပေတံ” ကသာ နေသူတော်စင်ဂိုဏ်းကိ ထောက်ပံ့ပေးခဲ့သည်။ ထိုရတနာပစ္စည်းကြောင့် အခွင့်အာဏာနှင့် တန်ခိုးသြဇာကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ခဲ့သည်။
အင်အားနည်းသည့်အချိန်များမှာပင် အခြားသူများ လာရောက်တိုက်ခိုက်ခြင်း ၊ ရန်စခြင်းများ မပြုလုပ်ဝံ့စေရန် လုံလောက်သောနောက်ခံအဖြစ် ၎င်းအထွတ်ထိပ်မှော်ဝင်ပစ္စည်းက ရှိနေပေးခဲ့သည်။
ဝါဒတောင်၏ ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့် အဆုံးမဲ့တောင်တန်း၏ မိုးဖြိုပုဆိန်ကဲ့သို့ပင် ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း နေသူတော်စင်ဂိုဏ်းက လောကပထမ ထိပ်သီးသိုင်းဂိုဏ်းတစ်ခုအဖြစ် တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်ကွမ်လီ သိုင်းသူတော်စင်အဖြစ် အဆင့်တက်နိုင်ခဲ့ပြီး မဟာနေမင်းတိုင်းတာခြင်းပေတံသည်လည်း အတူရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အခြားသောထိပ်သီးသိုင်းဂိုဏ်းများထက်သာလွန်ပြီး တစ်လောကလုံးကို လွှမ်းမိုးအုပ်စိုးနိုင်ခဲ့ခြင်းပင်။
အရှေ့ထန်တိုက်ပွဲတွင် ဝါဒတောင်က မီးနယ်မြေကို တိုက်ခိုက်သည့်အခါ ဟွမ်ကွမ်လီက အတင်းကြိတ်မှိတ်သည်းခံပြီး တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာခဲ့ပေ။ သူက ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားချင်သောကြောင့် နှစ်ပေါင်းများစွာ ဝီရိယရှိရှိဖြင့် ကျင့်ကြံခဲ့သည်။
ယခု တံခါးပိတ်ကျင့်ကြံရာမှ အောင်မြင်စွာထွက်လာသည့်အခါ သူ၏ကျင့်ကြံခြင်း ခြေတစ်လှမ်းတိုးလာခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ကမ္ဘာတစ်ခုလုံးက သူ့ကိုအာရုံစိုက်လျှက် ရှိကြသည်။
သူတို့နှင့်မဟာမိတ်ဖြစ်သော ကောင်းကင်မိုးကြိုးခန်းမသည်ပင် စိတ်မသက်မသာ စိုးရိမ်ပူပန်စ ပြုလာသည်ပင်။
ယခုတိုက်ပွဲအစပိုင်းတွင် ဟွမ်ကွမ်လီက မဟာနေမင်းတိုင်းတာခြင်းပေတံကို အသုံးမပြုခဲ့သည်မှာ အကြောင်းရှိသည်။ သူက ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာမှထွက်လာမည်မဟုတ်ကြောင်း လွဲမှားစွာခန့်မှန်းခဲ့သလို သူ့ကိုယ်သူလည်း ယုံကြည်မှုအပြည့်ရှိသောကြောင့် ဖြစ်သည်။
ထို့ပြင် အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမကိုလည်း ထိုပစ္စည်းဖြင့် ခြိမ်းခြောက်ရန် ရည်ရွယ်ထားသည်။
ယခုတိုက်ပွဲတွင် ဟွမ်ကွမ်လီက “မဟာနေမင်းတိုင်းတာခြင်းပေတံ” နှင့်အတူ မြောက်ပိုင်းသို့ချီတက်တိုက်ခိုက်ရာတွင် ကောင်းကင်ထက်တွင်ရွေ့လျားနေသည့် နေမင်းကြီးပမာ ၊ အရှိန်အဟုန်ပြင်းထန်သော ကျားတစ်ကောင်ပမာ ၊ တောင်တန်းပင်လယ်များကို ဖြတ်ကျော်သွားပြီး မိုးအောက်မြေပြင်တစ်ခွင်ကို သူ၏ရောင်ဝါက လွှမ်းခြံသွားစေသည်။ သူ့အသွင်က တစ်လောကလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သည်ပင်။
အစကပင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် “လောကပထမထိပ်သီးသိုင်းဂိုဏ်း” အဖြစ် ရပ်တည်ခဲ့သော နေသူတော်စင်ဂိုဏ်းသည် ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာသည်နှင့် တစ်ရှိန်ထိုး သြဇာအာဏာမြင့်တက်လာခဲ့သည်။
သူ၏ပထမဆုံးပစ်မှတ်မှာ လောလောလတ်လတ်ပင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော “ဝါဒတောင်” ပင် ဖြစ်သည်။
တိုက်ပွဲမစခင်ကပင် အနိုင်အရှုံးဆုံးဖြတ်ချက်ချပြီးပြီဟု ထင်မှတ်ရသည်။
သို့ပေသိ မထင်မှတ်စွာပင် ယွမ်ကျန်းဖုန်းက ထိတ်လန့်တုန်လှုပ်ဖွယ်ရာစွမ်းအားများဖြင့် တံခါးပိတ်ကျင့်ကြံရာက ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် ထိုအချိန်ထိ ဟွမ်ကွမ်လီက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေဆဲပင်။
သူတို့ဘက်မှအားသာချက် ထင်ထင်ရှားရှားမရှိတော့သဖြင့် အနည်းငယ် စိတ်မသက်မသာဖြစ်မိခြင်းသာရှိသည်။
မည်သို့ပင်ဖြစ်စေ သူက ဝါဒတောင်ကို မချေမှုန်းနိုင်လျှင်တောင်မှ သူ့လက်အောက်မှလူများနှင့်အတူ ဤနေရာမှ အောင်အောင်မြင်မြင်ဆုတ်ခွာသွားနိုင်သည်။ ယွမ်ကျန်းဖုန်းက ဝါဒတောင်ပင်မအစီအရင်စွမ်းအားကို ချန်ထားခဲ့ပြီး သူတို့အုပ်စုကို လိုက်လံတိုက်ခိုက်မည် မဟုတ်ပေ။
သို့ဖြစ်ရာ သူတို့အုပ်စုက အလယ်ပိုင်းကောင်းကင်ဒေသမှ ဝါဒတောင်ဌာနချုပ်ကို မချေမှုန်းနိုင်ခဲ့သည့်တိုင် အခြားသောကောင်းကင်ဒေသ (၄)ခုကို အမှုန့်ချေနိုင်မည် ဖြစ်သည်။
ယခုတော့ ဤ “မရဏအစီအရင်” ထွက်ပေါ်လာမည်ဟု ဟွမ်ကွမ်လီ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပေ။
အချိန်မီမတုံ့ပြန်နိုင်ပါက သူကိုယ်တိုင်ပင်လျှင် တွင်းနက်ကြီးထဲ ဝင်ရောက်နစ်မြုပ်သွားနိုင်သည်။
ယခု ဟွမ်ကွမ်လီ လွတ်မြောက်ခဲ့သည့်တိုင် ဝါဒတောင်အားတိုက်ခိုက်ရန် သူနှင့်အတူလိုက်ပါလာသော နေသူတော်စင်ဂိုဏ်းမှ ထိပ်တန်းအဆင့်သိုင်းသမားများအားလုံး အသက်သေဆုံးခဲ့ကြရသည်။
“မဟာနေမင်းတိုင်းတာခြင်း” ပေတံကိုပင် ဆုံးရှုံးခဲ့ရသည်။
ထိုအကြောင်းတွေးမိသည့်အခါ ဟွမ်ကွမ်လီမှာ နေသူတော်စင်ဂိုဏ်း၏ဘိုးဘေးများကို မည်သို့မျက်နှာပြရမည်မသိအောင် ခံစားလိုက်ရသည်။
ရှုထောင့်တစ်ခုမှကြည့်လျှင် ဝါဒတောင်ကိုတိုက်ခိုက်ခဲ့ကြသော ဟွမ်ကွမ်လီနှင့် ယွမ်ထျန်းတို့သည် တူညီသောအမှားကို ကျူးလွန်ခဲ့ကြသဖြင့် ဤသို့ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်တန်းအဆင့်ရှိသော သိုင်းသူတော်စင် (၂)ယောက်သည် မိမိတို့၏အကြံအစည် တစ်စုံတစ်ခုမှားယင်းသွားပါက အခြေအနေခံသာရန် အရန်အစီအစဉ်တစ်ခု ပြုလုပ်ထားကြစမြဲ ဖြစ်သည်။ သူတို့က အသက်အရွယ်ကြီးရင့်သလို အတွေ့အကြုံရှိသူများ ဖြစ်ကြသည် မဟုတ်လား။
သို့သော် သူတို့ တကယ်တမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်များက ကြိုတင်ခန့်မှန်းရန် ခက်ခဲလွန်းသဖြင့် သူတို့စိတ်ကူးများကို ကျော်လွန်သွားခဲ့ခြင်းပင်။
ထို့ကြောင့် ဟွမ်ကွမ်လီရော ယွမ်ထျန်းပါ ကြေကွဲစရာအဖြစ်ဆိုးဖြင့် ကြုံတွေ့ခဲ့ရသည်။
ဟွမ်ကွမ်လီက မဟာနေမင်းတိုင်းတာခြင်းပေတံကို စွန့်လွှတ်ပြီး ကိုယ်တိုင်ရုန်းထွက်နိုင်ခဲ့သော်လည်း ယွမ်ကျန်းဖုန်းကတော့ သူ့ကို အလွတ်မပေးခဲ့ပေ။
သူက ဟွမ်ကွမ်လီကို ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်သည်။ စိတ်ရောလူရော မတည်မငြိမ်ဖြစ်နေသည့် ဟွမ်ကွမ်လီမှာ ယွမ်ကျန်းဖုန်း၏ တိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ခုခံလိုက်ရ၏။
သို့သော် ယွမ်ကျန်းဖုန်းက လက်ဝါးနှင့် ရိုက်ချပြီးသည်နှင့် ဓားချက်တစ်ချက်ဖြင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။
ကောင်းကင်ဝါဒလက်ဝါးသိုင်း ပြီးသည့်နောက် အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်းက နောက်မှလိုက်လာသည်။
ဟွမ်ကွမ်လီ ဒေါသတကြီး ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး အရှက်ကွဲစွာဖြင့်ပင် အဝေးသို့ ထွက်ပြေးသွားတော့သည်။
တံခါးပိတ်ကျင့်ကြံရာမှ အောင်မြင်စွာထွက်ခွာလာပြီး တစ်လောကလုံး၏ စိတ်ဝင်စားမှုခံနေရသော “အရှေ့အရပ်မှထွက်သောနေသူတော်စင်” ဟွမ်ကွမ်လီသည် သူ၏ ပထမဆုံးတိုက်ပွဲမှာပင် အကြီးအကျယ် အရှုံးနှင့်ရင်ဆိုင်ရကာ ဝါဒတောင်ခြေရင်းနှင့် သွေးပွက်ပွက်အန်ခဲ့ရသည်။
ယွမ်ကျန်းဖုန်းက ဟွမ်ကွမ်လီနောက်သို့ လိုက်ပါသွားခြင်းမရှိပေ။
သူက မနီးမဝေးတစ်နေရာ ကောင်းကင်ထက်တွင်ရှိနေသော လူ (၂)ယောက်ကို လှမ်းကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်ရော... ဘာပြောချင်ကြသလဲ”
ထိုသူ (၂)ယောက်မှာ စောစောက ဝါဒတောင်သို့ ရောက်လာကြပြီး လမ်းခုလတ်တွင် တိုက်ခိုက်နေကြသည့် စွမ်းအားကြီးမားသော ရောင်ဝါ (၂)ခုကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
ဝါဒတောင်ပင်မအစီအရင်မှ ကြောက်ကမ်ကဖွယ်ရာတွင်းနက်ကြီးထွက်ပေါ်လာချိန် သူတို့က တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး အခြေအနေကို အာရုံစူးစိုက်ကြည့်နေကြခြင်း ဖြစ်သည်။
နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမမှ လူအများကို ဝါးမျိုပြီးသည့်နောက် ကြောက်မက်ဖွယ်ရာတွင်းနက်ကြီးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီဖြစ်သည်။
“ယွမ်... ကျန်း... ဖုန်း”
မိုးခြိမ်းသံပမာပြင်းထန်သော အသံတစ်သံထွက်ပေါ်လာသည်။
“မင်းတို့ဝါဒတောင်က ဒီတစ်ခါ အတော်လေးလှလှပပ ကစားခဲ့တာပဲ”
ယွမ်ကျန်းဖုန်းက အသံလာရာသို့လှမ်းကြည့်ရင်း...
“ချန်လီ... ငါတို့ဝါဒတောင်စစ်ရှုံးရင် ဘာပစ္စည်းများရမလဲဆိုပြီး အချောင်နှိုက်ဖို့ မင်းတို့ကောင်းကင်မိုးကြိုးခန်းမက စိတ်ကူးထားတာ မဟုတ်လား ၊ အနိုင်ရဖို့ခန့်မှန်းထားတယ်ဆိုရင် ရှုံးနိမ့်ဖို့ကိုလည်း ခန့်မှန်းထားသင့်တယ်”
အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ၊ “မိုးကြိုးတုန်လှုပ်” ချန်လီ၏ ရောင်ဝါက ပတ်ဝန်းကျင် မိုးမြေတစ်ခွင်ကိုတုန်လှုပ်သွားစေသည်။
သူက ဒေါသအမျက်မီးများတောက်လောင်လျှက် ကျယ်လောင်စွာအော်ဟစ်လုက်သည်။
“ဟို တွင်းနက်ကြီးက ငရဲကိုးထပ်ကို ဦးတည်နေတဲ့ ဥမင်တစ်ခု မဟုတ်လား”
သူက ဆက်ပြောသည်။
“မင်းတို့ဝါဒတောင်က တကယ်ပဲ ငရဲကိုးထပ်နဲ့ ပတ်သက်နေတာလား ၊ ဒါဆိုရင်တော့ လှိုင်းနက်ဂေဟာက မင်းတို့ကို သည်းခံမှာမဟုတ်ဘူးနော် ၊ ပြီးတော့ ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ကလည်း ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာ မဟုတ်ဘူး ၊ မင်းဆိုတဲ့ ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်တစ်ယော်ဖြစ်လာပေမယ့် တစ်လောကလုံးနဲ့တစ်ယောက်ဆိုရင် ခံနိုင်ရည်ရှိပါ့မလားကွ”
ထို့နောက်သူက ဘေးနားမှလူကို လှည့်ကြည့်ရင်း ဖြည်းလေးသည့်လေသံဖြင့်...
“ချူးယန် ၊ မင်းတို့အဆုံးမဲ့တောင်တန်းကရော ဘာပြောချင်သလဲ”
အဆုံးမဲ့တောင်တန်း၏ဂိုဏ်းချုပ် ၊ မြောက်ပိုင်းတောင်ထွတ်မှကောင်းကင်သူရဲကောင်း ‘ချူးယန်’ သည် မိုးဖြိုပုဆိန်ကိုကိုင်ဆောင်ထားရင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ သူက ကောင်းကင်ထက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တွင်းနက်ကြီးကို သတိထားအကဲခတ်နေသော်လည်း ဝါဒတောင်အပေါ် ရန်လိုဟန် မပြပေ။
ယွမ်ကျန်းဖုန်းက ဟားတိုက်ရယ်မောရင်း...
“ချန်လီ ၊ မင်းလည်း ဆီလျော်မှုမရှိတဲ့အဘိုးကြီး’ဟွမ်’ နဲ့ ပေါင်းတာများသွားလို့လားမသိဘူး ခေါင်းထဲမှာ ပေါက်ကရချီးထုပ်အတွေးတွေနဲ့ ပြည့်နေပြီ ၊ အဲဒီအကျင့်က ဆိုးတယ်နော်”
ချန်လီက အေးစက်စွာဖြင့်..
“မင်းတို့ဝါဒတောင်ပင်မအစီအရင်က မဟာငရဲကိုးထပ်တံခါးကို ဖွင့်ပေးလိုက်တယ်လေ ၊ ဒါက ငြင်းမရတဲ့အချက်ပဲ”
ထိုအချိန်...
မိုးကြိုးတောင်ထွတ်တွင်ရှိနေသည့် ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
သူက အနီရင့်ရောင်မှ အဖြူရောင်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်သော ဝါဒတောင်ပင်မအစီအရင်ကို တစ်ချက်အကဲခတ်ရင်း အေးဆေးပေါ့ပါးသည့်လေသံဖြင့် စကားဆိုသည်။
“ခန်းမသခင်’ချန်’ နားလည်မှုလွဲနေပြီ ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းတဲ့အခါမှာ ကျွန်တော်တို့ဝါဒတောင်က ငရဲကိုးထပ်ဝင်ရောက်မလာနိုင်အောင် အစွမ်းကုန်ကြိုးစားခဲ့တယ် ၊ နောက်ဆုံးမှာ ဝါဒတောင်ပင်မအစီအရင်ကို အသုံးပြုပြီး မဟာငရဲကိုးထပ်တံခါးကို ချိတ်ပိတ်နိုင်ခဲ့တယ်”
သူက ဆက်ပြောသည်။
“ဒါကြောင့် ကျွန်တော်တို့ ဝါဒတောင်ပင်မအစီအရင်ဟာ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခဲ့ရတယ် ၊ ပြင်ပရန်သူတွေကလည်း ‘နေဆန့်ကျင်’ အသုံးပြုပြီး ကျွန်တော်တို့ ပင်မအစီအရင်ကို တိုက်ခိုက်ခဲ့ကြတာကြောင့် အစီအရင်က ခံနိုင်ရည်မရှိတော့ဘဲ ထူးခြားတဲ့အခြေအနေတစ်ခုကို ပြောင်းလဲသွားခဲ့တယ် ၊ အခုလိုဖြစ်လာမယ်လို့ ကျွန်တော်တို့လည်း မျှော်လင့်မထားခဲ့ပါဘူး ၊ ကံကောင်းတာက မဟာငရဲကိုးထပ်တံခါးက လမ်းကြောင်းပြောင်းပြန်ပွင့်သွားတဲ့အတွက် မိစ္ဆာနတ်ဆိုးတွေ ဒီကမ္ဘာထဲကို ဝင်ရောက်လာနိုင်ခြင်း မရှိခဲ့ပါဘူး”
“ငရဲကိုးထပ်ကို တားဆီးဖို့အတွက် ကျွန်တော်တို့ဝါဒတောင်က စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီးလုပ်ခဲ့ရတယ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ လူသားတွေ အန္တရယ်ကင်းဖို့ အလွန်ကြီးမားတဲ့အန္တရယ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ် ၊ ဒါဟာ အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ၊ လူသားတွေအတွက် ကျွန်တော်တို့လုပ်ပေးရမယ့်တာဝန်ဖြစ်လို့ ဘာဆုလာဘ်ကိုမှလည်း မမျှော်လင့်ပါဘူး ၊ လူတိုင်းက ဒီအခြေအနေကို နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်”
“ပြီးတော့... နောင်အနာဂတ်မှာ ဘယ်သူမှ ဝါဒတောင်ပင်မအစီအရင်ကို လာထိဖို့ မစဉ်းစားကြနဲ့တော့ ၊ မဟုတ်လို့ကတော့ ဘယ်လိုအကျိုးဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်ပါဘူး”
“ဆိုတော့... အားလုံးတစ်စိတ်တည်းတစ်ဝမ်းတည်းခံယူပြီး ငရဲကိုးထပ်ရဲ့ ခြိမ်းခြောက်မှုအန္တရယ်ကို တွန်းလှန်ကြရအောင်ပါ”
***