မရှူနိုင်မကယ်နိုင်ဖြစ်ရသောကောင်းကင်မိုးကြိုးခန်းမအရှင်သခင်
Vol. 22 Ch. 313
ရန်ကျောက်ကဲ၏စကားများက ခပ်အေးအေးဖြင့် အစီအစဉ်တကျဖြစ်သော်လည်း သိပ်တော့ ယဉ်ကျေးမနေခဲ့ပေ။
ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် တိုက်ခိုက်နေချိန် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့က ‘နေဆန့်ကျင်’ ဖြင့်ပစ်ခတ်ကာ ဝါဒတောင်ပင်မအစီအရင်ကို အနှောက်အယှက်ပေးခဲ့သည်။
ယခုလည်း အဆုံးမဲ့တောင်တန်းမှ ဂိုဏ်းချုပ်’ချူးယန်’ မိုးဖြိုပုဆိန်နှင့် ရောက်မလာပါက ကောင်းကင်မိုးကြိုးခန်းမမှ ခန်းမသခင်’ချန်လီ’ က ဝါဒတောင်ကို ဝင်ရောက်တိုက်ခိုက်မည် ဖြစ်သည်။
လင်ထျန်းဖုန်းနှင့် အခြားသူများ သေဆုံးသွားသည့်တိုင် ဝါဒတောင်က ကောင်းကင်မိုးကြိုးခန်းမအပေါ် အမျက်မပြေနိုင်ပေ။ သူတို့အပေါ်ထားရှိသည့် အမျက်ဒေါသက နေသူတော်စင်ဂိုဏ်းအပေါ်ထားရှိသည့် အမျက်ဒေါသအောက် လျော့နည်းခြင်း မရှိပေ။
“ထိပ်ပြောင်’ချန်လီ’ ၊ ငါမြင်တဲ့အတိုင်းပြောရမယ်ဆိုရင် မင်းတို့ ကောင်းကင်မိုးကြိုးခန်းမနဲ့ နေသူတော်စင်ဂိုဏ်းကသာ ငရဲကိုးထပ်နဲ့ ပူးပေါင်းခဲ့တာပဲ”
စကားပြောရင်း ယွမ်ကျန်းဖုန်းက ချန်လီအနားသို့ လှမ်းသွားလိုက်သည်။ သူက ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝတ်ဆင်ထားဆဲပင်။
“ငါတို့ ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အမြစ်ပြတ်သုတ်သင်ပြီး ငရဲကိုးထပ် အစွန်းရောက်ရှစ်ပါးကမ္ဘာထဲ ဝင်ရောက်လာမှာကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့တယ် ၊ ဒါပေမဲ့ ... ငါတို့ တိုက်ပွဲဝင်နေတဲ့အချိန် မင်းတို့ ကောင်းကင်မိုးကြိုးခန်းမနဲ့ နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ပင်မအစီအရင်ကို အတူတူ အနှောက်အယှက်ပေးခဲ့ကြတယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ မင်းတို့နှစ်ဂိုဏ်းပူးပေါင်းပြီး ငါတို့ကိုလာတိုက်ခိုက်တယ် ၊ ငရဲကိုးထပ်ရှုံးနိမ့်သွားတဲ့အချိန် မင်းတို့က လာတိုက်တာဆိုတော့... ဘာလဲ... မင်းတို့က ငရဲကိုးထပ်အတွက် လက်စားချေချင်တာလား ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းက သူတို့အလုပ်ကို အောင်မြင်အောင်မလုပ်နိုင်ခဲ့လို့ သူတို့ကိုယ်စား ငရဲတံခါးကို ဖွင့်ပေးချင်တာလား”
ချန်လီ အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။
သို့သော် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော ပြင်းထန်သည့် စွမ်းအားရောင်ဝါကိုတော့ ပြန်လည်ရုတ်သိမ်းလိုက်၏။
ယနေ့တိုက်ပွဲတွင် ကောင်းကင်မိုးကြိုးခန်းမမှ ဘိုးဘေးအကြီးအကဲတစ်ယောက်နှင့် ထိပ်တန်းအကြီးအကဲတစ်ယောက်အပါအဝင် အခြားသောထိပ်တန်းသိုင်းသမားများ အသက်ဆုံးခဲ့ရသည်။
သူကိုယ်တိုင်မှာလည်း လက်စားချေဖို့နေနေသာသာ အရှုံးနှင့်ပြေးရပေတော့မည်။
အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင် ‘ချန်လီ’ စိတ်ထဲမှ ဒေါသတရားများမှာ စိတ်ကူးအိပ်မက်မျှသာ ဖြစ်သည်။
လက်ရှိအချိန်တွင် ပြေးရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။
အချို့ကိစ္စရပ်များကို နားမလည်သည့်တိုင် ချန်လီ လုံးဝ မမေ့နိုင်သော ဖြစ်ရပ်များ ရှိခဲ့သည်။ ထိုဖြစ်ရပ်များကို သူ ခဏမျှ သတိလက်လွတ်မေ့လျော့သွားခဲ့လျှင်တောင်မှ ယွမ်ကျန်းဖုန်းနှင့် ဟွမ်ကွမ်လီတို့တိုက်ပွဲကို တွေ့မြင်ပြီးသည့်နောက် ထိုဖြစ်ရပ်များကို ပြန်လည်သတိရလာခဲ့သည်။
ဟိုးရှေးယခင်အချိန်များတုန်းက...
“ကောင်းကင်ခြေရာတိုင်းသူ” ယွမ်ကျန်းဖုန်းဆိုသည်မှာ မျိုးဆက်တူကျင့်ကြံသူများထဲတွင် အတော်ဆုံးပါရမီရှင်တစ်ယောက် ဖြစ်သည်။
ရန်တိကဲ့သို့ ပြိုင်ဘက်ကင်းတစ်ယောက် မဟုတ်သည့်တိုင် မျိုးဆက်တူသူပါရမီရှင်များကို အနိုင်ယူခဲ့ပြီး ကမ္ဘာတစ်ခွင့် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။ ယွမ်ကျန်းဖုန်းသည် တစ်ချိန်က ဒဏ္ဍာရီဆန်သော သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့သည်ပင်။
သိုင်းဆရာသခင်အထွတ်ထိပ်အဆင့်ဖြစ်သော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ တက်ရောက်ရာတွင်လည်း ယွမ်ကျန်းဖုန်းက အခြားသူများအားလုံးထက် အချိန်စောခဲ့သည်။ မျိုးဆက်အငယ်ဖြစ်သော အန်းချင်လင်နှင့် စုန့်ဝူလျန်တို့ကို အသာထား ၊ ဟွမ်ကွမ်လီ ၊ ချန်လီ ၊ ယွမ်ထျန်း ၊ ရှင်းတုန်းဖင်းတို့ထက် အချိန်စောပြီး “သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်” သို့ ရောက်ရှိခဲ့သည်။
ထိုစဉ်အချိန်က သူတို့အားလုံးက လူငယ်များဖြစ်ကြပြီး ကိုယ်စီကျော်ကြားမှုများ ပိုင်ဆိုင်ထားကြချိန်တွင် ယွမ်ကျန်းဖုန်းက နာမည်အကျော်ကြားဆုံး ဖြစ်သည်။ သူတို့မျိုးဆက်တွင် သိုင်းသူတော်စင်အဆင့်သို့ အမြန်ဆုံးတက်လှမ်းရန် အဖြစ်နိုင်ဆုံးသူမှာ ‘ယွမ်ကျန်းဖုန်း’ ဖြစ်မည်ဟု အားလုံးက ခန့်မှန်းကြသည်။
သို့သော် ယွမ်ကျန်းဖုန်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်တွင် အချိန်ကြာသွားခဲ့ပြီး ဟွမ်ကွမ်လီ ၊ ချန်လီနှင့် အခြားသူများက သူ့ကိုလိုက်မီလာကြကာ ကျော်တက်သွားကြခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးနောက် တံခါးပိတ်ကျင့်ကြံရာမှထွက်ပေါ်လာပြီး သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သူ ‘ယွမ်ကျန်းဖုန်း’ သည် ထိုအမှတ်တရဟောင်းများကို ပြန်လည်ရှင်သန်စေခဲ့သည်မှာ အမှန်ပင်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ သိုင်းသူတော်စင် (၆)ယောက်တွင် လျှို့ဝှက်ဆန်းကျယ်ပြီး ခန့်မှန်းရခက်သော အဘိုးအို’မော့’ မှလွဲပြီး အခြားသိုင်းသူတော်စင်များသည် ယွမ်ကျန်ဖုန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
ဖြတ်သန်းခဲ့သည့်ဘဝတစ်လျှောက် သိုင်းပညာရှင်အဆင့် ၊ သိုင်းဆရာသခင်အဆင့်များတွင် ယှဉ်ပြိုင်မှုများစွာ ပြုလုပ်ခဲ့ရာ ဟွမ်ကွမ်လီသည် ယွမ်ကျန်းဖုန်းကို တစ်ခါမှ အနိုင်မရခဲ့ဖူးပေ။ ဟွမ်ကွမ်လီ ယွမ်ကျန်းဖုန်းကို ရှုံးနိမ့်ခဲ့သည်မှာ တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ အကြိမ်တိုင်း ဖြစ်လေ၏။
သိုင်းဆရာသခင်အဆင့်တွင် ယွမ်ကျန်းဖုန်းနှင့် တစ်ခါ ယှဉ်ပြိုင်ခဲ့ဖူးသော ချန်လီမှာလည်း မရှုမလှ ရှုံးနိမ့်ခဲ့ဖူးသည်။
သို့ဖြစ်ရာ ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့်ရောက်လာသည့်အခါ ချန်လီအနေဖြင့် ရင်ဆိုင်ရန် သတ္တိမရှိခဲ့ပေ။
ထို့ပြင် ယွမ်ကျန်းဖုန်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “ကြယ်တာရာသန့်စင်ချီဝတ်ရုံ” ကိုလည်း ဝတ်ဆင်ထားသေးသည်။
“မဟာနေမင်းတိုင်းတာခြင်းပေတံ” မရှိတော့သည့်အခါ ဟွမ်ကွမ်လီသည်ပင် ယွမ်ကျန်းဖုန်းကို ရင်မဆိုင်ရဲဘဲ ပြေးရသည်ဆိုလျှင် သူ ဆိုသည့် ‘ချန်လီ’ သည်လည်း မပြေးနိုင်စရာ အကြောင်းမရှိပေ။
ချန်လီ ချက်ချင်းပင် ဆုတ်ခွာသွားသည်။ သို့သော် ယွမ်ကျန်းဖုန်းက လွယ်လွယ်နှင့်အလွတ်မပေးဘဲ ကောင်းကင်ဝါဒလက်ဝါးသိုင်းဖြင့် ရိုက်ချလိုက်၏။
ချန်လီ ထွက်ပြေးသွားသောအဝေးတစ်နေရာတွင် ကောင်းကင်တစ်ခုလုံးပြိုကျပြီး မိုးကုတ်စက်ဝိုင်းအက်ကွဲသွားသည့်အလားပင် ဖြစ်သည်။
အဝေးဆီမှ ခပ်တိုးတိုးညည်းညူသံတစ်သံ ထွက်ပေါ်လာသည်။ ချန်လီက ဒဏ်ရာရရှိသွားသည့်တိုင် ယွမ်ကျန်းဖုန်းကို ရင်မဆိုင်ဝံ့ဘဲ လျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် ဝေးနိုင်သမျှဝေးဝေးသို့ ဆုတ်ခွာသွားတော့သည်။
ချန်လီသည် အရှေ့ကောင်းကင်ဒေသ နယ်ခြားသို့ ဖြတ်ကျော်ပျံသန်းသွားသည်။ ထိုနယ်ခြားဒေသတွင် ဝါဒတောင်သိုင်းသမားများ မရှိကြတော့ပေ။ ဝါဒတောင်ဌာနချုပ်ကိုအားဖြည့်ရန် တောင်ပေါ်ပြန်သွားကြပြီ ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများကတော့ မြေကမ္ဘာနယ်မြေနှင့် အရှေ့ကောင်းကင်ဒေသ နယ်ခြားတွင် စခန်းကချနေကြသည်။ လင်ထျန်းဖုန်းတို့အဖွဲ့က ဤနေရာမှ ဝါဒတောင်ရှိရာ အလယ်ပိုင်းကောင်းကင်ဒေသသို့ ထွက်ခွာသွားကြခြင်းပင်။ ထို့ကြောင့် ဤနေရာတွင် ယာယီစခန်းတစ်ခုရှိနေပြီး ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားအချို့ ရှိနေကြသည်။
ကောင်းကင်ထက်တွင် ခန်းမသခင် အလောတကြီး ပျံသန်းသွားသည်ကိုကြည့်ရင်း ထိုသူများအားလုံ အံ့အားသင့်သွားကြသည်။ ချန်လီ သွားရာလမ်းတစ်လျှောက်တွင် မိုးခြိမ်းသံများထွက်ပေါ်လျှက်ရှိပြီး သူက တစ်ချက်မနားဘဲ မြေကမ္ဘာနယ်မြေကိုဖြတ်ကျော်ကာ မိုးကြိုးနယ်မြေသို့ ပျံသန်းသွားသည်။
***
မိုးကြိုးနယ်မြေ ၊ ကောင်းကင်မိုးကြိုးခန်းမ။
ချန်လီ တစ်ယောက်တည်းပြန်လာသည်ကိုတွေ့သည့်အခါ လင်ကျိုးစိတ်ထဲ အနည်းငယ် ထူးဆန်းသွားသည်။
သူက ချက်ချင်းပင် ဆရာဘိုးဘိုးအား နှုတ်ဆက်စကားဆိုလိုက်၏။
“ဆရာဘိုးဘိုး... ကျွန်တော့်အဖေနဲ့ ဆရာဦးလေးတွေရော”
ချန်လီက ဒေါသထွက်လွန်းသဖြင့် တရှူးရှူးတရှဲရှဲဖြစ်နေပြီး မျက်နှာတစ်ခုလုံးလည်း နီရဲနေသည်။ သူက လင်ကျိုးကို စကားတစ်ခွန်းမှ ပြန်မပြောပေ။
လင်ကျိုးမျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း မေးခွန်းထပ်မေးရန် စဉ်းစားလိုက်စဉ် ချန်လီ၏ ကြောက်မက်ဖွယ်ရာအကြည့်ဖြင့် ရင်ဆိုင်လိုက်ရသောကြေင့် ပါးစပ်သာဟလိုက်ပြီး အသံထွက်မလာတော့ပေ။
“ဆရာဘိုးဘိုး နည်းနည်းပါးပါး ဆုံရှုံးခဲ့တာလေးတွေရှိလို့ ဒေါသထွက်နေတာ ဖြစ်ရမယ်”
လင်ကျိုး သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
“အဖေနဲ့ တခြားသူတွေ အဆင်ပြေကြမှာပါ”
“ဝါဒတောင်ကို မချေမှုန်းနိုင်ခဲ့ဘဲ မျက်နှာပျက်စရာကိစ္စတစ်ခုခုများ ဖြစ်ခဲ့ကြလို့လား”
လင်ကျိုး အံတစ်ချက်ကြိတ်လိုက်သည်။
“ဒါပေမဲ့... နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီပဲ မဟုတ်လား ၊ ဆရာဘိုးဘိုးသာ အဆုံးမဲ့တောင်တန်းက မိုးဖြိုပုဆိန်ကို ကောင်းကောင်းထိန်းထားနိုင်မယ်ဆိုရင်... သူတို့အနေနဲ့ ဝါဒတောင်ကို ရှုံးနိမ့်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ပြီးတော့ ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနဲ့ အပြင်းအထန်တိုက်ခိုက်ထားလို့ ဆုံးရှုံးမှုတွေအများကြီးနဲ့ အင်အားနည်းနေတာပဲလေ”
“ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ လှိုင်းနက်ဂေဟာက အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေနဲ့ တိုက်ခိုက်နေတာ ၊ မြေကမ္ဘာနယ်မြေကိုဖြတ်ပြီး ကောင်းကင်နယ်မြေအထိ စစ်ကူပို့ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ ဆရာဘိုးဘိုးက သူလိုချင်တဲ့ ‘ကြယ်တာရာသန့်စင်ချီဝတ်ရုံ’ ကို မရလိုက်ဘဲ နေသူတော်စင်ဂိုဏ်းက ရသွားလို့ ဒေါသထွက်နေတာ ဖြစ်ရမယ် ၊ အဲဒါ ဖြစ်နိုင်ခြေ အရှိဆုံးပဲ”
ဝါဒတောင်၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “ကြယ်တာရာသန့်စင်ချီဝတ်ရုံ” သာ နေသူတော်စင်ဂိုဏ်းလက်ထဲ ရောက်သွားပါက နေသူတော်စင်ဂိုဏ်းအနေဖြင့် ကမ္ဘာက ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် သိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်လာပြီး တွန်းလှန်ရန် ခဲယဉ်းသွားပေမည်။
ထိုသို့သာ တကယ်တမ်းဖြစ်လာခဲ့လျှင် ကောင်းကင်မိုးကြိုးခန်းမအနေဖြင့် ကမ္ဘာကြီး၏ အာဏာချိန်ခွင့်လျှာညှိယူရန် ကောင်းကင်မိုးကြိုးခန်းမအနေဖြင့် ကျောက်စိမ်းပင်လယ်မြို့တော် ၊ အဆုံးမဲ့တောင်တန်းတို့နှင်လက်တွဲကာ ရပ်တည်ချက်ပြောင်းလဲရမည် ဖြစ်သည်။
လှိုင်းနက်ဂေဟာသည်ပင် နေသူတော်စင်ဂိုဏ်း၏အရှိန်အဝါကြောင့် အသက်ရှူကြပ်သည်အထိ စိုးရိမ်ပူပန်ရနိုင်ပြီး ကြားနေဝါဒကို စွန့်လွှတ်ရနိုင်ခြေရှိသည်။
မရေရာသည့် အတွေးပေါင်းများစွာဖြင့် လင်ကျိုး သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့သည်။
သို့သော် ချန်လီ ကောင်းကင်မိုးကြိုးခန်းမသို့ ပြန်ရောက်ပြီးနောက် အနည်းငယ်အခြေအနေတည်ငြိမ်သွားသည့်အခါ ကျန်ရှိနေသည့် ဝါရင့်အကြီးအကဲများနှင့် အရေးတကြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။ ထို့ပြင် အပြင်လောကမှ သတင်းများစွာလည်း ပျံ့နှံ့လာသည်ဖြစ်ရာ လင်ကျိုးရင်ထဲမှ မျှော်လင့်ချက်များ ပျက်ဆီးသွားရတော့၏။
အခြေအနေမှန်ကို သိရှိပြီးနောက်...
ကောင်းကင်မိုးကြိုးခန်းမ၏ လူငယ်မျိုးဆက်များထဲတွင် နံပါတ် (၁) ဖြစ်သူ မိုးကြိုးသခင််လေး ‘လင်ကျိုး’ သည် တစ်ယောက်တည်း အခန်းအောင်းနေကာ အပြင်သို့ ထွက်မလာတော့ပေ။
သူ့အခန်းတံခါးရှေ့မှ ဖြတ်သွားသူအားလုံးမှာ အခန်းထဲတွင် မိုးကြိုးမုန်တိုင်းများ တဟုန်းဟုန်းတောက်လောင်နေသည့်အလား ပြင်းထန်သောစွမ်းအားများကို ခံစားကြရသည်။
တစ်လျှောက်လုံး လင်ကျိုးနှင့် ဆက်ဆံရေးမကောင်းခဲ့သော ရန်ရှန်းသည်ပင် သူ့အနားသို့ ချဉ်းကပ်ရဲခြင်း မရှိတော့ပေ။
လင်ကျိုးအကြောင်း ကြားသိရသည့်နောက် ကောင်းကင်မိုးကြိုးခန်းမမှ အကြီအကဲများမှာလည်း ဘာမှမတတ်နိုင်ဘဲ သက်ပြင်းသာချနိုင်ကြသည်။
အချိန်ကာလတစ်ခုကြပြီးသည့်နောက်...
တစ်နေ့တွင်တော့ လင်ကျိုး၏အခန်းတံခါး ရုတ်တရက်ပွင့်သွားပြီး ထိုလူငယ် ထွက်လာသည်။
သူ့မျက်နှာက တိမ်ညိုများဖုံးလွှမ်းသည့်ပမာ စိတ်ပျက်အားငယ်ဟန် ရှိနေသည့်တိုင် မျက်ဝန်းများကတော့ အေးစက်လျှက်ရှိသည်။
“ငါ သေသေချာချာ အစီအစဉ်တွေဆွဲပြီး ပြင်ဆင်ခဲ့တယ် ၊ ကောင်းကင်ဘုံကိုဆန့်ကျင်ပြီး ကံကြမ္မာကိုပြောင်းလဲချင်ပေမယ့် နောက်ဆုံးတော့ အဖေက ငါ့ကိုထားသွားတာပါပဲ”
ဝါဒတောင်တည်ရှိရာ အနောက်တောင်ဘက်ဆီသို့ လင်ကျိုး လှမ်းမျှော်ကြည့်လိုက်သည်။ သူ့မျက်နှာက ခံစားချက်ကင်းမဲ့လျှက်ပင်။
“အချိန်အကြာကြီး ကြိုးစားခဲ့တာတောင်မှ အဆုံးသတ်မှာ အရာမထင်ဘူး ၊ အားလုံးက သဲထဲရေသွန်ပဲ...”
လင်ကျိုး၏မျက်ဝန်းများထဲတွင် ဒေါသမီးလျှံများ ရုတ်တရက် တောက်ပလာသည်။
“လုပ်သမျှ ဖြစ်မလာမှတော့... ငါ အကုန်လုံးကို မွှေနှောက်ပြီး မိုးမြေတစ်ခုလုံး ပြောင်းပြန်လှန်ပစ်မယ် ၊ မင်းတို့ ဝါဒတောင်ကို မဖျက်ဆီးနိုင်ရင် ငါ လင်ကျိုး လူမလုပ်တော့ဘူး”
***