← Chapters

အမျက်ရှနေသည့်နေသူတော်စင်ဂိုဏ်း

Vol. 22 Ch. 314

အမျက်ရှနေသည့်နေသူတော်စင်ဂိုဏ်း

Vol. 22 Ch. 314

ယွမ်ကျန်းဖုန်း၏ ဦးဆောင်မှုအောက်တွင် ဝါဒတောင်က နယ်ခြားဒေသများအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျူးကျော်မှုများကိုလည်း အပြည့်အဝ တန်ပြန်တိုက်စစ်ဆင်ခဲ့သည်။

ယခုတစ်ကြိမ်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်းက “မဟာနေမင်းတိုင်းတာခြင်းပေတံ” ကိုဆုံးရှုံးခဲ့ရပြီး ဟွမ်ကွမ်လီသည်လည်း ဒဏ်ရာများရရှိလာခဲ့သည်။ ဝါဒတောင်က ခွင့်မလွှတ်နိုင်သော ဒေါသအရှိန်အဟုန်ဖြင့် မီးနယ်မြေနယ်ခြားဒေသများကိုပင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

အဖြစ်အပျက်အားလုံးက အလွန်ရင်းနှီးနေသည်ဟု နေသူတော်စင်ဂိုဏ်းသားများအားလုံး ခံစားကြရသည်။

အရှေ့ထန်တိုက်ပွဲတွင်လည်း ထိုသို့ပင် ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလား။ ထိုတိုက်ပွဲတွင် သူတို့ရရှိထားသောအရာမှန်သမျှ ဆုံးရှုံးခဲ့ရသည်သာမက မူလရှိရင်းစွဲပစ္စည်းများပင် ဆုံးရှုံးခဲ့ကြရသည်။

ထိုသို့ ရင်းနှီးနေပြီးသားဖြစ်စဉ်မျိုးက နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်လာလေရာ ဂိုဏ်းသားများအားလုံး သွေးအန်လုမတတ် ဖြစ်ကြရသည်။

သူတို့၏ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” ဆုံးရှုံးခဲ့ရကြောင်း သိရှိရပြီးနောက် နေသူတော်စင်ဂိုဏ်းတစ်ခုလုံး အချိန်အတိုင်းအတာတစ်ခုအထိ စကားမပြောနိုင်ခဲ့ကြပေ။

ကမ္ဘာအလင်းတောင်ထွတ်သည် နေရောင်များဖြင့် ထွန်းလင်းတောက်ပမနေတော့ဘဲ ဝမ်းနည်းစိတ်ပျက်ဖွယ်ရာ တိမ်ညိုများအုံ့ဆိုင်းနေသည့်အလား ခံစားရသည်။ ထိုခံစားချက်မျိုးက ရှားပါးလွန်းလှ၏။

တိုက်ပွဲတွင် ဘိုးဘေးအကြီးအကဲ’ဖန်းပေါ်ထိုင်’ နှင့် နေဘုရင် (၇)ပါး၏ခေါင်းဆောင် “ကမ္ဘာအလင်းအရှင်” တို့ အသက်ဆုံးခဲ့ရသည်။

ညနေခင်းအရှင်က ခန်းမထဲတွင် ထိုင်နေပြီး သူ၏မျက်နှာအမူအရာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်ယွင်းနေသည်။

သူက ဝါဒတောင်ဌနာချုပ်တည်ရှိရာ အလယ်ပိုင်းကောင်းကင်ဒေသသို့ လိုက်ပါမသွားဘဲ တောင်ကောင်းကင်ဒေသတွင်သာ နေရစ်ခဲ့သည်။

မဟုတ်ပါက ဟွမ်ကွမ်လီမှလွဲပြီး လူတိုင်းအသက်ပျောက်ခဲ့ရသောတိုက်ပွဲတွင် သူသည်လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။

ညနေခင်းအရှင်မှာ အသက်ရှင်နေသေးသောကြောင့် အနည်းငယ်ဝမ်းသာမိသော်လည်း ဖော်မပြနိုင်သော ရှက်ရွံ့မှုကို ခံစားနေရသည်။

ဝါဒတောင်သို့ သွားရောက်တိုက်ခိုက်စဉ်က နေသူတော်စင်ဂိုဏ်းမှလူများအားလုံး စိတ်ဓာတ်တက်ကြွလျှက် ရှိကြသည်။ ပြန်လာသည့်အခါမှာတော့ ပြောစရာစကားပင်မရှိအောင် ခါးသီးသောအရှုံးတရားကို ရင်ဝယ်ပိုက်ခဲ့ကြရသည်။ ဝါဒတောင်ဆိုသောကျောက်တုံးကြီးဖြင့် သူတို့ဦးခေါင်းရိုက်ခွဲလိုက်ရသည့်ပမာ အစိတ်စိတ်အမွှာမွှာကွဲကြေလျှက် သွေးစိမ်းရှင်ရှင်းစီးကျရသည့် အခြေအနေပင်။

ယုံကြည်မှုအပြည့်ဖြင့် စိတ်အားထက်သန်စွာ ချီတက်တိုက်ခိုက်ခဲ့သော တိုက်ပွဲသည် ယခုတော့ ရယ်စရာကောင်းသည့် ဟာသတစ်ခုသာ ဖြစ်ခဲ့သည်။

နေသူတော်စင်ဂိုဏ်းချုပ်’ဟွမ်ရှု’ သည် ညို့မှိုင်းသောမျက်နှာဖြင့် သူ့အရှေ့မှ အခန်းကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ စိတ်မကောင်းခြင်းကြီးစွာ ခံစားရသည်။

ထိုအခန်းထဲတွင် ဟွမ်ကွမ်လီ ရှိနေခဲ့သည်။ တိုက်ပွဲမှ ပြန်ရောက်ရောက်ချင်း ယွမ်ကျန်းဖုန်း၏တိုက်ခိုက်မှုကြောင့် ရရှိခဲ့သောဒဏ်ရာများကို ဆေးကုရင်း အနားယူနေခဲ့သည်။ ယခု ဒဏ်ရာများ ပျောက်ကင်းသက်သာသွားပြီ ဖြစ်သည့်တိုင် အခန်းထဲမှထွက်မလာသေးဘဲ အနားယူနေဆဲပင်။

တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီးနောက် ဟွမ်ကွမ်လီက သိုင်းစွမ်းအားတစ်ဆင့်မြင့်လာခဲ့သည်ဖြစ်ရာ ဝါဒတောင်အပြင်ဘက်တစ်နေရာတွင်ဆိုလျှင် ယွမ်ကျန်းဖုန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံ ဝတ်ဆင်ထားသည့်တိုင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည်။ ဝါဒတောင်တွင်ဆိုလျှင်တော့ ဝါဒတောင်ပင်မအစီအရင်ရှိနေသဖြင့် ဟွမ်ကွမ်လီအနေဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ယွမ်ကျန်းဖုန်း ကမ္ဘာအလင်းတောင်ထွတ်ကို လာရောက်တိုက်ခိုက်မည်ဆိုပါကလည်း ဟွမ်ကွမ်လီက သူ့ကို ကြောက်ရွံ့မည် မဟုတ်ပေ။ ကိုယ့်ပိုင်နက်တွင်ဆိုလျှင် ဒဏ်ရာရထားလျှင်တောင်မှ ယွမ်ကျန်းဖုန်းကို ရင်ဆိုင်နိုင်မည် ဖြစ်၏။

သို့သော်...

တံခါးပိတ်ကျင့်ကြံရာမှ အားမာန်အပြည့်ဖြင့်ထွက်လာပြီးနောက် “ကမ္ဘာတစ်ခုလုံးကိုအပိုင်သိမ်းမည်ဆိုသော“ ဟွမ်ကွမ်လီ၏ မာန်ဝင့်မှုနှင့်ခံစားချက်များကတော့ ခါးလယ်မှ ဖြတ်ရိုက်ခံလိုက်ရသလို ရပ်တန့်သွားပြီ ဖြစ်သည်။

“မဟာနေမင်းတိုင်းတာခြင်းပေတံ” ကို ဆုံးရှုံးခဲ့ရသည်ကလည်း မခံစားနိုင်သည့် ဝေဒနာတစ်ရပ် ဖြစ်သည်။

ဟွမ်ကွမ်လီ အနားယူနေသည့်အခန်းကို ခဏမျှကြည့်ပြီးနောက် ဟွမ်ရှုက သူ့နောက်တွင်ရပ်နေကြသည့် နေသူတော်စင်ဂိုဏ်းမှအကြီးအကဲများကို လှည့်ကြည့်သည်။

သူက တိုးလျလေးလံစွာဖြင့်...

“ငါတို့တွေ အားပြန်ပြည့်လာတဲ့အထိ ခံစစ်နဲ့ပဲ အခြေအနေစောင့်ကြတာပေါ့ ၊ အားလုံးပဲ... ခြေလှမ်းတိုင်းကို သတိထားကြပါ ၊ ငါ့အဖေ အခြေအနေပြန်ကောင်းလာရင် အခု ဝါဒတောင်သိမ်းယူသွားတဲ့ မီးနယ်မြေပိုက်နက်တွေကို ပြန်သိမ်းပိုက်မယ် ၊ ကောင်းကင်နယ်မြေနဲ့ မီးနယ်မြေ နယ်စပ်မှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေဦးမှာပါပဲ”

နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲများအားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ဟွမ်ကွမ်လီ၏မြေး ၊ ဟွမ်ရှု၏သားဖြစ်သူ အလင်းမင်းသား’ဟွမ်ကျိ’ ကတော့ ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် အကြီးအကဲများအားလုံး၏ အနောက်ဘက်တွင် မတ်တတ်ရပ်နေသည်။

ဟွမ်ကျိမျက်နှာက တည်ငြိမ်နေပြီး တစ်စုံတစ်ခုကို တွေးတောနေဟန် ရှိသည်။

ယခုတော့ လုံးဝပုံမှန်ဖြစ်သွားပြီဖြစ်သော ဟွမ်ကျိကို ဟွမ်ရှုက တစ်ချက်လှမ်းကြည့်လိုက်သည်။

ဟွမ်ကွမ်လီ တောင်ပေါ်သို့ ပြန်ရောက်လာပြီး တိုက်ပွဲအခြေအနေကို ကြားသိလိုက်ရချိန်တွင် ဟွမ်ကျိသည် ဟန်မဆောင်နိုင်လောက်အောင် မျက်လုံးအပြူးသားဖြင့် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

ဖခင်ဖြစ်သူ ဟွမ်ရှုသည်ပင် ဟွမ်ကျိ ထိုမျှ အမူအရာပျက်သည်ကို မတွေ့မြင်ဖူးခဲ့ပေ။ အတိအကျဆိုရလျှင် မတွေ့မြင်ရသည်မှာ အတော်ကြာပြီဟု ဆိုနိုင်သည်။

အရှေ့ထန်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်း ကြီးမားသောဆုံးရှုံးမှုဖြင့် ကြုံတွေ့ခဲ့ရသည့်တိုင် ဟွမ်ကျိက မျက်နှာတစ်ချက် မပျက်ခဲ့ပေ။

“ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်သူမှမသိအောင် လျှို့ဝှက်ထားပေမယ့် ရန်သူက ကျွန်တော်တို့အစီအစဉ်ထက် ကျော်လွန်ပြီး လှုပ်ရှားနိုင်ခဲ့တယ် ၊ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့တယ်”

ဟူ၍သာ မှတ်ချက်ပြုခဲ့သည်။

အခြားသူများထွက်ခွာသွားသည်နှင့် ဟွမ်ရှု၏အကြည့်များက ဟွမ်ကျိထံသို့ ကျရောက်သွားသည်။

ဟွမ်ကျိက ဖခင်ဖြစ်သူကို ခေါင်းမော့ကြည့်ရင်း...

“ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာကနေ စောထွက်လာတာအတွက် သိပ်စဉ်းစားစရာမလိုပါဘူး ၊ သူ့ရဲ့ဒဏ်ရာဟောင်း ဘယ်လိုပြန်ကောင်းလာသလဲဆိုတာ မသိနိုင်ပေမယ့်... ဒါက ကျွန်တော်တို့ ခန့်မှန်းကြည့်နိုင်တဲ့ဘောင်အတွင်းမှာ ရှိနေပါသေးတယ်”

ဟွမ်ရှု ခေါင်းညိတ်လိုက်သည်။

ယခင်က သူတို့ခန့်မှန်းတွက်ချက်ထားသည့် အဆိုးဆုံးအခြေအနေမှာ ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာမှာ အချိန်စောပြီးထွက်ခွာလာခြင်း ဖြစ်သည်။

ထိုသို့ဖြစ်လာလျှင်လည်း နေသူတော်စင်ဂိုဏ်းက အစွမ်းရှိသမျှ ခုခံကာကွယ်မည် ဖြစ်သည်။ မဟာနေမင်းတိုင်းတာခြင်းပေတံ ရှိနေသရွေ့ ဝါဒတောင်နှင့် မဟာမိတ်သိုင်းဂိုဏ်းများအနေဖြင့် နေသူတော်စင်ဂိုဏ်းကို ချေမှုန်းရန် လွယ်ကူမည် မဟုတ်ပေ။

ဟွမ်ကွမ်လီက အစကတည်းက ယွမ်ကျန်းဖုန်းထက် ခြေတစ်လှမ်းစောပြီး သိုင်းသူတော်စင်ဖြစ်လာသူ ဖြစ်၏။ ထို့ကြောင့် မဟာနေမင်းတိုင်းတာခြင်းပေတံ ရှိနေသရွေ့ ဟွမ်ကွမ်လီက ယွမ်ကျန်းဖုန်းကို ကြောက်ရွံ့မည် မဟုတ်ပေ။

သို့ဖြစ်ရာ ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာမှထွက်လာလျှင်လည်း သူတို့အနေဖြင့် ဝါဒတောင်ကို လုံးလုံးလျားလျား မချေမှုန်းနိုင်ခြင်းသာ ရှိမည်ဖြစ်ပြီး အခြားပြဿနာမရှိပေ။ ဟွမ်ကွမ်လီနှင့် မဟာနေမင်းတိုင်းတာခြင်းပေတံက ယွမ်ကျန်းဖုန်း ၊ ကြယ်တာရာသန့်စင်ချီဝတ်ရုံ ၊ ဝါဒတောင်ပင်မအစီအရင်များအားလုံးကို ဖိနှိပ်ထားနိုင်မည်ဆိုလျှင် ဝါဒတောင်ဌနာချုပ်ကို မသိမ်းပိုက်နိုင်သည့်တိုင် အခြားသော ကောင်းကင်နယ်မြေအစိတ်အပိုင်းများကို သိမ်းယူနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် နေသူတော်စင်ဂိုဏ်းသည်လည်း နောက်ထပ်ခြေတစ်လှမ်း ပိုမိုအားကောင်းလာပေမည်။

ထိုသို့ဖြင့် တစ်စတစ်စ အားကြီးလာမည်ဆိုလျှင် ရေရှည်တွင် နေသူတော်စင်ဂိုဏ်းက အောင်ပွဲခံနိုင်မည်ဖြစ်သည်။

ဤသည်မှာ တံခါးပိတ်ကျင့်ကြံရာမှ ဟွမ်ကွမ်လီ ထွက်ပေါ်လာသောကြောင့် ရရှိလာသည့် ကြီးမားသောအားသာချက်ဖြစ်သည်။

ဝါဒတောင်ပိုင်ဆိုင်သည့်နယ်မြေများကို တဖြည်းဖြည်းသိမ်းပိုက်ပြီး နောက်ဆုံး နယ်မြေအများစုကို လက်ဝါးကြီးအုပ်နိုင်သည့်အခါ ဝါဒတောင်သည် သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဝံ့တော့မည် မဟုတ်ပေ။

ဤသည်က ယွမ်ကျန်းဖုန်း တံခါးပိတ်ကျင့်ကြံရာမှ အချိန်စောပြီးထွက်လာသဖြင့် ဝါဒတောင်ကို အမြစ်ပြတ်မချေမှုန်းနိုင်သည့်တိုင် ရေရှည်တွင်အောင်ပွဲရရန် စီစဉ်ထားသည့် အစီအစဉ် ဖြစ်သည်။

ဟွမ်ကျိက...

“မျှော်လင့်မထားတဲ့ အကြီးကျယ်ဆုံးဖြစ်ရပ်ကတော့ ဝါဒတောင်ပင်မအစီအရင်မှာ မထင်မှတ်တဲ့အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာတာပါပဲ ၊ ဝါဒတောင်ပင်မအစီအရင်က မဟာငရဲကိုးထပ်တံခါးကိုချိတ်ပိတ်ရင်း ဝန်ပိပြီးတော့ အခြေအနေပြောင်းလဲသွားတယ်ဆိုတဲ့စကားကို ကျွန်တော်တောင် ယုံစားမိလုမတတ် ဖြစ်ရတယ်”

ဝါဒတောင်ပတ်ဝန်းကျင်တွင် နေသူတော်စင်ဂိုဏ်းမှ သူလျှိုများလွှတ်ထားသဖြင့် ဟွမ်ရှုနှင့် ဟွမ်ကျိတို့ (၂)ယောက်လုံး တိုက်ပွဲအခြေအနေမှန်ကို သိရှိခဲ့ကြသည်။

လက်ရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းတွင် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို အမုန်းဆုံးဂိုဏ်းအား ပြောပါဆိုလျှင် ဝါဒတောင်မှလွဲပြီး အခြားသူ မရှိနိုင်ပေ။

ထိုစကားကိုကြားတော့ ဟွမ်ရှုမျက်နှာ မဲမှောင်သွားပြီး...

“မဟာနေမင်းတိုင်းတာခြင်းပေတံ...”

ဟွမ်ကျိက...

“ဆရာဘိုးဘိုးတံခါးပိတ်ကျင့်ကြံနေတဲ့အချိန်နဲ့ယှဉ်ရင် အခု အခြေအနေက ပိုဆိုးသွားတယ် ၊ ကျွန်တော်တို့မှာ ဝါဒတောင်ကိုယှဉ်နိုင်ဖို့ အားသာချက်မရှိတော့ဘူး ၊ ပြောရရင် ကျွန်တော်တို့ဂိုဏ်းနဲ့ ဝါဒတောင်က အင်အားချင်းညီသွားပြီလို့ ပြောလို့ရတယ် ၊ အင်း... ဒီတစ်ခေါက်တိုက်ပွဲမှာ ကျွန်တော်တို့ဘက်ကတောင် နည်းနည်းပိုပြီးတော့ ဆုတ်ယုတ်သွားတယ်လို့ ဆိုနိုင်တယ် ၊ ဒါပေမဲ့ တခြားထိပ်သီးသိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းနဲ့ ယှဉ်ရင်တော့ ကျွန်တော်တို့က အားသာချက် ရှိနေပါသေးတယ်”

သူက ဆက်ပြောသည်။

“နောက်ပိုင်းအချိန်တွေကတော့... ကျွန်တော်တို့ နေသူတော်စင်ဂိုဏ်းအတွက် အရေးကြီးတဲ့ ကာလတစ်ခုပါပဲ ၊ အခြေအနေတစ်ခုလုံးကို စောင့်ကြည့်ရလိမ့်မယ်”

ဟွမ်ကျိ ခဏတိတ်ဆိတ်သွားပြီးမှ စကားဆက်ပြောသည်။

“ဝါဒတောင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိထားတာတွေက မလုံလောက်သေးဘူးထင်တယ်”

သူက မြေပြင်ထက်သို့ ‌ခေါင်းငုံ့ကြည့်ရင်း...

“ဝါဒတောင်သခင်လေး ’ရန်ကျောက်ကဲ’... ကျွန်တော်တို့ သူ့ကိုပိုပြီး ဂရုစိုက်စောင့်ကြည့်ရလိမ့်မယ် ၊ အရင်ကတည်းက သူတော်တယ်ဆိုတာရိပ်မိလို့ အထိုက်အလျောက်တော့ အကဲခတ်ထားမိပေမယ့် အခုတော့ သူ့ကို လျှော့တွက်မိတယ်လို့ ခံစားရတယ်”

“ဒီတစ်ခေါက်တိုက်ပွဲမှာ ဝါဒတောင်က ကျွန်တော်တို့စီစဉ်ထားတဲ့အစီအစဉ်နဲ့ ကွဲလွဲမှုတွေအမျာကြီး ဖြစ်သွားတယ် ၊ သူတို့လှုပ်ရှားမှုတိုင်းရဲ့နောက်ကွယ်မှာ ရန်ကျောက်ကဲရဲ့ ပုံရိပ်တွေရှိနေတယ်လို့ ကျွန်တော် ခံစားရတယ် ၊ ဒီကောင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ပေါ့သေးသေးမဟုတ်ဘူး ၊ ကျွန်တော်တို့ဘက်က အားသာချက်တွေအများကြီး ဆုပ်ကိုင်ထားတာတာင်မှ ဒီကောင့်ရဲ့လုပ်ရပ်တွေက ခန့်မှန်းမရနိုင်လောက်အောင်ပါပဲ ၊ တုန်လှုပ်စရာကောင်းလွန်းတယ်”

ဟွမ်ရှုက...

“ဒီတစ်ခေါက်က မင်းရဲ့ ဒုတိယမြောက် ပြန်ထပ်နှစ်မဟုတ်လား ၊ အခုတော့ မွေးနေ့ပွဲ မကျင်းပနိုင်တော့ဘူးပေါ့”

ထိုစကားကိုကြားတော့ ဟွမ်ကျိ ခေါင်းမော့ကြည့်သည်။

တည်ငြိမ်သည့်သူ့မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်စကို တွေ့မြင်ရသည်။

“အင်း... မွေးနေ့ပွဲမကျင်းပနိုင်ပေမယ့် သင်ခန်းစာတော့ရလိုက်ပါတယ် ၊ ဒီတစ်ခေါက် ကျွန်တော့်ဘဝမှာ ပထမဆုံး တွက်ချက်မှုမှားယွင်းခဲ့တာဖြစ်လို့ နက်နက်နဲနဲနဲ့ အချိန်ကြာကြာကို အမှတ်ရနေမှာပါ”

ထို့နောက် သူက ကောင်းကင်နယ်မြေတည်ရှိရာ မြောက်ဘက်သို့ လှည့်ကြည့်လိုက်ရင်း...

“ပြီးတော့... ပထမဆုံးအကြိမ် လူတစ်ယောက်ကို အရမ်းသတ်ချင်နေတယ် ၊ ကျွန်တော်နဲ့ သက်တူရွယ်တူ လူငယ်တစ်ယောက်ကိုပေါ့...”

***

အလယ်ပိုင်းကောင်းကင်ဒေသ ၊ ဝါဒတောင်။

ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့် ကောင်းကင်ထက်မှ ဝါဒတောင်ပင်မအစီအရင်ကို ကြည့်နေသည်။

ထို့နောက် သူက နေသူတော်စင်ဂိုဏ်းတည်ရှိရာ တောင်ဘက်ပိုင်းသို့ စူးစိုက်ကြည့်လိုက်ပြီး သူ့အကြည့်များက ကောင်းကင်မိုးကြိုးခန်းမတည်ရှိရာ အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားသည်။

“ရန်သူတွေက ငါတို့ကို ချေမှုန်းချင်နေတုန်းပဲ ၊ သူတို့ဆန္ဒတွေက ဘယ်တော့မှအဆုံးသတ်မှာ မဟုတ်ဘူး ၊ အခွင့်အရေးနည်းနည်းလောက်ရတာနဲ့ သူတို့က သွေးဆာနေတဲ့ငါးမန်းတစ်ကောင်လို ခုန်ဝင်လာမှာပဲ”

ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“သူခိုးတွေက ရက်ပေါင်းတစ်ထောင်လုံး ခိုးယူနေပေမယ့် ဘယ်သူမှ သူခိုးတွေကို ရက်ပေါင်းတစ်ထောင် စောင့်ကြည့်မနေနိုင်ဘူး”

“နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမ ၊ ငါ့ဘက်က ဒီလောက်နဲ့ပြီးသွားလိမ့်မယ်လို့ မင်းတို့ ထင်မနေကြနဲ့”

***

All Chapters