ဝါဒတောင်၏တရားဝင်ဂိုဏ်းချုပ်အသစ်
Vol. 23 Ch. 315
“နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမ... အခုမှ အစပဲရှိသေးတာကွ”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ထို့နောက် သူ့မျက်ဝန်းများက ဝါဒတောင်ပင်မအစီအရင်အား ပြန်လည်စူးစိုက်ကြည့်နေသည်။
ပင်မအစီအရင်တွင် လှည့်ပတ်နေသော မရေမတွက်နိုင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ဝိညာဉ်သင်္ကေတများသည် လေထုထဲတွင် တစ်ဖန်ပြန်လည်ဖုံးကွယ်သွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက အရှေ့ဆီမှ တောင်ထွတ်များကို လှမ်းကြည့်လိုက်သည်။ ဝါဒတောင်၏ နေရာ (၉)ခုမှ ထွက်ပေါ်လာသော သွေးနီရောင်ချီစွမ်းအားစီးကြောင်းများသည်လည်း ယခုတော့ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပေပြီ။
‘ငရဲကိုးထပ်အမှောင်ထုမြေသား’ က အလွန်ထူးခြားလေသည်။ ထိုပစ္စည်းကို အလွန်ထူးခြားပြီး မိစ္ဆာနယ်မြေမဟာအစီအရင် ၊ ဝါဒတောင်ပင်မအစီအရင်တို့ဖြင့် ပေါင်းစပ်လိုက်သည့်အခါ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့ပေသိ ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်ဖမိုးထက်မှ မိစ္ဆာသင်္ကေတ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ငရဲကိုးထပ်သို့ပြောင်းပြန်သွားသွားသောလမ်းကြောင်းတစ်ခုကို နောက်တစ်ကြိမ်ဖန်တီးရန် မလွယ်ကူနိုင်တော့ပေ။
သို့ရာတွင် ဝါဒတောင်ပမင်အစီအရင်ကတော့ ပိုမိုအဆင့်မြင့်တက်သွားခဲ့၏။
လက်ရှိ ဝါဒတောင်ပင်မအစီအရင်သည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အဆင့်အမြင့်ဆုံး အစီအရင်တစ်ခု ဖြစ်သွားပေပြီ။
ရှင်းတုန်းဖင်းနှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းတို့က ဝါဒတောင်အား ကြီးမားသောပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သော်လည်း သူတို့ထံမှ ပြန်လည်ရရှိခဲ့သော ရတနာပစ္စည်းများက မထင်မှတ်လောက်အောင် အဖိုးတန်လှသဖြင့် ဝါဒတောင်၏စွမ်းအားကို ပိုမိုမြင့်မားလာစေခဲ့သည်။
ရန်ကျောက်ကဲ၏လက်ဖဝါးထက်တွင် အပြာရောင်မှိန်ဖျော့ဖျော့တောက်ပနေသည့် ကျောက်စိမ်းအပိုင်းအစလေးတစ်ခု ရှိနေသည်။
အလင်းရောင်က အခြားသူများ သတိမထားမိလောက်အောင် မှိန်ဖျော့နေသော်လည်း အလွန်တရာသန့်စင်သည်။
ထိုကျောက်စိမ်းက မြေကမ္ဘာနယ်မြေမှ ထွက်ရှိသော “အပြာရောင်နတ်ဆိုးကျောက်စိမ်း” ပင် ဖြစ်သည်။ အလွန်တရာ ရှားပါးသဖြင့် တွေ့မြင်ရန်ပင်ခက်ခဲသည်။
ရှင်းတုန်းဖင်း၏ အရိပ်ကျုံ့အိတ်ထဲတွင် အပြာရောင်နတ်ဆိုးကျောက်စိမ်း အများအပြားတွေ့ရှိရသည်။ ပမာဏများပြားရုံသာမက အရည်အသွေးလည်းအလွန်ကောင်း၏။
ရန်ကျောက်ကဲက လက်ထဲမှ အပြာရောင်နတ်ဆိုးကျောက်စိမ်းအပိုင်းအစလေးကိုဆော့ကစားရင်း မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းပိုင်ဆိုင်သောပစ္စည်းများထဲတွင် အပြာရောင်နတ်ဆိုးကျောက်စိမ်းသာမက ကောင်းကင်ရေကန်အသွင်ပြောင်းကျောက်စိမ်း ၊ တစ္ဆေခန္ဓာဆေးမှုန့်နှင့် အခြားအဆင့်မြင့် ရတနာပစ္စည်းများစွာလည်း ပါဝင်သည်။ လူတိုင်းကို မျက်စိကျစေလောက်သည့် ရတနာပစ္စည်းများပင်။
ထို့ပြင် နေသူတော်စင်ဂိုဏ်းပိုင်နက်နယ်မြေများကို တန်ပြန်တိုက်ခိုက်ရာတွင်လည်း ဝါဒတောင်အနေဖြင့် များစွာသော ရတနာပစ္စည်းများကို ရရှိဦးမည်ဖြစ်သည်။ ရန်ကျောက်ကဲက မီးသဏ္ဌန်ကျောက်စိမ်း ၊ မြေအောက်မီးအမြုတေများ အပါအဝင် ရတနာအချို့ကို အထူးဂရုပြု ရှာဖွေပေးပါရန် ဂိုဏ်းသားများကို အကူအညီတောင်းခံထားသည်။
သူ့အတွက်တော့ နောက်ထပ်ရတနာပစ္စည်းများစွာ ထပ်မံရရှိဦးမည် ဖြစ်သည်။
ဝါဒတောင်က မီးနယ်မြေပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ခဲ့သည်သာမက အနောက်ဘက်ဒေသ ၊ လေနယ်မြေတွင်လည်း ပြင်းထန်စွာ တန်ပြန်တိုက်စစ်ဆင်ခဲ့သည်။ နေသူတော်စင်ဂိုဏ်းပိုင်နက်ဖြစ်သော တောင်ဘက်အစွန်းမှ ကန်းဒေသနှင့် ချင်ဒေသကို သိမ်းပိုက်ရန် ကြိုးစားကြမည် ဖြစ်၏။
တိုက်ပွဲက အရှိန်ရနေပြီဖြစ်ရာ ဝါဒတောင်က နောက်ပြန်ဆုတ်မည် မဟုတ်ပေ။
ဟွမ်ကွမ်လီ ဒဏ်ရာရထားပြီး မဟာနေမင်းတိုင်းတာခြင်းပေတံလည်း ဆုံးရှုံးခဲ့ရသည်ဖြစ်ရာ နေသူတော်စင်ဂိုဏ်းမှာ ကိုယ့်သွားအကျိုးကို ကိုယ်တိုင်ပြန်မျိုချနေရသကဲ့သို့ ဖြစ်သည်။
ဟွမ်ကွမ်လီ အနားယူပြီးသည့်နောက် ဝါဒတောင်ကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ချိန်တွင် ဝါဒတောင်က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ရှင်းတုန်းဖင်းထံမှ ရရှိသည့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့ဝင်များ၏ နာမည်စာရင်းအပြည့်အစုံ ကြေငြာလိုက်ခြင်း ဖြစ်၏။ ထိုနာမည်စာရင်းထဲတွင် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီး (၅)ခုမှ လူအတော်များများ ပါဝင်နေကြသည်။
ဝါဒတောင်က နာမည်စာရင်းများက မှန်ကန်မှု ရှိ မရှိ သေသေချာချာ ဂရုတစိုက် စစ်ဆေးခဲ့ရသည်။ ရှင်းတုန်းဖင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာ မတည်မငြိမ်ဖြစ်စေရန် တမင်သက်သက် ပြဿနာဖန်တီးခဲ့ခြင်း ဖြစ်မည်ကို စိတ်ပူပန်သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ ထိုအမည်စာရင်းက မည်မျှတန်ဖိုးရှိကြောင်းကိုတော့ ပြောနေစရာ မလိုအပ်ပေ။
ထိုအမည်စာရင်း ကြေငြာလိုက်ခြင်းက ဝါဒတောင်၏အနေအထားအား ပိုမိုခိုင်မာစေပြီး နေသူတော်စင်ဂိုဏ်းကို ခဏမျှ ခေါင်းမဖော်နိုင်အောင် ဖိအားပေးနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်တန်းနယ်မြေမှ အဆုံးမဲ့တောင်တန်းကလည်း ကောင်းကင်မိုးကြိုးခန်းမကို မသိမသာ ဖိအားပေးခဲ့သည်။
ရန်ကျောက်ကဲကို ခံစားချက်ဖြစ်သွားစေသည့်အချက်တစ်ချက်မှာ အဆုံးမဲ့တောင်တန်းက ဝါဒတောင်ဘက်မှ တစ်လျှောက်လုံး ရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမ၏ အရှင်သခင်’ချန်လီ’ ဝါဒတောင်ကို တိုက်ခိုက်ရန်လာရောက်ချိန်တွင် အဆုံးမဲ့တောင်တန်း၏ ဂိုဏ်းချုပ် ‘ချူးယန်’က ကူညီပြီး ထိန်းထားပေးခဲ့သည်။
ဟွမ်ကွမ်လီသာ ဝါဒတောင်တွင် သေဆုံးခဲ့မည်ဆိုလျှင် အဆုံးမဲ့တောင်တန်း၏ ရပ်တည်ချက်ကို ခန့်မှန်းရန် ခက်ခဲမည် ဖြစ်သည်။ အဆုံးမဲ့တောင်တန်းသာမက ကျောက်စိမ်းပင်လယ်မြို့တော်နှင့် လှိုင်းနက်ဂေဟာသည်ပင် အတွေးများပြောင်းလဲသွားနိုင်ပေသည်။
ကမ္ဘာ့အခြေအနေများပြောင်းလဲသည်နှင့်အမျှ အင်အားကြီးအုပ်စုများ၏ ဆက်ဆံရေးသည်လည်း အမြဲတမ်းပြောင်းလဲနေမည် မဟုတ်ပါလား။
နယ်မြေသိမ်းသည့်တိုက်ပွဲများကို ကိုယ်တိုင်ဦးဆောင်နေသည့် ယွမ်ကျန်းဖုန်း ဝါဒတောင်သို့ ပြန်ရောက်လာသည့်အခါ လုပ်စရာရှိသည့်ကိစ္စများကို စတင်လုပ်ဆောင်ကြသည်။
ဝါဒတောင်မှ ဂိုဏ်းသားများအားလုံးစည်းစည်းလုံးလုံးဖြင့် ကြိုးပမ်းမှုအပြီးတွင် ဝါဒတောင်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
တစ်ခုတည်းသော ထူးခြားသည့် ပြောင်းလဲမှုကတော့ ဓားဝိညာဉ်ထိမှန်ခဲ့သည့် မီးတောက်တောင်ထွတ်မှာ ယခင်ကထက် အနည်းငယ်တိုသွားခြင်းပင် ဖြစ်သည်။
ယွမ်ကျန်းဖုန်း ပြန်ရောက်လာပြီး သိပ်မကြာမီမှာပင် ဝါဒတောင်က ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအား အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။
ထို့ပြင် မိစ္ဆာသူတော်စင် ‘ယွမ်ထျန်း’ နှင့် ရှင်းတုန်းဖင်းတို့၏ သေဆုံးမှုကိုလည်း ထုတ်ပြန်ခဲ့သည်။
ရှင်းတုန်းဖင်းက ချောက်နက်အရှင်သခင်ဖြစ်ကြောင်းကို ဝါဒတောင်က လျှို့ဝှက်မထားခဲ့ဘဲ ဂိုဏ်း၏သစ္စာဖောက်များကို ရှင်းလင်းပြီးဖြစ်ကြောင်း တရားဝင် ကြေငြာခဲ့သည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး ကောလဟလများစွာ ထွက်ပေါ်နေသည့်တိုင် ဝါဒတောင်က ထုတ်ဖော်ကြေငြာလိုက်သည့်အခါ တစ်လောကလုံး တုန်လှုပ်သွားကြရသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကိစ္စအပြင် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ၏ လာရောက်တိုက်ခိုက်မှုအကြောင်းကိုလည်း ဝါဒတောင်က တစ်ချက်ပင်ထိန်ချန်ခြင်းမရှိဘဲ ကမ္ဘာသိအောင် ချပြခဲ့သည်။
နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမက အခိုင်အမာငြင်းဆိုမှုများဖြင့် ခုခံကာကွယ်ကြသော်လည်း သူတို့ကို ထောက်ခံသူဦးရေ အတော်လေးနည်းပါးနေခဲ့သည်။
ထို့နောက်တွင်တော့ ယွမ်ကျန်းဖုန်းက ဝါဒတောင်၏ ဂိုဏ်းချုပ်ရာထူးကို စွန့်လွှတ်လိုက်ကြောင်း ကမ္ဘာသိအောင် ကြေငြာခဲ့သည်။ သူက ဝါဒတောင်၏ ဘိုးဘေးအကြီးအကဲအဖြစ်နေထိုင်ပြီး ကျင့်ကြံခြင်းကို အာရုံစိုက်တော့မည်ဟု တရားဝင်ပြောဆိုခဲ့သည်။
ရန်ကျောက်ကဲ၏ဖခင် ရန်တိက ဝါဒတောင်၏ တရားဝင်ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပြီး ဝါဒတောင်၏အမွေအနှစ်ကို ဆက်ခံခဲ့သည်။
ရှေ့ပိုင်း ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့်တိုက်ပွဲ ၊ နောက်ပိုင်း နေသူတော်စင်ဂိုဏ်းနှင့်တိုက်ပွဲများအကြောင်း အသေးစိတ်သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ “ရန်ဝူတိ” “ပြိုင်ဘက်ကင်း’ရန်’” ဆိုသောအမည်နာမကလည်း အစွန်းရောက်ရှစ်ပါးမ္ဘာတွင် တစ်ဖန်ပြန်လည် ကျော်ကြားလာခဲ့သည်။
သိုင်းပညာရှင်အဆင့်ကတည်းက ပြိုင်ဘက်ကင်းဖြစ်ခဲ့သော ‘ရန်တိ’ သည် သိုင်းဆရာသခင်အဆင့်တွင်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းဖြစ်လာခဲ့သည်။
အဆုံးမဲ့တောင်တန်း၏ဂိုဏ်းချုပ် ၊ မြောက်ပိုင်းတောင်ထွတ်မှကောင်းကင်သူရဲကောင်း ‘ချူးယန်’ က ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့်တက်ရောက်ခြင်းနှင့် ရန်တိ ဝါဒတောင်ဂိုဏ်းချုပ်ဖြစ်လာခြင်းအတွက် အဖွဲ့တစ်ဖွဲ့စေလွှတ်ကာ ဂုဏ်ပြသဝဏ်လွှာပေးပို့ခဲ့သည်။
ယွမ်ကျန်းဖုန်းအတွက်ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ယွမ်ကျန်းဖုန်း၏ ဘွဲ့အမည်ကို “ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်” ဟု ချူးယန်က ပြောင်းလဲဖော်ပြခဲ့သည်။
ထိုသတင်းကိုကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများထက် အပြုံးရိပ်တစ်ခု ဖြစ်တည်လာသည်။
ဝါဒတောင်၏ထုံးစံမှာ ဂိုဏ်းချုပ်များအားလုံး၏ ဘွဲ့အမည်တွင် “ကောင်းကင်” ဆိုသောစာလုံး ပါရှိကြသည်။ ဝါဒတောင်ကို တည်ထောင်သူ ဆရာဘိုးဘိုး “ကောင်းကင်တည်ထောင်သူ” ချိုးယွမ်မှ အစပြုပြီး ယခုအချိန်ထိ ဖြစ်၏။
ထို့ကြောင့် ယွမ်ကျန်းဖုန်းက ဂိုဏ်းချုပ်ရာထူးဆက်ခံချိန်တွင် သူ့ကိုယ်သူ “ကောင်းကင်ခြေရာတိုင်းသူ” ဟု ဘွဲ့အမည်ပေးအပ်ခဲ့ပြီး သိုင်းသူတော်စင်ဖြစ်လာလျှင်လည်း “ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်” ဟု ခံယူရန် ဆုံးဖြတ်ထားခဲ့သည်။
ယခုတော့ သူ့အနေဖြင့် “ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်” ဘွဲ့အမည်ကို အပြည့်အဝ ခံယူထိုက်သူ ဖြစ်လာပေပြီ။
ထိုအကြောင်းကို ဝါဒတောင်က အသိပေးထားခြင်းမရှိသည့်တိုင် အဆုံးမဲ့တောင်တန်း၏ဂိုဏ်းချုပ် ချူးယန်က ဘွဲ့အမည်ကို ထိုသို့ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ဤသည်မှာ ဝါဒတောင်နှင့် ဆက်လက်မဟာမိတ်ပြုလုပ်ရန် ၎င်းတို့၏စိတ်ရင်းကို ရိုးသားရှင်းလွင်းစွာ ဖော်ပြခြင်း ဖြစ်သည်။
တကယ်တမ်း အဆုံးမဲ့တောင်တန်း၏စိတ်ထဲ မည်သို့တွေးတောမည်ဆိုသည်ကတော့ တခြားကိစ္စ ဖြစ်သည်။
ယခုတော့ နေသူတော်စင်ဂိုဏ်းသာမက ဝါဒတောင်သည်လည်း အတိတ်တစ်ချိန်ကလိုပင် အင်အားပြည့်ဝလာပြီး အခြားထိပ်သီးသိုင်းဂိုဏ်းကြီး (၄)ခုထက် စွမ်းအားမြင့်မားနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ရန်တိကိုလှည့်ကြည့်ရင်း...
“အရှေ့ပင်လယ်မှာ မီးတောက်မိစ္ဆာတွေသောင်းကြမ်းနေတုန်းပဲဆိုတော့ ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ လှိုင်းနက်ဂေဟာတို့လည်း တိုက်ပွဲမပြီးကြသေးဘူး ၊ ဒါပေမဲ့ သူတို့က ဆရာဘိုးဘိုးနဲ့ အဖေ့ကိုဂုဏ်ပြုဖို့ အဖွဲ့တွေစေလွှတ်လိုက်တယ်”
သူက ဆက်ပြောသည်။
“အဖေလည်း ဂိုဏ်းချုပ်ဖြစ်ပြီဆိုတော့ ဘွဲ့အမည် ဘယ်လိုပေးမှာလဲ ၊ ‘ရန်ဝူတိ’ ပြိုင်ဘက်ကင်း’ရန်’ လို့ပဲ ခံယူမှာလား ၊ အဲဒီနာမည်က တကယ်သင့်တော်တယ်လို့ ခံစားရတယ်”
ရန်တိက...
“ဘွဲ့အမည်တွေက အရေးမကြီးပါဘူးကွာ... ဆရာက နာမည်ပေးမယ်ဆိုရင်လည်း ပေးတဲ့အတိုင်းယူလိုက်တာပေါ့”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒီကိစ္စတွေပြီးဆုံးသွားတော့... ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိသေးတယ် ၊ ကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေ စုစည်းနိုင်ဖို့ ဂိုဏ်းရဲ့အကူအညီကို ယူရလိမ့်မယ် ၊ အင်း... ကောင်းကင်နယ်မြေအပြင် တခြားထိပ်သီးသိုင်းဂိုဏ်းကြီးတွေအုပ်ချုပ်တဲ့ နယ်မြေတွေကိုလည်း သွားရမယ်ထင်တယ်”
ရန်တိက သားဖြစ်သူကို တည်ကြည်လေးနက်စွာကြည့်ရင်း...
“ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ ရဲ့ ချွေးမ ယင်ယွီကျန်းနဲ့ ကျွင်းအာလေးအတွက်လား”
ရန်ကျောက်ကဲက...
“ဟုတ်တယ် ၊ ကျွန်တော်တွေးထားတာတွေရှိတယ် ၊ သိပ်တော့မသေချာသေးပေမယ့် ကျွန်တော်တတ်နိုင်သမျှ ကြိုးစားကြည့်ချင်တယ်”