← Chapters

မျှော်လင့်မထားတဲ့နေရာတစ်ခုကို တိုက်ခိုက်ချင်တာ

Vol. 23 Ch. 316

မျှော်လင့်မထားတဲ့နေရာတစ်ခုကို တိုက်ခိုက်ချင်တာ

Vol. 23 Ch. 316

ရှီတိ၏မြေးဖြစ်သူ ရှီကျွင်းလေးမွေးဖွားစဉ်က ရန်တိလည်း ရှိနေခဲ့သည်ပင်။ အနှီးထုပ်လေးဖြင့် ကလေးငယ်ကို ချီပိုးခဲ့ဖူးပြီး သူ့မျက်စိရှေ့မှာပင် ကလေးငယ်က လမ်းလျှောက်တတ်စအရွယ်သို့ ရောက်လာခဲ့သည်။

“ရှီကျွင်း” ဆိုသည့်အမည်က ယွမ်ကျန်းဖုန်းကိုယ်တိုင်ပေးထားသည့် နာမည်ဖြစ်သည်။

ရှီကျွင်းလေးက ရှီတိ၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်သောကြောင့် ဝါဒတောင်တစ်ခုလုံးက သူ့ကို အလွန်ဂရုစိုက်ကြသည်။

ရန်တိက ရန်ကျောက်ကဲကိုကြည့်ရင်း...

“မင်း ဘာတွေလုပ်ဖို့များ စဉ်းစားထားတာလဲ ၊ လိုအပ်တဲ့ပစ္စည်းတွေကရော ဘာတွေလဲ”

ရန်ကျောက်ကဲက အလေးအနက်ဖြင့် ပြန်ဖြေသည်။

“အခုချိန်ထိတော့ ဘာလုပ်ရမလဲဆိုတာ မသိသေးပါဘူး ၊ မြောက်ဖျားကိုခရီးထွက်ပြီး စုံစမ်းစရာရှိတာတွေ စုံစမ်းပြီးမှ ကောက်ချက်ချနိုင်မှာပါ ၊ ဒါပေမဲ့ အရမ်းအလောတကြီးတော့ မဟုတ်ပါဘူး ၊ အခု ဆောင်းရာသီဆိုတော့ မြောက်ဖျားကို ခရီးထွက်ဖို့ မဖြစ်နိုင်သေးဘူး ၊ ဒါကြောင့် တောင်ပေါ်မှာပဲ ပြင်ဆင်မှုတွေလုပ်ရင်း နည်းလမ်းတွေစဉ်းစားရဦးမယ်”

သူက ဆက်ပြောသည်။

“လိုအပ်တဲ့ပစ္စည်းတွေအတွက်ကတော့ အဖေနဲ့ ဝါဒတောင်ကိုပဲ ကျွန်‌တော် အပူကပ်ရမှာပဲ ၊ အဲဒီပစ္စည်းတွေက တခြားထိပ်သီးသိုင်းဂိုဏ်းတွေမှာ ရှိနေရင်လည်း အရောင်းအဝယ် စကားပြောပေးစေချင်တယ် ၊ နောက်ကျ ဘာပစ္စည်းတွေလိုအပ်လဲဆိုတာ ကျွန်တော် အဖေ့ကို စာရင်းပြုစုပေးမယ်”

ရန်ကျောက်ကဲက ဝါဒတောင်မှရင်းမြစ်ပစ္စည်းများကို လိုသလောက် ယူငင်အသုံးပြုရန် အခွင့်အာဏာရရှိထားသော်လည်း ပြင်ပစွမ်းအားစုများမှ ရင်းမြစ်ပစ္စည်းများကို လိုချင်လျှင်တော့ ရန်တိ သို့မဟုတ် အခြားအကြီးအကဲတစ်ယောက်ယောက်ကို အကူအညီတောင်းသည်က ပိုကောင်းလေသည်။

လူတစ်ယောက် စွမ်းအားမြင့်မားလာသည့်အခါ အခြားသူများက သတိထားမိလာသည်မှာ သဘာဝဖြစ်သည်။ လက်ရှိတွင် ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နာမည်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်လိုအပ်သောပစ္စည်းများကို ရှာဖွေမည်ဆိုပါက သူလုပ်နေသည့်အလုပ်ကို အခြားသူများ အလွယ်တကူ သတိပြုမိသွားနိုင်သည်။

ရန်တိက ခေါင်းညိတ်ရင်း...

“အင်း... မင်းစာရင်းလုပ်ပြီးရင် ငါ့ဆီပို့ပေးလိုက်ပါ”

ရန်ကျောက်ကဲက...

“ပြီးတော့ မြောက်ဖျားကို ခရီးထွက်ရင်း မြောက်ပင်လယ်ကိုပါသွားဖို့ ရည်ရွယ်ထားတယ်”

ရန်တိက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။

အတန်ကြာမှ...

“ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်တွေကို မင်းက သွားရှာဖွေချင်လို့လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... ၊ ကျွန်တော် သဲလွန်စ နည်းနည်းပါးပါး ရထားတယ်လေ ၊ လွန်ခဲ့တဲ့ရက်တွေက ကျွန်တော် အဲဒီအကြောင်းကို သေသေချာချာ စဉ်းစားနေခဲ့တာ ၊ မြောက်ပင်လယ်မှာ နောက်ထပ်သဲလွန်စတွေ ရှာတွေ့နိုင်မယ်ဆိုရင် အတော်လေးအကျိုးရှိလိမ့်မယ်”

စကားပြောနေကြရင်း သားအဖနှစ်ယောက်လုံး မျက်နှာမကောင်းဖြစ်သွားကြသည်။

သူတို့နှစ်ယောက်လုံး ရှီတိကို သတိရမိသွားသောကြောင့်ပင်။

ထိုစဉ်က ရန်ကျောက်ကဲက ရီကျင်းထံမှ ရရှိခဲ့သော သတ္တုပြားလေးနှင့်ပတ်သက်ပြီး သဲလွန်စများ ရှာဖွေရန်အတွက် ရှီတိက မြောက်ဖျားဒေသသို့ ကိုယ်တိုင်ကိုယ်ကျ ခရီးထွက်ခဲ့သည်။

မြောက်ဖျားဒေသမှ ပြန်ရောက်လာပြီးနောက် ရေခဲနဂါးသူတော်စင်၏ အမွေအနှစ်များနှင့်ပတ်သက်သော သဲလွန်စအချို့သာမက ငရဲကိုးထပ်နှင့် မြေကမ္ဘာနယ်မြေမှ သဲလွန်စများကိုပါ ရရှိလာခဲ့သည်။

ထိုသဲလွန်စများက မိစ္ဆာနယ်မြေမဟာအစီအရင်ကို လေ့လာရာတွင် အတော်လေး အသုံးဝင်ခဲ့သည်။ ရန်ကျောက်ကဲက ကြည်လင်လျှို့ဝှက်ရေကန်တွင် မိစ္ဆာနယ်မြေမဟာအစီအရင်ကို ပထမဆုံးအကြိမ်ရင်ဆိုင်ပြီးသည့်နောက် ရှီတိရရှိလာသော သဲလွန်စများဖြင့် ဆက်လက်လေ့လာခြင်း ပြုလုပ်ခဲ့သည်။

ကံဆိုးသည်မှာ ရှင်းတုန်းဖင်းသည်လည်း ထိုသဲလွန်စများမှတစ်ဆင့် အကျိုးကျေးဇူးအချို့ ရရှိသွားခြင်း ဖြစ်၏။

ရန်တိက...

“ရေခဲနဂါးသူတော်စင်ပျောက်ကွယ်သွားတာ အတော်ကြာပြီပဲ ၊ သူ့ရဲ့ အမွေအနှစ်ပစ္စည်းတွေကလည်း ဘယ်နေရာမှာ ရောက်နေမှန်းမသိရဘူး ၊ ဒီကမ္ဘာမှာ ရှိပါဦးမလားဆိုတာတောင် မသေချာဘူး ၊ မင်းက သွားရှာချင်တယ်ဆိုရင်လည်း အဖေ မကန့်ကွက်ပါဘူး ၊ ဒါပေမဲ့ အဲဒီကိစ္စအတွက် မင်းကိုယ်မင်း သိပ်ပြီး ဒုက္ခရောက်မခံနဲ့ ၊ အချိန်ကုန်လူပမ်း မဖြစ်စေနဲ့ပေါ့”

ရန်ကျောက်ကဲက...

“အဖေ စိတ်ချပါ ၊ ကျွန်တော် နားလည်ပါတယ်”

ခဏနားပြီးမှ ရန်ကျောက်ကဲက ဆက်ပြောသည်။

“ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်တွေ ရှာတွေ့ဖို့ဆိုတာ တကယ့်ကို မသေချာတဲ့ကိစ္စပါပဲ ၊ ဒါပေမဲ့ ကျွန်တော် ခရီးထွက်ရတဲ့ ရည်ရွယ်ချက်က အဲဒါတစ်ခုတည်း မဟုတ်ပါဘူး ၊ တကယ်တော့ ကျွန်တော်က လမ်းကြုံလို့ ရှာကြည့်ချင်တဲ့သဘောပါ ၊ ကျွန်တော်လုပ်မယ့်အလုပ်တွေကို တခြားသူမသိအောင် အဲဒီကိစ္စနဲ့ ဟန်ပြဖုံးကွယ်တယ်လို့တောင် ဆိုလို့ရတယ်”

သားဖြစ်သူ စကားကြောင့် ရန်တိ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

“... အဲဒီလိုလား”

ရန်ကျောက်ကဲက ဆက်ရှင်းပြသည်။

“နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ကျွန်တော်တို့ကို  လာတိုက်ခိုက်တဲ့အခါ ဟန်ဆောင်မျက်နှာဖုံးတွေအကုန် ကွာကျသွားကြတယ် ၊ သူတို့စိတ်ထဲမှာ ကျွန်တော်တို့ဝါဒတောင်ကို ဘယ်လောက်မုန်းတီးနေသလဲဆိုတာ မြင်တွေ့လိုက်ရတယ် ၊ အခု အခြေအနေတွေ ငြိမ်သက်နေရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက နှစ်ဖက်လုံး အင်အားမျှနေတဲ့ အနေအထာ ဖြစ်နေလို့ပဲ ၊ အနာဂတ်မှာ သူတို့သာ ကျွန်တော်တို့ထက် အင်အားကြီးမားလာမယ်ဆိုရင် သေချာပေါက် အန္တရယ်ရှိနိုင်တယ်”

ရှေးအရင်အချိန်က...

ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီ တံခါးပိတ်ကျင့်ကြံနေချိန်တွင် ဟွမ်ကွမ်လီ၏ဆရာ ခရမ်းရောင်နေသူတော်စင်ကျန်းချောင်နှင့် အနက်ရောင်အိပ်မက်ဆိုးတောင်၏ ဂိုဏ်းချုပ်တို့က ဝါဒတောင်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသည်။

အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းသူတော်စင်က ဝါဒတောင်ကို တိုက်ခိုက်ချိန်တွင် ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ က ဝါဒတောင်မှ ရရှိမည့်ပစ္စည်းများကို အချောင်ယူရန် စောင့်နေခဲ့သည်။

သို့သော် ကျန်းဒေါ်ဂီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းသူတော်စင်ကို သုတ်သင်ပစ်ပြီး အနက်ရောင်အိပ်မက်ဆိုးတောင်တစ်ခုလုံးကို ချေမှုန်းပစ်ခဲ့သည်။

ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ ကိုလည်း လိုက်လံတိုက်ခိုက်ရာ ကမ္ဘာအလင်းတောင်ထွတ်သို့ ပြန်ပြေးသဖြင့် ကျန်းဒေါင်ဂီက ဆက်မလိုက်ဘဲ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ထိုအချိန်မှစတင်ပြီး နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ကြား မပြေနိုင်သောရန်ငြိုး စတင်ခဲ့ခြင်း ဖြစ်၏။

ထို့နောက် မီးတောက်မိစ္ဆာများနှင့်တိုက်ပွဲတွင် ကျန်းဒေါင်ဂီ ကျဆုံးသွားခဲ့ပြီး ဝါဒတောင် ဆက်လက်ရပ်တည်ရန်အတွက် ကြီးမားသောထိုးနှက်ချက်များ ကြုံတွေ့ခဲ့ရသည်။ ထိုအချိန် နေသူတော်စင်ဂိုဏ်းက တဖြည်းဖြည်း အင်အားများလာလေရာ ဝါဒတောင်အတွက် အလွန်တရာ ခက်ခဲခဲ့ရသည်။

ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့သာ ဂိုဏ်းကို ဦးဆောင်ခဲ့ခြင်းမရှိပါက ဝါဒတောင်သည် မှောင်မိုက်သောကာလများကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

သို့သော် ကျန်းရှီလော့ ကွယ်လွန်ချိန်တွင်တော့ ဝါဒတောင်တွင် သိုင်းသူတော်စင်တစ်ယောက်မှ မကျန်ရှိတော့ဘဲ ခက်ခဲသောကာလတသို့ တစ်ဖန်ပြန်လည် သက်ဆင်းခဲ့ရ၏။

ခရမ်းရောင်နေသူတော်စင်ကျန်းချောင် ဘယ်နေရာရောက်သွားမှန်း မည်သူမှ မသိကြသော်လည်း ဟွမ်ကွမ်လီက သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။ ဟွမ်ကွမ်လီနှင့် မဟာနေမင်းတိုင်းတာခြင်းပေတံ ပေါင်းစပ်လိုက်သည့်အခါ နေသူတော်စင်ဂိုဏ်းက အလွန်အင်အားကြီးမားလာပြီး ‘လောကပထမ’ ဖြစ်လာခဲ့သည်။

ယွမ်ကျန်းဖုန်းက စွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်ပြီး ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ပိုင်ဆိုင်ထားသော်လည်း သိုင်းဆရာသခင်တစ်ယောက်မျှသာ ဖြစ်သဖြင့် ဟွမ်ကွမ်လီကို မယှဉ်နိုင်ခဲ့ပေ။ နေသူတော်စင်ဂိုဏ်းလာရောက်တိုက်ခိုက်လျှင် ခံစစ်တည်ငြိမ်စေရန်အတွက် ဝါဒတောင်ပင်မအစီအရင်ကို အားကိုးခဲ့ကြရသည်။

ဝါဒတောင်၏ခံစစ်က အားကောင်းလွန်းသဖြင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် အတင်းအကျပ် ထိုးစစ်ဆင်လာခြင်းမရှိသော်လည်း အင်အားကြီးမားလာသည့် နေသူတော်စင်ဂိုဏ်းက ဝါဒတောင်၏နယ်မြေများကို စတင်သိမ်းပိုက်လာသည်။ သို့သော် ဝါဒတောင်မှာ အားမတန်မာန်လျှော့လျှက် မည်သို့မှမတတ်နိုင်စွာ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရသည်။

ထိုအချိန် ကောင်းကင်မိုးကြိုးခန်းမနှင့် ရန်ငြိုးရှိသော ကျောက်စိမ်းပင်လယ်မြို့တော်က အရှေ့ပင်လယ်တွင် မီးတောက်မိစ္ဆာများကို နှိမ်နင်းနေပြီး အဆုံးမဲ့တောင်တန်းကတော့ ဝါဒတောင်နှင့်မဟာမိတ်မပြုသေးဘဲ ခြံခွထိုင်လျှက်ရှိသည်။ ထိုကာလများသည် ဝါဒတောင်အတွက် အတော်လေးဖိအားများခဲ့သည့် အချိန်ဖြစ်ခဲ့သည်ပင်။

ထိုသို့သာမဟုတ်ပါက ဖန်ကျွင်းသည် မြေကမ္ဘာနယ်မြေကို စိတ်ဝင်စားခဲ့မိမည် မဟုတ်ပေ။

ရလဒ်အနေဖြင့် ဖန်ကျွင်းက ကျလုဆဲဆဲ ချောက်ကမ်းပါးအစွန်းမှ ပြန်တက်နိုင်ခဲ့သော်လည်း ရှင်းတုန်းဖင်းကတော့ ဖန်ကျွင်းခင်းသည့်လမ်းအတိုင်းဆက်လျှောက်ကာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။

ဟွမ်ကွမ်လီက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို အုပ်စိုးလိုသောရည်ရွယ်ချက်ဖြင့် တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်ခဲ့သည်။ ထိုအခါမှ ဝါဒတောင်သည်လည်း အနည်းငယ် အသက်ရှူချောင်ခဲ့ရ၏။

သို့ပေသိ ဝါဒတောင်ခံစားရသည့် ဖိအားများကတော့ လျော့မသွားခဲ့ပေ။ ဟွမ်ကွမ်လီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပါက နေသူတော်စင်ဂိုဏ်းက ပို၍ဒုက္ခပေးလာမည်မှာ မလွဲဧကန်ပင်။

မည်သို့ပင်ဖြစ်စေ ယခုတော့ အခြေအနေများက လုံးဝ ကွဲပြားသွားပေပြီ။

ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်။ ဟွမ်ကွမ်လီက ယွမ်ကျန်းဖုန်းထက် ခြေတစ်လှမ်းသာသည်ဆိုသော်ငြား ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ ကို ဆုံးရှုံးခဲ့ရသည်။

ယခုဆိုလျှင် ယွမ်ကျန်းဖုန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံနှင့်အတူ ဝါဒတောင်ကို စောင့်ရှောက်နေသဖြင့် ဟွမ်ကွမ်လီအနေဖြင့် လာရောက်တိုက်ခိုက်ရဲမည် မဟုတ်ပေ။

ဝါဒတောင်အနေဖြင့်လည်း ဟွမ်ကွမ်လီ အသက်ရှင်နေသရွေ့ နေသူတော်စင်ဂိုဏ်း ဌာနချုပ်တည်ရှိရာ ကမ္ဘာအလင်းတောင်ထွတ်ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ တိုက်ခိုက်မည်ဆိုလျှင် အလွန်မိုက်မဲရာကျပေမည်။

အကယ်၍ ယွမ်ကျန်းဖုန်းနှင့် ဟွမ်ကွမ်လီတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်နေရာတွင် ရင်ဆိုင်မည်ဆိုပါက ကြယ်တာရာချီသန့်စင်ဝတ်ရုံကို ပိုင်ဆိုင်ထားသော ယွမ်ကျန်းဖုန်းက ဟွမ်ကွမ်လီကို အနည်းငယ်အသာစီးရနိုင်သော အနေအထားရှိသည်။

ဝါဒတောင်၏မဟာမိတ်များဖြစ်သော အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့က ကောင်းကင်မိုးကြိုးခန်းမကို နှစ်ဖက်ညှပ်ကာ ဖိအားပေးနိုင်ခဲ့သည်။

ကံကြမ္မာစက်ဝန်းတစ်ပတ်လည်ပြီဖြစ်ရာ ယခုတော့ နေသူတော်စင်ဂိုဏ်း၏ အခြေနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး အာဃာတအဟောင်းများကို ဖြေရှင်းရန်အတွက် ဝါဒတောင်အလှည့်သို့ ရောက်ရှိပြီ ဖြစ်၏။

ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့်သို့ တက်သွားသည်နှင့် ဝါဒတောင်၏ အင်အားသည်လည်း အလွန်မြင့်မားလာခဲ့သည်။ အဆုံးမဲ့တောင်တန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့က ယွမ်ကျန်းဖုန်းက ဟွမ်ကွမ်လီကို နှိမ်နင်းရန် ဆန္ဒရှိကြသော်လည်း ဝါဒတောင် အလွန်အမင်း အင်အားကြီးလာသည့်အခါ မခန့်မှန်းနိုင်သည့်အခြေအနေများ ဖြစ်လာမည်ကိုလည်း စိုးထိတ်ကြသည်။

သူတို့ထက် စွမ်းအားအဆမတန်မြင့်မားသော မဟာမိတ်တစ်ယောက်ရှိလာခြင်းက မည်သည့်အခြေအနေမျိုး ဖြစ်လာမည်ကို မသိနိုင်သလို ခံစားရသည်။

ဘာပဲဖြစ်ဖြစ် နေသူတော်စင်ဂိုဏ်းက စွမ်းအားကြီးမားနေဆဲ ဖြစ်လေရာ ဝါဒတောင်က ၎င်းတို့အား အမှုန့်ချေဖျက်ဆီးပစ်ရန် အလွန်တရာ ခက်ခဲနေသေး၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ အာဏာချိန်ခွင်လျှာက ယာယီအားဖြင့် မျှချေဖြစ်နေသော်လည်း ပျက်ဆီးလွယ်ပြီး အန္တရယ်များလွန်းသည်။

ရန်ကျောက်ကဲက...

“ရန်သူနဲ့ အာဏာယှဉ်လုရမယ့် ဒီတိုက်ပွဲမှာ... ကျွန်တော်တို့ဘက်က အောင်ပွဲခံချင်ရင် ယေဘူယျနည်းလမ်းနှစ်ခု ရှိပါတယ် ၊ တစ်ခုက ကျွန်တော်တို့ဘက်က စွမ်းအားပိုမိုမြင့်မားလာဖို့ ၊ နောက်တစ်ခုက ရန်သူကို အားနည်းသွားစေဖို့ပဲ”

သူက ဆက်ပြောသည်။

“တကယ်လို့ ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ကို ရှာတွေ့နိုင်ရင် ကျွန်တော်တို့ဝါဒတောင်ရဲ့စွမ်းအား အတိုင်းအတာတစ်ခုအထိ မြင့်မားသွားလိမ့်မယ် ၊ ဒါပေမဲ့ အဲဒီကိစ္စက မသေချာဘူး”

ရန်ကျောက်ကဲမျက်ဝန်းများထဲတွင် အေးစက်သောအလင်းရောင်တစ်ချက် တောက်ပသွားသည်။

“လူဆိုတာ ကိုယ့်ဆီလာတဲ့ဧည့်သည်ကို ပျူပျူငှာငှာ ဧည့်ခံရတယ်မဟုတ်လား ၊ ဒီတော့ ကျွန်တော်က နေသူတော်စင်ဂိုဏ်းကို လက်ဆောင်တစ်ခုပို့ပေးဖို့ စဉ်းစားထားတယ်”

ရန်တိက...

“သူတို့မှာ မဟာနေမင်းတိုင်းတာခြင်းပေတံမရှိတော့ပေမယ့် ဟွမ်ကွမ်လီကိုရင်ဆိုင်ဖို့ဆိုတာ မလွယ်ဘူးနော်... ကျောက်ကဲ”

ဟွမ်ကွမ်လီသည် လက်ရှိတွင် နေသူတော်စင်ဂိုဏ်း၏ ကျောရိုးဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူသာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့လျှင် နေသူတော်စင်ဂိုဏ်းတစ်ခုလုံး အပြင်းအထန် ကျဆင်းသွားမည် ဖြစ်သည်။

ဟွမ်ကွမ်လီ ဝါဒတောင်သို့ လာရောက်တိုက်ခိုက်ခြင်းက နံရံနှင့်ခေါင်းဆောင့်မိသလို ထိချက်ပြင်းထန်သော်လည်း သူ၏စွမ်းအားမြင့်မားမှုက လူတိုင်းကို တုန်လှုပ်စေသည်မှာ ထင်ရှားသည်။

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် “လောကပထမ” သိုင်းသူတော်စင်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

ကြယ်တာရာသန့်စင်ချီဝတ်ရုံမရှိလျှင် ယွမ်ကျန်းဖုန်းသည်ပင် သူ့လောက် စွမ်းအားမြင့်မားမည် မဟုတ်ပေ။

တိုက်ပွဲအတွင်း ယွမ်ကျန်းဖုန်း၏စွမ်းအားနှင့် ရန်ကျောက်ကဲ၏ မရဏအစီအရင် ပေါင်းစပ်ကာ “မဟာနေမင်းတိုင်းတာခြင်းပေတံ”ကို ဖယ်ရှားနိုင်ခဲ့သောကြောင့် ဟွမ်ကွမ်လီ အနည်းငယ် ငြိမ်သက်နေခြင်း ဖြစ်သည်။

ရန်တိက...

“ဟွမ်ကွမ်လီကို မတိုက်ခိုက်ဘူးဆိုရင်... မင်းက သူတို့ရဲ့ ထူးကဲယင်မိန်းမပျိုကို တိုက်ခိုက်ချင်တာလား”

ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်သည်။

“ဟွမ်ကွမ်လီနဲ့ မန်ဝမ်က နေသူတော်စင်ဂိုဏ်းရဲ့ အားသာချက်အရှိဆုံး လူတွေပါ ၊ မန်ဝမ်က ကျင့်ကြံခြင်းအဆင့်နိမ့်ပါးပေမယ့် ထူးကဲယင်ပြိုင်ပွဲမှာ ကြီးမားတဲ့အားသာချက်ရရှိထားတယ် ၊ ဆိုတော့ သူတို့က အခုဆိုရင် မန်ဝမ်ကို ပိုပြီးတော့တောင် တန်ဖိုးထားပြီး ကာကွယ်ပေးကြလိမ့်မယ် ၊ ပြောရရင်... သူတို့က ကျွန်တော်တို့ရဲ့ ထူးကဲယင်မိန်းမပျိုဖြစ်တဲ့ ဂိုဏ်းတူညီမလေး’ဖန်း’ ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့ စဉ်းစားနေလောက်တယ် ၊ ဒါက လက်ရှိမှာ သူတို့ဘက်က အာရုံစိုက်လာနိုင်တဲ့ အနေအထားပဲလေ”

ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“ကျွန်တော်က သူတို့ မျှော်လင့်မထားတဲ့နေရာတစ်ခုကို တိုက်ခိုက်ချင်တာ ၊ ရန်သူက တိုက်ခိုက်လာမယ်လို့ မျှော်လင့်မထားဘူးဆိုရင် ကြိုတင်ကာကွယ်မှုတွေလည်းလုပ်ထားမှာ မဟုတ်ဘူးလေ”

All Chapters