နေသူတော်စင်ဂိုဏ်း၏အားနည်းချက်တည်ရှိရာနေရာ
Vol. 23 Ch. 317
ရန်ကျောက်ကဲ၏ စကားများကိုကြားတော့ ရန်တိမျက်နှာထက်တွင် ဆင်ခြင်တွေးတောသည့် အမူအရာတစ်ခု ပေါ်လာသည်။
သူက...
“မင်းစောစောကပြောတာ... ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ကို သွားရှာမယ်ဆိုတာက မင်းလုပ်မယ့်အလုပ်ကို တခြားသူတွေမသိအောင် ဟန်ပြဖုံးကွယ်ဖို့လို့ ပြောခဲ့တယ်နော် ၊ ဆိုတော့... မင်း ပစ်မှတ်ထားတဲ့အရာက မြောက်ပိုင်းမှာလို့ ဆိုချင်တာလား ၊ ဒါမှမဟုတ် တခြားနည်းလမ်းတစ်ခုခု အသုံးချဖို့လား”
ရန်ကျောက်ကဲက...
“အမှန်ပဲ”
သူက မြောက်ဘက်သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး နေသူတော်စင်ဂိုဏ်းတည်ရှိရာတောင်ဘက်သို့ အကြည့်ကို ရွေ့လျားလိုက်သည်။
ထို့နောက် ခပ်တိုးတိုးလေသံဖြင့်...
“ကျွန်တော့်ရဲ့ ပစ်မှတ်က နေသူတော်စင်ဂိုဏ်းရဲ့ တောင်ပိုင်းမြေအောက်နန်းတော်ပဲ”
ထိုစကားကိုကြားတော့ ရန်တိ အာရုံစိုက်သွားသည်။
တောင်ပိုင်းမြေအောက်နန်းတော်။
မီးနယ်မြေ ၊ တောင်ပိုင်းဒေသတွင် အဆုံးမရှိသော တောင်တန်းရှည်များတည်ရှိလေသည်။ ထိုတောင်တန်းများထဲတွင် များပြားလှစွာသောမီးတောင်များပါဝင်ပြီး မြေပြင်အောက်တွင် ကြီးမားသော ချော်ရည်ပင်လယ်ကြီးတည်ရှိသည်။ ထို ချော်ရည်ပင်လယ်ကြီးက အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး မည်သည့်နယ်နိမိတ်အထိ ပျံ့နှံ့သွားကြောင်း မသိရှိနိုင်ပေ။
ထိုနေရာက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျယ်ပြန့်ရှည်လျားစွာတည်ရှိပြီး လေနယ်မြေ ၊ အနောက်ဘက်သဲကန္တာရကြီးကဲ့သို့ပင် အန္တရယ်နယ်မြေတစ်ခု ဖြစ်သည်။
သို့ပေသိ ထိုနေရာက နေသူတော်စင်ဂိုဏ်းအတွက် အရေးကြီးသော အခြေခံအုတ်မြစ်တည်ရှိရာနေရာလည်း ဖြစ်သည်။
ထိုနေရာက နေသူတော်စင်ဂိုဏ်းအတွက် မည်မျှ အရေးပါပါသနည်း။
ထိုနေရာတွင် နေသူတော်စင်ဂိုဏ်းအတွက် အသုံးဝင်သောအရာ များစွာတည်ရှိသည်။ သို့သော် နေရာတစ်ခုတည်းကို ပြောလိုက်ရုံဖြင့် ထိုနေရာက မည်မျှအရေးပါကြောင်းပြဆိုရန် လုံလောက်နေပြီ ဖြစ်၏။
နေသူတော်စင်ဂိုဏ်း၏ အဆင့်အမြင့်ဆုံးသိုင်းပညာဖြစ်သော “ထူးကဲယန်လက်သီးသိုင်း” သည် မဟာနေမင်းသိုင်းပညာ (၇) ရပ်ထက် အဆင့်မြင့်သည်။ ထိုသိုင်းပညာကို အောင်မြင်စွာ လေ့ကျင့်ရန်အတွက် “တောင်ပိုင်းမြေအောက်နန်းတော်” မှ မီးတောက်များ၏ အကူအညီကို လိုအပ်သည်။
ပတ်ဝန်းကျင်မြေပြင်အနေအထား အဆင်မပြေသောကြောင့်သာ နေသူတော်စင်ဂိုဏ်းက ထိုနေရာတွင် ဌာနချုပ်မတည်ဆောက်ဘဲ ကမ္ဘာအလင်းတောင်ထွတ်တွင် ဌာနချုပ်တည်ဆောက်ထားခြင်းဖြစ်သည်။ မဟုတ်ပါက နေသူတော်စင်ဂိုဏ်းက ထိုနေရာကို ဌာနချုပ်အဖြစ် ရွေးချယ်မည်သာပင်။
အမှန်တော့ ထိုနေရာက နေသူတော်စင်ဂိုဏ်း၏ အစစ်အမှန် သူတော်စင်နယ်မြေဖြစ်ပြီး ကမ္ဘာအလင်းတောင်ထွတ်က ယာယီစခန်းချသည့် နေရာတစ်ခုမျှသာ ဖြစ်သည်။
ရန်တိက...
“တောင်ပိုင်းမြေအောက်နန်းတော်က လေနယ်မြေ ၊ အနောက်ဘက်သဲကန္တာရကြီးလို နေရာတစ်ခုပဲ ၊ အဲဒီနေရာက နေသူတော်စင်ဂိုဏ်းအတွက် အရမ်းအရေးပါတယ်ဆိုပေမယ့် ဖျက်ဆီးပစ်ဖို့ ခက်ခဲလိမ့်မယ် ၊ သွားပြီး တိုက်ခိုက်သိမ်းပိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး”
အကယ်၍ တောင်ပိုင်းမြေအောက်နန်းတော်ကို သိမ်းပိုက်လိုသည်ဆိုလျှင် အရှေ့ထန်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်း ကမ္ဘာအလင်းတောင်ထွတ်သို့ ပြန်လည်ဆုတ်ခွာသွားစေရန်အတွက် ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်သို့ ပူးပေါင်းတိုက်ခိုက်သကဲ့သို့ မဟာမိတ်များပူးပေါင်းတိုက်ခိုက်မှသာ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲက...
“အမှန်ပါပဲ ၊ မိုးမြေကဖန်ဆင်းထားတဲ့ သဘောဝတရားတွေက အနှိုင်းမဲ့ကြီးကျယ်ခမ်းနားလွန်းလို့ လူသားတွေအနေနဲ့ အလွယ်တကူ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး ၊ အခုလက်ရှိအခြေအနေမှာ ကျွန်တော်လည်း မလုပ်နိုင်တာ သေချာပါတယ် ၊ ပြီးတော့ ကျွန်တော်ကလည်း အဲဒီနေရာကို အတင်းအကျပ် ဖျက်ဆီးဖို့ ကြံစည်နေတာ မဟုတ်ပါဘူး”
ရန်ကျောက်ကဲသည် မြောက်ဘက်သို့ နောက်တစ်ကြိမ် စူးစိုက်ကြည့်ရင်း...
“အခုချိန်ထိ ဘာမှ သေသေချာချာ မပြောနိုင်သေးပါဘူး ၊ မြောက်ဖျားကိုရောက်မှ နယ်မြေအနေအထားကို နည်းနည်းလောက် စစ်တမ်းကောက်ပြီး မှတ်ချက်ပြုနိုင်မှာပါ ၊ အခုကတော့ မရေရာသေးတဲ့ အတွေးသက်သက်ပါပဲ”
ရန်တိက...
“ဒါနဲ့ နေပါဦး ၊ မင်း ဒီလိုအတွေးတွေကို ဘယ်ကရတာလဲ ၊ မင်းမှာ ထူးဆန်းပြီး အံ့သြစရာကောင်းတဲ့ အကြံဉာဏ်တွေ အမြဲတမ်းရှိနေတာပဲ ၊ ဒီတစ်ခါလည်း ဘယ်ကဘယ်လို ဒီအကြောင်းတွေ တွေးမိပြန်တာလဲ ၊ မင်းအတွေးတွေက အရမ်းမြင့်နေတယ်နော်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အဖေ... ဟိုးပဝေသဏီက ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု မှတ်တမ်းတင်ထားတယ် ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းစွမ်းထက်မြက်လွန်းတယ်ဆိုတဲ့ ‘အမတနှင်းနန်းတော်’ အကြောင်းလေ ၊ အဖေ အဲဒါကို ကြားဖူးသလား”
ရန်တိက ခဏမျှစဉ်းစားရင်း...
“မင်းပြောနေတာ... ကောင်းကင်ရေခဲစမ်းချောင်းတွေ ခြောက်ခမ်းသွားစေတဲ့ အမတနှင်းနန်းတော်ကို ပြောနေတာလား”
မဟာကပ်ဘေးကြီးသည် များစွာသောအရာများကို ဆိတ်သုဉ်းပျောက်ကွယ်သွားစေခဲသည်။ အကြောင်းအရာအတော်များများသည် ဒဏ္ဍာရီဆန်ဆန်ဖြင့် မစုံလင်သော ကောလဟလများအဖြစ်သာ ကျန်ရစ်ခဲ့တော့၏။
များစွာသောအရာတို့ မျိုးသုဉ်းပျောက်ကွယ်သွားကြသည်။ အချို့သောအရာများက အစိတ်စိတ်အမွှာမွှာကွဲကြေပြီး တစ်စစီပြန့်ကျဲကုန်ကြသည်။ အချို့အရာများက ပါးစပ်ရာဇဝင်အဖြစ်သာ ထင်ကျန်ရစ်သည်။
ထိုအကြောင်းအရာများအားလုံးက မှန်သည်လား မှားသည်လား မည်သူမှ မဆုံးဖြတ်နိုင်ကြပေ။
ရန်တိက ရန်ကျောက်ကဲကိုကြည့်ရင်း...
“မဟာကပ်ဘေးကြီးကြောင့် အမတနှင်းနန်းတော်က အမွေအနှစ်တွေလည်း ပျောက်ကွယ်သွားပြီလို့ ကြားတာပဲ”
ရန်ကျောက်ကဲက...
“ကျွန်တော်လည်း အတိအကျတော့ မသိပါဘူး ၊ ဒါပေမဲ့ ရှေးဟောင်းကျမ်းစာတွေကိုဖတ်ရင်း ကျွန်တော် ခန့်မှန်းထားတာတွေရှိတယ် ၊ ဒါကြောင့် မြောက်ဖျားကိုသွားပြီး ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေး အတည်ပြုဖို့လိုတယ်”
သူက ဆက်ပြောသည်။
“အဲဒီနေရာက အတိတ်တစ်ချိန်က အမတနှင်းနန်းတော်တည်ရှိရာနေရာနဲ့ တူညီသလားဆိုတာသိချင်လို့ မြောက်ဖျားကို ခရီးထွက်ပြီး လေ့လာချင်တာပါ”
‘အမတနှင်းနန်းတော်’ ဆိုသည်က ရန်တိအတွက်တော့ ကောလဟလမျှသာ ဖြစ်နိုင်သော်လည်း ရန်ကျောက်ကဲကတော့ မဟာကပ်ဘေးကြီးမတိုင်ခင်က အမှန်တကယ် တည်ရှိခဲ့သော နေရာတစ်ခုဖြစ်ကြောင်း အတိအကျ သိရှိထားသည်။
လက်ရှိတွင်တော့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြေပြင်အနေအထားကို အရင်ဆုံး စစ်ဆေးမကြည့်ပါဘဲ ထိုနေရာက ကောင်းကင်ရေခဲစမ်းချောင်းများကို ခမ်းခြောက်သွားစေသောနေရာ ဟုတ် မဟုတ် မသိရှိနိုင်ပေ။ ထို့ကြောင့် မူလအရင်းခံများနှင့် သူ၏အသိပညာကိုပေါင်းစပ်ပြီး တွေးတောခြင်းသာ ပြုလုပ်နိုင်သည်။
သူ့အတွေးများ မှန်ကန်ခြင်း ရှိ မရှိကိုတော့ စမ်းသပ်မှုအချို့ လုပ်ဆောင်ရမည်ပင်။
ရန်တိက...
“အင်းလေ... မင်း မြောက်ဖျားကို အရမ်းသွားချင်နေတယ်ဆိုတော့လည်း မတားတော့ဘူး ၊ ဒါပေမဲ့ ဘေးကင်းဖို့ကို အာရုစိုက်ပါ ၊ အဲဒီနေရာက ကောင်းကင်မိုးကြိုးခန်းမနဲ့ နီးတယ်မဟုတ်လား”
သူက တွေးတွေးဆဆဖြင့် ဆက်ပြောသည်။
“ဆရာက သိုင်းသူတော်စင်အဆင့် တက်ရောက်သွားပြီ ၊ အဖေလည်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကို ရောက်နေပြီ ၊ ဒီတော့ ဝါဒတောင်အနေနဲ့ ရန်သူတွေကို မှုစရာမလိုတော့တာ အမှန်ပဲ ၊ တို့တွေ အင်အားကြီးလာတာနဲ့အမျှ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကလည်း ထိန်းထိန်းသိမ်းသိမ်းတော့ လှုပ်ရှားကြမှာ အမှန်ပဲ ၊ ဒါပေမဲ့ မြောက်ဖျားကိုသွားမယ်ဆိုရင်တော့ သတိထားဖို့လိုတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့... နားလည်ပါပြီ”
ရန်တိက အတန်ကြာမှ...
“ကျွင်းအာနဲ့ သူ့အမေကိစ္စကိုလည်း မင်းပိုပြီး အာရုံစိုက်ရမယ်နော်”
ရန်ကျောက်ကဲက လေးနက်တည်ကြည်သောမျက်နှာအမူအရာဖြင့်...
“အဖေ စိတ်ချပါ ၊ ကျွင်းအာက ပထမဆရာဦးလေးရဲ့ တစ်ဦးတည်းသောသွေးသားမို့လို့ ကျွန်တော် သေချာပေါက် ကာကွယ်ပေးမှာပါ”
ရန်တိ စကားမဆိုတော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်လျှက် ပြတင်းတံခါးဆီမှ အဝေးဆီသို့ လှမ်းမျှော်ငေးကြည့်နေသည်။
သူ၏ စိတ်အာရုံထဲတွင် အမှတ်တရဟောင်းများစွာ တရိပ်ရိပ် ပြန်လည်မြင်ယောင်လာတော့သည်။
.......
“ငါ့ နာမည်က ရှီတိလို့ခေါ်တယ် ၊ ဆရာ့ရဲ့ တပည့်အကြီးဆုံးပါ”
.......
“ဂိုဏ်းတူညီလေး’ရန်’ ၊ မင်းက ငါ့ထက်အဆတစ်ရာသာပါတယ် ၊ နတ်ဘုရားတွေ ကောင်းချီးပေးခံရတဲ့ မြင့်မြတ်တဲ့ ပါရမီရှင်ပါ ၊ နောင်အနာဂတ်မှာ မင်းက ဘိုးဘေးဟန်ထျန်းပုဂ္ဂိုလ်မြတ်လို ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်”
.......
“ဂိုဏ်းတူအစ်ကိုကြီး ၊ ဂိုဏ်းချုပ်နေရာဆက်ခံဖို့ ယှဉ်ပြိုင်မှုကို တကယ်ပဲ စွန့်လွှတ်လိုက်တာလား”
“အမှန်ပဲ”
“မင်း ဂိုဏ်းချုပ်ဖြစ်သွားရင် မင်းရဲ့လက်အောက်မှာ ဆက်ပြီးအမှုထမ်းချင်ပေမယ့်... ဒုတိယဂိုဏ်းတူညီလေး ဂိုဏ်းချုပ်ဖြစ်လာရင်တော့ ... အင်း... နည်းနည်းတော့ ပြိုင်ဘက်တွေလို ခံစားရတာ အမှန်ပဲ”
.......
“ဂိုဏ်းတူအစ်ကိုကြီး... စုန်းထောင်းတို့မိသားစုအတွက် ကျွန်တော်လည်း ထပ်တူဝမ်းနည်းရပါတယ်ဗျာ”
“ငါ အဆင်ပြေပါတယ် ၊ မင်း စိတ်မပူပါနဲ့ ၊ သြော်... ဒါနဲ့ မင်းလည်း အရမ်းအလုပ်များတယ်ဆိုတာ သိပါတယ် ဂိုဏ်းတူညီလေး’ရန်’ ၊ ဒါပေမဲ့ အချိန်ရရင် ကျောက်ကဲကိုလည်း ဂရုစိုက်ပေးလိုက်ပါဦး”
.......
ရန်တိက အစဉ်သဖြင့် စိတ်ဓာတ်ခက်ထန်မာကြောပြီး ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မားသူ ဖြစ်သည်။ သို့သော် ယခုတော့ သူ့ကိုကြည့်ရသည်မှာ မည်သည့်အရာကိုမှ အာရုံမစိုက်နိုင် ဖြစ်နေဟန်ပင်။
ရန်ကျောက်ကဲက သူ့လိုပင် စိတ်မကောင်းခြင်းများစွာဖြစ်နေသော ရန်တိ၏ခံစားချက်များကို နားလည်စွာဖြင့် မည်သည့်စကားမှမဆိုတော့ဘဲ အပြင်သို့ တိတ်ဆိတ်စွာထွက်ခွာသွားပြီး အခန်းတံခါးကို အသာပိတ်ခဲ့လေသည်။
အဆုံးမဲ့တောင်တန်းသာမက ကျောက်စိမ်းပင်လယ်မြို့တော်နှင့် လှိုင်းနက်ဂေဟာတို့ကလည်း ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့်တက်ရောက်ခြင်းနှင့် ရန်တိ ဂိုဏ်းချုပ်ရာထူး တရားဝင်ဆက်ခံခြင်းအား ဂုဏ်ပြုရန်အတွက် လူများစေလွှတ်ခဲ့ကြသည်။
ကျောက်စိမ်းပင်လယ်မြို့တော်မှဆိုလျှင် ရန်ကျောက်ကဲနှင့် ရင်းနှီးသူတစ်ယောက်ပင် ရောက်လာခဲ့သည်။
ကျောက်စိမ်းပင်လယ်မြို့တော်သခင်’စုန့်ဝူလျန်’ ၏ သားဖြစ်သူ ‘စုန့်ချောင်’ ကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်၏။ စုန့်ချောင်က ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်နေပေပြီ။ စုန့်ချောင် ရောက်လာခြင်းက ကျောက်စိမ်းပင်လယ်မြို့တော်၏ ဝါဒတောင်အပေါ်ထားရှိသော စိတ်ရင်းမှန်ကို ဖော်ပြရန် လုံလောက်ပေသည်။
“အစ်ကို’စုန့်’... ခရီးအဝေးကြီးလာခဲ့ရတာပဲ ၊ ကျွန်တော်တို့ ဝါဒတောင်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်ဗျာ”
‘စုန့်ချောင်’ ဦးဆောင်သော ကျောက်စိမ်းပင်လယ်မြို့တော်မှအဖွဲ့ကို ရန်ကျောက်ကဲကိုယ်တိုင် လက်ခံကြိုဆိုသည်။
ရန်ကျောက်ကဲက...
“ကျွန်တော်တို့ဝါဒတောင်လည်း တိုက်ပွဲဒဏ်အပြင်းအထန်ခံစားခဲ့ရတော့... အနိုင်ရခဲ့တဲ့တိုင် ဂိုဏ်းသားတွေအများကြီး အသက်ဆုံးခဲ့ကြရတယ် ၊ ဒါကြောင့် ဆရာဘိုးဘိုး သိုင်းသူတော်စင်အဆင့်တက်တာနဲ့ အဖေ ဂိုဏ်းချုပ်ရာထူးဆက်ခံတာကို အခမ်းအနားကျင်းပဖို့ ရည်ရွယ်ချက် မရှိပါဘူး ၊ တောင်တစ်ခုလုံးမှာလည်း လုပ်စရာအလုပ်တွေ အများကြီးရှိနေတာလေ ၊ ဒါပေမဲ့ အစ်ကို’စုန့်’ ဘာမှအားမနာနဲ့... ၊ လွတ်လွတ်လပ်လပ်သာနေပါ”
စုန့်ချောင်က...
“အင်းပါ... ဒါက သဘာဝကျပါတယ် ၊ ငါတို့က ဝါဒတောင်က ကျဆုံးသွားတဲ့အကြီးအကဲတွေအတွက် အရင်ဆုံး အမွှေးတိုင်ထွန်း ဂါရဝပြုချင်ပါတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကျောက်စိမ်းပင်လယ်မြို့တော်က အားလုံးကို ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်ဗျာ”
စုန့်ချောင်ဘေးတွင်ရှိနေသည့် မိန်းမပျိုလေးတစ်ယောက်က...
“အစ်ကိုကြီး’ရန်’... ဝါဒတောင်ရဲ့ ဆုံးရှုံးမှုတွေအတွက် ထပ်တူဝမ်းနည်းခံစားရပါတယ်”
သူမက လီကျင်းဝမ် ဖြစ်သည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ရန်ကျောက်ကဲနှင့် တွေ့ဆုံခဲ့ဖူးကြသည်။
ရန်ကျောက်ကဲက...
“ညီမလေး’လီ’ ရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ”
ထို့နောက် ရန်ကျောက်ကဲက စုန့်ချောင် ၊ လီကျင်းဝမ်နှင့် အခြားသူများကို တောင်ပေါ်သို့ ကြိုဆိုခေါ်ဆောင်လာခဲ့သည်။
ဝါဒတောင်မှ ကျဆုံးသူများများကို အမွှေးတိုင်ထွန်း ပူဇော်ပြီးသည့်နောက် ရန်ကျောက်ကဲက စကားဆိုသည်။
“ခဏနေရင်... ကျွန်တော်တို့ဝါဒတောင်က ကျဆုံးသူတွေအတွက် ဇာပနအခမ်းအနားပြုလုပ်မှာပါ ၊ အစ်ကို’စုန့်’ ဇာပနအခမ်းအနားတက်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်”
စုန့်ချောင်ကိုကြည့်ရသည်မှာ ပြောစရာတစ်ခုခုရှိနေဟန်ပင်။
သို့သော် သူက အေးဆေးတည်ငြိမ်စွာပင် ခေါင်းညိတ်ရင်း...
“ကောင်းပြီ... ဒါဖြင့် ဇာပနအခမ်းအနားတက်ဖို့အတွက် မင်းကိုပဲ လာနှောက်ယှက်ရတော့မယ်...”
ကျဆုံးသူများအတွက် စိတ်မကောင်းဖြစ်ရသည့်တိုင် ရန်ကျောက်ကဲ၏ အာရုံစူးစိုက်နိုင်စွမ်းက ပျောက်ကွယ်မနေခဲ့ပေ။ ထို့ကြောင့် ဝါဒတောင်သို့ စုန့်ချောင်ကိုယ်တိုင်ရောက်လာရသည်မှာ တခြားအကြောင်းရှိနိုင်ကြောင်း နားလည်လိုက်သည်။
စုန့်ချောင်ကလည်း ယခုအချိန် စကားပြောဆိုလျှင် ရိုင်းစိုင်းရာကျမည်ကို သိရှိသည့်အတွက် ဇာပနအခမ်းအနားပြီးမှ အေးအေးဆေးဆေး စကားပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
ရန်ကျောက်ကဲကလည်း ထိုအချက်ကိုစိတ်ထဲတွင်မှတ်သားထားလိုက်ပြီး မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပေ။