ဝါဒတောင်တွင်ထာဝရအိပ်စက်အနားယူစေ
Vol. 23 Ch. 318
ရန်ကျောက်ကဲအနေဖြင့် စုန့်ချောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော် ဘာဖြစ်ချင်သည်ကို မစဉ်းစားနိုင်သေးပေ။ ထိုအကြောင်းများကိုစဉ်းစားရန်လည်း ရည်ရွယ်ချက် မရှိသေးပေ။
ယခု ရန်ကျောက်ကဲအပါအဝင် ဝါဒတောင်တစ်ခုလုံးက ကျဆုံးသူများ၏ ဇာပနအခမ်းအနားအတွက် အာရုံစိုက်နေကြရသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း ၊ နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမတို့ဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ကျဆုံးသွားသော ဝါဒတောင်ဂိုဏ်းသားအရေအတွက်မှာ နည်းပါးသည်ဟု မဆိုနိုင်ပေ။
တပည့်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည့်အပြင် ရှီတိသည်လည်း ကျဆုံးသူများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။ လက်ရှိတွင်တော့ ကျဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေပြီး အတူတကွ မြှုပ်နှံသဂြိုဟ်ရန် စီစဉ်ထားသည်။
ကျဆုံးသွားသူတိုင်းတွင် အသိမိတ်ဆွေများ ၊ သူငယ်ချင်း မိသားစုများရှိကြသည်ဖြစ်ရာ ဆုံးရှုံးမှုအတွက် နာကျင်ကြေကွဲဝမ်းနည်းခြင်းကို ထိုသူများအားလုံး တူညီစွာ ခံစားကြရသည်။
ရှီတိကျဆုံးသွားခြင်းကတော့ ဝါဒတောင်တစ်ခုလုံးအတွက် အကြီးမားဆုံးနှင့်အထိခိုက်ဆုံး နစ်နာဆုံးရှုံးမှုပင်။
သစ္စာဖောက်များဖြစ်သော ရှင်းတုန်းဖင်း ၊ အကြီးအကဲ’ဝမ်’ တို့နှင့် မတူညီစွာ ရှီတိက တါဒတောင်၏ အကြီးမြတ်ဆုံးသိုင်းသမားတစ်ယောက်အဖြစ် တိုက်ပွဲတွင် အသက်ပေးသွားသူ ဖြစ်သည်။
တိုက်ပွဲအတွင်း ဂိုဏ်းသားအများအပြား ကျဆုံးသည်သာမက ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပြီး သစ္စာဖောက်သွားသော ဂိုဏ်းသားများကိုပါထည့်တွက်မည်ဆိုလျှင် ဝါဒတောင်အနေဖြင့် အတော်လေး အင်အားထိခိုက်သွားခဲ့သည်။
ကံကောင်းသည်မှာ ယွမ်ကျန်းဖုန်းနှင့် ရန်တိ၏ ကျင့်ကြံခြင်းအဆင့် ဆက်တိုက်မြင့်တက်လာပြီး ဝါဒတောင်ပင်မအစီအရင် စွမ်းအားလည်း တိုးတက်လာသောကြောင့် ဝါဒတောင်၏ အလုံးစုံစွမ်းအားမှာ လျော့နည်းသွားခြင်းမရှိဘဲ ပို၍ပင် မြင့်မားလာခဲ့သည်။
မီးနယ်မြေနှင့် လေနယ်မြေမှ နေသူတော်စင်ဂိုဏ်းပိုက်နက်များကို တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ခြင်းကလည်း ဝါဒတောင်အတွက် အကျိုးအမြတ်များစွာရရှိပြီး ဆုံးရှုံးမှုများနှင့် ထေနိုင်ခဲ့သည်။
ရန်သူများဖြစ်သော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့သည်လည်း အလားတူ ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ပင်။ အထူးသဖြင့် နေသူတော်စင်ဂိုဏ်းက သူတို့အလွန်တရာတန်ဖိုးထားသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် “မဟာနေမင်းတိုင်းတာခြင်းပေတံ” ကို ဆုံးရှုံးခဲ့ရသဖြင့် သွေးအန်သည်အထိ ခံစားခဲ့ရသည်။
ကျဆုံးသူများ၏ ဇာပနအခမ်းအနားကို ဂိုဏ်းချုပ်ရန်တိကိုယ်တိုင် ကြီးမှူးဆောင်ရွက်ပြီး ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းနှင့် ဝါဒတောင်၏ ထိပ်တန်းအကြီးအကဲများအားလုံးတက်ရောက်ကြကာ ရှီတိနှင့် အခြားသူများ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြသည်။
ရန်တိ၏ မျက်ဝန်းများထဲတွင် ဝိညာဉ်သင်္ကေတများလင်းလက်တောက်ပသွားပြီး ဝါဒတောင်ပင်မအစီအရင်က ဖြည်းညင်းစွာ စတင်လှည့်ပတ်သည်။
ပင်မအစီအရင်ကြီး စတင်လှည့်ပတ်သည်နှင့် ကောင်းကင်ထက်အဝေးတစ်နေရာမှ တောင်ပသည့်အလင်းတန်းများထွက်ပေါ်လာပြီး အသစ်သောကမ္ဘာတစ်ခုကိုတွေ့မြင်ရသည့်အလား ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက ရန်ကျောက်ကဲ ၊ ရန်တိ ၊ ရှင်းတုန်းဖင်းနှင့် ယွမ်ထျန်းတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော သီးခြားနယ်မြေပင် ဖြစ်သည်။
ထိုသီးခြားနယ်မြေအောက်ဘက် လေထုထဲတွင် ကြီးမားသောရေကန်ကြီးတစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်များက ကန်ရေပြင်ထက်ဖြာကျလျှက် တဖျတ်ဖျတ် တောက်ပနေသည်။
သီးခြားနယ်မြေမှ ထွက်ပေါ်လာသည့် အလင်းတန်းများက ကမ္ဘာငယ်တစ်ခုပမာ တည်ရှိနေသော ရေကန်ထက်သို့သာလျှင် ကျရောက်နေသည်။
ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်း ၊ ယင်လုန်ထူနှင့် အခြားသော ဝါဒတောင်တပည့်များအားလုံး၏ မျက်နှာအမူအရာများက လေးနက်လျှက် အုံ့မှိုင်းနေကြသည်။
ဇာပနအခမ်းအနားသို့တက်ရောက်ကြသည့် စုန့်ချောင်နှင့် အခြားဧည့်သည်တော်များသည်လည်း ရေကန်ကမ္ဘာငယ်ကို လွမ်းမောစွာ ငေးကြည့်နေကြသည်။
လီကျင်းဝမ်က တိုးလျသည့်လေသံဖြင့်...
“ဒါက ဝါဒတောင်ရဲ့သင်္ချိုင်းမြေ ‘ကောင်းကင်ဘုံရေကန်’ မဟုတ်လား”
စုန့်ချောင်က...
“ဟုတ်တယ်”
ဝါဒတောင်တွင် ဓလေ့ထုံးတမ်းတစ်ခုရှိသည်။
ဝါဒတောင်တပည့်များ ဆုံးပါးသွားတိုင်း “ကောင်းကင်ဘုံရေကန်” တွင်သာ သင်္ဂြိုလ်လေ့ရှိသည်။ ကွယ်လွန်သူ၏ မိသားစုက ကိုယ်တိုင်သင်္ဂြိုလ်ရန်အတွက် ရုပ်အလောင်းကို ပေးအပ်ပါရန် အထူးမေတ္တာရပ်ခံသည့်အခြေအနေမှလွဲပြီး ဤဓလေ့ထုံးတမ်းအတိုင်းပင် ပြုလုပ်ကြသည်။
ကျဆုံးသူများ၏ ရုပ်အလောင်းထည့်သွင်းထားရာ ခေါင်းတလားများအားလုံး တစ်ခုပြီးတစ်ခု ရေကန်ထဲတွင် နှစ်မြှုပ်သင်္ဂြိုလ်လိုက်ကြသည်။ ထို့နောက် ရန်တိက ရှီတိ၏ရုပ်အလောင်းထည့်သွင်းထားရာ ရောခဲခေါင်းတလားကို ကိုယ်တိုင်ကိုယ်ကျ သယ်ဆောင်လာသည်။
သူက လေထုထဲသို့ ခြေတစ်လှမ်းချင်းတက်သွားပြီး ကမ္ဘာငယ်တစ်ခုပမာ ကြီးမားကျယ်ပြန့်သော ရေကန်ကြီးရှေ့တွင် မတ်တတ်ရပ်နေသည်။ ရန်တိက ရေခဲခေါင်းတလားကို သူ့အရှေ့တွင်ချထားလိုက်ပြီး ရှီတိ၏ဣန္ဒြေရသော အသွင်အပြင်အကို အချိန်ကြာမြင့်စွာ တိတ်တဆိတ် ငေးကြည့်နေသည်။
ရှီတိ၏မျက်နှာထက် ထင်ဟပ်နေသော အပြုံးရိပ်ကြောင့် နှစ်သိမ့်ခြင်း ၊ ပျော်ရွှင်ခြင်းများကို အရိပ်အမြွက်တွေ့မြင်ရသည်။
ရေခဲခေါင်းတလားထက်တွင် တင်ထားသော သူ့လက်ကို လျှောချလိုက်ချိန် ရန်တိ၏မျက်နှာသည် ဝမ်းနည်းကြေကွဲခြင်းအတိဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။
ထိုအချိန် ရန်တိဘေးသို့ လူရိပ်တစ်ရိပ် ရောက်ရှိလာသည်။ လှည့်မကြည့်ပါဘဲ ထိုသူ မည်သူဖြစ်ကြောင်း ရန်တိ သိရှိလေသည်။
ပုံမှန်ဆိုလျှင် ပြတ်သားသိမ်မွေ့စွာဖြင့် ကြည်လင်သောမျက်နှာကိုပိုင်ဆိုင်သော ဖန်ကျွင်းသည် ယခုတော့ ကြေကွဲမှုများဖြင့် ပြည့်နက်နေသည်။
သူက ရန်တိကဲ့သို့ပင် ခေါင်းတလားကို လက်ဖြင့်ထိကိုင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ခေါင်းတလားမှ တစ်လက်မခန့်အကွာတွင် ဖန်ကျွင်း၏လက်များက မထိဝံ့သည့်အလား လေထဲတွင် ရပ်တန့်သွားသည်။
ရန်တိက တိုးလျသည့်လေသံဖြင့်...
“ဂိုဏ်းတူအစ်ကိုကြီးက မင်းကို အပြစ်မတင်ပါဘူး ၊ ဆရာရော ငါရော တခြားသူတွေရော အဲဒီလို မခံစားရပါဘူးကွာ”
ဖန်ကျွင်းက စကားတစ်ခွန်းမှမဆိုဘဲ သူ့လက်ကို ဆန့်တန်းထားလျှက် လေထဲတွင် ရုပ်တုတစ်ခုပမာ မတ်တတ်ရပ်နေသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကြောင့် ဖြစ်ပေါ်လာသော မငြိမ်သက်မှုများကို ချေမှုန်းနိုင်ခဲ့ပြီး ရှင်းတုန်းဖင်းနှင့် သစ္စာဖောက်များအားလုံးကို ရှင်းပစ်ခဲ့ပြီးဖြစ်သော်လည်း ဤပြဿနာကြီးတစ်ခုလုံး၏ရင်းမြစ်အမှာ သူကိုယ်တိုင်ဖြစ်သည်ဟု ဖန်ကျွင်း ခံစားနေရဆဲပင်။
သူက တားမြစ်ထားသည့်အရာကို ပထမဆုံး ရှာဖွေစူးစမ်းခဲ့သူ ဖြစ်သည်။
သူ၏ ထက်မြက်သောစွမ်းရည် ၊ ထိန်းချုပ်နိုင်သောစွမ်းအားများဖြင့် ထိုတံခါးကြီးကို ပြန်လည်ပိတ်ဆို့လိုက်နိုင်သော်လည်း ငရဲကိုးထပ်၏ မှောင်မိုက်သော အရိပ်အငွေ့များက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ စိမ့်ဝင်လာခဲ့သည်။ သူက နောက်ပြန်ဆုတ်ခဲ့သည့်တိုင် ရှင်းတုန်းဖင်းက သူ့လမ်းအတိုင်းနင်းလျှော်ကာ ထိုအိပ်မက်ဆိုးကြီးဆီသို့ ခြေလှမ်းပြင်ခဲ့သည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်သူအစစ်မှာ ရှင်းတုန်းဖင်းမှ ဟုတ်ပါလေစ ၊ သူကိုယ်တိုင်များဖြစ်နေမည်လားဟု တစ်ခါတရံ ဖန်ကျွင်း အတွေးဝင်မိသည်။
သူ့အရှေ့တွင်ရှိနေသော ရှီတိ၏ရေခဲခေါင်းတလားနှင့် ကောင်းကင်ဘုံရေကန်အတွင်းသို့ တဖြည်းဖြည်း နစ်မြုပ်သွားကြပြီဖြစ်သော ဝါဒတောင်တပည့်များ၏ ခေါင်းတလားများကိုကြည့်ရင်း ဖန်ကျွင်း၏မျက်ဝန်းထဲတွင် များပြားလှစွာသော အဖြစ်အပျက်များကို မြင်ယောင်လာသည်။
ကြည်လင်လျှို့ဝှက်ရေကန် တိုက်ပွဲမှသည် ကန္တာဒေသ ၊ ယွင်ဝူစီရင်စု အဖြစ်အပျက် အလယ် ၊ ယခု ဝါဒတောင်တိုက်ပွဲအထိ... ၊ သူ့ ပယောဂမှ ကင်းပါလေစ။
ထို့ပြင် ရှီစုန်းထောင်းအကြောင်းကိုလည်း ကြားသိထားပြီးဖြစ်ရာ ဖန်ကျွင်းမှာ ပို၍ပင် ပြောစရာစကား ပျောက်ရှခဲ့ရသည်။
ရန်တိက...
“မင်း အရမ်းစိတ်ထိခိုက်မနေပါနဲ့ ၊ ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ကလည်း မင်းကို စိတ်ထိခိုက်စေချင်မှာ မဟုတ်ဘူး ၊ ပြီးတော့ သူက စိုးရိမ်ပူပန်မှုတွေကင်းဝေးပြီး သာယာတဲ့ ‘ဝါဒတောင်’ ကို မြင်ချင်တာလေ”
ဖန်ကျွင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့လက်ကိုအသာရုတ်သိမ်းကာ လှည့်ထွက်သွားလေတော့သည်။
ရန်တိ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရေခဲခေါင်းတလားကို ကောင်းကင်ဘုံရေကန်ရှိရာသို့ တွန်းလွှတ်လိုက်သည်။
ကောင်းကင်ဘုံရေကန်အတွင်းသို့ လွင့်မျောသွားသည့် ရေခဲခေါင်းတလားက တဖြည်းဖြည်းသေးငယ်သွားပြီး ပိုမိုဝေးကွာသွားကာ နောက်ဆုံး ရေကန်ထဲ နစ်မြုပ်သွားသည်။ ရေကန်က ပကတိကြည်လင်လျှက် လှိုင်းကြက်ခွပ်လေးများသာလျှင် ကျန်ရစ်ခဲ့သည်။
ရေကန်ထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသော ရှီတိကို ရန်တိက မျက်စိတစ်ဆုံး မျက်တောင်မခတ် ငေးကြည့်နေခဲ့သည်။
ရှီတိ လုံးဝ ပျောက်ကွယ်သွားပြီဆိုတော့မှ သူ အောက်သို့ ပြန်ဆင်းလာခဲ့သည်။
***
မိုးထိတောင်ထိပ်တွင် ယွမ်ကျန်းဖုန်း ရှိနေလေသည်။
ရန်တိ ၊ ဖန်ကျွင်းနှင့် ရေခဲခေါင်းတလားထဲတွင်ရှိနေသော ရှီတိကိုကြည့်ရင်း သူ့မျက်နှာက ဝမ်းနည်းမှုအတိ ပြည့်နက်နေသည်။
ရေခဲခေါင်းတလားအတွင်းမှလူသည် သူ၏ အကြီးဆုံးတပည့်ဖြစ်ပြီး သူ့ဘဝတွင် ပထမဆုံးလက်ခံခဲ့သော တပည့်ဖြစ်သည်။
ဆရာတပည့်နှစ်ယောက် နှစ်ပေါင်းများစွာ အေးအတူပူအမျှ ဖြတ်သန်းခဲ့ကြပြီး အဖြစ်အပျက်များစွာသည် မနေ့တစ်နေ့ကလိုပင် ထင်ကျန်ရစ်သည်။
........
“ခြင်္သေ့ဘုရင်... ဆရာ့ဒဏ်ရာတွေက မပျောက်နိုင်တော့ဘူး ၊ တံခါးပိတ်ကျင့်ကြံတဲ့အခါ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ပါ့မလားတောင် မသိဘူး ၊ ဒီတော့ ဝါဒတောင်ဂိုဏ်းချုပ်ရာထူးကို မင်းကိုလွှဲအပ်မယ်ဆိုရင် လက်ခံနိုင်မလား”
“ဆရာ... ဂိုဏ်းတူညီလေး’ဖန်ကျွင်း’ နဲ့ ဂိုဏ်းတူညီလေး’ရန်တိ’ တို့က ဒီတပည့်ထက် အများကြီးသာပါတယ်”
“ဖန်ကျွင်းက ဉာဏ်ကောင်းပြီး လက်တွေ့ကျတယ် ၊ ရန်တိက အရမ်းတော်ပြီး ဝင့်ဝင့်ကြွားကြွားရှိတယ် ၊ သူတို့တွေ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ရင့်ကျက်လာကြပေမယ့် ဂိုဏ်းချုပ်ရာထူးကို ရယူဖို့အတွက်ကတော့ အတွေ့အကြုံ နည်းပါးသေးတယ် ၊ ဒါပေမဲ့ နေသူတော်စင်ဂိုဏ်းနဲ့ တခြားပြင်ပရန်သူတွေက ငါတို့ကို အချိန်သိပ်များများပေးမှာ မဟုတ်တော့ဘူး”
“ဒီတပည့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ဆိုရင် ဂိုဏ်းချုပ်ရာထူးအတွက် မသင့်တော်ပါဘူး ၊ ဂိုဏ်းတူညီလေး ‘ဖန်ကျွင်း’ ပဲဖြစ်ဖြစ် ၊ ဂိုဏ်းတူညီလေး’ရန်တိ’ ပဲဖြစ်ဖြစ် သူတို့ဟာ အနာဂတ်မှာ ဝါဒတောင်ရဲ့ အဓိကမဏ္ဍိုင်တွေဖြစ်လာမယ်လို့ ဒီတပည့် ယုံကြည်ပါတယ် ၊ ကျွန်တော်က ကြမ်းတမ်းပြီး တုံးအလွန်းတယ် ၊ ကျွန်တော်လုပ်တတ်တာဆိုလို့ ဂိုဏ်းအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ပေးတာမျိုးပဲ ရှိတယ် ၊ ဂိုဏ်းကလိုအပ်တဲ့အခါ ဒီတပည့်က အချိန်မရွေး နေရာမရွေး ရှေ့တက်ပြီး တိုက်ခိုက်ပေးမှာပါ”
“ဒါလည်းမှန်တယ် ၊ မင်းရဲ့ပင်ကိုယ်စရိုက်က ရိုးရှင်းလွန်းတယ် ၊ ဆီလျော်မှုမရှိတဲ့ အဘိုးကြီး’ဟွမ်’ နဲ့ ထိပ်ပြောင်’ချန်လီ’ တို့လို ကောက်ကျစ်ဉာဏ်များတဲ့သူတွေနဲ့တွေ့ရင် အရှုံးနဲ့ရင်ဆိုင်ရနိုင်တယ် ၊ အေးပါ... မင်းက ဂိုဏ်းချုပ်လုပ်ဖို့ အရမ်းငြင်းနေတော့လည်း ‘ပုန်းနေတဲ့နဂါး’ နဲ့ ပြိုင်ဘက်ကင်း’ရန်’ ရန်ဝူတိတို့ ဘယ်သူက ဂိုဏ်းချုပ်ဖြစ်လာဖို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ သူတို့ရဲ့စွမ်းရည်ကိုကြည့်ပြီး အကဲဖြတ်ကြတာပေါ့”
........
အတိတ်ကိုပြန်တွေးရင်း ယွမ်ကျန်းဖုန်း နာကျင်စွာဖြင့် မျက်လုံးများကို မှေးမှိတ်လိုက်သည်။
သူက ဝါဒတောင်ကို နှစ်ပေါင်းများစွာ ပံ့ပိုးပေးရင်း ဟွမ်ကွမ်လီနှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး သူ၏ကျော်ကြားမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်ပင်။
သို့သော် ယခုတော့ “ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင်” ယွမ်ကျန်းဖုန်းသည် နှစ်ပေါင်းများစွာ သူရှာဖွေခဲ့သော သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်တိုင် အလွန်ကြေကွဲဝမ်းနည်းနေဟန် ရှိသည်။
ဒါကိုမြင်တော့ အကြီးအကဲ’ကျန်း’ “ကျန်းခွန်” နှင့် အကြီးအကဲ’ဟယ်’ “ဟယ်နင်” တို့နှစ်ယောက်လုံး သက်ပြင်းကိုယ်စီ ချလိုက်မိကြ၏။
သူတို့၏ ဂိုဏ်းတူအစ်ကိုကြီး’ယွမ်ကျန်းဖုန်း” ထိုမျှ လဲပြိုနေသည်ကို ယခင်က တစ်ကြိမ်သာလျှင် တွေ့မြင်ခဲ့ဖူးကြသည်။ သူတို့၏ဆရာ ကောင်းကင်ခန့်မှန်းသူ ‘ကျန်းရှီလော့’ တိုက်ပွဲတွင် ကျဆုံးခဲ့ချိန်က ဖြစ်သည်။
သို့သော် ယခုလည်း ထိုသို့ဝမ်းနည်းကြေကွဲနေသည်ကို နောက်တစ်ကြိမ် တွေ့မြင်ရပြန်လေပြီ။
“ဂိုဏ်းကလိုအပ်တဲ့အခါ အချိန်မရွေး နေရာမရွေး ရှေ့တက်ပြီးတိုက်ခိုက်ပေးမယ်လို့ မင်းပြောခဲ့တယ် ၊ မင်း တကယ်လုပ်ခဲ့တာပဲ”
ယွမ်ကျန်းဖုန်းက သူ့တစ်ကိုယ်တည်းကြားလောက်ရုံလေသံဖြင့် ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အ လိုက်တဲ့ ကလေး... ၊ ရှေ့တက်တိုက်ခိုက်ပြီးရင် လှိုင်းလေမုန်တိုင်းငြိမ်သက်သွားတဲ့အခါ နောက်ကိုခြေလှမ်းပြန်ဆုတ်ပြီး ဆရာ့အနားပြန်လာရမှာ မဟုတ်ဘူးလားကွာ”