← Chapters

ဖိအား

Vol. 23 Ch. 319

ဖိအား

Vol. 23 Ch. 319

ရန်ကျောက်ကဲသည်လည်း ဇာပနအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ရွှီဖေးနှင့် ယင်လုန်ထူက သူ့နံဘေးတွင် ရှိနေသည်။

ဝါဒတောင်၏ပင်မတိုက်ရိုက်တပည့် (၂)ယောက်သည် သူတို့ဝတ်လေ့ရှိသော အပြာရောင်တွင် အနက်ရောင်အနားသတ်ဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိဘဲ အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး နဖူးထက်တွင်လည်း အဖြူရောင်ကြိုးတစ်ခု စည်းနှောင်ထားကြသည်။

ဟန်လုန်အာ မျက်ရည်များဝဲလာပြီး ထိန်းမနိုင်သိမ်းမရ အဆက်မပြတ် ငိုတော့၏။

သူ့မိဘများဆုံးပါးသွားချိန်နှင့် မတူသည်မှာ ယခု ယင်လုန်ထူက သေခြင်းတရားအဓိပ္ပါယ်ကို နားလည်နေပြီ ဖြစ်သည်။ ဆရာဖြစ်သူက သူ့ကို ထာဝရခွဲခွာသွားပြီဖြစ်ကြောင်း သိရှိနေပေပြီ။

ခန္ဓာကိုယ်ထွားထွားကျိုင်းကျိုင်းနှင့် ရွှီ‌ဖေးက ဟန်လုန်အာ၏ပခုံးကို ခပ်တင်းတင်းပွေ့ဖက်ထားပြီး ကျောက်ရုပ်တုတစ်ခုပမာ ငြိမ်သက်နေသည်။

ဟန်လုန်အာက အဆက်မပြတ်ငို့ကြွေးနေလေရာ သူ၏ဂိုဏ်းတူညီလေးကိုကြည့်ရင်း ရွှီဖေး၏မျက်လုံးများသည်လည်း နီရဲလာသည်။

ရန်ကျောက်ကဲက ရွှီဖေးကိုကြည့်ရင်း...

“ဂိုဏ်းတူအစ်ကို’ရွှီ’”

ရွှီဖေးက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း ခေါင်းခါယမ်းသည်။

“ငါ ဘာမှမဖြစ်ပါဘူး”

ရန်ကျောက်ကဲက စကားမဆိုတော့ပေ။

ဖခင်ဖြစ်သူက ပထမဆရာဦးလေး’ရှီတိ’ လဲလျောင်းရာ ရေခဲခေါင်းတလားကို ကောင်းကင်ဘုံရေကန်ဆီသို့ တွန်းလွတ်လိုက်သည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ဇာပနအခမ်းအနား ပြီးဆုံးသည့်နောက် ဝါဒတောင်ပင်မအစီအရင်ကို ရန်တိက ထိန်းချုပ်လိုက်ပြီး လေထုထဲတွင်တည်ရှိသည့် ‘ကောင်းကင်ဘုံရေကန်’ ဆီသို့ သွားရာလမ်းကို ပြန်ပိတ်လိုက်သည်။

ရန်ကျောက်ကဲနှင့် အခြားသောဝါဒတောင်တပည့်များက တဖြည်းဖြည်းပျောက်ကွယ်သွားသော “‌ကောင်းကင်ဘုံရေကန်” ဆီသို့  တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့်  ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

စုန့်ချောင်နှင့် ဇာပနပွဲသို့လာရောက်ကြသော အခြားဧည့်သည်များသည်လည်း ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

ဇာပနအခမ်းအနားပြီးဆုံးသည်နှင့် စုန့်ချောင်က ရန်ကျောက်ကဲနှင့် ရွှီဖေးရှေ့သို့ ရောက်လာပြီး...

“ထပ်တူဝမ်းနည်းရပါတယ်”

ရန်ကျောက်ကဲနှင့် ရွှီဖေးတို့က ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ရန်ကျောက်ကဲက စုန့်ချောင်ကို ခပ်တိုးတိုးလေသံဖြင့် မေးလိုက်၏။

“အစ်ကို’စုန့်’ ဒီကိုလာတာ မြို့တော်သခင်’စုန့်ဝူလျန်’ ဆီက စကားပါးလိုက်တာများ ရှိသလား”

သူက ဆက်ပြောသည်။

“ငါတို့ဝါဒတောင်က ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းပူဆွေးနေရတာကြောင့် အစ်ကို’စုန့်’ အဲဒါကို အခုချိန်ထိ မပြောသေးဘူးဆိုတာ ဒီ ‘ရန်’ က သိပါတယ် ၊ နောက်ပိုင်းကိစ္စတွေရှိသေးပေမယ့် အခု ဇာပနအခမ်းအနားလည်းပြီးသွားပြီဆိုတော့... အစ်ကို’စုန့်’ ပြောစရာရှိတယ်ဆိုရင် အခု ပြောလို့ရပါတယ် ၊ ဒါမှမဟုတ် အဖေတို့ ဆရာဘိုးဘိုးတို့နဲ့ တွေ့ချင်တယ်ဆိုရင်လည်း ကူညီပေးနိုင်ပါတယ်”

သူတို့ နှလုံးသားထဲမှ နာကျင်မှုများက လျှင်မြန်စွာ ပျောက်ကွယ်သွားကြမည် မဟုတ်ပေ။ ထိုနာကျင်မှုများက ရန်သူများအပေါ်ထားရှိသည့် အမျက်ဒေါသအဖြစ် စုပုံလာပြီး အဆက်မပြတ် ကြီးထွားလာမည် ဖြစ်သည်။

သို့သော် သွေလွန်သူများကလည်း မရှိကြတော့သည်ဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများကလည်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြရမည် ဖြစ်၏။ ဝမ်းနည်းကြေကွဲခြင်း အဖြစ်ဆိုးထဲတွင် တဝဲလည်လည်ဖြင့် ရုန်းမထွက်နိုင်ဖြစ်နေမည့်အစား ကျဆုံးသွားသူများကို မေ့မပစ်ဘဲ ရှေ့ဆက်လျှောက်လှမ်းကြရမည် ဖြစ်သည်။

မျက်စိရှေ့ရောက်နေသည့် အချို့သောကိစ္စများကိုလည်း အေးအေးဆေးဆေးဖြင့် အချိန်မီ ဖြေရှင်းရန် အာရုံစိုက်ရပေဦးမည်။

အရှုံးတရားနှင့် ရင်မဆိုင်ရစေရန်လည်း ပြင်းပြင်းထန်ထန် အားထုတ်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲစကားကိုကြားတော့ စုန့်ချောင်က တုံ့ဆိုင်းမနေဘဲ ခေါင်းတစ်ချက်ညိတ်လိုက်သည်။

ပြီးမှ သူက ခေါင်းခါယမ်းရင်း...

“တကယ်တော့ ဒီကိစ္စက ငါ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စပါ ၊ ညီလေး’ရန်’ ကူညီပေးမှ ဖြစ်မှာ ၊ သိပ်တော့ အရေးကြီးတာ မဟုတ်ပေမယ့် ဇာပနအခမ်းအနားမစခင်မှာ ပြောရတာ မသင့်တော်ဘူးထင်လို့”

ရန်ကျောက်ကဲက...

“ဟုတ်ကဲ့... အခုတော့ အစ်ကို’စုန့်’ ပြောလို့ရပါပြီ”

စုန့်ချောင်က...

“ဒီလိုပါ.... မင်းတို့ ချောက်နက်သခင်’ရှင်းတုန်းဖင်း’ ကို သုတ်သင်ပြီးတဲ့နောက် သူ့ကျန်ခဲ့တဲ့ ရတနာပစ္စည်းတွေ ရထားသေးလား တွေးမိလို့ပါ ၊ မြေကမ္ဘာနယ်မြေကထွက်တဲ့ ရှာရခက်တဲ့ပစ္စည်းတစ်ခု လိုချင်နေလို့”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...

“အစ်ကို’စုန့်’က ဘာပစ္စည်း လိုချင်လို့လဲ”

စုန့်ချောင်က...

“အဲဒါကို တစ္ဆေကျောက်တုံးလို့ ခေါ်ကြတယ် ၊ မြေကမ္ဘာနယ်မြေကထွက်တဲ့ ထူးခြားတဲ့ ဝိညာဉ်ကျောက်တုံးတစ်ခုပဲ ၊ ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး ၊ ထွက်နှုန်းကလည်း အရမ်းနည်းတယ်”

ရန်ကျောက်ကဲက ခေါင်းတစ်ချက်မော့ရင်း စဉ်းစားဟန်ပြုသည်။ သူမှတ်မိသလောက် ရှင်းတုန်းဖင်းထံမှ ရရှိထားသောရင်းမြစ်ပစ္စည်းများထဲတွင် ထိုပစ္စည်း အမှန်တကယ် ပါဝင်သည်။

စုန့်ချောင်က...

“တစ္ဆေကျောက်တုံးကိုရဖို့ ငါက တန်ရာတန်ကြေးပေးမှာပါ ၊ မင်းစိတ်ကျေနပ်စေရမယ်ကွာ... ညီလေး’ရန်’”

ဝါဒတောင်တွင် ရန်ကျောက်ကဲ၏လက်ရှိ အခွင့်အာဏာနှင့်ဆိုလျှင် ရှင်းတုန်းဖင်းထံမှ ရရှိထားသော ရင်းမြစ်ပစ္စည်းများကို သူ့စိတ်ကြိုက်ကိုင်တွယ်ရန်အတွက် ပြဿနာမရှိပေ။

ပြီးတော့ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ရေနယ်မြေမှ သူလိုချင်သောပစ္စည်းအချို့လည်း ရှိနေသည်။

သို့သော် စောစီးစွာပင် သူ့လုပ်ပိုင်ခွင့်များ ပစ်မှတ်ထားခံရမည်ကို ရှောင်ရှားရန်အတွက် ရန်ကျောက်ကဲက စကားလွှဲလိုက်၏။

“ဒါက ကိစ္စကြီးတစ်ခုပဲ ၊ ရှင်းတုန်းဖင်းရဲ့ ပိုင်ဆိုင်မှုတွေကို ငါ့အဖေက ကိုင်တွယ်နေတယ် ၊ ဒီတော့... အစ်ကို’စုန့်’ အဖေနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြတာ ပိုကောင်းမယ် ၊ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက ဆက်ဆံရေးကောင်းမွန်တဲ့ မဟာမိတ်တွေဆိုတော့ အဲဒီပစ္စည်း တကယ်ရှိနေတယ်ဆိုရင် သေချာပေါက် ရစေရပါမယ်”

စုန့်ချောင်က ခေါင်းညိတ်ရင်း...

“ဒါဖြင့် ဂိုဏ်းချုပ်’ရန်’ ကိုပဲ အနှောက်အယှက်ပေးရတော့မယ်”

အစောပိုင်းက ဂုဏ်ပြုသဝဏ်လွှာပေးပို့ရင်း စုန့်ချောင်က ရန်တိနှင့်တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း တစ္ဆေကျောက်တုံးအကြောင်း မပြောခဲ့ပေ။

ယခု ရန်ကျောက်ကဲအကူအညီဖြင့် ရန်တိနှင့် ထပ်မံတွေ့ဆုံပြီး အခြေအနေကို ရှင်းပြလိုက်သည်။

ရန်ကျောက်ကဲထံမှ ကြယ်တာရာချီစွမ်းအားဖြင့် အသံပို့လွှတ်အကြောင်းကြားသည်ကို သိရှိပြီးနောက် ရန်တိက အေးဆေးစွာ စကားဆိုသည်။

“ငါတို့မှာ တစ္ဆေကျောက်တုံး ရှိပါတယ် ၊ ဒါပေမဲ့ အရေအတွက် အတော်လေးနည်းတယ် ၊ မိတ်ဆွေလေး’စုန့်’က ဘယ်လောက်လိုချင်တာလဲ”

စုန့်ချောင်က...

“သုံးပေလောက်ဆိုရင် အဆင်ပြေပါတယ်”

ရန်တိက ခေါင်းညိတ်ရင်း...

“အဲဒီလောက်ဆိုရင်တော့ ငါတို့ဂိုဏ်းမှာ အလုံအလောက်ရှိတဲ့အတွက် မိတ်ဆွေလေး’စုန့်’ ကို ပေးနိုင်ပါတယ်"

သူက တွေးတွေးဆဆဖြင့် ဆက်ပြောသည်။

“ငါတို့ဂိုဏ်းလည်း တိုက်ပွဲဖြစ်ပြီးခါစဆိုတော့... အာရုံစိုက်ရမယ့်ကိစ္စတွေ အများကြီးရှိနေတယ် ၊ အရေးတကြီးလိုအပ်တဲ့ ရင်းမြစ်ပစ္စည်းတွေလည်း အများကြီးရှိတယ် ၊ တကယ်တော့ ငါက မင်းတို့ဂိုဏ်းနဲ့ ရင်းမြစ်ပစ္စည်းတွေ ဖလှယ်ဖို့တောင် စိတ်ကူးထားတာ ၊ အစက အဲဒီရည်ရွယ်ချက်နဲ့ မင်းအဖေဆီကို စာတစ်စောင်ရေးပြီး မင်းနဲ့ထည့်ပေးလိုက်မလို့ စဉ်းစားထားတာ”

ဤသည်ကိုကြည့်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်လဲလှယ်မည့် ပစ္စည်းပမာဏရော ပစ္စည်းအမျိုးအစားများပါ အတော်လေး များပြားနိုင်ကြောင်း စုန့်ချောင် ခန့်မှန်းနိုင်သည်။

စုန့်ချောင်က...

“ဒါဖြင့် ဒီအကြောင်းကို ကျောက်စိမ်းပင်လယ်မြို့တော်ကို အမြန်သတင်းပို့ပေးပါ့မယ်”

“ကျွန်တော် ဒီအကြောင်းကို ကျောက်စိမ်းပင်လယ်မြို့တော်ကို အမြန်သတင်းပို့ပေးပါ့မယ်”

ရန်တိက...

“အဲဒါ အကောင်းဆုံးပဲ”

ဧည့်သည်တော်များ အနားယူနေထိုင်ရာနေရာသို့ ရန်ကျောက်ကဲက စုန့်ချောင်ကို လိုက်ပို့ပေးပြီးနောက် ရန်တိထံသို့ ပြန်လာပြီး သားအဖနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။

ရန်ကျောက်ကဲက...

“ကျောက်စိမ်းပင်လယ်မြို့တော်က ပစ္စည်းတွေရောက်လာရင် ကျွန်တော်လိုချင်တာတွေကို ဖယ်ထားပေးဦးနော်”

“အေးပါ...”

ရန်တိက ခဏမျှစဉ်းစားရင်း...

“အဲဒီပစ္စည်းကို စုန့်ချောင်က သူ့အတွက် သီးသန့်လိုချင်တာလို့ မင်း ထင်သလား”

ရန်ကျောက်ကဲက...

“ကျွန်တော်တော့ မထင်ဘူး ၊ အဲဒါက သူ့ကိုယ်ရေးကိုယ်တာထက်... ကျောက်စိမ်းပင်လယ်မြို့တော်က လိုချင်တာ ပိုပြီးဖြစ်နိုင်ခြေများတယ်”

ရန်တိက...

“စုန့်ချောင်က မင်းလောက် နာမည်မကြီးပါဘူး ၊ သူ ပစ္စည်းတစ်ခုခုကို ရှာတယ်ဆိုရင် အများစုက သတိပြုမိကြမှာ မဟုတ်ဘူး ၊ ကြည့်ရတာ... ကျောက်စိမ်းပင်လယ်မြို့တော်က သူတို့လိုချင်တဲ့ပစ္စည်းကို အခြားသူတွေမသိအောင် ဖုံးကွယ်ချင်တာ ဖြစ်ရမယ်”

သူက ဆက်ပြောသည်။

“မင်းက ဂိုဏ်းရဲ့ရင်းမြစ်ပစ္စည်းတွေကို လိုသလိုအသုံးပြုခွင့်ရှိတာ ကောင်းကင်အောက်ကလူတိုင်း သိကြတာပဲ ၊ ဒီတော့ သူက မင်းကိုဆက်သွယ်ပြီး အကူအညီတောင်းတာ ပုံမှန်ပါပဲ”

ရန်ကျောက်ကဲက သူ့အောက်မေးစေ့ကို ပွတ်သပ်ရင်း...

“သူတောင်းဆိုတာကို ကျွန်တော်က တိုက်ရိုက်သဘောမတူဘဲ အဖေ့ဆီခေါ်လာကတည်းက သူ့အတွေးတွေကို ကျွန်တော်တို့ရိပ်မိသွားပြီဆိုတာ သူ သဘောပေါက်သွားလောက်ပြီ”

ရန်တိက...

“ဒါပေါ့... သူ သဘောပေါက်သွားမှာပါ”

ရန်ကျောက်ကဲက သူ့နံဘေးမှ စားပွဲခုံကို လက်ဖြင့် တ‌ဒေါက်ဒေါက်ခေါက်နေရင်း...

“တစ္ဆေကျောက်တုံး... တစ္ဆေကျောက်တုံး... ကျောက်စိမ်းပင်လယ်မြို့တော်က အဲဒါကို ဘာအတွက် လိုချင်တာလဲ ၊ တစ်ဖက်လူက ဘာအတွက်လိုချင်သလဲဆိုတာ မတွေးနိုင်ဘူးဆိုရင်... သူတို့မှာ ဘာတွေလိုအပ်နေသလဲဆိုတာ စဉ်းစားရမယ်... ၊ သူတို့မှာ အရေးတကြီး လိုအပ်နေတာက...”

စားပွဲကိုခေါက်နေသည့် ရန်ကျောက်ကဲလက်ချောင်းများ ရပ်တန့်သွားပြီး ဖခင်ဖြစ်သူကိုလှမ်းကြည့်လိုက်သည်။

ထိုအခါ သူ့ကို လှမ်းကြည့်လာသော ရန်တိနှင့် အကြည့်ချင်းဆုံသွားပြီး သားအဖနှစ်ယောက် စကားတစ်ခွန်းကို ပြိုင်တူပြောလိုက်ကြသည်။

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု...”

နေသူတော်စင်ဂိုဏ်းက “မဟာနေမင်းတိုင်းတာခြင်းပေတံ” ကို ဆုံးရှုံးခဲ့ရသော်လည်း ဟွမ်ကွမ်လီ၏ ကျင့်ကြံခြင်းအဆင့်က အခြားသော သိုင်းသူတော်စင်များထက် ခြေတစ်လှမ်းသာသည်။

ယွမ်ကျန်းဖုန်းက သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာခဲ့ပြီး လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်အဆင့် ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော ‘ကြယ်တာရာသန့်စင်ချီဝတ်ရုံ’ ကိုလည်း ပိုင်ဆိုင်ထားသည်။

ယခင်က သိုင်းသူတော်စင်ရော အထွတ်ထိပ်မှော်ဝင်ပစ္စည်းပါ ပိုင်ဆိုင်သည့် နေသူတော်စင်ဂိုဏ်းနေရာတွင် ယခု ဝါဒတောင်က အစားထိုးလိုက်နိုင်ပြီ ဖြစ်၏။

သို့ဖြစ်ရာ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းတွင် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းတို့က အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီး (၄)ဂိုဏ်းထက် သာလွန်နေသည် အမှန်ပင်။

ဝါဒတောင်က နေသူတော်စင်ဂိုဏ်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် အသက်ရှူချောင်သွားခဲ့ရသည်။ မဟုတ်ပါက သူတို့၏ မုန်းတီးဆက်စုပ်ဖွယ်ရန်သူဖြစ်သော နေသူတော်စင်ဂိုဏ်းသာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးအား လွှမ်းမိုးသွားမည်ဆိုလျှင် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် တစ်ဂိုဏ်းလုံး ပင်လယ်ထဲခုန်ချပြီး အစုလိုက်အပြုံလိုက် သတ်သေသည်ကမှ ပိုပြီးအခြေအနေကောင်းနိုင်ပေသည်။

သို့သော်လည်း ကောင်းကင်နယ်မြေ ၊ တောင်တန်းနယ်မြေ ၊ ရေနယ်မြေ မဟာမိတ် (၃)ဖွဲ့သည် ယခင်က အင်အားတူညီသူများ ဖြစ်ကြသည်။ ယခု ဝါဒတောင်က အင်အားကြီးမားလာပြီး မဟာမိတ်ထဲတွင် မဟာမိတ်ခေါင်းဆောင်ဖြစ်လာနိုင်ခြေ ရှိလာသည်။ ဤသည်က အခြားသော စွမ်းအားစု (၂)ခုဖြစ်သည့် ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်းကို စိုးရိမ်ပူပန်စေသည်မှာ မလွဲဧကန် ဖြစ်၏။

အနည်းဆုံးတော့ သူ့ထက်ငါအပြိုင် ပိုမိုအင်အားများပြားလာစေရန် ကြိုးစားကြမည်မှာ သေချာသည်။

ရန်ကျောက်ကဲက ခေါင်းကိုအနည်းငယ်မော့လိုက်ရင်း...

“အရှေ့ပင်လယ်က မီးတောက်မိစ္ဆာပြဿနာကိုတောင် အပြည့်အဝ မဖြေရှင်းနိုင်သေးဘဲ တစ္ဆေကျောက်တုံးကိုရဖို့ အလောတကြီးပြေးလာတာကိုထောက်ရင်... ကျောက်စိမ်းပင်လယ်မြို့တော်အတွက် ဒီကိစ္စက အတော်လေးကို ဖိအားခံစားနေရတာ ဖြစ်နိုင်တယ်”

All Chapters