အမှတ်စဥ်တွေ အတည်ပြုပြီး
Vol. 21 Ch. 300
….
နတ်ဆိုး ဝါးမြိုသူမှ ဆီရာ ကို ပြန်ပေးဆွဲခဲ့သည့် ထိုခန်းမဆောင်တွင် ရှိခဲ့ဖူးသူတိုင်းနီးပါးသည် ထိုသူ မည်သို့ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ကို သိရှိနေကြသည်။
သူရဲကောင်းအကယ်ဒမီကျောင်း ၏ ကန့်သတ်ချက်များအောက်တွင်ပင် ထိုလူသည် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်၏။
သူသည် ထွက်ပြေးရန်အတွက် ရတနာပစ္စည်းတစ်ခုခုကို အသုံးပြုခဲ့သည်လား။
သို့မဟုတ် ထူးခြားသည့် စွမ်းရည်တစ်ခုခုကို အသုံးပြုခဲ့သည်လား မည်သူမျှ မသိနိုင်သော်လည်း သူသည် ဟင်းလင်းပြင်ဥပဒေသများကို အသုံးပြု၍ ထွက်ပြေးသွားခဲ့သည်မှာတော့ ရှင်းလင်းနေသည်။
ထို့ကြောင့် လီရွန်သည် ဤနေရာ၏ ဟင်းလင်းပြင်ဥပဒေသများကို ကောင်းစွာချိန်ပိတ်ထားနိုင်သည့် ထူးခြားသည့် ရတာပစ္စည်းတစ်ခုကို အထူးဂရုစိုက်ကာ သယ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်၏။
ဤရတနာပစ္စည်းဖြင့်ဆိုလျှင် ဤနေရာတွင် မစ်ထ် ရှိနေလျှင်ပင် သူမသည်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
တစ်ခုတည်းသော ပြဿနာမှာ ထိုရတနာပစ္စည်းသည် အချိန်အကန့်အသတ်ဖြင့် သာ အသုံးပြုနိုင်သော ပစ္စည်းတစ်ခုဖြစ်နေခြင်းဖြစ်၏။
၎င်းကို နာရီဝက်ခန့်သာ အသုံးပြုနိုင်သည်။
ထို့နောက် ကောင်းစွာပြန်လည်အားဖြည့်ရန် အချိန်တစ်လခန့်ကြာမြင့်လေသည်။
ထို့ကြောင့် အကယ်ဒမီ တွင် ၎င်းကို တော်တန်ရုံတွင် အသုံးမပြုကြခြင်း ဖြစ်၏။
ပုံမှန်အားဖြင့် ဤရတနာပစ္စည်းသည် အသုံးမဝင်လုနီးပါးပင်ဖြစ်သည်။
မစ်ထ် ကဲ့သို့သော အင်အားကြီးသူတစ်ဦးကို ၎င်းအတွင်း ပိတ်မိနေစေလျှင်ပင် ဘာလုပ်နိုင်မည်နည်း။
နာရီဝက်အတွင်း သူမကို မည်သူက သတ်နိုင်မည်နည်း။ ထိုအရာသည် မဖြစ်နိုင်ပေ။
ထို့ကြောင့် အမှန်တကယ် အင်အားကြီးမားသော ပုဂ္ဂိုယ်ကြီးများအပေါ်တွင် ၎င်းသည် အသုံးမဝင်ပေ။
သို့တိုင် နတ်ဆိုးဝါးမြိုသူ သည် ထိုအဆင့်သို့ မရောက်ရှိသေးပေ။
အမှန်စင်စစ် သူသည် အတိတ်ကထက် ပိုမိုအားနည်းနေသည်ကို မြင်တွေ့ခဲ့ရသည့် သူရဲကောင်းများပင် ရှိနေခဲ့သည်။
သူသည် အတိတ်က အဆက်မပြတ် အသုံးပြုနိုင်ခဲ့သော သူ၏ ထင်ရှားသော စွမ်းရည်များကိုပင် ထပ်မံအသုံးမပြုနိုင်ခဲ့ပေ။
အတိတ်ကသာဆိုလျှင် ထိုဝါးမြိုသူ သည် သူရဲကောင်းအကယ်ဒမီ ကို အားနည်းစေရန် အတွက် ထိုသို့မထွက်ခွာမှီတွင် ထိုနေရာရှိလူအနည်းငယ်ကို သတ်ပစ်ခဲ့မည်ဖြစ်သည်။
ထူးဆန်းစွာပင် သူသည် ဤတစ်ကြိမ်တွင်မူ ထိုသို့ မလုပ်ဆောင်ခဲ့ပေ။
ဆီရာ ကို ပြန်ပေးဆွဲရန်ပင်လျှင် သူသည် လျှို့ဝှက်ပြီး ကလိန်ကကျစ်ကျသော နည်းလမ်းများကို အသုံးပြုခဲ့ရလေသည်။
၎င်းက ထိုသူအား ယခင်ကာလက ဝါးမြိုသူနှင့် အမှန်တကယ်ပင် ကွဲပြားကြောင်း လူအများအား သတိထားမိစေခဲ့သည်။
သူသည် သေဆုံးရာမှ ပြန်လည်ရှင်သန်လာခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်ဟု လူအများက သဘောပေါက်ခဲ့ကြသည်။
သေဆုံးသွားသူတစ်ဦး မည်ကဲ့သို့ အသက်ပြန်ရှင်နိုင်သည်ကို သူတို့ မသိနိုင်သော်လည်း ထိုသူမှာမူ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်လေ၏။
ထို့အတွက် တစ်ခုတည်းသော နှစ်သိမ့်စရာမှာ ထိုသူသည် သူ၏ ယခင်စွမ်းရည်များအားလုံးကို ဆုံးရှုံးသွားပုံရပြီး ၎င်းက သူ့အား ပိုမိုအားနည်းလာစေခဲ့သည်။
ဆိုလိုသည်မှာ ထိုဝါးမြိုသူသည် အတိတ်ကကဲ့သို့ ပြန်လည်ခွန်အားမကြီးမားလာခင် ယခုကဲ့သို့ အချိန်သည် သူ့အား သတ်ပစ်ရန် အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်လေ၏။
“အမှတ်စဥ် (၁) ကို နေရာချပြီးပါပြီ” ဟု သူရဲကောင်း တစ်ဦးက ထိုသလင်းကျောက်ကို မြေပြင်ပေါ်တွင် နေရာချကာ ၎င်းကို ကာကွယ်ရန် တစ်နေရာတွင်ပုန်းအောင်း နေလိုက်သည်။
“ အမှတ်စဥ် (၂) ကို နေရာချပြီးပါပြီ “
နောက်ထပ်အသံတစ်ခုက ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် လီရွန် ၏ နားထဲသို့ ထပ်မံ ရောက်ရှိလာပြန်သည်။ ထို့နောက်
“ အမှတ်စဥ် (၃) ကို နေရာချပြီးပါပြီ “
“ အမှတ်စဥ် (၄) ကို နေရာချပြီးပါပြီ “
“ အမှတ်စဥ် (၅) ကို နေရာချပြီးပါပြီ “
....
ဤသို့ဖြင် တစ်ဦးပြီးတစ်ဦးဆီမှ အတည်ပြုစကားများ ထပ်မံထွက်ပေါ်လာခဲ့သည်။
မြို့စွန်များရှိ နေရာလွတ်များတွင် သလင်းကျောက်ငါးခုဖြင့် စည်းတံဆိပ်ခတ်နှိပ်ပြီး ဖြစ်သော်လည်း လီရွန်သငည် ၎င်းကို ပိုမိုအားကောင်းစေရန်အတွက် ထိုသလင်းကျောက်များ ပိုမိုအသက်ဝင်လာရန် အနည်းငယ် စောင့်ဆိုင်းနေလိုက်၏။
မြို့သူမြို့သားများလည်း ကောင်းကင်တွင် ရုတ်တရက် ထွက်ပေါ်လာသော ထူးဆန်းသည့် အမိုးခုံးပုံစံတစ်ခုကို သတိပြုမိလိုက်ကြသည်။
သူတို့ထဲမှ များစွာသောပြည်သူများမှာ စိတ်ရှုပ်ထွေးလျက်ရှိနေကြပြီး အချို့မှာ မူ အလွန်ကြောက်ရွံ့နေကြလေသည်။
သို့သော် သူတို့က ထိုအရာသည် ဤနေရာရှိ ရာဇဝတ်သားကို အတွင်း၌ ခဏတာ ထိန်းထားရန်သာ ဖြစ်မည်ဟု ယုံကြည်ထားကြသည်။
၎င်းသည် သူတို့နှင့် မသက်ဆိုင်ပေ။
ထိုမြို့မှ အချိန်မှီ ထွက်ခွာရန် အလိုရှိနေကြသူများသာလျှင် ထို အတားအဆီးကြောင့် အတော်လေး ဒေါသထွက်နေကြရလေသည်။
“မင်း ငါ့ကို တားရအောင် မင်းကဘာကောင်မလို့လဲ ငါ့အဖေက အစိုးရဝန်ထမ်း တစ်ယောက်ပဲကွ သူရဲကောင်းအကယ်ဒမီကလူတွေက အစိုးရအဖွဲ့ကို ထိခိုက်အောင် တကယ်ပဲ လုပ်ချင်နေတာလား”
လူငယ်တစ်ဦးသည် အခြားသူများထက် ပိုမိုကျယ်လောင်စွာ အော်ဟစ်နေပြီး ထိုအပြင်မထွက်ရအမိန့်ကို တာဝန်ယူရသော သူရဲကောင်း ကိုပင် ခြိမ်းခြောက်နေခဲ့၏။
“ဒီအစုတ်ပလုတ် နိုင်ငံလေးရဲ့ အစိုးရကိုပြောတာလား”
A အဆင့် သူရဲကောင်းတစ်ဦး က ကျယ်လောင်စွာ ရယ်မောရင်းပြောလိုက်သည်။
လူများစွာသည် သူတို့သည် မြင့်မြတ်သောသူရဲကောင်းမိသားစု များမှ လူများ ဖြစ်သည်ဟူသော အချက်ကို အသုံးချရန် ကြိုးစားခဲ့ကြသည်။
သူရဲကောင်းအကယ်ဒမီ ၏ ကာကွယ်မှုပေါ်တွင်ပင် မှီခိုနေရသော သာမန်အစိုးရအရာရှိများ၏ အာဏာကို အသုံးပြုရန်ကြံရွယ်နေကြခြင်းအား မြင်တွေ့ရခြင်းသည် သူ့အတွက် အလွန်ရယ်စရာကောင်းနေခဲ့၏။
A အဆင့် သူရဲကောင်း က ထိုလူငယ်ကို ရိုးရှင်းစွာပင် တစ်ချက် ရိုက်ထည့်လိုက်သည်။
“သွား မင်းအဖေ အစိုးရဝန်ထမ်းကို သွားတိုင်လိုက်လေ ငါ မင်းကို ရိုက်လိုက်တယ်လို့ သူတို့ ငါ့ကို ဘာလုပ်နိုင်လဲ တစ်ချက်စောင့်ကြည့်ရအောင်”
“မင်း...ဘယ်လိုတောင် ငါ့ကို ရိုက်ရဲတယ်လား မင်းတို့က စုံစမ်းဖို့သက်သက် ဒီမှာ ရောက်နေကြတာမဟုတ်ဘူးလား သာမန် အရပ်သားတွေကို ထိခိုက်အောင် လုပ်ဖို့ မဟုတ်ဘူးလေ သူရဲကောင်းအကယ်ဒမီ အဖွဲ့ဝင်တွေက သာမန်အရပ်သားတွေကို ထိခိုက်အောင် မလုပ်ရဘူးဆိုတဲ့ စည်းကမ်းကို မင်း မေ့သွားပြီလား”
သူ၏နာကျဥ်နေသော ပါးပြင်တစ်ဖက်ကို ပွတ်သတ်ရင်း ထိုလူငယ်ကထရပ်ရင်း ပြန်ပြောလိုက်သည်။
သူ့ကို တစ်စုံတစ်ဦးက အမှန်တကယ် ရိုက်နှက်ခဲ့သည်ကို ခုထိ မယုံကြည်နိုင်ဖြစ်နေပုံရလေသည်။
ထိုသူသည် သူရဲကောင်း တစ်ဦးဖြစ်နေတော့ရော ဘာအရေးနည်း အကယ်ဒမီ၏ စည်းကမ်းများကို သူက ဆန့်ကျင်နိုင်မည်တဲ့လား။
“အရပ်သားတွေကို ထိခိုက်အောင် မလုပ်ရဘူးဆိုတဲ့ စည်းကမ်းလား”
ထိုသူရဲကောင်း ၏ မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူရဲကောင်းသည် ထိုလူငယ်၏ရှေ့သို့ ပေါ်လာပြီး လူငယ်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
“ငါ မင်းကို ဒီမှာ သတ်လိုက်ရင်တောင် ဒီမှာရှိတဲ့ ဘယ်သူကများ ဒါကို ဖော်ထုတ်လိမ့်မယ်လို့ မင်းထင်နေသလဲပြောပါဦး သူတို့က မင်းလို ဆန်ကုန်မြေလေး တစ်ယောက်အတွက် သူရဲကောင်းတွေ ကို ဆန့်ကျင်လိမ့်မယ်လို့ မင်းတကယ်ထင်နေတာလား မသေချင်ရင်လစ်တော့ ဟရောင်”
အသက်ရှူကျပ်လုနီးပါး ဖြစ်နေသော ထိုလူငယ်ကို နောက်သို့ ပစ်လွှဲလိုက်ရာ ကျောက်တုံးတစ်ခုအား ခေါင်းနှင့်ထိမိသွားခဲ့၏။
သူ၏ ဦးခေါင်းတွင် သွေးများယိုစည်းထွက်လာခဲ့သော်လည်း သူ့အား မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။
မည်သူမျှ သူ့အား ကူညီရန်ပင် ရှေ့သို့ မထွက်လာခဲ့ကြပေ။
နောက်ဆုံး၌ သူ ကိုယ်တိုင် ထရပ်ခဲ့ရသည်။
ထိုအရာကို မကျေနပ်သော်လည်း သူ ကိုယ်တိုင်ပင် သူ့အားကုသပေးမည့်သူကို ပြန်လှည့်ရှာရတော့မည်ဖြစ်သည်။
“မြို့ကို စည်းတံဆိပ်ခတ်ထားတယ် ဒ့ါကြောင့် ကျန်တဲ့သူတွေလည်း သူနဲ့အတူ ပြန်သွားသင့်တယ်” ဟု သူရဲကောင်း က လူတိုင်းကြားအောင် အော်ပြောလိုက်သည်။
သူ၏စကားများသည် အပေါ်ယံကြည့်ပါက တောင်းဆိုနေသည်ဟု ထင်ရသော်လည်း သူ၏ လေသံမှာမူ ဧကရာဇ်တစ်ပါး၏ ရာဇသံမျိုးထွက်ပေါ်နေ၏။
မြို့မှ ထွက်ခွာရန် ကြိုးစားခဲ့သူများအားလုံး နောက်ပြန်လှည့်သွားခဲ့ကြလေသည်။
သူတို့အား ထိုသူရဲကောင်းဆိုသူမှ ဘာမှထပ်မံမပြုလုပ်မိခင် ပြန်လှည့်သွားခြင်းသည် သူတို့အတွက်အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည် မဟုတ်ပါလား...။
သူတို့အားလုံးသည် လာရာလမ်းသို့ ပြန်လှည့်လိုက်ကြပြီး မည်သူမျှ နောက်ပြန်တစ်ချက်ပင်လှည့်မကြည့်ကြပေ။
သို့သော် နောက်ဆုံးလူတစ်ဦး ပြန်လှည့်လိုက်သည်နှင့် ထို A အဆင့် သူရဲကောင်း ၏ နောက်ကွယ်မှ လက်တစ်ဖက်ထွက်လာကာ ထိုA အဆင့် သူရဲကောင်း၏ပါးစပ်ကို ပိတ်ပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် လက်သည်းတစ်ခုက သူ၏နောက်ကျောကို ထိုးဖောက်ဝင်ရောက်ကာ ရင်ဘတ်တည့်တည့်မှ ပြန်လည်ထုတ်ခြင်းပေါက် ထွက်ပေါ်လာပြီး နှလုံးသားတစ်ခုကို ဆုပ်ကိုင်ထားလေသည်။
သူရဲကောင်း က အကျောက်အကန် ရုန်းကန်နေခဲ့သော်လည်း ထိုအရာဆီမှ သူ့ကိုယ်သူ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။
သူ အကူအညီတောင်းရန် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်မိလေသည်။
အရပ်သားများမှ သူ့အား မြင်ကာ အခြားသူများကို အကြောင်းကြားနိုင်ပါက သူ သည် ကယ်တင်ခံရရန် မျှော်လင့်ချက်အနည်းငယ်ရှိနိုင်လေသည်။
သို့သော် သူတို့ထဲမှ မည်သူမျှ နောက်သို့ မလှည့်ကြည့်ကြပေ။
ထိုအချိန်တွင် သူ့အား ကြည့်နေသည့် တစ်ဦးတည်းသောသူမှာ သူလုပ်လိုက်၍ ခေါင်းပေါက်ကာ သွေးထွက်နေသော လူငယ်လေးပင်ဖြစ်သည်။
ထိုလူငယ်သည် ထိုဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူရဲကောင်း ၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် လင်းလက်လာခဲ့ကာ ထိုလူငယ်အား အခြားသူများကို အကြောင်းကြားရန် တောင်းပန်နေသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုလူငယ်သည် ဘာမှမမြင်တွေ့ခဲ့ဟန်ဖြင့် ရိုးရှင်းစွာပင် လာရာလမ်းအတိုင်း ပြန်လှည့်ထွက်သွားခဲ့၏။
သူရဲကောင်း ၏ အမြင်အာရုံသည် သူ၏ အသက်ဓာတ်ကို လုံးဝဆုံးရှုံးသွားခဲ့ပြီဖြစ်သောကြောင့် အရာရာ မှောင်အတိဖြစ်သွားခဲ့ပြီဖြစ်သည်။
အာရန် သည် ထိုသူ၏ခန္ဓာကိုယ်ကို ဘေးသို့ ပစ်ချလိုက်ပြီး ထိုသူရဲကောင်းဆီမှထုတ်ယူထားသော နှလုံးသားကို တစ်ချက်ခန့် ကြည့်လိုက်၏။
ခဏအကြာတွင် သူသည် ထိုနှလုံးကိုလည်း ဘေးသို့ လွှတ်ပစ်လိုက်လေသည်။
ထိုသူရဲကောင်းတွင် သူ့အတွက်အသုံးဝင်သော စွမ်းအင်တစ်ခုတလေပင်ရှိမနေခဲ့သဖြင့် သူ၏ နေရာလွတ်များကို ဖြုန်းတီးမိရန် စိတ်မဝင်စားတော့ပေ။
ထို့ကြောင့် ထိုနှလုံးအစား ထိုနေရာတွင် မြှုပ်နှံထားသော အနီရောင်သလင်းကျောက် တုံးလေးကိုသာ ကောက်ယူလိုက်၏။
“ အမှတ်စဥ် (၁) ကို နေရာချပြီးပါပြီ “ ဟု အာရန် က ပြုံးပြရင်း အနီရောင်သလင်းကျောက်လေးကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်သွင်းထားလိုက်လေသည်။
#Catfoot