မမျှော်လင့်ထားသော ထိခိုက်မှု
Vol. 21 Ch. 287
.......
အနောက်ပိုင်းတိုက်ကြီး၏ မသိသောထောင့်စွန်းတစ်နေရာတွင် အာရန်သည် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်အချို့ ပါဝင်နေသည့် နှလုံးသားတစ်ခုကို တစ်ကိုက်ကိုက်လိုက်၏။
အာရန်သည် သူ၏ မူရင်းကမ္ဘာတွင် နတ်ဘုရားများ၏ တည်ရှိမှုများကို မယုံကြည်ခဲ့သော်လည်း ဤကမ္ဘာ၏ သမိုင်းကြောင်းကိုမူ သူသည် ငြင်းပယ်နိုင်ခြင်းမရှိပေ။
ဤကမ္ဘာတွင် နတ်ဘုရားများ၊ ဒဏ္ဍာရီလာ သားရဲများ၊ လက်ညှိုးတစ်ချောင်းတည်းဖြင့် တောင်တန်းကြီးများကို ဖျက်ဆီးပစ်နိုင်သော လူသားများနှင့် အလိုရှိပါက အာကာသကိုပင် ထက်ခြမ်းခွဲနိုင်သော သူရဲကောင်းများပင် ရှိနေကြ၏။
ဤကဲ့သို့သော ကမ္ဘာတွင် နတ်ဘုရားများ တည်ရှိမှုကိုလည်း သူငြင်းပယ်၍ မရပေ။
“စာရေးသူကရော ဒီကမ္ဘာမှာ နတ်ဘုရားတစ်ပါးလို့ သတ်မှတ်လို့ရမလား” ဟု သူ သည် ဘုန်းတော်ကြီး၏ နှလုံးသားကို ကိုက်ဝါးရင်း တွေးမိလိုက်သည်။
သူသည် ဤနေရာတွင် စောင့်ဆိုင်းနေရန် အချိန်မရှိသည့်အတွက် သူ၏ကိုယ်တွင်းမှ ပြောင်းလဲမှုများကို စစ်ဆေးကြည့်ရန်လည်း အချိန်မရခဲ့ပေ။
ထို့နောက်အာရန်သည် ယီလန် ကို ပြန်လည်ဆင့်ခေါ်ရင်း ဆီရာ ဆီသို့ အလျင်အမြန် ပြေးသွားခဲ့၏။
သူသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး တစ်ပါးကို သတ်ခဲ့မိပြီး ထိုသို့သတ်ခဲ့ခြင်းမှာလည်း အနောက်ပိုင်းတိုက်ကြီး အတွင်၌ ဖြစ်သည်။
ထိုအရာကို အာရုံစိုက်မိသဖြင့် မည်သို့သော အင်အားစုများ ရောက်ရှိလာမည်ကို နောက်ကောက်ကျကျန်၍ စောင့်ကြည့်လိုခြင်းမျိုးတော့ မရှိနေခဲ့ပေ။
ယခုအချိန်တွင် သူ၏ ပထမဦးစားပေးမှာ ဤနေရာမှ ထွက်ခွာရန်သာ ဖြစ်သည်။
အာရန်သည် ဆီရာ ၏ ဦးခေါင်းကို အနည်းငယ်ဆွဲမ၍ အိပ်ဆေးတစ်လုံးကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။
ဆေးလုံးသည် သူမ၏ ပါးစပ်အတွင်း၌ ချက်ချင်းအရည်ပျော်သွားပြီး ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူသွားခဲ့သည်။
“ကိုယ်နောက်မှ အားလုံးကို ရှင်းပြမယ် အခုတော့ ကိုယ့်ကို ဒီနေရာကနေအရင်ခေါ်သွားပေးပါ” ဟု အာရန်သည် ယီလန် ရောက်ရှိလာသည်ကို နောက်သို့ပင် လှည့်မကြည့်ဘဲ ပြောလိုက်သည်။
ထို့နောက် သူသည် ဆီရာ ကို ပခုံးပေါ်သို့ ကောက်တင်လိုက်၏။
ယီလန် သည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီယယ် ၏ ရုပ်အလောင်းကို တစ်ချက်ကြည့်လိုက်သည်။
သူမသည် ဖြေရှင်းချက် များစွာ မလိုအပ်ပေ။
အာရန် မသိထားခဲ့သော်လည်း သူမ၏ လက်ပေါ်ရှိ အမှတ်အသားများမှတစ်ဆင့် သူလုပ်ခဲ့သည့်အရာအားလုံးကို သူမ မြင်နိုင်ပြီးဖြစ်၏။
သူမသည် ဝိညာဉ်လောကသို့ ပြန်လည်ချိတ်ဆက်ထားသော ဂိတ်တံခါးပေါက် တစ်ခုကို ဖွင့်လိုက်ပြီး အာရန်အား အဆင်သင့်ဖြစ်သည်နှင့် ဝင်နိုင်ကြောင်း ပြောလိုက်သည်။
အာရန်သည် ဂိတ်တံခါးပေါက်ဝအနီးရှိ ယီလန် ဘေးတွင် ရပ်လိုက်သည်။
သူသည် သူ့ပတ်ဝန်းကျင်ရှိ သစ်တောကို တစ်ချက် ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကာ နဂါးလျှာအစွမ်း ကို အသုံးပြုရင်း စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
“မီးလျှံတွေတောက်စမ်း”
ထိုစကားတစ်ခွန်းရွတ်ဆိုပြီးသည့် နောက်တွင် သူသည် ဂိတ်တံခါးပေါက် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။
သို့သော် ထိုနေရာတွင် ဂိတ်တံခါးပေါက်တစ်ခု ပျောက်ကွယ်သွားခဲ့သော်လည်း တောက်ပနေသောမီးတောက်မီးလျှံတစ်ခုမှာအစပြု၍ ကျန်ရစ်ခဲ့ပြီး သစ်တောတစ်ဝိုက်တွင် တဖြည်းဖြည်း စတင်ပျံ့နှံ့သွားကာ ၎င်းတို့၏ ခြေရာလက်ရာများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
မီးလျှံများကြားတွင် ဝိညာဉ်လောက နှင့် ချိတ်ဆက်ထားသည့် သက်သေများပင် အလုံးစုံ ပျောက်ပျက်သွားခဲ့သည်။
ယီလန် ဖွင့်လှစ်ခဲ့သည့် ဝိညာဉ်လောကသို့ ဝင်ရောက်သည့် ဂိတ်တံခါးပေါက် ၏ သဲလွန်စများသည် နဂိုကပင် အလွန်သေးငယ်လွန်းလှသည်။
သူမသည် တည်ရှိမှုကို ဖိနှိပ်ရာတွင် အလွန် ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။
သို့သော်လည်း အာရန်သည် ကျန်ရှိနေသော သေးငယ်သည့် သဲလွန်စပိစိလေးများကိုပင် နဂါးလျှာအစွမ်း ဖြင့် ပိုမိုသေခြာအောင် ထပ်မံဖျက်ဆီးခဲ့ခြင်းဖြစ်၏။
အာရန်သည် အားနည်းသော သက်သေများကို အစအနမကျန် ဖျောက်ဖျက်ရန် ပို၍ အားကောင်းသော သက်သေအတုများကို ထပ်မံဖန်တီးခဲ့လေသည်။
မည်သည့် ကျွမ်းကျင်စွာထောက်လှန်းနိုင်သူမဆို ဤဖြစ်ရပ်ကို အာရန် သို့မဟုတ် ဝိညာဉ်များနှင့် သက်ဆိုင်မည်ဖြစ်ကြောင်းမည်သို့မျှ ရိပ်မိမည်မဟုတ်ပဲ ထိုအရာသည် ပင်လယ်နဂါးများ နှင့်သာ သက်ဆိုင်မည်ဟု ဆက်စပ်တွေးမိမည်သာ ဖြစ်လေသည်။
၎င်းသည် ပင်လယ်ပြင်တွင် သူ့ကို သတ်လုနီးပါးဖြစ်စေခဲ့သော မိတ်ဆွေဟောင်း တစ်ဦးအတွက် လက်ဆောင်တစ်ခုထားခဲ့ခြင်းပင်ဖြစ်သည်။
“ဟမ် မီးလောင်နေတာလား”
အာရန် ထွက်ခွာပြီး မိနစ်အနည်းငယ်အကြာတွင် သစ်တောတစ်ခုလုံးသည် မီးလျှံများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
အဝေးတစ်နေရာတွင် အမျိုးသမီးတစ်ဦးသည် ထိုတောက်ပသော မီးလျှံများကို စိုက်ကြည့်နေခဲ့၏။
“အဲ့ဒါ နဂါးလျှာအစွမ်းမဟုတ်လား” ဟု သူမ၏ အသံသည် အံ့အားသင့်မှုအနည်းငယ် ပါဝင်နေလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ပင်လယ်နဂါးတွေအားလုံးကို အင်ပါယာထဲမှာပဲ နေခဲ့ဖို့ ငါမှာထားခဲ့တယ် ဒီတော့ တစ်ယောက်ယောက်က ငါ့အမိန့်ကို မလိုက်နာဘူးပေါ့”
အာရန်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ထိုအမျိုးသမီးကို မြင်ပြီး အံ့အားသင့်သွားမည်ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် သူ့အား ယခင်က သတ်ရန် ကြိုးစားခဲ့သော ပင်လယ်နဂါးဧကရီပင် ဖြစ်သောကြောင့်ပင်တည်း။
ပရောဖက် ၏ လမ်းညွှန်မှုအရ သူမသည် ကောင်းကင်နဂါး၏ နှလုံးသား ကို ရှာဖွေရန် အနောက်ပိုင်းတိုက်ကြီး သို့ ဝင်ရောက်လာခဲ့ခြင်း၏။
၎င်းသည် ပရောဖက် ၏ ပြီးပြည့်စုံသော အစီအစဉ်တစ်ခုလည်း ဖြစ်သည်။
ဤမှတစ်ဆင့် နှစ်ဖက်စလုံးသည် ၎င်းတို့လိုချင်သောအရာကို ရရှိနိုင်မည်ဖြစ်သည်။
သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံး၏ အစီအစဥ်များသည် အာရန်ကြောင့် ပျက်စီးသွားခဲ့ပြီကိုမူ ၎င်းတို့နှစ်ဦးလုံး မသိရှိခဲ့ကြပေ။
မစ်ထ် ကို ရက်အနည်းငယ်ကြာ အာရုံပြောင်းစေရန် အာရန်၏ ကြိုးစားမှုတွင် သူသည် သူကိုယ်တိုင်ပင် မသိလိုက်ပါပဲ လူအများအပြား၏ အစီအစဉ်များကို ထိခိုက်စေခဲ့ပြီးဖြစ်သည်။
“မင်း ဘယ်မှာလဲ ကလေး မင်းရဲ့ ဘုရင်မရှေ့မှာ ကိုယ်ထင်ပြစမ်း”
ပင်လယ်နဂါးဧကရီ က ပြောလိုက်ရာ သူမ၏ အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။
သူမ၏ ပြောစကားနောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်မှုသည်သာ ကြီးစိုးနေခဲ့သည်။
သို့သော် အချိန်အနည်းငယ်ကြာပြီးနောက် ထိုတိတ်ဆိတ်မှုသည် သူမနောက်တွင် တိတ်ဆိတ်စွာ ပေါ်လာသော အခြားသူတစ်ဦး၏ တည်ရှိမှုကို အာရုံ ခံစားမိလိုက်သောအချိန်တွင်ပင် ပျက်စီးသွားခဲ့၏။
ထိုသူ၏ တည်ရှိမှုသည် အလွန်သေးငယ်၍ သတိပြုမိရန်ပင် ခက်ခဲလှသည်။
ပင်လယ်နဂါးဧကရီပင် သူမ၌ မြင့်မားသော နဂါးအာရုံခံစွမ်းအင်များသာ မရှိနေခဲ့လျှင် သတိထားမိနိုင်ခဲ့မည် မဟုတ်ပေ။
ပင်လယ်နဂါးဧကရီ သည် နောက်လှည့်ကြည့်လိုက်ရာ အဝေးတွင် အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးကို သတိပြုမိလိုက်၏။
ထိုဝတ်ရုံသည် မဲနက်နေသော်လည်း နာသန်နီယယ် ၏ လက်ဝါးကပ်တိုင် ပေါ်ရှိ နတ်ဘုရား ကောင်းချီးစွမ်းအင်ထက်ပင် ပိုမိုအားကောင်းသော နတ်ဘုရား အော်ရာ တစ်ခုဖြင့် ပြည့်လျှံနေလေသည်။
သူ၏ ဝတ်ရုံပေါ်တွင် သန့်စင်ဘုရားကျောင်း နှင့် ပတ်သက်မှုကို ပြသထားသည့် နတ်ဘုရားတံဆိပ်များလည်း ခပ်နှိပ်ထားလေသည်။
“ကာဒီနယ်ရဟန်းအမတ် တစ်ပါးက ဒီမှာ ဘာလုပ်နေတာလဲ”
ပင်လယ်နဂါးဧကရီသည် သူ၏ သင်္ကေတများမှတစ်ဆင့် ထိုသူကို မှတ်မိသွားကာ မေးလိုက်သည်။
“သင်ရဲ့ လုပ်ရပ်ကို နတ်ဘုရားမ နိုင်ငံတော်ကို စစ်ကြေညာခြင်းလို့ သတ်မှတ်ရမလား”
ကာဒီနယ်ရဟန်းအမတ်သည် အဝေးတွင်ရှိနေသော နာသန်နီယယ် ၏ မီးကျွမ်းနေသော ရုပ်အလောင်းကို သတိပြုမိကာ မေးလိုက်၏။
ထို့နောက် စက္ကန့်အနည်းငယ်ပင် မခြားပဲ အခြား ကာဒီနယ်ရဟန်းအမတ်တစ်ဦးသည်လည်း ပင်လယ်နဂါးဧကရီ၏ နောက်တွင် ထပ်မံ ပေါ်လာခဲ့သည်။
“အခြေအနေ ပိုမဆိုးရွားစေချင်ဘူးဆိုရင်တော့ ကျွန်ုပ်တို့နောက်ကို အသာတကြည်လိုက်ခဲ့ပါ သင်ရဲ့လုပ်ရပ်အတွက် သင် နောင်တရခဲ့ရင် နတ်ဘုရားမ က ကရုဏာထားပေးပါလိမ့်မယ်လို့ ကျွန်ုပ်တို့ ကတိပြုပါတယ်”
ပင်လယ်နဂါးဧကရီသည် ထိုသူတို့ ပြောနေသည့်အရာများကို နားမလည်သော်လည်း သူမတွင်လည်း ကိုယ်ပိုင် ဂုဏ်သိက္ခာတစ်ခု ရှိနေသေး၏။
သူမပတ်ဝန်းကျင်တွင် ပေါ်လာသော ကာဒီနယ်ရဟန်းအမတ် များကို ကြည့်ရှုရင်း သူမ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
“ရှင်တို့ ကျွန်မကို ချိန်းခြောက်နေကြတာလား ရှင်တို့လို အဆင့်နဲ့လား...”
.....
ထိုအချိန်တွင် ဝိညာဉ်လောကရှိ နန်းတော် အလယ်တွင် ဂိတ်တံခါးပေါက် တစ်ခု ပွင့်လာခဲ့၏။
အာရန်သည် ထိုဂိတ်တံခါးပေါက် ထဲမှ ထွက်လာခဲ့ပြီး သူ၏ လက်ဆောင်လေးက ပင်လယ်နဂါးဧကရီ အတွက် မည်သို့သော အကျိုးဆက်များ ဖြစ်ကျန်ရစ်ခဲ့သည်ကိုပင် မသိရှိခဲ့ပေ။
သူ၏ အနည်းငယ်သော အာရုံလွှဲမှုတစ်ခုကြောင့် ကာဒီနယ်ရဟန်းအမတ် နှစ်ဦး သေဆုံးခဲ့ရပြီး ပင်လယ်နဂါးဧကရီ ပင်လျှင် သန့်စင်ဧကရာဇ် ရောက်ရှိလာပြီးနောက် ဒဏ်ရာအပြင်းထန်ရရှိခဲ့သည်။
နောက်ဆုံးတွင် ပင်လယ်နဂါးဧကရီ သည် သန့်စင်ပုရောဟိတ်မ ရောက်ရှိလာမည်ကို စိုးရိမ်မိသဖြင့် ထိုနေရာမှထွက်ခွာသွားရန်သာ ဆုံးဖြတ်လိုက်ရလေတော့သည်။
၎င်းသည် တိုက်ကြီးလေးခုလုံးကိုပါ သက်ရောက်သွားစေခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်လေ၏။
ပင်လယ်နဂါးဧကရီ မှာ ဘာလိုချင်ခဲ့သလဲဟု လူအများက အံ့ဩခဲ့ကြသည်။
ပထမဆုံး တောင်ပိုင်းတိုက်ကြီး ကို တိုက်ခိုက်ပြီး ယခု အနောက်ပိုင်းတိုက်ကြီး ကို ထပ်မံ တိုက်ခိုက်ခြင်းလား။
ပင်လယ်နဂါးဧကရီကိုယ်တိုင်သည်လည်း ရှုပ်ထွေးနေခဲ့သည်။
သူမ၏ ရည်ရွယ်ချက်ကို သိရှိသွား၍ သန့်စင်ဧကရီ က သူမကို ပြန်လှန်တိုက်ခိုက်သည်ဟုပင် သူမ တွေးမိခဲ့သည်။
အရှင်သခင် လေးဦးအနက် မည်သူမျှ သူမအား ကောင်းကင်နဂါး၏ နှလုံးသား မှတစ်ဆင့် ၎င်းတို့၏ သွေးမျိုးဆက်ပေါ်တွင် ချုပ်ထားသော စည်းတံဆိပ်များကို ဖယ်ရှားရန် ခွင့်ပြုမည်မဟုတ်ပေ။
သူမသည် ပရောဖက် ကိုပင် သံသယဝင်ခဲ့ပြီး သူမသည် မှားယွင်းသောနေရာနှင့် မှားယွင်းသောအချိန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကာ မမျှော်လင့်သည့် ထိခိုက်မှု တစ်ခုမျှသာဖြစ်သည်ကိုမူ မသိရှိနိုင်ခဲ့ပေ။
#Catfoot