လျှို့ဝှက်ပုန်ကန်မှု
Vol. 21 Ch. 292
…..
အာရန် သည် တံခါးကို ဖွင့်ဆွဲလိုက်ပြီး ယူလင်း တည်ရှိရာ အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအခန်းသည် လုံးဝမှောင်မိုက်နေပြီး သူ၏တပည့်မလေးသည် မီးမထွန်းထားခဲ့ပေ။
အာရန် ဝင်လာသည်ကိုတွေ့လိုက်သောအခါ ယူလင်းသည် အံ့အားသင့်သွားဟန် ရ၏။
သူမသည် သူမ၏ နောက်ကျောဘက်သို့ တစ်စုံတစ်ခုကို အလျင်အမြန် ဝှက်ထားလိုက်ရာ ထိုအရာသည် အာရန်အား အနည်းငယ် အံ့အားသင့်စေခဲ့သည်။
အခန်းတွင်းရှိမြင်ကွင်းများသည် အမှောင်ထုမှ ကြီးစိုးထားနေသော်လည်း အာရန် သည် သူမ၏ အလျှင်အမြန်လှုပ်ရှားမှုများကို မြင်နိုင်ခဲ့သည်။
သူ မမြင်လိုက်သော တစ်ခုတည်းသောအရာမှာ သူမ ဝှက်ထားသောအရာပင် ဖြစ်၏။
သူမ ဘာတွေ ဝှက်ထားတာလဲဟု သူ တွေးမိလိုက်မိသည်။
စိတ်ချင်းဆက်သွယ်မှုဖြင့် ယီလန် အား ထိုကောင်မလေး သူ့ထံမှ ဘာတွေ ဝှက်ထားသည်ကို စစ်ဆေးခိုင်းခဲ့သည်။
သူကိုယ်တိုင် စစ်ဆေး၍မူ သူမ၏ ဆရာတစ်ဦးအနေနှင့် မသင့်တော်သောကြောင့် ဖြစ်လေသည်။
“ကောင်းကောင်း အနားယူနိုင်ခဲ့ရဲ့လား”
အာရန် က သူမ ဝှက်ထားသောအရာကို မေးခွန်းမထုတ်တော့ဘဲ သူမအကြောင်းကိုသာ မေးလိုက်၏။
“ကျွန်မအဆင်ပြေသွားပါပြီ ဒါပေမယ့် ဆရာ.. ဒါက ဂိုဏ်းချုပ်ရဲ့ နန်းတော် မဟုတ်ဘူးလား ကျွန်မအနေနဲ့ ဒီမှာ တကယ်ပဲ နေခွင့်ရထားတာလား”
ယူလင်း က ရှုပ်ထွေးသောအကြည့်ဖြင့် အာရန်အား ကြည့်ရင်း မေးလိုက်သည်။
သူမသည် ဂိုဏ်း သို့ မကြာသေးမှီကမှ အသစ်ရောက်လာသူဖြစ်သော်လည်း သာမန်တပည့်များ မသိထားသည့် အရာအများအပြားကိုပင် သူမ သိရှိထားခဲ့၏။
ပထမတွင် သူမသည် ဘယ်နေရာတွင် ရောက်ရှိနေမှန်း မသိနေခဲ့သော်လည်း ဤနေရာရှိ ချီစွမ်းအင်များ၏ သန့်စင်မှုနှင့် ဤနေရာတစ်ခုလုံးကို ပြုပြင်မွမ်းမံထားသည့် တန်ဖိုးကြီးမြင့်မှုများကို မြင်ပြီးနောက် သူမသည် ကောက်ချက်တစ်ခုကို ချလိုက်နိုင်ခဲ့သည်။
၎င်းသည် ဂိုဏ်းချုပ်၏ နန်းတော်ပင်ဖြစ် လေ၏။
သူမကဲ့သို့ သာမန်တပည့်တစ်ဦးကို ထားဦးတော့ သူမ၏ဆရာဖြစ်သူ အကြီးအကဲ တစ်ဦးအနေဖြင့်ပင် ဤနေရာတွင် နေထိုင်ခွင့် မရှိသင့်ပေ။
သူမ၏ဆရာက သူမကို ဤနေရာသို့ ခေါ်ဆောင်လာရန် အဘယ်ကြောင့် ဤမျှကြီးမားသော အရဲစွန့်မှုများကို ရယူခဲ့သည်ကို သူမ အမှန်တကယ်ပင် တွေးတောနေမိခဲ့သည်။
သူမသည် ဂိုဏ်းချုပ် ပျောက်ဆုံးသွားခြင်းကို ကြားသိခဲ့ပြီးဖြစ်သော်လည်း ဂိုဏ်းချုပ်၏ သေဆုံးခြင်းကိုမူ မကြားခဲ့ရသေးပေ။
အပြင်မှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာများလားဟု သူမ တွေးမိလိုက်သည်။
“ဆရာက ခုလက်ရှိမှာ ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်လို့ပြောလို့ရတယ် အဲ့တော့ ဒီမှာမနေလို့ ဘယ်မှာ နေရမှာလဲ”
အာရန် က သူ၏လက်စွပ်ကို ဂုဏ်ယူစွာ ဝင့်ပြရင်း ယူလင်းအား ပြန်မေးလိုက်၏။
ဂိုဏ်းချုပ် သေဆုံးသွားကြောင်း မည်သည့်ဇာတ်လမ်းကိုမျှ သူ၏ တပည့်မအား လိမ်လည် မပြောတော့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် မကြာမီ ဖော်ထုတ်ခံရမည့် လိမ်ညာမှုတစ်ခုသာ ဖြစ်သွားမည်ဖြစ်သောကြောင့် ထိုသို့မပြုလုပ်လိုတော့ခြင်းဖြစ်သည်။
သို့သော် သူသည် ယာယီအားဖြင့် ဤရာထူးကို ယခုအချိန်တွင် ရယူထားနိုင်သည်မှာ ပေါ်လွင်နေ၏။
ထိုအကြောင်းကို လိမ်ညာရခြင်းမှာ အဓိပ္ပာယ်မရှိသော်လည်း သူမကို အမှန်အတိုင်းအပြည့်အစုံတော့လည်း သူ မပြောပြခဲ့ပေ။
သူသည် မရေမရာတစ်ခုကိုသာ ပြောဆိုခဲ့ပြီး အချို့သောအခြေအနေများကြောင့် သူသည် ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်ဟုသာ ပေးသိထားခဲ့သည်။
“ဆရာ့ကြောင့် မင်းကို ပစ်မှတ်ထားနိုင်တဲ့ လူတွေ အပြင်မှာ ရှိနေတယ် ဒါကြောင့် မင်းကို ဒီကိုခေါ်လာဖို့ကလွဲပြီး ဆရာ့မှာ ရွေးစရာမရှိခဲ့ဘူး ဒါပေမယ့် မင်း စိတ်ပူစရာတော့ မလိုပါဘူး ရက်အနည်းငယ်ကြာရင် ဆရာတို့ ကိုယ့်နေရာကိုယ် ပြန်နိုင်တေ့မှာပါ”
“ဒါက ဆရာအတွက် အန္တရာယ်ရှိနေလား”
ယူလင်း က တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားဟန်ဖြင့် မေးလိုက်သည်။
“တစ်ယောက်ယောက်ဆီက အကူအညီ လိုအပ်နေမလား”
“ဒီကလေးမနှယ် ဘယ့်နှယ့် ကို့ဆရာအပေါ်မှာတောင် ဒီလောက် ယုံကြည်မှု မရှိတော့ဘူလား”
အာရန် က သူမ၏နဖူးကို ညင်သာစွာ တစ်ချက်ထုပြီး မေးလိုက်၏။
သူ အကူအညီလိုအပ်သည်ဆိုစေဦးတော့ ယူလင်းသည် ယခုအချိန်တွင် ဘာမှ မလုပ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် သူမကို ဤပြဿနာတောထဲသို့ ဆွဲသွင်းလိုခြင်း မရှိနေခဲ့ပေ။
ဤ သာမန်ဖြစ်ပုံရသော ကောင်မလေး၏ နောက်ခံအကြောင်းကို သူ ကောင်းစွာသိရှိနေသောကြောင့်လည်းဖြစ်သည်။
“သူမက ပုံတူပန်းချီကားလေးတစ်ချပ်ကို ဝှက်ထားတာပါ”
အာရန် စကားဆုံးသည်နှင့် ယီလန် ပြန်ရောက်လာပြီး ယူလင်း နောက်တွင်ဝှက်ထားသည့် သူမ မြင်ခဲ့သည့်အရာကို ပြောပြလိုက်သည်။
‘ဒါက သူမအမေရဲ့ ပုံတူပန်းချီကားထင်တယ် သူမ ဝှက်ထားတာ အံ့ဩစရာမရှိတော့ပါဘူး’ ဟု အာရန် တွေးလိုက်မိရာ များစွာ စဉ်းစားမနေခဲ့ပေ။
သို့သော် ယီလန်မှသူ၏ စကားများကိုဆက်လိုက်သောအခါတွင်မူ အာရန်တစ်ယောက် ငိုင်ကျသွားလေသည်။
“ဒါက ရှင့်ရဲ့ ပုံတူပန်းချီကားပါ အမျိုးသမီးတစ်ဦးကတော့ဘေးမှာ ရပ်နေတယ် ဒါပေမဲ့ အဲ့ဒီအမျိုးသမီးက ယူလင်း မဟုတ်ဘူး သူမနဲ့တော့ တော်တော်လေး ဆင်တယ် သူမ အမေဖြစ်ဖို့ များတယ်”
ယီလန် က သူမ မြင်ခဲ့သည့်အရာကို ကောင်းစွာ ရှင်းပြလိုက်သည်။
သူမ၏စကားများကို ကြားသောအခါ အာရန်သည် ပြောစရာ စကားလုံးပင် ပျောက်ဆုံးသွားခဲ့သည်။
‘ရန်နစ်ခရိုလိုင်း က သူမအမေနဲ့ သိနေခဲ့တာလား ငါလဲ ဒီဇာတ်ကွက်အကြောင်း ဘာမှ မသိခဲ့ရပါလား ဘာကြောင့်လဲ ဒါမှမဟုတ် ငါ မဖတ်ဖြစ်ခဲ့တဲ့စာအုပ်ရဲ့ နောက်ပိုင်း အခန်းတွေကလား...’
အာရန်သည် သူ၏နဖူးကိုသာ ပြန်ပွတ်လိုက်သည်။ ဤရန်နစ်ခရိုလိုင်းဆိုသည့် ပုဂ္ဂိုလ် ပါဝင်ပတ်သက်ခြင်းမရှိသော ဇာတ်ကွက်များရှိနိုင်ပ့ါဦးမလားဟုပင် သူ တွေးမိလိုက်၏။
အာရန်သည် အကြောင်းအရာများကို ပိုမိုသိရှိလာသည်နှင့်အမျှ ရန်နစ်ခရိုလိုင်း ၏ အခန်းကဏ္ဍများသည် သာမန်ထက်ပင် အလွန်အကျွံ ပါဝင်ပတ်သက်နေမှန်း သူ ပိုမိုသဘောပေါက်လာခဲ့သည်။
ဤအရာသည် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ သူသည် လုံးဝ ဗီလိန်အကြီးစားတစ်ဦး သို့မဟုတ် အဓိကဇာတ်လိုက်တစ်ဦးသာ ဖြစ်ရပေမည်။
ထိုဆန့်ကျင်ဘက်ပုဂ္ဂိုလ်နှစ်ဦးမှသာလျှင် ဇာတ်လမ်းတစ်ခုတွင် ဤမျှ အတိုင်းအတာအထိ အရေးပါသော ဇာတ်ကွက်များတွင် ပါဝင်ပတ်သက်နိုင်မည်ဖြစ်၏။
‘ဒါပေမယ့် အဲ့ဒီလိုသာဆိုရင် ရန်နစ်ခရိုလိုင်း က ဘာလို့ မူလဝတ္ထုထဲမှာ အရေးမပါတဲ့ ဗီလိန်အသေးစားတစ်ဦးလို အစောကြီး သေဆုံးသွားခဲ့ရတာလဲ’ ဟုလည်း ထပ်မံတွေးလိုက်မိသည်။
“ဆရာ အဆင်ပြေရဲ့လား”
ပုံတူပန်းချီကားကို စောင်အောက်တွင် တိတ်တဆိတ်ဝှက်ထားပြီးနောက် ယူလင်း က ထရပ်လိုက်ပြီး အာရန် ဆီသို့ ချဉ်းကပ်လာကာ အတွေးတွင်နစ်မြောနေသော အာရန်အား စိုက်ကြည့်နေခဲ့သည်။
အာရန်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ယူလင်းအား သံသယဝင်နေသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ယူလင်း ၏မိခင်မှာ မည်သူမည်ဝါဖြစ်သည်ကိုသာ သူ သိမထားခဲ့လျှင် သူမသည် သူ၏ သမီးပင် ဖြစ်နေမလားဟု သူ သံသယဝင်မိနိုင်ပေသည်။
သို့သော် ကံကောင်းစွာဖြင့် ထိုသို့ဖြစ်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးတွင် အသက်အရွယ်ချင်းကအစ ထိုမျှထိကွာခြားမနေသောကြောင့်ဖြစ်သည်။
သို့သော်လည်း ရန်နစ်ခရိုလိုင်း သည် ဤကောင်မလေး၏မိခင်နှင့် မည်သို့ပါဝင်ပတ်သက်ခဲ့သည်ကိုမူ သူ အတော်လေးစိတ်ဝင်စားမိလေ၏။
ထို့ကြောင့် သူမက သူ့ကို သူမ၏ဆရာအဖြစ် ရွေးချယ်ခဲ့ခြင်းလော...။
အာရန်၌ ထပ်မံ၍ မေးခွန်းများစွာ ရှိလာခဲ့ပြီး မည်သည့်နေရာမှ စတင်ရမည်ကို ပင် မသိနိုင်တော့ပေ။
“ဆရာ အဆင်ပြေပါတယ်” ဟု အာရန် က ဖြေလိုက်သည်။
“ဒါပေမယ့် မင်းကို ဆရာမေးခွန်းတစ်ခု မေးစရာရှိတယ်...”
သူသည် ထိုကောင်မလေးအား သူမ၏ မိသားစုအကြောင်း မေးမြန်းရန် ပြင်လိုက်စဥ်သူ နန်းတော် တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
အာရန်သည် ရုတ်တရက် သီးခြား ဦးတည်ရာဘက်တစ်ခုဆီသို့ လှည့်ကြည့်လိုက်ရင်း သူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
‘သူတို့ ရောက်လာကြပြီလား’ ဟု သူ တွေးမိသည်။
‘ငါ ဒီညတော့ အိပ်လို့ရဦးမယ်လို့ ထင်နေမိတာ’
အာရန်သည် သူ၏ခေါင်းကို ပြန်ကုတ်လိုက်ပြီးနောက် ထိုအခန်းတွင်းမှ ထွက်သွားရန် ပြင်လိုက်သည်။
“ဆရာ့မှာ လုပ်စရာတွေရှိသေးလို့သွားလိုက်ဦးမယ် ဒါပေမဲ့ မကြာခင် ပြန်လာခဲ့မယ် ဆရာ ပြန်မရောက်မချင်း ဒီအခန်းထဲကနေ တစ်ဖဝါးမှမခွာနဲ့နော်”
အာရန်သည် အခန်းထဲမှ လျင်မြန်စွာ ထွက်သွားပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
သူသည် အကာအကွယ်အလွှာတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပြီး ဖန်းယု မှသူ့အား စောင့်နေမည့် နန်းတော်၏ အဓိကခန်းမ ဆီသို့ ပြေးထွက်သွားလိုက်သည်။
သူမသည် ထိုနေရာတွင် ကိုယ်တိုင် ထွက်ပေါ်လာ၍ မဖြစ်သေးပေ။
နန်းတော် အပြင်ဘက်တွင်မူ မိစ္ဆာဂိုဏ်း၏ တပည့်ပေါင်းများစွာ စုရုံးရောက်ရှိနေကြပြီး နန်းတော် တစ်ခုလုံးကို ဝိုင်းရံထားကြ၏။
၎င်းတို့ချည်းမဟုတ်ဘဲ အကြီးအကဲများ နှင့် မဟာအကြီးအကဲများ အများအပြားလည်း ၎င်းတို့နှင့်အတူ ပါလာခဲ့ကြသည်။
ဗဟိုဧရိယာ၏ အစောင့်တပ်မှူးဟောင်း မှာ သေဆုံးသွားခဲ့ပြီး ယခု ခေါင်းဆောင်အသစ်သည် ဘိုးဘေးအကြီးအကဲများ အပေါ် သစ္စာခံထားသူဖြစ်သဖြင့် တပည့်များကို ဤနေရာသို့ ဝင်ရောက်ခြင်းအား တားဆီးမှုပင် မပြုခဲ့ပေ။
“အကြီးအကဲရန် မင်းက ဂိုဏ်းချုပ် ကို သတ်ပြီး သူမရဲ့ နေရာကို လုယူခဲ့တာ ငါတို့မင်းကို လက်မခံနိုင်ဘူး ထွက်လာပြီး အသေခံပါ”
“ဂိုဏ်းချုပ်ကို ဘယ်လိုများ နောက်ကျော ဓားနဲ့ ထိုးရဲရတာလဲ”
ဤနေရာရှိ တပည့်အများစုသည် ဦးနှောက်ဆေးခံထားရသော ရုပ်သေးရုပ်များ ဖြစ်သွားကြပြီဖြစ်သည်။
၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အာရန် ၏ လက်ချက်ဖြင့် အသေခံစေ၍ ဂိုဏ်းတစ်ခုလုံးမှ အာရန်အား ဆန့်ကျင်စေရန်ပင် ဖြစ်၏။
ထိုသို့ဖြစ်ပျက်ခဲ့ပါက ဘိုးဘေးအကြီးအကဲများ က ဝင်ရောက်စွက်ဖက်နိုင်မည်ဖြစ်ကာ အာရန်အား သတ်ဖြတ်ခြင်းအတွက် မည်သူမျှ အပြစ်တင်နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ဖန်းယု အသက်ရှင်နေသေးပြီး ၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့လျှင်ပင် ဘိုးဘေးအကြီးအကဲများ၏ လုပ်ရပ်သည် ဂိုဏ်း၏ အကျိုးအတွက် ပြုမူခြင်းသာ ဖြစ်မည်ဖြစ်သောကြောင့် သူမ ဘာမှတတ်နိုင်မည်မဟုတ်တော့ပေ။
တပည့်များသည် အကြီးအကဲများ ၏ လှုံ့ဆော်မှုဖြင့် အာရန်အား အပြင်သို့ ထွက်လာစေရန် တောင်းဆိုနေခဲ့ကြသော်လည်း စက္ကန့်မဆိုင်း ဆက်တိုက်ပင် လက်နက်ကိုယ်စီဖြင့် နန်းတော် အတွင်းသို့ ပြေးဝင်သွားကြပြီး အစောင့်ခေါင်းဆောင် ကပင် ၎င်းတို့အတွက် ဝင်ပေါက်တံခါးကို ကူညီ၍ ဖွင့်ပေးလိုက်သေး၏။
#Catfoot