အကြောင်းပြချက် ပေးပါ့မယ်
Vol. 21 Ch. 293
….
အာရန် သည် ဖန်းယု ရှိနေမည့် အဓိကခန်းမဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။
သို့သော် သူ တံခါးအနီးသို့ ရောက်သည်နှင့် အခြားတစ်ဖက်မှ ခြေသံများကို လှမ်း၍ ကြားလိုက်ရသည်။
မကြာမီပင် သူသည် လူအုပ်ကြီးကို မြင်လိုက်ရပြီး ၎င်းတို့အနက်မှ အများစုမှာ အဓိကတပည့်များ ဖြစ်နေကြသည်ကို မြင်လိုက်ရ၏။
၎င်းတို့၏ မျက်နှာအမူအရာများမှာ ရူးနှမ်းမှုများနှင့်ပြည့်နှက်နေပြီး တစ်စုံတစ်ဦးမှ ၎င်းတို့၏ စိတ်များကို လှည့်ဖြားထားပုံရလေသည်။
ထိုသို့ လှည့်ဖြားခံရခြင်းသည် တစ်ခုခုကို ပစ်မှတ်ထားရှာဖွေနေပုံပင်ဖြစ်သည်။
“မင်းက ဂိုဏ်းချုပ် ကို သတ်လိုက်တဲ့သူပဲ မင်းက တောင်ပိုင်းတိုက်ရဲ့ နယ်ရုပ်ပဲ” အဓိကတပည့် တစ်ဦးကအာရန်အား လှမ်းပြောလိုက်သည်။
ထိုတပည့်၏စကားကို ကြားလိုက်သောအခါ အာရန် သည် ထိုတပည့်မှာသူ့အား တောင်ပိုင်းတိုက်ကြီး မှ သူလျှိုတစ်ဦးဖြစ်ကြောင်း အမှန်တကယ် သိထား၍ပြောခြင်း မဟုတ်ကြောင်း သိနေခဲ့သည်။
၎င်းသည် အကြီးအကဲများ က ၎င်းတို့အား အခြေအနေကို ပိုမိုတင်းမာစေရန် ပြောထားသော ဇာတ်လမ်းတစ်ပုဒ်မျှသာ ဖြစ်၏။
“အဲ့ဒါကို မင်းက ယုံကြည်နေတာလား”
အာရန် က တံခါးရှေ့တွင် ရပ်ရင်း မေးလိုက်သည်။
“ဒါမှမဟုတ် မင်းနောက်က လူတွေက မင်းကို ယုံစေချင်နေတဲ့အတိုင်းပြောတာလား”
“အကြီးအကဲရန် မင်း ဂိုဏ်းချုပ် ကို သစ္စာဖောက်အတွက် ခုသေရမယ်”
အဓိကတပည့်တစ်ဦး က အာရန် ထံမှ စကားတစ်လုံးမျှပင် ထပ်မံ မကြားလိုတော့ဟန်ဖြင့် ဖြတ်ပြောလိုက်သည်။
ထို့နောက်တုံ့ဆိုင်းမနေတော့ပဲ ထိုတပည့်သည် သူ၏ဓားကို ဝေ့ကာ အာရန် ဆီသို့ ပြေးသွားခဲ့၏။
သူ့တွင် ကြောက်ရွံ့ခြင်းဟူ၍ တစ်စက်ကလေးမျှမရှိတော့ဘဲ ဂိုဏ်းချုပ် ကို သတ်နိုင်လောက်အောင် သန်မာသည်ဟု သူကိုယ်တိုင်ပင်အစောပိုင်းက အခိုင်အမာ ပြောဆိုနေခဲ့သော ပုဂ္ဂိုလ်ကို ကိုယ်တိုင်သွားရောက်တိုက်ခိုက်နေမိခြင်းကြောင်းကိုပင် မေ့လျော့နေပုံရသည်။
အာရန် သည် တပည့်များ သူ့ဆီသို့ ပြေးလာနေသည်ကို ကြည့်နေခဲ့ပြီး အစောင့်ခေါင်းဆောင် နှင့် အခြား မဟာအကြီးအကဲများ အဝေးမှနေ၍ တိုက်ခိုက်ရန် အခွင့်အရေးများကို စောင့်ဆိုင်းနေသည်အားလည်း သတိထားမိလိုက်သည်။
သူသည် ဘိုးဘေးအကြီးအကဲများကိုမူ မမြင်ရသေးသော်လည်း ၎င်းတို့၏ အကြည့်များကိုမူ ခံစားမိနေ၏။
သူတို့သည် သူ့အား လမ်းဆုံလမ်းခွသို့ ရောက်အောင် ပို့ဆောင်လိုက်ကြသူများဖြစ်ကာ သူ ဘာရွေးချယ်သည်ဖြစ်စေ တစ်ဂိုဏ်းလုံးနှင့် ဆန့်ကျင်ဘက်သာ ဖြစ်တော့မည် ဖြစ်သည်။
“ဒါပေမဲ့ မင်းတို့ လိုချင်တာက ဒါဆိုရင်တော့လဲ ငါက သေချာပေါက် ပြန်ပေးရမှာပေ့ါ”
အာရန် သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းများပေါ်ရှိ လက်စွပ်သည် တောက်ပစွာ လင်းလက်လာ၏။
အာရန်၏ ထိုလှုပ်ရှားမှုများကို မြင်လိုက်သောအခါ နန်းတော် အပြင်ဘက်ရှိ ဘိုးဘေးအကြီးအကဲများ၏ မျက်နှာများသည် ပြုံးစိစိဖြစ်သွားကြသည်။
သူသည် ၎င်းတို့၏ ထောင်ချောက်ထဲသို့ ကျသွားပြီဖြစ်၏။
သူ့တွင် လက်စွပ်ရှိနေရင်ကော ဘာအရေးနည်း။
သူသည် အဓိကတပည့်များ ကို သတ်မိသွားသရွေ့ ၎င်းတို့ဘာလုပ်လုပ် တရားမျှတမှု ဘက်မှ ရပ်မိလျက်သားဖြစ်သွားမည်ဖြစ်သည်။
“ငါက မင်းတို့ကို စနောက်နေတာပါ”
အာရန် ၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် ရုတ်တရက် ဂိတ်တံခါးပေါက် အများအပြား ပွင့်သွားခဲ့သည်။
သူ့ဆီသို့ ပြေးလာနေသော တပည့်များသည် အချိန်မီ မရပ်တန့်နိုင်တော့ဘဲ ထိုဟင်းလင်းပြင်ဂိတ်တံခါးပေါက်များ အတွင်းသို့ အဖွဲ့လိုက်ကြီး ဝင်ရောက်သွားမိ ကြတော့သည်။
ထိုဂိတ်တံခါးပေါက်များ ၏ အခြားတစ်ဖက်သည် နန်းတော် အပြင်ဘက်တွင် ရပ်နေသော ဘိုးဘေးအကြီးအကဲများ အပေါ်တွင် ရုတ်တရက် ပွင့်သွားခဲ့၏။
အဓိကတပည့်များ သည် ဂိတ်တံခါးပေါက် ထဲမှ ပြုတ်ကျလာပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေသော ဘိုးဘေးအကြီးအကဲများ အပေါ်သို့ ကျရောက်သွားခဲ့ကာ လူမိုးများရွာသကဲ့သို့ ဖြစ်သွားလေသည်။
“မင်းတို့ တစ်ခုခု မေ့နေတယ်လို့ ငါ ထင်တယ်”
အာရန် သည် တပည့်အားလုံးကို ပျောက်ကွယ်သွားစေရန် နန်းတော် အပြင်ဘက်သို့ ပို့လိုက်သည်။
အကြီးအကဲများ နှင့် မဟာအကြီးအကဲများ ကိုသာ နန်းတော် အတွင်းတွင် ချန်ထားခဲ့သည်။
အာရန်သည် သူ၏ ဝတ်ရုံရှည်ကြီးအား နောက်ကျောတွင် တလူလူလွင့်၍ အကြီးအကဲများ ဆီသို့ ခန့်ညားစွာ ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။
“မင်းတို့က ဘိုးဘေးအကြီးအကဲတွေကို ကြောက်လို့ သူတို့ဘက်က ရပ်တည်နေကြတာ မဟုတ်လား ဒါပေမယ့် မင်းတို့ ကြောက်ရမှာ သူတို့တွေပဲလို့ တကယ်ကြီး ထင်နေတုံးပဲလား...”
အာရန် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ဓားဧကရာဇ်၏ အော်ရာများ ပါဝင်နေလေသည်။
သူသည် နဂါးလျှာအစွမ်းကိုပင် ထပ်မံ အသုံးပြုထားပြီး သူ၏အမြန်နှုန်းသည် သာမန်သာ လမ်းလျှောက်နေခြင်းသည့်တိုင် ရပ်နေသော မဟာအကြီးအကဲများ မမြင်နိုင်လောက်သည်အထိ တိုးလာခဲ့သည်။
မဟာအကြီးအကဲ တစ်ဦးသည် သူ၏ပခုံးပေါ်တွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သေခြာစွာကြည့်လိုက်သောအခါ အာရန် ၏ လက်တစ်ဖက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤမျှ နီးကပ်စွာ ဓားဧကရာဇ်အော်ရာ ကို ခံစားထိတွေ့လိုက်ရသောအခါ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုဖြင့် အေးခဲသွားခဲ့၏။
“မင်းတို့က ငတုံးတွေ မဟုတ်ဘူးလို့တော့ ငါ မျှော်လင့်ပါတယ် မင်းတို့ အသုံးချခံနေရတယ်ဆိုတာ မင်းတို့ သိကြမယ်ထင်တယ် ဒါပေမဲ့ ခုနည်းလမ်းအတိုင်း သွားရင် မင်းတို့ အသက်ရှင်နိုင်မယ်လို့ တကယ်မျှော်လင့်နေခဲ့ကြတာလား.... ဒါပေမဲ့ မင်းတို့က ငါ့ကို ဂိုဏ်းရဲ့ ဘုံရန်သူဖြစ်စေဖို့ ဆက်လက်ကြိုးစားကြည့်ချင်ကြ သေးတယ်ဆိုလည်း မင်းတို့သဘောပါပဲ”
အာရန် က ထိုမဟာအကြီးအကဲ ၏ ပခုံးပေါ်မှ သူ၏ လက်ကို ဖယ်ရှားလိုက်ပြီး နောက်သို့လှည့်လိုက်ကာ ၎င်းအား ကျောပေးထားလိုက်သည်။
“ငါ မင်းတို့ကို တစ်ခုတော့ပြောနိုင်တယ် တကယ်လို့ မင်းတို့ အားလုံး င့ါကိုပေါင်းတိုက်မယ်ဆိုရင် ငါ ဒီ ဂိုဏ်း ကနေ ထွက်သွားရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမယ့် ဒီဂိုဏ်းတစ်ခုလုံးကတော့ ဒီအတိုင်း ဆက်ရှိနေသွားဦးမလား ဆိုတာတော့ ငါလဲ အတတ်မပြောနိုင်ဘူး”
“မင်း ငါ့ကို မယုံရင် စမ်းပြီး တိုက်ခိုက်ကြည့်လိုက်ပါ ငါ ကတိပေးတယ် င့ါရဲ့ ပြသနာတွေကိုဖြေရှင်းလေ့ရှိတဲ့ မိစ္ဆာနည်းလမ်းက ဘယ်လိုလဲဆိုတာ မင်းတို့မြင်စေရမယ်”
မဟာအကြီးအကဲများ သည် အာရန် ဘက်သို့ လှည့်လိုက်ကြပြီး နန်းတော် ၏ ထွက်ပေါက်ဆီသို့ သူတစ်ယောက်တည်း လျှောက်လှမ်းသွားသည်ကို စိုက်ကြည့်နေခဲ့ကြသည်။
အာရန်သည် ၎င်းတို့ဘက်သို့ ယခုကဲ့သို့ ကျောပေးထားချိန်သည် သူ့အား တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်နေသော်လည်း အကြောင်းတစ်ခုခုကြောင့် ၎င်းတို့သည် သူ့အား ထိုသို့ တိုက်ခိုက်ရန် မဝံ့ရဲကြပေ။
သူ၏စကားများတွင် အမှန်တရားအချို့ ပါဝင်နေသည်ကို ၎င်းတို့ မည်သို့မှ မခံစားမိဘဲ နေမည်နည်း။
၎င်းတို့သည် ကျောက်တုံးကြီးတစ်တုံးနှင့် အုတ်နံရံကြီးတစ်ခုကြားတွင် ပိတ်မိနေကြမှန်းသိလိုက်ကြသည်။
တစ်ဖက်တွင် ၎င်းတို့၏ ခွန်အားဖြင့် ခေတ်တစ်ခေတ်ကို သတ်မှတ်ခဲ့ကြသော ဘိုးဘေးအကြီးအကဲများ ရှိနေ၏။
အခြားတစ်ဖက်တွင်လည်း ကိုယ်သတ်ခဲ့သော လူများ၏ အသားများကို ပြန်စားရသည်အား နှစ်သက်သည့် မကောင်းဆိုးဝါးတစ်ဦးဟု နာမည်ကြီးနေသော အကြီးအကဲရန်။
“ငါတော့ ဒီကိစ္စမှာ ဝင်မပါချင်တော့ဘူး”
မဟာအကြီးအကဲ တစ်ဦးသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရင်း ပြောလိုက်သည်။
နတ်ဆိုးများကြား တိုက်ပွဲတွင် ၎င်းတို့ဝင်ပါခြင်းမရှိဘဲ ကြားနေခြင်းသည်သာ ပိုကောင်းလေ၏။
အခြား မဟာအကြီးအကဲများသည်လည်း အလားတူပင် ပြောဆိုခဲ့ကြပြီး အာရန် သည် ၎င်းတို့ ထင်ထားသလောက် ရိုးရှင်းစွာ ကိုင်တွယ်နိုင်မည့်သူ မဟုတ်ကြောင်း သဘောပေါက် သွားခဲ့ကြသည်။
သူသည် ၎င်းတို့၏ ထောင်ချောက်ထဲသို့ မသက်ဆင်းခဲ့ပေ။
မကြာမီ အာရန် သည် သူအတွက် လုံခြုံသော နယ်မြေဖြစ်သည့် နန်းတော် ထဲမှ ထွက်လာနိုင်ခဲ့သည်။
နန်းတော် အတွင်းတွင်မူ အာရန်သည် သူ ထိန်းချုပ်နိုင်သောပုံစံကွက်များကြောင့် အသန်မာဆုံးဖြစ်နေခဲ့၏။
သို့သော် အပြင်ဘက်တွင်မူ ၎င်းပုံစံကွက်များသည် အရေးမပါတော့ပေ။
သို့သော်လည်း သူသည် နန်းဆောင်အပြင်ဘက်သို့ အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှိခဲ့ဘဲ လှမ်းထွက်လိုက်လေသည်။
“မင်းကို နန်းတော် ထဲမှာပဲ ထာဝရပုန်းအောင်းနေလိမ့်မယ်လို့ ငါ ထင်နေခဲ့တာ နောက်ဆုံးတော့ အပြင်ကိုထွက်လာပြီပေ့ါ”
အဝေးမှ ဘိုးဘေးအကြီးအကဲ တစ်ဦးက ကောင်းကင်မှ ပြုတ်ကျလာသော တပည့်တစ်ဦးကို ဘေးသို့ တွန်းထုတ်နေရင်း အော်ပြောလိုက်၏။
“ငါ ဘာလုပ်နိုင်မှာလဲ မင်းတို့က အကြောင်းပြချက်လိုချင်နေကြတယ်လေ ဒါကြောင့် ငါ ကိုယ်တိုင်လာပြီး အကြောင်းပြချက်ပေးမှရတော့မှာပေ့ါ”
အာရန်သည် အတော်လေး စိတ်မရှည်ဖြစ်နေပြီဖြစ်သော်လည်း အသံကိုထိမ်း၍ ပြောလိုက်သည်။
“မင်းတို့အုပ်စုက ခေါင်းဆောင်နှစ်ဦး ဘယ်မှာလဲ”
အာရန်သည် ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာကြည့်လိုက်ရာ ဘိုးဘေးအကြီးအကဲ နှစ်ဦး ပျောက်ဆုံးနေသည်ကို သတိထားမိလိုက်သဖြင့် လှမ်းမေးလိုက်သည်။
၎င်းတို့အနက် တစ်ဦးမှာ နောက်လာမည့် ဂိုဏ်းချုပ် ဖြစ်လာမည့် အမျိုးသမီးဖြစ်ပြီး အခြားတစ်ဦးမှာ မစ်ထ် ကို ဆက်သွယ်ခဲ့သူ ဖြစ်၏။
“သူတို့ လာဖို့ အထိမလိုအပ်ဘူး ဂိုဏ်းချုပ် ကို သစ္စာဖောက်ခဲ့တဲ့ မင်းလို သစ္စာဖောက်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက်က ငါတို့နဲ့တင် လုံလောက်တယ်”
ဘိုးဘေးအကြီးအကဲတစ်ဦး က ထိုသို့ပြောလိုက်ရာ အခြားဘိုးဘေးအကြီးအကဲများ ကလည်း အာရန်၏ နောက်ဘက်၌ အသီးသီး ပေါ်လာကြပြီး သူ့အားနန်းတော် အတွင်းသို့ ပြန်ဝင်မည့် လမ်းကြောင်းကို ဝိုင်း၍ ပိတ်ဆို့ထားလိုက်ကြသည်။
#Catfoot