← Chapters

သေဆုံးတဲ့အချိန်အထိ

Vol. 21 Ch. 295

သေဆုံးတဲ့အချိန်အထိ

Vol. 21 Ch. 295

…..

ဘိုးဘေးအကြီးအကဲတို့သည် ဖန်းယုမှာ အကြောင်းတစ်ခုခုကြောင့် အလွန်အားနည်းနေကြောင်းကို သဘောပေါက်ခဲ့ကြသည်။

သူမတွင် အတိတ်ကကဲ့သို့ ကြောက်မက်ဖွယ်ရာ ခွန်အားများ မရှိတော့ဘဲ သာမန်လူတစ်ဦးနှင့်မခြားနားသော အခြေအနေတစ်ခုတွင် ကျရောက်နေ၏။

အဘယ်ကြောင့် ထိုသို့ဖြစ်သွားသည်ကို သူတို့ မသိရှိကြသော်လည်း သူမလက်၌ ရှိနေသော လက်ထိပ်များကြောင့်ဟု ယူဆမိလိုက်ကြသည်။

ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ဘဝတွင် အကြီးမားဆုံး ပျော်ရွှင်မှုကို ခံစားလိုက်ကြရလေသည်။

အတိတ်က အခြားဘိုးဘေးအကြီးအကဲတို့နှင့်အတူ ပုန်ကန်ခြင်းမပြုခဲ့ဘဲ တွန့်ဆုတ်နေခဲ့ကြသော်လည်း သူတို့သည် အတင်းအကျပ်အကျယ် ချုပ်ဖြင့် ချုပ်နှောင်ခံရခြင်းဖြင့် အပြစ်ပေးခံခဲ့ကြရသည်။

ဤကာလများအတွင်း သူတို့၏ လွတ်လပ်ခွင့်နှင့် အာဏာများကို ရယူသွားသော ဖန်းယုကို ပိုမိုမုန်းတီးလာခဲ့ကြ၏။

သူမကြောင့်ပင် သူတို့၏အမည်များသည် အရှေ့ပိုင်းတိုက်ကြီးမှ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ကြရလေသည်။

ထိုခေတ်ကို မှီခဲ့သော မဟာအကြီးအကဲအချို့မှလွဲ၍ မည်သူမျှ သူတို့ကို မှတ်မိတော့ခြင်း မရှိသည်အထိ သူတို့၏ ဂုဏ်ကျက်သရေများ ညှိုးနွမ်းသွားခဲ့ ကြရသည်။

“မင်း ငါတိုဆီကနေ လွတ်လပ်ခွင့်ကို အချိန်အကြာကြီး လုယူသွားလဲ့တယ် ငါတို့လည်း မင်းဆီကနေ တန်ဖိုးရှိတဲ့တစ်ခုခုကို ပြန်ယူမှပဲ မျှတလိမ့်မယ် မဟုတ်လား” ဟု ဘိုးဘေးအကြီးအကဲတို့က ရယ်မောရင်းပြောလိုက်ကြရာ သူတို့၏ ရည်ရွယ်ချက်များမှာ သိသာထင်ရှားနေ၏။

သူမ အားနည်းနေသည်ကိုသာ သိရှိသွားပါက ဘိုးဘေးအကြီးအကဲယန်သည် ဖန်းယုကို သတ်ရန် ကိုယ်တိုင် ရောက်ရှိလာမည်မှန်း သေချာသိနေသောကြောင့် ဖန်းယုကို တွေ့ရှိကြောင်း ဘိုးဘေးအကြီးအကဲယန်အား ချက်ခြင်း အသိမပေးခဲ့ကြပေ။

ထိုသို့အသိမပေးခင် သူမအပေါ် သူတို့၏ ဒေါသများကို ကိုယ်ထိလက်ရောက် ဖွင့်ထုတ်ပစ်ချင်နေခဲ့ကြသည်။

“ဒီခွေးအိုကြီးတွေ တကယ်ပဲ သတ္တိနဲနဲတော့ပိုရှိလာကြပြီ ထင်တယ်”

ဖန်းယုသည် ထိုသို့ပြောလိုက်သော်လည်း ယခုအချိန်အထိပင်သူမသည် ကြောက်ရွံ့မှုတစ်စုံတစ်ရာ မပြသဘဲ သူမ၏မျက်နှာတွင် ခံစားချက်ပင် မရှိသကဲ့သို့ ဖြစ်နေသည်။

“ငါတို့ သတ္တိရှိခြင်း မရှိခြင်းက အရေးမကြီးပါဘူး ဒါပေမဲ့ မင်းဆီက အခုထိဘာလို့ ကြောက်လန့်တဲ့ အရိပ်အယောင်တောင်

မတွေ့ရသေးတာလဲ အဲ့ဒါက ဟိုအကြီးအကဲက မင်းကို လာကယ်လိမ့်မယ်လို့ ယုံကြည်နေသေးလို့ပဲမလား” ဟု ဆံပင်နက်ရောင် ဘိုးဘေးအကြီးအကဲတစ်ဦးက ဆိုးဝါးသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“မင်းလို ရက်စက်လွန်းတဲ့ အမျိုးသမီးတစ်ယောက်ကို သူက တကယ် ဂရုစိုက်လိမ့်မယ်လို့ မင်း တကယ်မျှော်လင့်နေတာလား သူက မင်းကို စွန့်ပစ်ခဲ့ပြီး သူ့တပည့်ကို ကာကွယ်ဖို့ ရွေးချယ်သွားပြီလေ”

“ဒါမှမဟုတ်ရင်လည်း အခြေအနေမဟန်မှန်းသိတာနဲ့ မင်း အားနည်းနေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာလဲ ဖြစ်နိုင်တာပဲ”

“ဟီး..ဟီး... ဒါပေမဲ့သူ့ကိုလည်း အပြစ်မတင်နိုင်ပါဘူး ငါသာ သူ့နေရာမှာသာဆိုရင်လည်း အတူတူပဲ ရွေးချယ်မိမှာပဲ သူ နောင်တရနေမှာတစ်ခုပဲ ရှိလိမ့်မယ် ဒီလို အတင်းအကျပ် ထွက်သွားရတဲ့ အခြေအနေမျိုး မရောက်ခင် မင်းရဲ့ အရသာ မမြည်းစမ်းလိုက်ရတာပဲ”

“ဟားဟားဟား သူ ဆုံးရှုံးသွားပေမဲ့ ငါတို့အတွက်တော့ အမြတ်ပေါ့”

ဘိုးဘေးအကြီးအကဲတို့သည် ဘာဆက်လုပ်မည်ကို မြိန်ရေယှက်ရေပြောဆိုနေခဲ့ကြပြီး ဖန်းယု နောက်တွင်ဝှက်ထားသော ဓားတစ်ချောင်းကိုမူ မမြင်ခဲ့ကြချေ။

ဖန်းယုသည် အာရန်ကို ယုံကြည်ရန် ဆုံးဖြတ်ခဲ့သော်လည်း ယခုကဲ့သို့ဖြစ်လာနိုင်သည်ကိုလည်း မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

တစ်ခုခုဖြစ်လာလျှင် သူမနှင့်အတူ သေဆုံးခြင်းထက် သူ့အား ဤသို့ ရွေးချယ်သွားရန်သာ သူမ အလိုရှိနေခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် သူမမျက်လုံးများထဲ၌ စိတ်ပျက်အားငယ်မှုအချို့မှာမူ ပေါ်‌ပေါက်နေဆဲဖြစ်၏။

ဆုံးရှုံးခြင်းတောင်၌ ဖေးထံမှ သူ့ကို ကာကွယ်ပေးခဲ့စဉ်က သူ့၏ ကျောပြင်ကို သူမ မှတ်မိနေသေးသည်။

သို့သော် ဘိုးဘေးအကြီးအကဲတို့သည် ဖေးနှင့် အလွန်ကွာခြားလေသည်။ သူတို့သည် များစွာ ပိုမိုသန်မာကြသည်။

‘ဟင်း.. ဒီလိုအချိန်မျိုးမှာတောင် ငါက သူ့အကြောင်း ပဲတွေးနေမိခဲ့တာပဲ...’

ဟု ဖန်းယူသည် သက်ပြင်းချရင်း တွေးလိုက်မိသည်။

သူမသည် မည်သူမျှ လာတော့မည်မဟုတ်ကြောင်း သိနေသော်လည်း မသိစိတ်၏ လှုံ့ဆော်မှုအရ သူမသည် တံခါးဝဆီသို့ မသိမသာ လှမ်းမျှော်မိနေမိသေး၏။

‘ဖေဖေရေ ဤဘဝတော့ သမီး ဖေဖေ့အတွက် လက်စားမချေနိုင်တော့ဘူး ထင်တယ် ဒါပေမဲ့ နောက်ဘဝရှိခဲ့ရင်ပေါ့ အဲ့ကျရင် သမီး...’

ဖန်းယုသည် ပလ္လင်ဘေးရှိဓားကို ဆွဲထုတ်လိုက်ကာ သူမ၏ ရင်ဘတ်ဆီသို့ ပစ်မှတ်ထား၍ ချိန်ရွယ်လိုက်လေသည်။

ဘိုးဘေးအကြီးအကဲများ တုံ့ပြန်နိုင်ခြင်းမရှိမှီမှာပင် သူမသည် ဓားကို သူမရင်ဘတ်အတွင်းသို့ ထိုးသွင်းလိုက်၏။

ထိုဓားသည် သူမနှလုံးသားဆီသို့ ထိုးဖောက်မသွားနိုင်ခင် အချိန်တိုလေးခဏ အတွင်းမှာပင် သူမဘဝတစ်ခုလုံးဖြတ်သန်းခဲ့ရသည်များကို သူမမျက်စိထဲတွင် ပုံရိပ်ယောင်များအဖြစ် ပြန်လည်မြင်ယောင်လာခဲ့သည်။

သူမသည် အရှင်သခင်တစ်ဦးဖြစ်သည်။ သူမ သေဆုံးရမည် ဆိုလျှင်ပင် သူမကိုယ်ပိုင် ဆန္ဒအတိုင်းသာ သေဆုံးမည်ဖြစ်သည်။

ဤဘဝတွင်ရော နောင်ဘဝတွင်ပါ ဤအခွင့်အရေးကို မည်သူ့ကိုမျှ ပေးအပ်မည် မဟုတ်ပေ။

“ဟီး..ဟီး... ဟိတ်ခွေးမ‌‌ မင်း ငါတို့ကို လုပ်ခဲ့တဲ့အရာတွေအတွက် ဒီအတိုင်းလွယ်လွယ် သေလို့ရမယ် ထင်နေတာလား”

ဓားက သူမ၏ ရင်ဘတ်အား ထိုးစိုက်တော့မည့်အချိန်တွင် ဘိုးဘေးအကြီးအကဲတစ်ဦး သူမရှေ့တွင် ပြုန်းကနဲ ပေါ်လာပြီး ဓားကို ဆွဲလုလိုက်၏။

“ဒီနေ့ ဘယ်သူမှ ငါတို့ကို တားနိုင်မှာ မဟုတ်ဘူး နတ်ဘုရားတွေ ဒီကမ္ဘာပေါ် ကိုယ်တိုင်ဆင်းလာကြရင်တောင် မင်းရဲ့ ကံကြမ္မာကို သူတို့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

သူက ဖန်းယု၏ လက်ကောက်ဝတ်ကို လိမ်လိုက်ကာ သူမလက်ထဲမှ ဓားတိုလေးကို လုယူကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုဘိုးဘေးအကြီးအကဲသည် သူ၏ လက်ကို မြှောက်လိုက်ကာ ဤသို့ပြုမူသည့်အတွက် သူမကို ရိုက်နှက်ရန် ပြင်ဆင်လိုက်၏။

“ခုချိန်ကစပြီး မင်းဟာ သေဆုံးတဲ့အထိ ငါတို့ရဲ့ပိုင်ဆိုင်မှုပဲ”

ထိုသို့ပြောလိုက်ပြီးနောက် ထိုဘိုးဘေး၏ လက်ဝါးချက်သည် သူမမျက်နှာဆီ သို့ လွှဲလိုက်လေသည်။

ဖန်းယုသည် မျက်လုံးများကိုပင် မပိတ်ခဲ့ချေ။ ဓားကို သူမထံမှ လုယူသွားနိုင် သော်လည်း သူမ၏အသက်ကို သူမဖာ့သာ အဆုံးသတ်ရန် သူမ၌ အခြားနည်းလမ်းများ စွာ ရှိနေသေး၏။

သို့သော် ဖန်းယု ဘာမှမကြိုးစားရမှီမှာပင် ဘိုးဘေးအကြီးအကဲ၏ လက်ဖဝါးသည် လေထဲတွင် ရပ်တန့်သွားသည်ကို သူမ သတိထားမိလိုက်သည်။

ထိုအချိန်တွင် ခန်းမထဲ၌ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ချည်မျှင်တစ်မျှင်ကဲ့သို့ ပါးလွှာသော အစိမ်းရောင်မျဥ်းလေးတစ်ကြောင်းသည် ဘိုးဘေးအကြီးအကဲ၏ လည်ပင်းပတ်လည်တွင် ပေါ်လာခဲ့ပြီး ထိုနေရာဆီမှ ပြင်းထန်သော အဆိပ်နံ့တစ်ခုကို ရလိုက်၏။

ဘိုးဘေးအကြီးအကဲသည် ထိုနေရာ၌ပင် အေးခဲသွားပြီး သူ၏လည်ပင်းပတ်လည်မှ အစိမ်းရောင်မျဉ်းသည် အနီရောင်သို့ ပြောင်းလဲသွားကာ သွေးများနှင့် ပေါင်းစပ်သွားပြီး သူ၏ခေါင်းသည် ဘေးဘက်သို့ စတင်လျှောကျသွားတော့သည်။

သူ၏လက်ဝါးကို လူတစ်ယောက်မှ ဖမ်းဆုတ်ထားခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ် ကျန်အစိတ်အပိုင်းများကို နောက်သိုဆွဲလွှဲလိုက်ကာ အခြားဘိုးဘေးအကြီးအကဲတို့ထံ သို့ ပစ်တွန်းလိုက်၏။

ထို့နောက် ထိုဘိုးဘေးအကြီးအကဲ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာကာ ထိုနေရာတွင် ကျန်ရစ်ခဲ့သောအရာမှာ ထိုဦးခေါင်းတစ်ခုသာ ဖြစ်လေသည်။

သို့သော် ထိုဦးခေါင်းမှ မြေပြင်ပေါ်သို့မရောက်မှီ ခြေထောက်တစ်ဖက်ဖြင့် ကာဆီးထားလိုက်ကာ ဘောလုံးကို ပုတ်သကဲ့သို့ ပြုမူလိုက်သည်။

ဖန်းယုသည် သူမရှေ့တွင် ရပ်နေသောသူကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိ၏။

တစ်ဖန်ပြန်၍ ယခုလည်း သူသည် သူမ၏ အားအနည်းဆုံးအချိန်တွင် ထပ်မံပေါ်လာခဲ့ပြန်သည်။

“ရှင်... ရှင် ဘာလို့ ပြန်လာတာလဲ” ဟု ဖန်းယုမှ မေးလိုက်ရာ သူမ၏ အသံသည် တော်တော်လေး ပုံစံပျက်ယွင်းနေပြီး စိတ်မလှုပ်ရှားအောင် များစွာအားတင်းထားရသည့် လေသံပေါက်နေသည်။

သူမရှေ့တွင်ပေါ်လာသောသူသည် အာရန်မှတစ်ပါး အခြားမဟုတ်ချေ။

အာရန်သည် သူ၏ လက်ဖြင်ြ သူမ၏ ပါးပြင်လေးများကို ညင်သာစွာ ထိတွေ့လိုက်၏။

“ကိုယ် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”

သူ့၏ လက်ချောင်းလေးများဖြင့် ဖန်းယုအား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

အာရန်၏ ရှေ့ရှိ ဖန်းယုသည် အရှင်သခင်တစ်ဦးနှင့်တူမနေပဲ သာမန်ကြောက်လန့်နေသော ကလေးငယ်တစ်ဦးနှင့်သာ ပို၍တူညီနေလေ၏။

လူတစ်ဦးသည် ဆိုးရွားသောအခြေအနေ၌ သန်မာနေနိုင်သော်လည်း ကာကွယ်ခံရပြီးနောက် သနားကြင်နာမှုတစ်ခုကို ရရှိလိုက်သည့်အခါ စိတ်ခံစားမှုတို့၏ ထိုတင်းထားသည့်စိတ်ကို ချိုးဖျက်ရန်မှာ လွယ်ကူသွားလေ့ရှိသည်။

အချိန်အတော်ကြာပြီးနောက် ဖန်းယု၏ မျက်လုံးလေးများတွင် အနည်းငယ်စိုစွတ်လာခဲ့ပြီး သူမ ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဘူးသည့် မိန်းကလေးတစ်ဦး၏ ပင်ကိုယ်သဘာဝအားဖြင့် ယောက်ျားတစ်ယောက်အား အားကိုးချင်သည့် စိတ်အခံလေးတစ်ခုကို သတိထားလိုက်မိသည်။

သို့သော် သူမ၏ ထိုအပြုအမူကို မည်သူမျှ မမြင်စေလိုသောကြောင့် သူမ၏ ခေါင်းကို ဘေးဘက်လှည့်လိုက်ကာ အာရန်၏ လက်များကို ပုတ်ထုတ်ပစ်လိုက်၏။

#Catfoot

All Chapters