← Chapters

အမဲလိုက်ကွင်း

Vol. 21 Ch. 299

အမဲလိုက်ကွင်း

Vol. 21 Ch. 299

….

“ဘယ်လိုဖြစ်လို့ သူရဲကောင်းအကယ်ဒမီ က လူတွေ ဒီလောက်များများ ငါတို့မြို့ထဲ မှာ ရောက်နေတာလဲ”

“တစ်ခုခု ကြီးကြီးမားမား ဖြစ်နေတာလား”

“ငတုံးကောင် မင်း ကောလဟာလတွေ မကြားမိဘူးလား သူရဲကောင်းအကယ်ဒမီ က အဆင့်မြင့် သူရဲကောင်း တစ်ယောက် ဒီမှာ အသတ်ခံရတယ်တဲ့ သူတို့ အဲ့ဒီကိစ္စစုံစမ်းဖို့ ရောက်လာတာ ဖြစ်လိမ့်မယ်”

“သာမန်လူတစ်ယောက် သေဆုံးတာကို စုံစမ်းဖို့ လူဒီလောက်အများကြီး လိုအပ်လို့လား”

“သေဆုံးသွားတဲ့သူက သာမန် သူရဲကောင်း မဟုတ်ဘူးလေ သူက အကယ်ဒမီ က S အဆင့် ပါမောက္ခ တစ်ယောက်ပဲ ဒ့ါကြောင့် လူအများကြီး ပို့တာ မဆန်းပါဘူး”

လူစည်ကားသော ဘားတစ်ခုတွင် အရက်မူးနေသော အမျိုးသားများစွာသည် မြို့၌ မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အရာများ၊ အထူးသဖြင့် သူရဲကောင်းအကယ်ဒမီ ၏ အမှတ်တံဆိပ်ကို ဝတ်ဆင်ထားသော ပြင်ပလူစိမ်းများစွာ ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ ပြောဆိုနေကြခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြို့၏ အလယ်ဗဟိုဘက်ရှိ အိမ်တစ်အိမ်ကို လူတစ်စုက ဝိုင်းရံထားလေသည်။

နိုင်ငံတော်အဆင့် သူရဲကောင်းများ ကို အပြင်ဘက်တွင် နေရာချထား၏။

ထိုအတောအတွင်း သူရဲကောင်းအကယ်ဒမီမှ အဖွဲ့သည် ဤနိုင်ငံ၏ ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ထိုနေရာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ဒါ သေချာပေါက် အဲ့ဒီလူ လက်ချက်ပဲ”

သူရဲကောင်းအကယ်ဒမီ ၏ အမှတ်တံဆိပ်တပ်တစ်ခုကို ဝတ်ဆင်ထားသော လူတစ်ဦးက ခန်းမအလယ်ရှိ အလောင်းကို အကဲခပ်ရင်း ပြောလိုက်သည်။

“နတ်ဆိုးဝါးမြိုသူ.... သူ ဒီမှာ ရှိနေခဲ့တယ်”

“ဘယ်လောက် စိတ်အနှောင့်အယှက် ပေးတဲ့လူလဲ သူက အရေးပါတဲ့ စွမ်းရည်ရှိတဲ့ လူတွေကိုမှ ပစ်မှတ်ထားနေတာ”

“ကျောင်းအုပ်ကို အကြောင်းကြားလိုက်ရမလား”

“သူမကို ခုချိန် အကြောင်းကြားလို့ အဆင်မပြေသေးဘူး အဲ့ဒီလူ ဒီမြို့ထဲမှာ ရှိသေးလား မရှိတော့ဘူးလားဆိုတာတောင် ငါတို့ သေချာမသိနိုင်ဘူးလေ ဒီ့အပြင် သူမက ဒီတိုက်ကြီးကနေ ထွက်ခွာသွားတာတောင် ကြာနေပြီ”

“သူမ တိုက်ကြီးကနေ ထွက်သွားတာက ဒီ ဝါးမြိုသူဆိုတဲ့သူကို ရှာနေတာ ပဲ မဟုတ်ဘူးလား ဒါနဲ့ ဘာလို့ ရုတ်တရက် ထွက်သွားရတာလဲ”

“မသိဘူးလေ သူမဘာလုပ်နေလဲ သူမတစ်ယောက်တည်းပဲ သိနိုင်လိမ့်မယ် ဒါပေမယ့် ဒါက အဲ့ဒီ နတ်ဆိုးဝါးမြိုသူ နဲ့ တစ်ခုခု ပတ်သက်နေတာတော့ သေချာတယ်”

နိုင်ငံဝန်ကြီးချုပ် က သူတို့၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။

သို့တိုင် ဝါးမြိုသူ ဟူသော အမည်ကို ကြားရသောအခါ သူ အနည်းငယ် အံ့အားသင့်ခဲ့ရ၏။

“အလောင်းကို ဂရုစိုက်လိုက်ဦး ပြီးရင် မြို့တစ်ခုလုံးကို ပိုက်စိတ်တိုက် ရှာဖွေပါ”

S အဆင့် သူရဲကောင်း က လှည့်၍ပြောလိုက်သည်။

ထို့နောက် ထွက်ခွာခါနီးတွင် သူ၏လက်ကို ဝန်ကြီးချုပ်၏ ပခုံးပေါ်သို့ တင်လိုက်သည်။

ထိုသို့ ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် ထိုဝန်ကြီးချုပ်၏မျက်လုံးများသည် ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခုဖြင့် တောက်ပလာခဲ့၏။

ထို့နောက် သူ၏မျက်နှာအမူအရာသည် အေးခဲသွားသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏မျက်လုံးများသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသော်လည်း သူသည် စိတ်ရှုပ်ထွေးနေပုံရသည်။

သူ၏ရှေ့တွင် အလောင်းတစ်လောင်းကို မီးရှို့နေသည်ကိုသာ သူ မြင်တွေ့ရပြီး သူရဲကောင်းအကယ်ဒမီမှ အဖွဲ့ဝင်များသည် ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။

“ဟမ်... ငါတို့ ဘယ်တုန်းက အိမ်ထဲကို ဝင်လာမိတာလဲ ဘာလို့ ငါ ဘာတစ်ခုမှ မမှတ်မိရတာလဲ”

အတွေးများဖြင့် ရှုပ်ထွေးနေရင်း ဝန်ကြီးချုပ်သည် သူရဲကောင်းအကယ်ဒမီ အဖွဲ့ဝင်များနှင့်အတူ အပြင်သို့ ကြောင်တောင်တောင်ဖြင့် လိုက်ပါလာခဲ့မိသည်။

ဤအိမ်ထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူ သည် မေ့လျော့သွားခဲ့ပြီးဖြစ်၏။

ဝါးမြိုသူ ဟူသော အမည်ကို သူ ကြားခဲ့ရသည်ဆိုသည့် အချက်ကိုပင် သူ မေ့သွားခဲ့လေပြီ။

.....

မြို့တစ်ခုလုံးသည် ဖျက်ဆီး၍မရသော အမိုးခုံးသဏ္ဍာန်အကာအကွယ်အလွှာတစ်ခုဖြင့် ဝိုင်းရံထားလေသည်။

မည်သူမဆို ထိုအမိုးခုံးသဏ္ဍာန်အတွင်းထဲသို့ ဝင်ရောက်သွားနိုင်သော်လည်း ဝင်သွားပြီးသောသူများသည် ထိနေရာမှ ပြန်လည် ထွက်ခွာ၍ရတော့မည်မဟုတ်ပေ။

“အဲ့ဒီလူမှာ အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်လည်း ရှိပုံရတယ် အဲ့ဒီတော့ မြို့တစ်ခုလုံးကို ပိုက်စိတ်တိုက် ရှာရင်တောင် သူ့ကို ရှာတွေ့နိုင်ပါ့မလား”

“မင်း သူ့ကို ရှာတွေ့စရာ မလိုဘူး သူ မြို့ထဲမှာ ရှိနေတာကို အတည်ပြုနိုင်ရင်ရပီ” ဟု ဆံပင်ငွေရောင်နှင့် လူက အဖွဲ့သားများအားလုံး ကြားအောင် ခပ်ကျယ်ကျယ်လေးပြောလိုက်သည်။

“အဲ့ဒီလူရှိနိုင်တယ်ဆိုတဲ့ အရိပ်အခြေတစ်ချို့သိရရင်ရပီ အလွန်အကျွံ ကြိုးစားစရာ မလိုဘူး အဲ့ဒီအချိန်ကျရင် ဒီမြို့တစ်ခုလုံးကို ငါတို့ မီးလောင်တိုက်သွင်းလိုက်ရုံပဲ နောင်တရမှာထက် ဘေးကင်းတာက ပိုကောင်းတယ်”

ထိုသို့ကျယ်လောင်စွာ ပြောဆိုလိုက်သူသည် အဖွဲ့ခေါင်းဆောင် လီရွန် ဖြစ်ပြီး ဤနေရာသို့ စေလွှတ်ခံရသည့် ပါမောက္ခများ အားလုံးထဲတွင် ရာထူးအကြီးဆုံး ပါမောက္ခ လည်း ဖြစ်သည်။

သူ၏စွမ်းရည်မှာ စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်မှုဖြစ်ပြီး နောက်ဆက်တွဲ ဆိုင်ရာ ပြဿနာအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။

သူသည် မြို့တစ်ခုလုံးရှိ မှတ်ဉာဏ်များကို အချိန်ကာလတစ်ခုအတွင်း ဖျောက်ဖျက်ပစ်နိုင်ရုံသာမက အခြားအရာများစွာကိုလည်း လုပ်ဆောင်နိုင်သေး၏။

ပုံမှန်အားဖြင့် သူ့ကို အကယ်ဒမီ မှ ပြင်ပသို့ စေလွှတ်လေ့မရှိတတ်ပေ။

သို့သော် ဤတစ်ကြိမ်တွင် ဤကဲ့သို့သော ရှုပ်ထွေးမှုများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် သူ့အား စေလွှတ်လိုက်ခြင်း ဖြစ်၏။

ကျောင်းအုပ် မစ်ထ် မရှိသည့်အချိန်တွင် အမိန့်များကို အခြားတစ်ဦးမှ ပေးနေခဲ့ခြင်းဖြစ်ပြီး ထိုပုဂ္ဂိုလ်သည် အသုံးပြုသည့် နည်းလမ်းများကို ဂရုမစိုက်ပေ။

ဤရှုပ်ထွေးမှုကို သူ ဖြေရှင်းနိုင်ခဲ့သရွေ့ ဒုတိယကျောင်းအုပ် ဖြစ်လာရန်ပင် အခွင့်အရေးများ ရရှိလာနိုင်လေသည်။

“ဟင်”

လီရွန်သည် ထိုသို့ အမိန့်ပေးပြီးသည်နှင့် သူ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

တစ်စုံတစ်ဦးက သူ့အား တစ်နေရာမှ စောင့်ကြည့်နေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်၏။

သူ၏စွမ်းရည်များကြောင့် သူသည် ထိုကဲ့သို့သော အရာများကို ပိုမိုအာရုံ ခံစားလွယ်သူဖြစ်သည်။

သာမန်လူတစ်ဦးက သူ့ကို စောင့်ကြည့်နေခြင်းဖြစ်ပါက သူ သတိပြုမိမည်မဟုတ်ပေ။

ဆိုလိုသည်မှာ အရေးပါသော တစ်စုံတစ်ဦးက သူ့အား လျှို့ဝှက်စွာ စောင့်ကြည့်နေခြင်းမျိုးပင် ဖြစ်လေသည်။

“ဒီကောင်တော့ မြို့ထဲမှာပဲ ရှိနေသေးပုံရတယ်” ဟု လီရွန်သည် တွေးလိုက်မိရာ သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားခဲ့သည်။

“ဒီတစ်ကြိမ် သူက ငါ့ကို အမဲလိုက်ဖို့ ကြိုးစားနေတာလား”

သို့သော် ကြောက်ရွံ့မှုအစား သူသည် ဝမ်းပင်သာနေခဲ့သေးသည်။

သူသည် ထိုအရာကို အပေါ်ယံတွင် ထုတ်ဖော်မပြရုံမျှသာ ဖြစ်၏။

သူ ဤနေရာသို့ လာရောက်ခြင်းသည် ဤကိစ္စကို ဖြေရှင်းရန်သာမက ဝါးမြိုသူ ကို ဖမ်းဆီးရန်လည်း ဖြစ်သည်။

သူသည် စုံစမ်းစစ်ဆေးရန်‌ရောက်လာသူသက်သက်သာမကပဲ နတ်ဆိုးဝါးမြိုသူ ကို ထွက်ပေါ်လာစေရန် မျှားခေါ်သည့် ငါးစာဟုလည်းပြော၍ရလေသည်။

သူ၏စွမ်းရည်များကို ဝါးမြိုသူ က လျစ်လျူရှုနိုင်မည် မဟုတ်ကြောင်း သူ သေချာသိနေခဲ့၏။

တစ်ခုတည်းသော ပြဿနာမှာ ထိုသူ၏နေရာ အတိအကျနေရာကို သူမသိရှိနိုင်ခြင်းပင် ဖြစ်သည်။

“သူ ဒီမှာ ရှိနေတာသာမှန်ရင်တော့ ကိစ္စတွေက ပိုပြီး လွယ်ကူသွားပြီ”

လီရွန်သည် သလင်းကျောက် ဆယ်ခုကို ထုတ်ယူကာ သူ၏လူများအား တစ်ခုစီ ပေးလိုက်သည်။

“ဒီသလင်းကျောက်တွေကို မြို့ရဲ့ အပြင်ဘက်မှာ အမှတ်စဥ် ဆယ်ခု အထိ ခြားပြီး စိုက်ထားလိုက်ကြ သူ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းမှန်သမျှ အကုန် ပိတ်ဆို့ထားနိုင်ပါစေ”

သူရဲကောင်း ဆယ်ဦးသည် ချက်ချင်းလူစုခွဲလိုက်ကြကာ ကျန်ရှိသူများမှာမူ လီရွန်၏နောက်သို့ လိုက်သွားကြ၏။

တစ်ချိန်တည်းမှာပင် ခေါင်မိုးတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးသည် သေတ္တာငယ်လေးတစ်ခုနှင့် ကစားနေခဲ့သည်။

ထိုသေတ္တာသည် ဝါးမြိုသူ ကို ယခင်က မြင်ဖူးသူတိုင်း သိကြမည့် အရာတစ်ခုလည်းဖြစ်သည်။ ၎င်းသည် မစ်ထ် ထံမှ သူ ယူဆောင်ခဲ့သော သေတ္တာလေးပင် ဖြစ်၏။

ထိုသေတ္တာလေးဆီမှ စည်းတံဆိပ်တစ်ခုကို ဖယ်ရှားပြီးဖြစ်ရာ ထိုနေရာတွင် စည်းတံဆိပ်သုံးခုသာ ကျန်ရှိတော့သည်။

ထိုတံဆိပ်သုံးခုထဲတွင် ဖန်းယု ၏ တံဆိပ်သည် ဖယ်ရှားရန်မှာ အလွယ်ကူဆုံးဖြစ်သည်။

သူမက သူ့ကို ယုံကြည်သောကြောင့် သူလိုချင်သည့်မည်သည့်အချိန်တွင်မဆို ထိုအရာကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

သန့်စင်ပရောဟိတ်မ နှင့် နစ်ခရိုမန်ဆာမျှော်စင်သခင် တို့၏ စည်းတံဆိပ်များသည်သာ သူ့အတွက် ခက်ခဲနေသေးခြင်းဖြစ်သည်။

သို့တိုင် သူသည် ထိုအရာများကို ယခု ဂရုမစိုက်အားသေးပေ။

ယခုမူ သူသည် စွမ်းရည်များ ရယူခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကိုသာ အာရုံစိုက်ထားလိုနေ၏။

ဤနေရာသည် သူ၏ အမဲလိုက်ရာစာကျက်မြေတစ်ခုလည်း ဖြစ်သကဲ့သို့ သူ့အတွက်

ရတနာသိုက် တစ်ခုဆိုလည်းမမှားပေ။

အာရန်သည် ခွဲခြားသတ်မှတ်ခြင်းအစွမ်း ကို မတော်တဆ အသုံးပြုမိလိုက်သောအခါ သူ့အား ထိုမျှအံ့အားသင့်စေနိုင်သည့် အစွမ်းကိုပိုင်ဆိုင်ထားသော တစ်စုံတစ်ဦး ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု သူတကယ် မမျှော်လင့်ခဲ့ပေ။

“ဒီအရာနဲ့ဆိုရင် ဒီပဟေဠိကို အဖြေရှာဖို့အတွက် ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေ အားလုံး ဒီမှာစုံသွားသင့်ပြီ” ဟု အာရန်သည် ထိုသေတ္တာငယ်လေးကို ကစားစရာတစ်ခုကဲ့သို့ ဟိုလှည့်ဒီလှည့်ဆော့စကားနေရင်း ပြောလိုက်သည်။

#Catfoot

All Chapters