← Chapters

ငါ့သား ... မင်းကို မြေအောက်ကမ္ဘာဆီ ပို့ခွင့်ပြုပါ။

Vol. 24 Ch. 277

ငါ့သား ... မင်းကို မြေအောက်ကမ္ဘာဆီ ပို့ခွင့်ပြုပါ။

Vol. 24 Ch. 277

စုဟုန်လီထံမှ ဒေါသတကြီး အော်ငေါက်သံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေခဲ့၏။

ထိုကဲ့သို့ တည်ငြိမ်မှု ပျက်ပြားသွားသည့် အသွင်အပြင်ကြောင့် လူတိုင်း သက်ပြင်းချလိုက် မိချေပြီ။

ယခင်က စုဟုန်လီသည် အလွန်တန်ခိုးကြီး၏။ ၎င်း၏ ဝှက်ဖဲများနှင့် ကျင့်ကြံမှုသည် စိတ်ကူး မယဉ်နိုင်အောင် အစွမ်းထက်သည်။

ယခုမူကား ထိုမကြုံစဖူးနှင့် ပြင်းထန်သောဓားကို ဖယ်ထုတ်လိုက်သော အခါတွင် ထိန်းချုပ်မှု လုံးလုံးလျားလျား ဆုံးရှုံးသွားသည်။

အဆုံးတွင် စုဟုန်လီတစ်ယောက် လူရိုင်းတစ်ယောက် ကဲ့သို့ စုရီထံ ပြေးဝင်သွား တော့၏။

သူ့မျက်လုံးများက အေးစက်သော အလင်းရောင်နှင့် တောက်ပနေကာ သွေးဓားထံ လက်လှမ်းသည်။

“ ဝှစ် ... ။ ”

စုရီက အမှောင်နတ်ဓားဖြင့် လေထဲခုတ်ချ လိုက်သည်။ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်းသည် ရှေးဟောင်း မြင့်မြတ်သော တောင်ကြီးကဲ့သို့ ထွက်ပေါ်လာ၏။

လီဟုန်လီခမျာ အလွန်လေးလံသော ဖိအားကြောင့် လှုပ်ရှားမှုများ နှေးကွေးရပ်တန့် သွားလေသည်။

“ ဖြန်း ... ။ ”

ထိုအချိန်ကို အခွင့်‌ကောင်းယူကာ စုရီမှပါးရိုက်လာ၏။ ခန္ဓာကိုယ် တုန်ယင်လျက် လေဟာနယ်အတွင်း ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

မျက်နှာတစ်ပြင်တစ်ခုလုံး ချက်ချင်း ရောင်ရမ်းလာပြီး ပါးရိုးအပိုင်းပိုင်းကွဲကြေလျက် သွေးများစီးကျလာ၏။

“ မင်း ... ။ ”

“ ဖြန်း ... ။ ”

ဒေါသတကြီးနှင့် တစ်ခုခုပြောတော့မည် ပြင်နေစဉ် နောက်တစ်ချက် အရိုက်ခံလိုက်ရ ပြန်သည်။

ရိုက်ချက်သည် ပြင်းထန်လွန်းသဖြင့် မူးဝေသွားပြီး အမြင်အာရုံထဲ ကြယ်နှင့်လများ ထွက်ပေါ်လာ၏။ ရပ်ကြည့်နေသူများအတွက် သည်းမခံနိုင်သော မြင်ကွင်းမျိုးပေပင်။

“ မင်းလိုလူက ... ငါ့ကိုသွေးဆိုးလို့ ခေါ်နေတာလား ... ဟမ့် မင်းကရော ငါ့အဖေ ဖြစ်ထိုက်တယ်များ ထင်နေသလား။ ”

စုရီ၏ မျက်လုံးများ အေးစက်နေပြီး လေသံတွင် အထင်သေးမှုများ ပါရှိနေခဲ့သည်။ ဤလူနှင့် သူသည် မည်သို့များ သွေးသား တော်စပ်နေသနည်း။

“ ဖေဖေ ... ။ ”

စုပိုင်နင်က ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်သည်။ သူ့ဖခင်စုဟုန်လီဟူသည် သူ့အမြင်၌ မည်သူမျှ မကျော်ဖြတ်နိုင်သော တောင်ကြီးတစ်လုံးဖြစ်သည်။

လူရှေ့သူရှေ့တွင် ထိုတောင်ကြီးကို စုရီတစ်ယောက် အားရပါးရ ပါးရိုက်နေခဲ့သည်။ ထိုမြင်ကွင်းက ယွီချင်းဇီကိုပင် တစ်ကိုယ်လုံး တုန်ခါသွားစေ၏။

စုမိသားစုဝင်တိုင်း အံ့အားသင့်သွားပြီး လက်ဖျားခြေဖျားများ အေးခဲကာ ထိုကဲ့သို့သော ရလာဒ်အပေါ် လက်မခံလိုကြချေ။

“ တိုက်ပွဲ ရလာဒ်က ခန့်မှန်းလို့ မရပါဘူး ... ။ ”

ကျင်းဟဲက သက်ပြင်းချလိုက်ပြီး သတိထားကြည့်နေဆဲ ဖြစ်သည်။ သူ့ဝန်းကျင်ရှိ မြေကြီးအဆင့် အင်မော်တယ်များ အားလုံး တည်ငြိမ်မှု မရှိတော့ချေ။

စုဟုန်လီ၏ ခွန်အားများသည် သူတို့ကို ထိတ်လန့်စေခဲ့၏။ ထပ်မံပြီး စုရီပြသလာသည့် နည်းလမ်းများသည် ထိတ်လန့်သည်ထက် ပိုစေသည်။

စုဟုန်လီကို ရင်ဆိုင်ရာတွင် ၎င်းသည် လုံးဝအသာစီးရနေခဲ့သည်။ ယခုချိန်ထိ ဒဏ်ရာ တစ်ချက် မရရှိသေးချေ။ အံ့ဖွယ်ပေပင်။

ငှက်မွှေးဘုရင်၊ တောင်တန်းဘုရင်နှင့် ပင်လယ်ဘုရင်မှာ သက်ပြင်းချနိုင်ခဲ့သော်လည်း စိုးရိမ်နေဆဲဖြစ်သည်။ ရလာဒ်သည် မသေချာသေးချေ။

မုရှီက အံကြိတ်လိုက်လေသည်။ စုဟုန်လီပါးရိုက်ခံရသည့် မြင်ကွင်းကြောင့် တာအိုဝတ်လုံဖြင့် အဘိုးအို သေဆုံးရခြင်းသည် လွယ်ကူလွန်းနေသည်ဟု မြင်မိလာ၏။

အဝေးမှ ကြည့်ရှုသူများသည် ထိတ်လန့်တုန်လှုပ်ခြင်းမှ မသက်သာသေးချေ။ ထို့ကြောင့် လေထုသည် ငြိမ်သက်သွား၏။

ဤအခိုက်တွင် စုဟုန်လီသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလျက် ဆံပင်များ ​ဖွာလန်ကျဲနေခဲ့သည်။

“ လူယုတ်မာ ... မင်းအနိုင်ရပြီ ထင်နေလား။ ”

“ ဖြန်း ... ။ ”

စုဟုန်လီ၏ ပါးရိုးသည် အလွန် ပျက်စီးသွားသဖြင့် စကားကို ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ချေ။ စုရီက ယဉ်ကျေးခြင်း မရှိဘဲ နောက်တစ်ကြိမ် ပါးရိုက်လိုက်ပြီး၊

“ မင်းရဲ့ ဝှက်ဖဲအစစ်က ဒီဓား မဟုတ်ဘူးဆိုတာ ငါသိပါတယ် ... မဟုတ်ရင် ငါမင်းကို ဘာလို့ ခုချိန်ထိ စောင့်နေရဦးမှာလဲ။ ”

-ဟု တုန့်ပြန် ပြောကြားလိုက်သည်။

သူ့အမေသည် အလွန်ထူးဆန်းပြီး အန္တရာယ်များလွန်းသော မှော်ရတနာတစ်ခုကို သယ်ဆောင်ထားကြောင်း ပင်လယ်ဘုရင်မှ ပြောခဲ့ဖူးသည်။

ထိုမှော်ရတနာကြောင့် စုဟုန်လီ၏ စိတ်နေသဘောထား ပြောင်းလဲသွားခြင်းဟု ထင်ကြေးရှိ၏။

သွေးဓားနှင့်ပတ်သက်၍မူ ၎င်းသည် အမှောင်နတ်ဆိုးတောင်တန်းရှိ ဓားသင်္ချိုင်းတွင် တံဆိပ်ခတ်ထားသော ရတနာမျှသာ ပေပင်။

“ ဟား ဟား ဟား ... ။ ”

စုဟုန်လီက ရုတ်တရက် ရယ်မောသည်။ တစ်ချိန်တည်းမှာပင် အလွန်အန္တရာယ်များသော ရောင်ဝါတစ်ခု ပွင့်ထွက်လာ၏။

ရလာဒ်ထွက်ပေါ် လာသည်ဟု ထင်နေကြသော လူအများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်ကုန်သည်။

စုဟုန်လီတွင် ဝှက်ဖဲများ ရှိသေးပုံရ၏။ စုမိသားစုဝင်များသည် မျှော်လင့်ချက်များဖြင့် မျက်ဝန်းများ လင်းလက်လာတော့သည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး အနက်ရောင် အခိုးအငွေ့များက တိမ်မြူများသဖွယ် နေကိုကွယ်သွားသည်။

ရောင်ဝါသည် အေးစက်လွန်းပြီး အသက်ရှူကြပ်စေ၏။ မျက်ဝန်းများနီမြန်းလျက် ရှည်လျားသော ဆံပင်များပင် သွေးနီရောင် ပြောင်းသွားသည်။

အမှောင်ကမ္ဘာမှ မွေးဖွားလာသော မကောင်းဆိုးရွား မိစ္ဆာတစ်ကောင်လိုပေပင်။ ဤမြင်ကွင်းသည် ထိတ်လန့်စရာဖြစ်၏။

“ ဒါ ... ။ ”

စုဟုန်လီသည် တာအိုဝတ်လုံအဖိုးအို၏ အသက်စွမ်းအင်စုပ်ယူပြီး သွေးဓားရောင်ဝါနှင့် ပေါင်းစပ်လိုက်ချိန်၌ ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။

ယခုအချိန်တွင် ထိုထက်ပို၏။ သို့တိုင် စုရီ၏အမူအရာသည် ငြိမ်သက်နေဆဲဖြစ်သည်။ ပင်လယ်ဘုရင်ထံမှ ဇာတ်လမ်းကြားပြီးနောက် သဲလွန်စအချို့ မှန်းဆထားပြီး ဖြစ်သည်။ ယခု အဖြစ်အပျက်သည် ထင်ကြေးအပေါ် အတည်ပြုပေးနေခဲ့၏။

ရုတ်တရက် စုဟုန်လီမှ အသက်ပြင်းပြင်း ရှူလိုက်သည်။ လေထဲရှိ အနက်ရောင်မြူများမှာ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာတော့၏။

ထို့နောက် စုရီကို နီမြန်းသော မျက်ဝန်းများဖြင့်ကြည့်ပြီး၊

“ ငါ့သား၊ ကျေးဇူးအများကြီးတင်ပါတယ် မင်းရဲ့အကူအညီကြောင့်သာ မဟုတ်ရင် မင်းရှေ့ ဒီလိုပေါ်လာဖို့ ... အချိန်အတော်ကြာနေမှာကို ငါကြောက်မိတယ်။ ”

-ဟု ပြောကြားလာသည်။

အံ့ဩစရာကောင်းသည်မှာ အသံသည် ခေါင်းလောင်းထိုးသံကဲ့သို့ အက်ကွဲစူးရှလွန်း နေခြင်းဖြစ်သည်။

“ ဟမ့် ... ငါ့သားလား ... ၊ ငါ့သားဆိုတဲ့ မင်းရဲ့နာမ်စားကြောင့် ငါမင်းကိုသန့်စင်ပစ်မယ် သနားစရာ နတ်ဆိုးဝိညာဉ်လေး။ ”

စုရီက လှောင်ပြုံးဖြင့် တုန့်ပြန်လိုက်၏။ လူတိုင်း တုန်လှုပ်သွားကြသည်။ စုဟုန်လီတွင် နတ်ဆိုးဝိညာဉ်ရှိနေသည်လော။

“ ဟား ဟား ဟား ... တကယ်လား ဒါပေမယ့် မင်း ... ဒီလိုအရည်အချင်းမျိုး မရှိမှာ စိုးမိတယ်။ ”

စုဟုန်လီ၏ အက်ရှနေသော အသံက လေထဲပဲ့တင်ထပ်လာပြီး၊

“ ငါ့သား ... မင်းငါ့ကို အညံ့ခံနေသမျှ အနာဂတ်မှာ မင်းဟာ ထိပ်ဆုံးကိုတက်လှမ်းပြီး ကမ္ဘာကြီးအပေါ် အုပ်စိုးခွင့်ပေးနိုင်ပါတယ်။ ”

-ဟု သွေးဆောင်ဖျားယောင်းတော့၏။

“ ဟမ့် ... ။ ”

စုရီကပြုံးလျက် အမှောင်နတ်ဓားကို သိမ်းလိုက်ပြီး သွေးဓားထံ လှမ်းဆွဲလိုက်သည်။ လေထုအလယ် လွင့်မျောနေသော သွေးဓားက စိတ်လှုပ်ရှားစွာဖြင့် လက်ထဲပြေးဝင်လာ၏။

“ ဝှစ် ... ။ ”

ဤဓားသည် အလျား သုံးပေနှင့် လေးလက်မရှိပြီး အနံသည် လေးလက်မဖြစ်၏။ ကိုယ်ထည်သည် ပုစဉ်းရင်ကွဲ တောင်ပံကဲ့သို့ ပါးလွှာကာ ပေတံကဲ့သို့ ဖြောင့်စင်းသည်။

အောက်ခြေတွင် ရှေးဟောင်းသင်္ချိုင်း-ဟု ရေးထိုးထား၏။ သိပ်သည်းသောသတ်ဖြတ်ခြင်း ရောင်ဝါများက ရေတံခွန်ကဲ့သို့ စိမ့်ထွက် လာသည်။

“ နတ်ဆိုးဝိညာဉ်တစ်ကောင်ကို ... ဘယ်လိုပြုမူနေထိုင်ရမလဲ မင်းသင်ပေးနိုင်ရင် မင်းကို ငါသန့်စင်ပေးမယ်။ ”

စုရီက ပြုံးလျက် ပြောကြားလိုက်သည်။ သွေးဓားကိုယ်ထည်သည် စူးရှသောအလင်းများ ထုတ်ပြလျက် စုရီစကားကို နားလည်ဟန် တုန့်ပြန် ပြေးထွက်သွား၏။

“ ဝှီး ... ။ ”

၎င်းသွားရာ လမ်းတလျှောက် နတ်ဘုရားများနှင့် မိစ္ဆာတို့၏ ကြွေးကြော်သံများ ပြည့်နှက်သွားသည်။ စုဟုန်လီ သုံးစဉ်ကထက် ပို၍အစွမ်းထက်နေသည်မှာ မြင်သာ၏။

လူတိုင်း မျက်လုံးပင့်လျက် ထိတ်လန့် တုန်လှုပ်သွားသည်။ ဓားတစ်လက်သည် ဤမျှ မျက်နှာသာ ရယူရန် ဆန္ဒရှိနေသည်လော။ ယုံနိုင်ဖွယ် မရှိချေ။

“ ငါ့လို မြင့်မြတ်သူကို ... မင်းအပြစ်ပြုဝံ့သလား။ ”

စုဟုန်လီမှ မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။ ထိုစဉ် မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်း အသက်ဝင်လာ၏။

ဓားရည်ရွယ်ချက်နှင့် ဒြပ်စင်ငါးပါး ရည်ရွယ်ချက်တို့သည် နတ်တောင်ကြီး ငါးလုံး အသွင်ပြောင်းကာ ပြင်းထန်ပြီး လူသတ်လိုသော အငွေ့အသက်များစွာဖြင့် လိုက်ပါလာသည်။

“ ဟမ့် ... ။ ”

ဖြစ်စဉ်ကို ကြည့်ပြီး အေးစက်စွာ အော်ဟစ်လျက် ကြေးခေါင်းလောင်းတစ်ခုကို ထုတ်ယူကာ လေထဲပစ်လိုက်သည်။

၎င်းသည် လက်ဖဝါးအရွယ်မျှသာရှိပြီး မျက်နှာပြင် နက်မှောင်လျက် ထူးဆန်းသော ပုံသဏ္ဍာန်များကို ရေးထွင်းထား၏။

“ ချွင် ချွင် ချွင် ... ။ ”

ကြေးနက်ခေါင်းလောင်းက လေထဲရောက်သည်နှင့် နာရီလက်တံအတိုင်း လည်ပတ်ကာ မြည်သံပေးလာသည်။

“ ဂျိန်း ... ။ ”

တစ်ဆက်တည်းမှာပင် လျှပ်စီးများ လင်းလက်ကာ မိုးခြိမ်းသံများ ညံလာတော့၏။ လျှပ်စီးများကြား သွေးမြူများ စိမ့်ထွက် လာတော့သည်။

ဤအရာသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ရတနာတစ်ခု ဖြစ်နေသည်မှာ သေချာချေပြီ။

အဝေးမှ ရပ်ကြည့်နေခဲ့သော လူအုပ်ကြီးခမျာ အပ်ဖြင့် ထိုးဆွခံနေရသကဲ့သို့ စိတ်ဝိညာဉ်များ နာကျင်ကိုက်ခဲလာ၏။

သူတို့၏ စိတ်ဝိညာဉ်များသည် မှောင်မိုက်နေသော အမှောင်ကမ္ဘာကြီးထဲသို့ ကျရောက်သွားသလို မှုန်မှိုင်းသွားသည်။

အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်နိုင်ခဲ့ကြချေ။ ဤရတနာသည် စိတ်ဝိညာဉ်အပေါ် ကြီးစွာသော သက်ရောက်မှုများ ပေးချေ၏။

“ ဒါပဲ ဖြစ်ရမယ် ... ။ ”

ပင်လယ်ဘုရင်က ရုတ်တရက် စိတ်လှုပ်ရှားစွာ မှတ်ချက်ပေး၏။ ထိုအချိန်က ရီယုဖေးသည် သူမတွင် ထူးဆန်းပြီး လူသားများ ဝိညာဉ်ကို လွှမ်းမိုးနိုင်သော ရတနာတစ်ခု ရှိကြောင်း ပြောကြားဖူးသည်။

ယင်းသည် ကြေးနက်ခေါင်းလောင်း ဖြစ်နေ၏။ စုဟုန်လီတစ်ယောက် ရီယုဖေးထံမှ ဤရတနာကို ခိုးယူခဲ့ပုံပေပင်။

ထို့‌နောက် ဤရတနာ၏ လွှမ်းမိုးမှုကို ခံလိုက်ရကာ စိတ်နေစိတ်ထား သိသိသာသာ ပြောင်းလဲသွားခြင်းဖြစ်သည်။

“ ဒေါင် ... ။ ”

စုဟုန်လီမှ ဝှေ့ယမ်းလိုက်ရာ ကြေးနက်ခေါင်းလောင်းကြီးထံမှ မိုးခြိမ်းသံများ မြည်ဟည်းလျက် အသံလှိုင်း ထွက်ပေါ်လာ၏။

ထိုအသံလှိုင်းသည် စူရှပြီး ကြိမ်နှုန်း မြင့်မားသောကြောင့် လူအုပ်ကြီးကို သွေးချောင်း စီးစေခြင်း၊ နားစည်ကွဲအက်ခြင်း စသည်တို့ ခံစားလာရစေသည်။

မြေကြီးအဆင့် အင်မော်တယ်များသည် ထိုအသံလှိုင်းကို ဖြေရှင်းရန်အတွက် ခွန်အားရှိ သမျှ အသုံးပြုခဲ့ရ၏။

“ ဝုန်း ... ။ ”

ကြေးခေါင်းလောင်းနှင့် သွေးဓားတို့ တိုက်မိသွားပြီး ကောင်းကင်နှင့် မြေကြီးအက်ကွဲ သွားသကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။

“ ဟမ့် ... ။ ”

စုရီက သွေးဓားကို ပြန်ခေါ်ကာ ရှေ့သို့ ပြေးတက်လိုက်တော့၏။ စုဟုန်လီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားလေသည်။

“ ဘန်း ... ။ ”

ချက်ခြင်းပင် ကြေးနက်ခေါင်းလောင်းကို ပြန်လည်ဖမ်းယူ လေထဲ ရိုက်ထုတ်လိုက်သည်။ လက်ဖဝါး အရွယ် ကြေးနက်ခေါင်းလောင်းသည် လေထုအလယ် အမြင့်ပေတစ်ရာသို့ ချက်ချင်း ပြောင်းလဲသွားခဲ့၏။

“ ဂျိန်း ... ။ ”

ခေါင်းလောင်းကိုယ်ထည်တဝိုက် မှောင်မိုက်ပြီး သွေးလွှမ်းနေသောကမ္ဘာတစ်ခု လိုက်ပါလာသည်။ ထိုကမ္ဘာအတွင်း လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ညံနေခဲ့၏။

“ ငါ့သား၊ မင်းကို မြေအောက်ကမ္ဘာဆီ ပို့ခွင့်ပြုပါ ... ဟား ဟား ဟား။ ”

စုဟုန်လီ၏ အက်ရှနေသော ရယ်မောသံကြီးထွက်ပေါ်လာ၏။ ထို့နောက် လက်ဝှေ့ယမ်းကာ၊

“ သွားတော့ ... ။ ”

-ဟု ဟစ်အော်လိုက်လေသည်။

“ ဂျိန်း ... ။ ”

ကြေးနက်ခေါင်းလောင်းကြီးက အဟုန်ပြင်းစွာ လည်ပတ်လျက် မိုးခြိမ်းသံများ ညံနေပြီး စုရီအပေါ် ပြုတ်ကျသွား၏။

“ မလုပ်နဲ့ ... ။ ”

လျင်မြန်လွန်းသဖြင့် စုရီတစ်ယောက် ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။ အတွင်း၌ ချက်ချင်း ပိတ်မိသွားတော့သည်။

***

All Chapters