← Chapters

ကျောက်စိမ်းမြို့တော်၏ စျာပနတေးသံ။

Vol. 24 Ch. 278

ကျောက်စိမ်းမြို့တော်၏ စျာပနတေးသံ။

Vol. 24 Ch. 278

“ ‌ဒေါင် ... ဒေါင် ... ဒေါင် ... ။ ”

ကြေးနက်ခေါင်းလောင်းကြီးသည် ကောင်းကင်မှ ပြုတ်ကျလာပြီး စုရီကို လုံးလုံး ဖုံးအုပ်သွားသဖြင့် လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ဤခေါင်းလောင်းကြီးသည် သူတို့၏ စိတ်ဝိညာဉ်ကို အဝေးမှပင် ဒုက္ခပေးနိုင်သည်။ ယခုမူ စုရီအပေါ် လုံးဝဖုံးအုပ်သွားခြင်းပေပင်။

“ ဂျိန်း ... ။ ”

ခေါင်းလောင်းထံမှ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံများ၊ သွေးရနံ့များ ရရှိလာ၏။ စုရီတစ်ယောက် သေဆုံးသွားသည်လော။

“ မလုပ်နဲ့ ... ။ ”

လန်စုခမျာ နှလုံးသား ခုန်ထွက်လုမတတ် ထိတ်လန့်သွားသည်။ အဝေးမှ အသံလှိုင်း ထိမှန် ရုံဖြင့်ပင် စိတ်ဝိညာဉ်များ ကြေကွဲလုလုဖြစ်၏။

ဤသို့ ခေါင်းလောင်းအတွင်း ပိတ်မိသွားသော် မည်မျှ အန္တရာယ်များသည်ကို တွေးဆနိုင်သည်။

“ ဟား ဟား ဟား ... နောက်ဆုံးတော့ ဒီသားဆိုးကို ဖေဖေနှိမ်နင်းနိုင်ပြီ။ ”

တစ်ဖက်တွင် စုပိုင်နင်မှ ရယ်မောကာ ကြွေးကြော်လိုက်သည်။ သို့သော် စုဟုန်လီမှ ၎င်းထံ ပြန်လှည့်ကြည့်ပြီး၊

“ မင်းလို ... လူမိုက်က ငါ့ကိုဖေဖေလို့ ခေါ်ထိုက်သလား ... နောက်ထပ်ပြီး ခေါ်ဝံ့ရင် မင်းကို အရင်သတ်ပစ်မယ်။ ”

-ဟု ကြိမ်းမောင်းတော့၏။

( ဘာလဲဟ ... ။ )

စုပိုင်နင်ခမျာ အေးခဲသွားခဲ့သည်။ ယွီချင်းဇီသည်လည်း မျက်နှာဖြူဖျော့သွားပြီး အသံမထွက်ဝံ့တော့ချေ။

လက်ရှိ စုဟုန်လီသည် အတိတ်က သူမခင်ပွန်း မဟုတ်တော့ကြောင်း သိရှိလိုက် သောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် စုဟုန်လီက အဟုန်ဖြင့် လည်ပတ်နေသော ကြေးနက်ခေါင်းလောင်းထံ စိုက်ကြည့်ကာ၊

“ စုရီ၊ မင်းရှုံးနိမ့်တာကို ဝန်ခံလိုက်ရင် မင်းရဲ့အသက်ကို ငါနှမြောပေးမယ် မဟုတ်ရင် အထဲမှာ မင်းရဲ့စိတ်ဝိညာဉ် ကွဲကြေသွားပြီး သေရလိမ့်မယ်။ ”

-ဟု သတိပေး ပြောကြားလိုက်သည်။

ကြေးနက်ခေါင်းလောင်းထံ လူတိုင်း၏ အကြည့်များ ကျရောက်သွား၏။ ကိုယ်ထည်၌ မိုးကြိုးများ ပြည့်နှက်နေသော အမှောင်ကမ္ဘာနှင့် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းအချို့ အသက်ဝင်နေချေပြီ။

“ ဟမ့် ... ငါမင်းကို အခွင့်အရေးတစ်ခု ပေးနေတယ် ... လုပ်ပါ ... မင်းရဲ့မှော်ရတနာက ငါ့ကိုဘာလုပ်နိုင်မလဲ ကြည့်ရအောင်။ ”

ခေါင်းလောင်းအတွင်းမှ စုရီအသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ ယင်းသည် လူအုပ်ကြီးကို အံ့အားသင့်စေခဲ့၏။

ဤမျှ ဆူညံနေသော ခေါင်းလောင်းကြီးအတွင်း စုရီတစ်ယောက် မည်သို့နေနိုင်သည်ကို နားမလည်နိုင်ချေ။

“ ဟား ဟား ဟား ... ကောင်းပြီ မင်းဆန္ဒအတိုင်းပဲ။ ”

စုဟုန်လီက ကောင်းကင်သို့ ပျံတက်ပြီး ကျယ်လောင်စွာရယ်မောလျက် တံဆိပ်တစ်ခုကို ရေးထွင်းလိုက်၏။ သွေးရောင် ဆံပင်များ လေထဲပျံဝဲလာခဲ့သည်။

“ ‌ဒေါင် ... ။ ”

ချက်ချင်းပင် ကြေးနက်ခေါင်းလောင်းမှ သွေးနီရောင် အခိုးအငွေ့များနှင့် မိုးခြိမ်းသံများ ပို၍ထူထဲစွာ စိမ့်ထွက်လာတော့၏။

အဖျက်စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားကာ လေဟာနယ်ကို ဆိုးရွားစွာ အက်ကွဲသွားစေ ခဲ့သည်။

အဝေးမှ ကြည့်နေသူများသည် ကြောက်ရွံ့မှုကြောင့် စိတ်ဝိညာဉ်တစ်ခုလုံး အေးခဲနေခဲ့သည်။ စုရီတစ်ယောက် မည်ကဲ့သို့ ခံနိုင်ရည်ရှိနေသည်ကို သိချင်လာ၏။

“ စုရီ၊ မင်းသည်းမခံနိုင်ရင် ခေါင်းမာမနေနဲ့ ငါမင်းကို အရမ်းလေးစားတယ် မင်းအညံ့ခံသမျှ ငါကရုဏာပြမယ်။ ”

ကြေးနက်ခေါင်းလောင်းအတွင်း ပိတ်မိနေသည့် မည်သူမဆို အမှောင်သွေးကမ္ဘာ ကြီး၌ သန့်စင်ခံရမည်ဖြစ်သည်။

မဟာသခင်မဆိုနှင့် မူလတာအိုနယ်ပယ် ကျွမ်းကျင်သူပင် ထိုကဲ့သို့ သန့်စင်ခြင်းခံရပါက ဝိညာဉ်များ မလွဲမသွေ ပြိုကွဲနိုင်၏။

“ မင်းမှာရှိတာ ဒါပဲလား ... ။ ”

သို့သော် စုရီမှ တုန့်ပြန်အော်ဟစ်လာသည်။

“ ဟမ့် ... သွား ... ။ ”

ထိုစကားသံတွင် စိတ်ပျက်မှု၊ အထင်အမြင်သေးမှုနှင့် ရှုတ်ချမှုများ ပါဝင်၏။ စုဟုန်လီမှ ဒေါသထွက်လာပြီး သွေးနီရောင် အလင်းတန်းဖြင့် ပစ်ခတ်လိုက်သည်။

“ ဒေါင် ... ။ ”

ကြေးနက်ခေါင်းလောင်းနှင့် သွေးအလင်း ထိမှန်သွားကာ အသံလှိုင်းများ အရပ်ရပ်ဆီသို့ ပျံ့ကားသွားပြန်၏။ စုမိသားစုစံအိမ်များမှာ အတုံးအရုန်းပြိုကျကုန်သည်။

ခမ်းနားသော မဏ္ဍပ်များ၊ နန်းတော်များ၊ အဆောက်အဦးများ၊ ခြံဝင်းများ၊ ရေကန်များ၊ တံတားများ စသည်တို့ဖြစ်၏။

ရုတ်တရက် ဤဘေးဥပဒ်ကြောင့် စုမိသားစုဝင် အများအပြားခမျာ ရှောင်တိမ်းရန် အချိန်မရဘဲ သေဆုံးကုန်သည်။

သို့တိုင် မည်သူမျှ ဂရုမစိုက်ကြချေ။ တိုက်ပွဲထံသာ စူးစိုက်ကြည့်နေကြလေသည်။ ကြေးခေါင်းလောင်းကြီးသည် မည်သည့် အဆင့် ရတနာဖြစ်မည်ကို သိချင်လာကြ၏။

“ ဒေါင် ... ။ ”

စုဟုန်လီ၏ အသက်ရှုသံပင် အနည်းငယ် မြန်လာသည်။ ကြေးခေါင်းလောင်းကို လှည့်ရန် သူ့အတွက် အနည်းငယ် ပင်ပန်းသည်မှာ ထင်ရှားချေ၏။

“ စုရီ၊ မင်းဘယ်လိုခံစားရလဲ ... မင်းမသေသေးဘူးဆိုတာ ငါသိတယ် ... မင်းမှာ ကရုဏာကို တောင်းဖို့ အခွင့်အရေးရှိပါတယ် ...

... ဒါပေမယ့် အခုလို ဆက်သွားရင် ... ငါမင်းကို အသက်ရှင်ခွင့် ပေးချင်ရင်တောင် မင်း သေရလိမ့်မယ်။ ”

စုဟုန်လီက စူရှသော အသံဖြင့် အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်တွင် စုရီမှ တုန့်ပြန်ခြင်း မပြုတော့ချေ။

“ ဆရာ ... ။ ”

လန်စုက သူမဆရာကို လှည့်ကြည့်၏။

“ နည်းနည်းလောက် စောင့်ပါဦး ... အခုချိန်မှာ အနိုင်-အရှုံး ဆုံးဖြတ်ဖို့အတွက် စောပါသေးတယ်။ ”

ဖူယွင်လန်မှ ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။ စုရီ၏ အခြေအနေသည် မရေရာသော်လည်း ဒုက္ခမရောက်သေးကြောင်း သဘာဝကျကျ သူ သိ၏။

ထိုအချိန်တွင် စုရီအသံ ထွက်ပေါ်လာသည် ။

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီရတနာရဲ့ ဝိညာဉ်ဖြစ်တဲ့ မင်းက သူ့ကို ထိန်းချုပ်နိုင်စွမ်း ... တကယ်ညံ့ဖျင်းလွန်းတယ် ...

... ငါသာမမှားရင် ... မင်းရဲ့အုတ်မြစ် ပျက်စီးသွားပြီး မင်းဝိညာဉ်က မပြည့်စုံတော့ဘူး မဟုတ်လား ဒါကြောင့် စစ်မှန်တဲ့ စိတ်ဝိညာဉ် ဖြစ်ဖို့ ... မင်းမှာ အခွင့်အရေးကုန်သွားပြီ ...

... မင်းကို စုဟုန်လီက နှစ်တွေကြာအောင် ဖိနှိပ်ထားတာ အံ့သြစရာမဟုတ်ပါဘူး ... မင်းက အရမ်းအားနည်းလွန်းတာကိုး ... ။ ”

“ ဟမ့် ... ။ ”

စုဟုန်လီက အံ့ဩသွားသည်။ ကြေးနက်ခေါင်းလောင်းသည် စုရီကို မည်သည့် ဒဏ်ရာမှ မပေးနိုင်သည်လော။ အဓိပ္ပါယ် မရှိချေ။

ချက်ချင်းပင် အရှက်တရား၊ ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်လာပြီး ရောင်ဝါသည် ကြမ်းရှ ပြင်းထန်လာတော့၏။

ပြိုင်ဘက်သည် သူ့ဝှက်ဖဲများကို ချေမှုန်းနိုင်သည်သာမက လျှို့ဝှက်ချက်အချို့ပင် ရှာဖွေတွေ့ရှိသွားသည်။

“ ကောင်းပြီ မင်းက အညံမခံချင်ရင် ... အပြစ်ခံယူပါ။ ”

ရုတ်​တရက်​ ခေါင်းလောင်းပေါ် ခုန်ဆင်းလိုက်ရာ စူးရှသော လေချွန်သံများက လေထုအတွင်း ပဲ့တင်ထပ်လာတော့၏။

ခေါင်းလောင်းကြီး၏ အနက်ရောင် ကြေးကိုယ်ထည်သည်လည်း သွေးနီရောင်သို့ ပြောင်းလဲလာခဲ့သည်။

“ ခရစ် ... ။ ”

ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် လေဟာနယ်သည် ခံနိုင်ရည်မရှိတော့ဘဲ ပြိုကျတော့၏။

ကောင်းကင်နှင့် မြေကြီး အရောင် ပြောင်းသွားကာ လေနှင့်တိမ်များ စုရုန်းလျက် ပေတစ်ထောင်ဧရိယာအတွင်း အမှောင်များ ဖုံးလွှမ်းသွားလေသည်။

ငရဲမိုးကြိုးကမ္ဘာကြီး ကျဆင်းလာသည့် လက္ခဏာများဖြစ်၏။ ထို့အတွက် စုဟုန်လီခမျာ အသက်ရှုကြပ်ကာ မျက်နှာဖြူဖျော့သွားသည်။

“ မင်းဘယ်လို ရှင်သန်မလဲ ငါကြည့်မယ်။ ”

ဤတိုက်ခိုက်မှုသည် သူ့ခွန်အားကို များစွာဆုတ်ယုတ်စေကြောင်း ထင်ရှားချေပြီ။ သို့တိုင်၊

“ ဒါပဲလား ... ။ ”

-ဟူသော စုရီ၏ အသံကို ထပ်မံကြားလိုက်ရသဖြင့် မျက်လုံးပြူးသွား တော့၏။ ဤတစ်ကြိမ်တွင် စုရီအသံသည် စိတ်ပျက်ပြီး ပျင်းရိနေခဲ့သည်။

စောင့်ဆိုင်းခြင်းသည် အရှုံးမရှိဟု ထင်ရသော်လည်း အဆုံးတွင် အရာအားလုံး အချည်းနှီးဖြစ်သွားသူ တစ်ယောက်ကဲ့သို့ စိတ်ဝင်စားမှု ကင်းမဲ့သွားချေ၏။

လူတိုင်းသည် မျက်ခုံးပင့်လိုက်သည်။ ဤစကားလုံး နှစ်လုံးတွင် မောက်မာဝင့်ကြွား လွန်းသော ယုံကြည်မှုများ ပါဝင်နေ၏။

“ ဘရူး ... ။ ”

ထို့နောက်တွင် ပေတစ်ရာခန့် မြင့်မားလှသော ကြေးခေါင်းလောင်းကြီးသည် ရုတ်ချည်း သေးငယ်လာခဲ့သည်။

“ ချွင် ... ။ ”

အဆုံးတွင် မူလအရွယ်အစားသို့ ပြန်၍ရောက်ရှိလာပြီး သွယ်လျသော လက်ဖဝါး ဖြူဖြူလေးထဲ ကျဆင်းသွား၏။

အမှောင်ကမ္ဘာကြီးနှင့် မိုးခြိမ်းသံများ ချက်ချင်း ပျောက်ကွယ်သွားသည်။ မည်သည့် သဲလွန်စမျှ မကျန်ချေ။

ကျောက်စိမ်းရောင် ၀တ်စုံဖြင့် လက်ဖဝါးပေါ်တွင် ကြေးခေါင်းလောင်းငယ်ကို တင်လျက်နှင့် စုရီ ထွက်ပေါ်လာ၏။

ကျန်လက်တစ်ဖက်တွင် သွေးဓားကို ကိုင်ထားလေသည်။ ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်နေရုံဖြင့် နတ်ဘုရားတစ်ပါး ကမ္ဘာကြီးကို ငုံ့ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။

“ မင်း ... ။ ”

စုဟုန်လီမှ လက်မခံနိုင်ဘဲ မျက်လုံးများ ပြူးကျယ်လာတော့သည်။

“ ငါ့အမေဆီကနေ မင်းခိုးယူထားတဲ့ ဒီရတနာရဲ့ဇာစ်မြစ်ကို သိချင်နေတာ ဒါကြောင့် လိုလိုလားလား ပိတ်လှောင်ခံလိုက်တာပဲ ...

... ဒီရတနာက မင်းလို မပြည့်စုံတဲ့ ... ဝိညာဉ်တစ်ကောင်ကို မွေးထုတ်ပေးနိုင်ပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကြောင့် စွမ်းအားက ဆယ်ပုံတစ်ပုံပဲ ကျန်တော့တယ်။ ”

ဤငရဲမိုးကြိုးခေါင်းလောင်းသည် အမှန်ပင်အစွမ်းထက်သော်လည်း ဆိုးရွားစွာ ပျက်စီးနေခဲ့သည်။ စိတ်မကောင်း စရာပေပင်။

“ မင်းက ဘယ်သူလဲ၊ မင်းဘာလို့ ဒီလောက်သိနေရတာလဲ။ ”

ထိုစကားများကြောင့် စုဟုန်လီကို ပိုင်ဆိုင်ထားသည့် ဝိညာဉ်အကြွင်းအကျန်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။

စုရီမှ ပြန်မဖြေချေ။ လျစ်လျူရှုခဲ့သည်။ ပေတစ်ထောင်အတွင်း နေရာတိုင်းပျက်စီးနေပြီး နေရာအချို့တွင် မီးလောင်ကျွမ်းနေသည်ကို ဝေ့ကြည့်သည်။ ဤသည်မှာ တိုက်ပွဲ၏ အကျိုးဆက်ပေပင်။

“ အဆုံးသတ်ဖို့ အချိန်တန်ပြီ။ ”

ထို့နောက် ပျင်းရိသွားပြီး တစ်ကိုယ်တည်း ညည်းတွားလိုက်သည်။ အကြည့်များ ရုတ်ကာ ကြေးနက်ခေါင်းလောင်းအပေါ် လက်ညှိုးဖြင့် တောက်လိုက်တော့၏။

“ ဒေါင် ... ။ ”

ခေါင်းလောင်းသံသည် ဒေါသသံအလား သွေးနီရောင်အလင်းတန်းအဖြစ် စုဟုန်လီထံသို့ ပြေးဝင်သွားလေသည်။

စုဟုန်လီမှ ရှောင်တိမ်းချင်သော်လည်း ခန္ဓာကိုယ်မှာ လှုပ်မရချေ။ ကြေးခေါင်းလောင်းမှ တင်းကြပ်စွာ ချုပ်နှောင်ခံထားရသည်။

“ မလုပ်နဲ့ ... ။ ”

ထို့ကြောင့် သူ့ထံ ပြေးဝင်လာသော အသံလှိုင်းကိုကြည့်ပြီး ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။

တစ်ဆက်တည်းမှာပင် မျက်ဝန်းများအတွင်းမှ သွေးများ စီးကျလာ ပြန်သည်။ မူလက ကြေးနက်ခေါင်းလောင်းနှင့် သူသည် တစ်သားတည်းဖြစ်၏။

“ ဘုန်း ... ။ ”

ယခုမူ ပြိုင်ဘက်မှ သူ့ကို ၎င်းနှင့် ခွဲထုတ်သွားခဲ့သည်။ ထို့နောက် အသံလှိုင်းက မြင်သာသည့်နှုန်းဖြင့် စုဟုန်လီအပေါ် ရိုက်ခတ်သွားသည်။

“ အွတ် ... ။ ”

၎င်းခန္ဓာကိုယ်မှ ဝိုးတဝါးပုံရိပ်တစ်ရိပ် လွင့်ထွက်လာပြီး လေဟာနယ်အတွင်း ယိမ်းထိုး နေတော့၏။

ဤပုံရိပ်သည် သွေးနှင့် ဆန္ဒတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် နတ်ဆိုးတစ်ကောင် ပေပင်။ မှုန်ဝါးပြီး တွန့်လိမ်နေ၏။ ရောင်ဝါသည် ငရဲမိုးကြိုးခေါင်းလောင်းနှင့် အတိအကျ တူညီလေသည်။

သို့သော် မပြည့်စုံသော ဝိညာဉ် အပိုင်းအစမျှသာ ဖြစ်၏။ စုရီက တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။

သွေးနီရောင် အသံလှိုင်းများက စက်ဝိုင်းများအသွင် ကောင်းကင်မှ ကျဆင်းပြီး ထိုဝိညာဉ်ကို ချုပ်နှောင်လိုက်သည်။

“ မလုပ်နဲ့ ... ။ ”

သွေးနီရောင် နတ်ဆိုးဝိညာဉ်သည် ကြောက်လန့်တကြား အော်ဟစ်လျက် လှည့်ကာပြေး၏။

သို့သော် လွတ်မြောက်ရန် နည်းလမ်း မရှိခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်း သွေးနီရောင် အသံစက်ကွင်းလှိုင်း၌ ဖမ်းမိသွားခဲ့သည်။

“ ခရစ် ... ။ ”

အက်ကွဲသံများ ထွက်ပေါ်လာပြီး နာကျင်ထိတ်လန့်နေသော အသွင်အပြင်ဖြင့်၊

“ စုရီ၊ ကျေးဇူးပြုပြီး ငါ့အသက်ကို နှမြောပေးပါ ... ငါမင်းကိုအညံ့ခံပြီး သခင်အဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။ ”

-ဟု တောင်းပန်တော့၏။

“ ရွှပ် ... ။ ”

သို့သော် ဓားအလင်းတစ်လက် ကောင်းကင်မှ ကျဆင်းလာပြီး သူ့ပုံရိပ်ကို အစိတ်အစိတ် အမွှာမွှာ ခွဲပစ်လေသည်။

“ ဒေါင် ... ။ ”

ကြေးခေါင်းလောင်းထံမှ စူးရှသော အသံသည်သာ ဇာပနာခေါင်းလောင်းသံကဲ့သို့ လေထဲပဲ့တင်ထပ် ကျန်ရစ်ခဲ့၏။

ကျောက်စိမ်းမြို့တော်အတွက် အထူး မြည်ဟည်းသော စျာပနာတေးသံ ဖြစ်ချေသည်။ မဟာကျိုး မင်းဆက်တိုင်အောင် ပဲ့တင်ထပ် နေတော့မည်ဖြစ်၏။

***

All Chapters