ခရီးသည် ... ။
Vol. 24 Ch. 280
စုစုပေါင်း လူခြောက်ယောက်ဖြစ်၏။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားငါးယောက် ပေပင်။ အသက်အရွယ်အရ အမျိုးမျိုးဖြစ်၏။
ခြွင်းချက်မရှိ မူလတာအိုနယ်ပယ် ကျင့်ကြံမှုတွင်ရှိနေသည်။ ခေါင်းဆောင်သည် ဓားလွယ်ထားသော အမျိုးသား ဖြစ်၏။
မျက်နှာသည် ခံစားချက်မဲ့နေသည်။ မျက်ဝန်းများမှာ ငြိမ်သက်လွန်းပြီး လူအများကို လျစ်လျူရှုထား၏။
“ အမည်မဲ့နဂါး ... ။ ”
ဖူယွင်လန်မှ မှတ်မိသွားပြီး ကျင်းဟဲ၊ ယွင်ကျန့်ချုံးနှင့် ရှစ်ဖုန်းလျူတို့သည်လည်း မျက်ဝန်းများ တောက်ပလာသည်။
မဟာဝေတွင် ထာဝရတာအိုကို ရှာဖွေနေသော အဖွဲ့အစည်းတစ်ခုရှိသည်။ ၎င်းကို ထာဝရတာအိုဂိုဏ်းဟု ခေါ်၏။
မဟာကျိုးတွင်လည်း အမည်မဲ့ နဂါးတောင်တန်းကို သိမ်းပိုက်ထားသောကြောင့် အင်အားစုတစ်ခုရှိသည်။ အမည်မဲ့နဂါးများ -ဟု ခေါ်တွင်၏။
မဟာချင်အတွက်မူ တော်ဝင်မိသားစု၏ သားစဉ်မြေးဆက်များသည် ၎င်းတို့ကိုယ်၎င်းတို့ နဂါးများ-ဟု ခေါ်ဆိုကြသော အင်အားစုရှိသည်။
ထိုသို့သော အင်အားစုအသီးသီးသည် မြေကြီးအဆင့် ရောက်ရှိနေကြသည်မှာ ကြာပြီ ဖြစ်၏။ ၎င်းတို့၏ တည်ရှိမှုသည် နိုင်ငံတစ်ခု၏ ဧကရာဇ်ကို ဆုံးဖြတ်ပေးနိုင်မည်။
လျှို့ဝှက်နဂါးဓားဂိုဏ်းနှင့် လစက်ဝန်းဂိုဏ်းစသည့် ကျင့်ကြံမှုဂိုဏ်းများ အပေါ် တားဆီးရန် ရည်ရွယ်၏။
“ မင်္ဂလာပါတာအိုစု၊ ငါ့ကို ကျိုးချန်ယီလို့ ခေါ်ပါတယ် ... ။ ”
လူလတ်ပိုင်းအရွယ် ဓားသမားသည် တည်ငြိမ်သောအသွင်ဖြင့် နှုတ်ဆက်လာသည်။ စုရီက မျက်ခုံးပင့်၍ ပြန်ကြည့်၏။
“ မြေကြီးအဆင့် အင်မော်တယ်။ ”
ကျိုးချန်ယီမှ အသိအမှတ်ပြုဟန် ပြန်၍ ပြုံးပြလိုက်သည်။ ထို့နောက် အခြားသူများထံ လက်ညှိုးထိုးပြပြီး၊
“ ငါ့အဖော်ငါးယောက်နဲ့ ... ငါက အမည်မဲ့နဂါးတောင်တန်းကနေ လာတာပါ ... သူက အမည်မဲ့နဂါးတောင်တန်းရဲ့ ဒုတိယ အကြီးအကဲ ကျိုးယွင်ဟိုင်ပဲ ...
... ကျင့်ကြံမှုက အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှာပါ ... တစ်ချိန်က ကံကောင်းလွန်းပြီး လေတာအိုအမွေကို သူ ရခဲ့ဖူးပါတယ်။ ”
လိမ္မော်ရောင်ဖျော့ဖျော့ဖြင့် လှံတစ်စင်း ကိုင်ဆောင်ထားသည့် အမျိုးသားထံ ညွှန်ပြပြီး မိတ်ဆက်လာ၏။ ထို့နောက် ကျန်လူများနှင့် ဆက်၍ မိတ်ဆက်ပေးသည်။
“ ကျိုးတုဟုန်။ ”
အနက်ရောင် ဝတ်ရုံရှည်ကြီးဖြင့် မုတ်ဆိတ်မွေးများ ဖြူဆွတ်နေသော ပိန်ပိန် သွယ်သွယ် အဖိုးအိုတစ်ဦးဖြစ်၏။
“ ကျိုးရှန်ကျိ။ ”
ခရမ်းရောင်ဝတ်ရုံဖြင့် နှောင်းပိုင်း အတွင်းပိုင်းသန့်စင်ခြင်းအဆင့် ဖြစ်သည်။ ဗုဒ္ဓ အမွေကို ရရှိထား၏။ တောင်ကြီးကဲ့သို့ သန်မာသော ရုပ်ခန္ဓာရှိသည်။
ထိုနေရာ၌ ရပ်နေရုံမျှဖြင့် ရှေးဟောင်း နတ်သားရဲတစ်ကောင်ကဲ့သို့ ထင်မှားရစေသည်။ ကြွက်သားတိုင်း အနှိုင်းမဲ့ စွမ်းအားများဖြင့် ပြည့်နှက်နေ၏။
“ ကျိုးပိုင်လင်း။ ”
ပိုးဖဲဝတ်ရုံရှည်ကြီးနှင့် အလယ်အလတ် အတွင်းပိုင်း သန့်စင်ခြင်းအဆင့် ဖြစ်၏။ ခါးတွင် ခါးပတ်ပြားကြီး တပ်ကာ ငှက်မွေးခေါင်းစွပ်ကို ဆောင်းထားချေပြီ။
အသွင်အပြင်သည် ရိုးရှင်းသော်လည်း မျက်ဆန်များအတွင်း၌ လျှပ်စီးများ လက်နေပြီး အကြည့်ခံရသူတိုင်းကို မိုးကြိုးထိမှန်သလို ခံစားရစေနိုင်မည်။
“ ကျိုးချင်းရွှမ် ... ။ ”
ဤသည်မှာ အလယ်အလတ် အတွင်းပိုင်းသန့်စင်ခြင်းအဆင့် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးဖြစ်သည်။
ခြေဖျားတစ်စုံသည် ထူးဆန်းစွာဖြင့် လေထုအလယ် ပျောက်ကွယ်နေ၏။ အမည်မဲ့ နဂါးခြောက်ကောင်အနက် တစ်ဦးတည်းသော အမျိုးသမီးပေပင်။
ပင်လယ်ဘုရင်မှ စိုးရိမ်လာပြီး ၎င်းတို့နှင့်ပတ်သတ်သော အချက်အလက်များ စုရီထံ တိတ်တဆိတ် ပေးပို့လိုက်၏။
မဟာကျိုးအင်ပါယာကို ထူထောင် ပြီးချိန်မှစကာ တော်ဝင်မိသားစုသည် အမည်မဲ့ နဂါးများအတွက် အသက်ရှင်ခဲ့ရ၏။
ထို့ကြော်င့ သူတို့အားလုံးသည် သာမန် ကျင့်ကြံသူနှင့်မတူချေ။ မဟာကျိုးအင်ပါယာ၏ အကောင်းဆုံးသော အရင်းမြစ်များကို သုံးစွဲခွင့်ရထားကြ၏။
မူလနန်းတော်အဆင့် တစ်ဦးနှင့် အတွင်းပိုင်းသန့်စင်ခြင်း ငါးဦး။ ဤအတွဲသည် အင်ပါယာတစ်ခုကိုပင် ဖျက်ဆီးနိုင်သည်။
ပင်လယ်ဘုရင်ထံမှ သတင်း အချက်အလက်များ ရရှိပြီးသည့်တိုင် စုရီသည် တည်ငြိမ်နေဆဲဖြစ်၏။
သူ့အမြင်၌ ဤလူတစ်စုသည် ကပ်ပါးများသာဖြစ်သည်။ အင်ပါယာကြီး၏ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားသော ငကြောက်တသိုက်ပေပင်။
သို့သော် လေထုသည် အဆုံးစွန်ထိ တင်းကြပ်နေပြီဖြစ်သည်။ ကြည့်ရှုနေသူတိုင်း၏ အမြင်တွင် နှလုံးသားများ ပေါက်ကွဲချင်လာ၏။
သူတို့သည် အမည်မဲ့နဂါးများ မည်မျှ အစွမ်းထက်သည်ကို မသိသော်မှ ကြောက်စရာ ကောင်းမှန်း ခံစားနိုင်သည်။
၎င်းတို့ခြောက်ဦးမှ ရောင်ဝါများ ချိတ်ဆက်ပြီးနောက် စုရီအတွက် အသက်ရှူရန် ခက်ခဲစေမည်။
“ ငါတို့ဒီကိုလာရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ် ... မင်းလက်ချက်နဲ့ သေသွားတဲ့ မဟာကျိုးရဲ့ ကျွမ်းကျင်သူတွေ ကိုယ်စား တရားမျှတမှုကို ရှာပေးဖို့ပဲ။ ”
ကျိုးချန်ယီမှ မဟာကျိုးကို ပိုင်စိုးသော အုပ်စိုးရှင် တစ်ပါးကဲ့သို့ ပြောကြားလာသည်။ သူ့ကျင့်ကြံမှုသည် အဖွဲ့၌ အမြင့်ဆုံး ဖြစ်၏။ မူလနန်းတော်ပင် ဖွင့်ထားပြီးဖြစ်သည်။ စုရီတစ်ယောက် မျက်ခုံးပင့်လိုက်၏။
“ မီးလောင်နေတဲ့အိမ်ကို လုယက်ဖို့ ရောက်လာတဲ့ လူတစ်စုက ... အကြောင်းပြချက် ကောင်းကောင်း ရှာခဲ့ပုံပဲ။ ”
ဤကပ်ပါးတသိုက်သည် သူ့အပေါ် ဆူဖြိုးသော သားကောင်အဖြစ် မြင်နေချေပြီ။ ရယ်စရာ ကောင်းလှ၏။
“ 'မီးလောင်နေတဲ့အိမ်ကို လုယက်ခြင်းလား။ ”
ကျိုးချန်ယီမှ လေးနက်သွား၏။
“ မဟာကျိုးရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဝံ့တဲ့ မင်းလိုမိစ္ဆာအတွက် ငါတို့ရဲ့ အမည်မဲ့နဂါးအဖွဲ့က ရှင်သန်ခွင့် မပေးနိုင်တာ သဘာဝပါပဲ။ ”
မုရှီ၊ ပုရီနှင့် အဖွဲ့သားများသည် အရမ်းဒေါသထွက်လာကာ ရယ်မောလုမတတ် ဖြစ်ကုန်ကြသည်။ ကြွက်အိုကြီးများသည် အရှက်မဲ့လွန်းချေ၏။
မဟာကျိုးအတွက် လာခြင်းဆိုသော် အဘယ့်ကြောင့် သည့်ထက်စော၍ မလာနိုင်ခဲ့ သနည်း။
ကျောက်စိမ်းမြို့တော်သို့ စုရီရောက်ရှိ နေသည်မှာ နေ့ရက်ပေါင်း မနည်းချေ။ စုရီမှ ၎င်းတို့နှင့် ငြင်းခုံရန် စိတ်ကူးမရှိသဖြင့်၊
“ မင်းတို့အားလုံးလား ... တစ်ယောက်ချင်းလား ... ။ ”
-ဟု ပြန်လည် မေးမြန်းလိုက်သည်။
“ ဟမ့် ... တိုက်တဲ့အခါ မင်းသိမှာပါ။ ”
“ နောင်တရသရွေ့ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးနိုင်ပါတယ်။ ”
ကျိုးယွင်ဟိုင်က ကျောက်စိမ်းလှံကို ဆုပ်ကိုင်လျက် သူ့ပတ်ပတ်လည်တွင် စွမ်းအင် အလွှာကို ဖန်တီးကာပြော၏။
“ ဒါပေမယ့် မဟာကျိုးကို သစ္စာခံပြီး ငါတို့ရဲ့အမိန့်ကို နာခံဖို့ ... သဘောတူရမယ်။ ”
“ စုရီ ဒူးထောက်ပါ ... ။ ”
“ လူတိုင်း၊ ဒီမိစ္ဆာကိုနှိမ်နင်းဖို့ ကူညီချင်ကြလား။ ”
အဆုံးတွင် အမည်မဲ့နဂါးတစ်ယောက်မှ ကျင်းဟဲ၊ ရှစ်ဖုန်းလျူနှင့် ယွင်ကျန့်ချုံးတို့ကဲ့သို့ မြေကြီးအဆင့် အင်မော်တယ်များထံ လှည့်ကြည့်ကာ မေးလိုက်သည်။
အကြည့်ခံရသူများအားလုံးက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကြ၏။ သူတို့အားလုံး စိတ်ဝင်စားချေပြီ။
“ ငါတို့ ဆန္ဒရှိပါတယ်။ ”
ရှစ်ဖုန်းလျူမှ ဦးစွာ သဘောတူ၏။ လူအုပ်ကြီးခမျာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုစဉ်က စုရီအကြည့်ကိုပင် ရင်မဆိုင်ဝံ့သူသည် အမည်မဲ့နဂါးများကြောင့် ရဲရင့်ပြနေ၏။
“ ဒီမိစ္ဆာလေးက ငါ့လစက်ဝန်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ကို သတ်ခဲ့ဖူးတယ် ဒါဆို ဘာလို့ လက်မခံရမှာလဲ။ ”
ထို့နောက် လစက်ဝန်းဂိုဏ်း၏ မဟာအကြီးအကဲ ယွင်ကျန့်ချုံး ထွက်လာခဲ့၏။ တစ်ဆက်တည်းမှာပင် ကျင်းဟဲသည်လည်း လှမ်းထွက်လာသည်။
“ မြတ်ဗုဒ္ဓရဲ့ ရောင်ခြည်တော်ဟာ အတိုင်းအဆမဲ့ပါတယ် ... ဒီရဟန်းက သင်တို့ အားလုံးနဲ့အတူ လောကကြီးရဲ့ ဒုစရိုက်သားကို ဖယ်ရှားခွင့်ရတဲ့အတွက် ဂုဏ်ယူရပြီ။ ”
ဤမြင်ကွင်းသည် ရပ်ကြည့်နေခဲ့သော လူအုပ်ကြီးကို ခြွင်းချက်မရှိ စိတ်လှုပ်ရှားစေ၏။ မြေကြီးအဆင့် အင်မော်တယ်များ လက်တွဲ လိုက်ခြင်းပေပင်။
မြေကြီးအဆင့် အင်မော်တယ်များသည် သုံးနိုင်ငံအတွင်း တန်ခိုးရှင်များဖြစ်၏။ သို့သော် ၎င်းတို့သည် မဟာသခင်တစ်ပါးနှင့် တိုက်ရန် လက်တွဲနေသည်မှာ ရှက်စရာပေပင်။
အကြောင်းပြချက်သည် ရိုးရှင်းလှ၏။ ဤအမည်မဲ့နဂါးများသည် စုရီထံမှ ကံကြမ္မာကို လောဘတက်နေပြီဖြစ်သည်။
ထို့ကြောင့် ပွဲပမ်းနေပြီဖြစ်သော စုရီကို အခွင့်အရေးယူလိုခြင်းပေပင်။ လက်ရှိတွင်ဤမျှ များပြားလှသော မြေကြီးအဆင့်အင်မော်တယ် များကို ရင်ဆိုင်ရန် စုရီအတွက် မဖြစ်နိုင်ချေ။
ပို၍သေချာသွားအောင် ယွင်ကျန့်ချုံးနှင့် ရှစ်ဖုန်းလျူတို့ကဲ့သို့သော အရှက်မဲ့သူများကိုပင် ဖိတ်ခေါ်ထားခဲ့သည်။
“ စုရီ ... မင်းမြင်လား၊ ဒါက လူထုရဲ့ မင်းအပေါ်ရှုမြင်နေတဲ့ သဘောထားပဲ မင်းသာ ဒီကမ္ဘာကြီးမှာ ဆက်ပြီးအသက်ရှင်နေရင် ဘေးဥပဒ်ဖြစ်လာလိမ့်မယ်။ ”
ဤမျှ များပြားလှသော မြေကြီးအဆင့် အင်မော်တယ်များ၏ ပေါင်းစပ်ရောင်ဝါသည် အဝေးမှ ကြည့်ရှုသူများကိုပင် အသက်ရှုရန် ခက်ခဲလာစေ၏။
“ လန်စု ... စုရီ ... မထိန်းနိုင်တော့ရင် ငါဝင်ပါရလိမ့်မယ် ဒါပေမယ့် ငါ့ရဲ့အစွမ်းအစနဲ့ အသက်ရှင်ဖို့တောင် မသေချာဘူး ... ဒါကြောင့် ငါတိုက်ပွဲထဲ ဝင်တာနဲ့ မင်းချက်ချင်း ထွက်ပြေးပါ။ ”
ဖူယွင်လန်မှ လန်စုကို လေးနက်စွာ မှာကြားလိုက်သည်။
“ ဆရာ ... ။ ”
လန်စုတစ်ယောက် အံ့အားသင့်သွားပြီး ခံစားချက်လှိုင်းလုံးများ နှလုံးသားအနှံ့ လွှမ်းခြုံ လာတော့၏။
“ ဘယ်သူရှိသေးလဲ။ ”
အားလုံးနှင့် ဆန့်ကျင်ဘက် စုရီက တည်ငြိမ်နေသည်။ လူအုပ်အတွင်း ဝေ့ကြည့်ပြီး ဂရုမစိုက်ဟန် မေးမြန်းလိုက်တော့၏။
လူတိုင်း မျက်ခုံးပင့်မိကုန်သည်။ ဤလူငယ်သည် သေသည်အထိ မောက်မာနေ ချေ၏။ မာနဟူသော ထိုဝေါဟာရသည် သူနှင့်အတူ မွေးဖွားလာပုံပေပင်။
မည်သူမျှ တုန့်ပြန်မှု မရှိတော့ချေ။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် စုရီမှ အနည်းငယ် စိတ်ပျက်သွားကာ ခေါင်းယမ်း လိုက်သည်။
“ အခွင့်အရေးကို မလိုချင်ကြဘူးပဲ။ ”
ထို့နောက် ပြိုင်ဘက်များထံ လှည့်ကြည့်ကာ ပြုံးပြလိုက်လေသည်။
“ ဒီနေ့တော့ ငါ့အတွက် နှောင်ကြိုးတွေ အားလုံးကို ဖြတ်တောက်ပြီးပြီမို့ ငါ့နှလုံးသားက ကျေနပ်သွားပြီ ... ဒါပေမယ့် မင်းတို့က သေချင်နေရင် မတားပါဘူး။ ”
ကျောက်စိမ်းရောင်ဝတ်ရုံစများနှင့် အနက်ရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်လာကာ မထီမဲ့မြင်ဟန်ဖြင့်၊
“ ဘယ်သူအရင် သေချင်လဲ ... ။ ”
-ဟု မေးမြန်းလိုက်တော့သည်။
အတိတ်ဘဝတွင် စုရွှမ်ကြွယ်သည် ဆန္ဒရှိသည့်အတိုင်း ပြုမူနေထိုင်ခဲ့သူ ဖြစ်၏။ ကောင်းကင်ဘုံမှ သူ့လမ်းကို ပိတ်ဆို့လျှင်ပင် ဓားတစ်လက်ဖြင့် ငြင်းဆန်ပေမည်။
( ငါ့မှာ ဓားရှိတယ်။ )
ရုတ်တရက် တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကြားလာပြီး မျက်ဝန်း၌ လျစ်လျူရှုခြင်း မည်သော အဓိပ္ပါယ်များ ထင်ဟပ်နေ၏။
( ငါက ဒီကမ္ဘာကြီးရဲ့ ခရီးသည်ပဲ။ )