နှလုံးသားနှင့်အတူ ပျံသန်းခြင်း ... ။
Vol. 24 Ch. 281
“ ဟားဟားဟား ... စိတ်ဝင်စားစရာပဲ။ ”
စုရီစကားကြားပြီးနောက် ကျိုးချန်ယီမှ ရယ်မောလျက် သူ့နောက်တွင် လွယ်ထားသော ဓားကိုဆွဲထုတ်လိုက်၏။
ဓားသွားတစ်ဝိုက်တွင် ခရမ်းရောင် လျှပ်စီးများရစ်ပစ်လျက် မြင်ရသူတိုင်းအပေါ် ထိတ်လန့်တုန်လှုပ်သွားစေသည်။
“ သတ် ... ။ ”
ထို့နောက် ပထမဦးစွာ လှုပ်ရှားလာ၏။ ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာသော မိုးခြိမ်းသံများကဲ့သို့ လေခွင်းသံများ ထွက်ပေါ်လာသည်။
ဤဓားသည် စုဟုန်လီထက် သာလွန်နေသည်။ အနားရှိ မြေကြီးအဆင့် အင်မော်တယ်များ အားလုံး အသက်ရှူ ကြပ်သွား၏။
“ မူလနန်းတော်အဆင့် ခွန်အားက တကယ့်ကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ”
လူအုပ်ကြီးမှာ တုန်လှုပ်သွားပြီးနောက် ကျိုးချန်ယီလက်ထဲရှိ ခရမ်းရောင် ဓားကြီးထံ ကြည့်လိုက်မိကြ၏။
“ အဲဒီဓားကို ခရမ်းရောင်လျှပ်စီးလို့ ခေါ်တယ် နတ်လက်နက်တစ်ခုလို့ ထင်ကြေး ပေးကြတယ်။ ”
ဤဓားသည် မူလနန်းတော်အဆင့် ခွန်အားဖြင့် ပေါင်းစပ်ပြီးနောက် မဟာကျိုးကို ကာကွယ်ရန် လုံလောက်သည်။
“ ပုရွက်ဆိတ်တစ်ကောင်လား။ ”
သို့သော် ထိုဓားဖြင့် မျက်နှာချင်းဆိုင် နေသည့် စုရီက မထီမဲ့မြင်ပြုကာ မှတ်ချက်ပေး လိုက်ပြီး သူ့ဓားကိုဆွဲထုတ်လိုက်၏။
“ ချွင် ... ။ ”
အမှောင်နတ်ဓား၏ နက်မှောင်နေသော ရောင်ဝါတစ်ခု ကောင်းကင်ပေါ် ထိုးတက်သွား လေသည်။
ကျိုးချန်ယီ၏ ခရမ်းရောင်လျှပ်စီး ဓားအလင်းသည် အမှောင်နတ်ဓားရောင်ဝါဖြင့် တိုက်မိသွားခဲ့၏။
“ ဝုန်း ... ။ ”
ဓားအလင်းနှစ်လက် တိုက်မိသွားပြီး အဖျက်စွမ်းအားများက လေပြင်းမုန်တိုင်းကဲ့သို့ ပြေးထွက်သွားလေသည်။
ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ လူအုပ်ကြီး၏ အံ့အားသင့် နေသော အကြည့်များအောက်တွင် ခရမ်းရောင် လျှပ်စီးဓားအလင်းမှာ ပျက်ပြယ်သွား၏။
“ ချိုး ဖြတ် ... ။ ”
စုရီမှ တုန့်ဆိုင်းခြင်းမပြုဘဲ ထပ်မံ ပြေးတက်သွားသည်။ ကျိုးချန်ယီတစ်ယောက် လေးနက်လာပြီး ခရမ်းရောင်လျှပ်စီးဓားဖြင့် ပြန်၍ ခုတ်ပိုင်းတော့၏။
“ ထန် ... ထန် ... ။ ”
“ ဘရူး ... ။ ”
အမှောင်နတ်ဓားနှင့် ခရမ်းရောင် လျှပ်စီးဓားတို့ တိုက်မိသွားသည်။ များမကြာခင် နာမည်ကြီး ခရမ်းရောင်လျှပ်စီးဓားခမျာ အော်မြည်သံနှင့်အတူ တုန်ခါသွား၏။
လက်မှ လွတ်ကျလုနီးပါးပေပင်။ ခရမ်းရောင်လျှပ်စီးဓား ကျော်ကြားသကဲ့သို့ အမှောင်နတ်ဓားသည်လည်း သာမန် ဝိညာဉ်လက်နက် မဟုတ်ချေ။
ထို့ကြောင့် ဤတစ်ကြိမ် ဓားနှစ်လက် တွေ့ဆုံမှုတွင် ဓားတာအိုနှင့် ကျွမ်းကျင်မှုတို့ကို ယှဉ်ပြိုင်ခြင်းမည်နေချေသည်။
ကျိုးချန်ယီတစ်ယောက် ဒေါသဖြင့် အံကြိတ်လိုက်၏။ သူဟူသည် မူလနန်းတော် အဆင့် ကျွမ်းကျင်သူဖြစ်သည်။
သူ့ဓားကို ပြိုင်ဘက်မှ တားနိုင်သည်မှာ လက်မခံလိုချေ။ ထိုမြင်ကွင်းထံ လှမ်းကြည့်ပြီး ကျိုးချင်းရွှမ်က၊
“ အသက်သွင်း ... ။ ”
-ဟု ချက်ချင်း တံဆိပ်တစ်ခုဖန်တီးကာ တိုက်ပွဲအတွင်း ပါဝင်လာတော့သည်။
“ ဝှီး ... ။ ”
ရွှေကြာပန်းတစ်ပွင့် ပွင့်လာလေသည်။ ရတနာကြာပန်း ကျား-ခြင်္သေ့တံဆိပ် ဖြစ်ချေ၏။ ၎င်းက စုရီထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။
ဤသည်မှာ ဗုဒ္ဓ၏ ရှေးဟောင်း အမွေအနှစ်ဖြစ်သည်။ ထိုတစ်ခုတည်းသည်ပင် အခြားသော မြေကြီးအဆင့် အင်မော်တယ် များထက် သန်မာကြောင်း ပြောနိုင်၏။
အမည်မဲ့ နဂါးတိုင်းသည် ရှေးဟောင်း အမွေအနှစ်များ သို့မဟုတ် လျှို့ဝှက်ရတနာများ စသည်တို့ ပိုင်ဆိုင်ထားသည်။ မရှားချေ။
“ ခွမ်း ... ။ ”
စုရီက သူမကို မကြည့်ဘဲ ဓားဖြင့် လှမ်းထိုး၏။ ကြာပန်းခမျာ ဖန်ခွက်တစ်လုံး ကဲ့သို့ ချက်ချင်း ကွဲသွားတော့သည်။
ရလာဒ်အနေဖြင့် သူမမျက်နှာတစ်ခုလုံး ဖြူဖျော့လျက် လေထုအလယ် ခြေလှမ်းများစွာ ပြန်ဆုတ်သွားရ၏။
သူမသည် အလယ်အလတ် အတွင်းပိုင်း သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်ချေသည်။ အနှစ်သုံးဆယ်ကြာ အညစ်အကြေးများကို ရှင်းလင်းထား၏။
လျှို့ဝှက် ဆန်းကြယ်လွန်းသော ရှေးဟောင်းဗုဒ္ဓအမွေတစ်ခုကိုပင် ရရှိထားသည်။ ယွီတျန်းဟုန်ကဲ့သို့သော လူများသည် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။
သို့သော် ဂုဏ်ယူရသော သူမ၏ ကြာပန်းတံဆိပ်သည် စုရီဓားကို ကျော်ဖြတ်မရ ဖြစ်နေခဲ့၏။
ထိုအချိန်တွင် ကျန်ရှိနေသော အမည်မဲ့နဂါးများသည် တစ်ခုခုလွဲနေသည်ကို သတိထားမိလာသည်။
တစ်ဖက်လူသည် အမှန်တကယ် ပွဲပမ်းခြင်းမရှိချေ။ ဤအရာသည် သူတို့အားလုံး မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန် နေခဲ့သည်။
“ ဒီကလေးက အုတ်မြစ်ခိုင်မာတယ် ... အားလုံး မထိတ်လန့်ပါနဲ့ ... အချိန်တန်ရင် ငါတို့ သူ့ကို ဖြုတ်ချနိုင်မှာ သေချာပါတယ်။ ”
အမည်မဲ့နဂါးတောင်တန်း၏ ဒုတိယ အကြီးအကဲကျိုးယွင်ဟိုင်မှ လူတိုင်းကို နှစ်သိမ့် လိုက်သည်။
“ သွား ... ။ ”
ထိုနောက် လက်ဖဝါးကို ဖွင့်လျက် လွန်းပျံတစ်လက်ထုတ်ယူကာ စုရီထံပစ်ပေါက် လိုက်တော့သည်။
“ ကလန် ... ။ ”
စုရီက မျက်ခုံးပင့်လျက် ဓားဖြင့်ပြန်ပက်ထုတ်လိုက်သည်။ လွန်းပျံနှင့် အမှောင်နတ်ဓား တိုက်မိသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
“ သေလိုက်တော့ ... ။ ”
ထိုအချိန်တွင် ကျိုးတုဟုန်က သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များ ပြသကာ စုရီထံပြေးဝင်ပြီး ခုတ်ပိုင်းချလိုက်သည်။
‘ကောင်းကင်ခွဲဖြတ်မည့် ရွှေမိုးကြိုး’။
“ ခရစ် ... ။ ”
ရွှေရောင်လျှပ်စီးများ လက်သကဲ့သို့ ရွှေဓားရောင်ဝါများ ဖုံးလွှမ်းလျက် ကောင်းကင်မှ ရွှေမြစ်ကြီး ဆင်းသက်လာ၏။
တိုက်ပွဲမြေပြင်တစ်ခုလုံး ရွှေရောင် ပြောင်းသွားလေသည်။ ဤသည်မှာ ကျိုးတုဟုန် အတွက် နှစ်ပေါင်းငါးဆယ် လေ့ကျင့်ထားသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။
သူသည် လွန်ခဲ့သော ဆယ်စုနှစ်များ၌ အတွင်းပိုင်းသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ဤဓားကို ဓားဂိုဏ်းမှ အမွေရထားခြင်းပေပင်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
အဝေးမှ ရပ်ကြည့်နေသူများသည် အာမေဋိတ်သံများ ပြုလာသည်။ ထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းဖြစ်၏။ ရွှေဓားမြစ်ကြီး စီးဆင်းနေသံပင် ကြားနေရသည်။
“ ဟမ့် ... ။ ”
စုရီက အထင်သေး ရှုတ်ချဆဲ ဖြစ်သည်။ ဘယ်လက်ကို မြှောက်လိုက်ပြီး လေထဲရိုက်ချ ပစ်လိုက်သည်။
ကျောက်စိမ်းကဲ့သို့ တောက်ပနေသော လက်ဖဝါးပုံစံတစ်ခု ဖြတ်ပျံသွားသည်။ ၎င်းတွင် ထူးခြားချက် မရှိသော်လည်း ဖြတ်သန်းသွားရာ လမ်းတလျှောက် မည်သည့်အရာကိုမဆို ဖျက်ဆီးသွားလေသည်။
“ ဝုန်း ... ။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ရွှေဓားမြစ်ကြီးခမျာ ချက်ချင်း ကွဲထွက်သွားပြီး လက်ဖဝါးကြီးသည် အရှိန်ဖြင့် ကျိုးတုဟုန်ပေါ် ထိမှန်သွားလေသည်။ လေထု အလယ် နောက်ပြန် လွင့်စဉ်သွား၏။
ဤသည်မှာ အနှစ်ငါးဆယ်ကြာ လေ့ကျင့်ခဲ့သော ဓားဖြစ်သည်။ စုရီ၏ ပေါ့ပေါ့ ပါးပါး လက်ဖဝါးတစ်ချက်ကြောင့် ပျက်ပြယ်သွားချေ၏။
ကျိုးချန်ယီနှင့် အဖွဲ့သည် လေထုအလယ် အချင်းချင်း ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်ကြ လေသည်။
ထို့နောက် ကျိုးချန်ယီက စွမ်းအင်များကို ခရမ်းရောင်လျှပ်စစ်ဓားထံ လောင်းထည့်ပြီး ဦးစွာလှုပ်ရှား၏။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
လေဟာနယ်အတွင်း ခရမ်းရောင် လျှပ်စီးများလက်လာပြီး အဖျက်စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကြား လွှမ်းခြုံ သွားလေသည်။
“ ဝှစ် ... ။ ”
ကျိုးတုဟုန်က သူ့ဓားကို လွှဲလိုက်ပြန်၏။ စစ်မှန်သော ခွန်အားကို အဆုံးစွန်ထိ ထည့်သွင်း ထားလေသည်။ ထို့ကြောင့် ရွှေဓားရောင်ဝါသည် မြစ်အသွင် ကောင်းကင်မှ ကျဆင်းလာ၏။
“ မင်းဘယ်လို ဖြေရှင်းမလဲ ငါကြည့်မယ်။ ”
ကျိုးယွင်ဟုန်သည်လည်း ကျယ်လောင်စွာ ဟစ်အော်လျက် လွန်းပျံဖြင့် လှမ်းပစ်လေသည်။ ၎င်းနှင့်အတူ ကြာပန်းတံဆိပ်များ လိုက်ပါလာသည်။
ကျိုးချင်ရွှမ်မှ တစ်ချိန်တည်း လှုပ်ရှားလာခြင်း ပေပင်။ ကောင်းကင်တခွင် ဖြစ်စဉ်များ ပြည့်လျှံသွားသည်။ ကြယ်မိုးကဲ့သို့ အလင်းများ ကြွေကျနေသည်။
“ မလုံလောက်သေးဘူး ... ။ ”
သို့တိုင် စုရီမှ ခေါင်းခါသည်။ ထို့နောက် သူ့ ခန္ဓာကိုယ်တစ်ခုလုံး ကြည်လင်တောက်ပလျက် ဓားကိုလွှဲချပစ်လိုက်၏။
“ ရွှပ် ... ။ ”
ဓားတောင်ကြီး ငါးလုံးကဲ့သို့ ရောင်စုံဓားအလင်း ပြေးထွက်သွားလေသည်။ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်းဖြစ်၏။
“ ဘောင်း ... ဘောင်း ဘောင်း။ ”
ထိုဓားရည်ရွယ်ချက်သည် နေ၊လ၊ တောင်တန်းနှင့် မြစ်များကို ဖိနှိပ်ရန် လုံလောက် ချေပြီ။ ကြာပန်းများခမျာ ဦးစွာ ကွဲထွက်သွား၏။
“ ဟမ့် ... ။ ”
ကျိုးချင်းရွှမ်တစ်ယောက် ချက်ချင်း နောက်ဆုတ် လိုက်ရသည်။ ပေရာပေါင်းများစွာ ဆုတ်ခွာပြီးသည့်တိုင် သူ့ဟန်ချက်ကို မထိန်းနိုင်သေးချေ။
“ ဝုန်း ... ။ ”
“ အား ... ။ ”
ထိုအချိန်တွင်လွန်းပျံသည် လေခွင်းလျက် အမှောင်နတ်ဓားကို တိုက်ရိုက် ထိမှန်လာသည်။ ကျိုးယွင်ဟိုင်ခမျာ ပြင်းစွာ နာကျင်သွားပြီး ဒေါသတကြီး အော်ဟစ်လေသည်။
“ မြန်မြန် ... ။ ”
ကျိုးချန်ယီနှင့် ကျိုးတုဟုန်မှ ဤမြင်ကွင်းကြောင့် တိုက်ခိုက်မှုများကိုရပ်ကာ ကောင်းကင်ပေါ် ပျံတက်သွားသည်။
ဓားတစ်ချက်သည် ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်မိချေ။ ပြင်းထန်လှသည်။
၎င်းတို့လေးဦးအနက် ခွန်အား အနည်းဆုံးသော ကျိုးချင်းရွှမ်ဟူသည်ပင် ယွီတျန်းဟုန် (၁၀)ဦးကို ယှဉ်နိုင်၏။
ထို့ကြောင့် သူတို့လေးယောက် ပူးပေါင်းခြင်းသည် ပွဲပမ်းနေခဲ့သော စုရီအပေါ် ကောင်းစွာ ထိန်းချုပ်နိုင်သင့်သည်။
“ ငါ့ကို ကြိုးစားခွင့်ပြုပါ။ ”
ယခုမူ ထိုအစား လေးယောက်သား ဆုတ်ခွာလိုက်ရသည်။ ထိုအချိန်တွင် ဘေး၌ ရပ်ကြည့်နေသော ကျိုးရှန့်ကျိက တိုက်ပွဲဆီသို့ ဝင်ရောက်လာသည်။ လက်မလျော့ချေ။
“ ဟိတ် ... ။ ”
လေထုအလယ် လှမ်းတက်လာလျက်မှ လက်ကိုဆန့်လိုက်သည်။ ရွှေရောင်အလင်းတန်း တစ်ခု စီုရထံ ပျံထွက်သွား၏။
ကြီးကျယ်ခမ်းနားသော မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်သည် ကမ္ဘာကြီးကို လွှမ်းခြုံနေ ချေပြီ။ ယင်းသည် လက်ဖဝါးရိုက်ချက် တစ်ချက် ဖြစ်သည်။
“ ခရစ် ... ။ ”
ရွှေလက်ဖဝါးရှေ့ရှိ လေဟာနယ်သည် ချက်ချင်းပြိုကျကာ ပြတ်ရွေ့များအသွင်သို့ ပြောင်းလဲ ရွေ့လျားကုန်သည်။
“ စိတ်ဝင်စားဖို့ ကောင်းတယ် ... မင်းရဲခန္ဓာကိုယ်ကို သန့်စင်တဲ့ နည်းစနစ်က တကယ့် ထူးထူးခြားခြားပါပဲ။ ”
ရွှေလက်ဖဝါးကို ကြည့်ပြီး စုရီတစ်ယောက် အံ့အားသင့်သွား၏။ တစ်ဖက်လူ ရုပ်ခန္ဓာသည် ပြိုင်ဘက်ကင်းချေပြီ။ မနာလိုစရာဖြစ်၏။
ကျင့်ကြံမှု၊ သွေးနှင့် စွမ်းအင်တို့သည် ၎င်းပတ်ဝန်းကျင်ကို အကာအကွယ်ပေးကာ ပျက်သုဉ်းခြင်းနိမိတ် ဖော်ဆောင်နေသည်။
အလွန်အစွမ်းထက်သော ဗုဒ္ဓဘာသာ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်တစ်ရပ်ပေပင်။ သို့သော် မလုံလောက်သေးချေ။
“ ရွှပ် ... ။ ”
ခန္ဓာကိုယ်တစ်ခုလုံး အလင်းများ တောက်ပလျက် လက်ချောင်းတွင် စုစည်းကာ ပစ်ခတ်လိုက်သည်။
“ ကြယ်တာရာ ဓား ... ။ ”
ကြယ်ရောင်စုံ မြစ်တစ်စင်း ကောင်းကင်၌ ထွက်ပေါ်လာကာ လေဟာနယ်တုန်ခါစေသော အလင်းများ ပို့လွှတ်လေသည်။
“ ဘုန်း ... ။ ”
ရွှေလက်ဖဝါးနှင့် ကြယ်မြစ်ကြီး ထိပ်တိုက် တွေ့သွား၏။ လေထုအလယ် ပေါက်ကွဲသံများ ညံလာပြီး မိုးရေစက်များ ရွာကျကုန်သည်။
ဤအခိုက်တွင် ကျိုးရှန့်ကျိသည် မုန်တိုင်းဒဏ် ခံလိုက်ရသကဲ့သို့ ယိမ်းထိုးလျက် ပေပေါင်းများစွာ လွင့်စဉ်သွားတော့၏။
သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းနေစဉ် အံ့အားသင့်သွားသည်။ သူ့ လက်ဖဝါး သို့မဟုတ် ခြေဖျားတို့သည် ဆင်တစ်ကောင်အလား သန်မာပြင်းထန်၏။
တောင်များကို ဖြတ်ပြီး မြစ်များကို ခမ်းခြောက်စေနိုင်သည်။ သို့တိုင် စုရီအနားပင် မကပ်နိုင်ခဲ့ချေ။
“ လူတိုင်း အတူတူတိုက်ပါ ... ဒီစုရီက ကြောက်စရာကောင်းလွန်းတဲ့ မိစ္ဆာပဲ မကြုံစဖူး အစွမ်းထက်လွန်းတယ်။ ”
ကျိုးချန်ယီက ကောင်းကင်မှနေပြီး အမိန့်ပေးလိုက်သည်။ အမည်မဲ့နဂါးတိုင်း လေးနက်ကုန်၏။
၎င်းတို့က သတ်ဖြတ်ခြင်း ရောင်ဝါကို ပင်လယ်အလား စုဖွဲ့လိုက်သည်။ ဤနည်းဖြင့် စုရီ၏ လှုပ်ရှားမှုတိုင်းအပေါ် ခြေရာခံနိုင်၏။
“ ဂျိန်း ... ။ ”
ရောင်ဝါဖိအားသည် ကောင်းကင်ကြီး ပြိုကျလု နီပါးပေပင်။ ခရမ်းရောင် လျှပ်စီးများ ပြည့်နှက်လျက် လွန်းပျံတစ်စင်း လေထုအလယ် ဥဒဟို ပျံဝဲနေသည်။
“ ဝူး ... ။ ”
ထိုစဉ် ဗုဒ္ဓလက်တော်နှင့် ကြာပန်းများစွာသည် စုရီကိုသတ်ရန် ကျဆင်း လာတော့၏။
“ ဟမ့် ... ။ ”
အဆိုပါမြင်ကွင်းကြောင့် စုရီမှ ကျေနပ် သွားလေသည်။ ဤအရာကို သူမျှော်လင့်နေခြင်း ဖြစ်သည်။
အစောပိုင်းတွင် အမုန်းတရားများကို အဆုံးသတ်ပစ်ပြီးနောက် သူ့စိတ်ဝိညာဉ်သည် ပိတ်ဆို့ခြင်းကို ကျော်ဖြတ်နိုင်ခဲ့သည်။ အတားအဆီးမဲ့စွာ ပျံသန်းချင်နေ၏။
ဆိုလိုသည်မှာ နှလုံးသားသည် စွဲလမ်းမှုကင်းကာ ပြီးပြည့်စုံနေခဲ့ပြီ ဖြစ်သည်။ ပြင်းထန်သော ဖိအားများကို ခံစားရပါက ထိုအရာကို ပြီးမြောက်နိုင်ပေမည်။
အဆုံးတွင် ကြာရှည်စွာ ငြိမ်သက်နေသည့် မီးတောင်ကြီး ပေါက်ကွဲလာကဲ့သို့ တိုက်ပွဲဝင်လို စိတ်များ ခုန်ပေါက်လာခဲ့သည်။
သွေးသည် မြစ်ကဲ့သို့ စီးဆင်း၍၊ အတွင်းအင်္ဂါများသည် ချော်ရည်ပူများကဲ့သို့ တဟုန်ထိုး မြည်ဟည်းလာ၏။
တစ်ဆက်တည်းမှာပင် ကြည်လင်သော အလင်းရောင်သည် သူခန္ဓာကိုယ်တဝိုက်တွင် မြူများသဖွယ် ရစ်သိုင်းလာသည်။
“ ချိုး ဖြတ် ... ။ ”
မျက်လုံးများထဲမှ အလင်းရောင်များ ပိုမိုစူးရှလာပြီး တိုက်ပွဲဝင်လိုသည့် ဆန္ဒတစ်စုံက လက်ထဲရှိ အမှောင်နတ်ဓားထံ ချက်ချင်း စီးဝင်သွားလေသည်။
“ ချွင် ... ချွင် ... ချွင် ... ။ ”
***